Saturday, December 4, 2010

ကဗျာတစ်ပုဒ်ရဲ့နောက်မှာ ငါကွယ်ရပ်နေတယ်

ဦးခေါင်းကိုမော့ပစ်လိုက်ဖို့မျှော်လင့်ချက်ကို အရောင်တင်ဖို့
ရေကြည်ရာမျက်နုရာငါစီးဆင်းလာခဲ့တယ်
ခံစားချက်ကိုမေ့လျော့လိုက်အနာဂါတ်ကိုမျှော်ကြည့်လိုက်ဖို့
ချစ်ခြင်းမေတ္တာရှိရာ နှလုံးသားရှိရာ ငါစီးဆင်းလာခဲ့တယ်
အလုပ်အကိုင်အခွင့်အလမ်းငွေကြေးစေညွှန်ရာလိုက်ပါဖို့
ကွန်ကရစ်အမြန်လမ်းမကြီးတွေရှိရာ ငါစီးဆင်းလာခဲ့တယ်
မြန်နှုန်းကိုမြှင့်တင်လိုက်ဖို့ ဘလော့စာမျက်နှာတွေဆီခုန်တက်လိုက်ဖို့
အင်တာနက်ဆိုက်ဘာကဖီးတွေရှိရာ ငါစီးဆင်းလာခဲ့တယ်
ဆယ်နှစ်ဆယ်မိုးယုံကြည်ရာကို ယုံကြည်ကြောင်းခဲရာခဲဆစ်ပြောဖို့
ရေဆန်လမ်းအချိုးအကွေ့တွေရှိရာငါစီးဆင်းလာခဲ့တယ်
တစ်နေ့ပြန်ဆုံမယ်ပြောပြီးဘယ်တော့မှပြန်မလာတော့တဲ့လူတစ်ယောက်အတွက်
ကြေကွဲစိမ်းလန်းသော အမှန်တရားရှိရာ ငါစီးဆင်းလာခဲ့တယ်
အနုပညာ၊ဘာသာစကား၊အတက်ပညာ အချိုးညီရောစပ်ဖို့
မက်နေကျအိပ်မက်အသေတွေရှိရာ ငါစီးဆင်းလာခဲ့တယ်
ပင်မှဲ့လား၊ဖွဲ့စပ်လား တိတိကျကျမပြောနိုင်သူလူ့အန္ဓတွေအတွက်
ဒုက္ခပေးယုံသက်သက်ကမ္ဘာကြီးရှိရာ ငါစီးဆင်းလာခဲ့တယ်
တစ်နေ့လုံးဖုန်းမပြောဖြစ်ဘူး၊အင်တာနက်မသုံးဖြစ်ဘူးဆိုပေမယ့်
ဖိုက်ဘာအော့ပ်တစ်ဆက်ကြောင်းတွေရှိရာ ငါစီးဆင်းလာခဲ့တယ်
တစ်နေ့ပြီးနောက်ထပ်မနက်ဖြန် ကဗျာအကြောင်းအတိအကျပြောဖို့
အလယ်ရိုးမ အလယ်တည့်တည့် ငါစီးဆင်းလာခဲ့တယ်
အစဉ်အဆက်ပြောလာရတဲ့ ကတိစကားတွေကို ခလုတ်ပိတ်ပစ်ဖို့
အခန်းဆက်ပြသနေတဲ့ အဓိပ္ပါယ်မဲ့ပြဇာတ်ဟောင်းတွေကိုမေ့ပစ်ဖို့
လွန်ခဲ့သောနှစ်ကာလ အဟောင်းကြီးရှိရာ ငါပြန်စီးလာခဲ့ရင်း
ကော်ဖီခွက်ကိုရှေ့မှာချ စီးကရက်သောက်ရင်းရေးတဲ့ အထက်တန်းစားကဗျာ
ဒီကဗျာရဲ့နောက်မှာ ငါကွယ်ရပ်နေတယ်ဆိုတဲ့ အကြောင်း။

အောင်ပိုင်စိုး
၁၇၊နိုဝင်ဘာ၊၂၀၁၀

1 comment:

ငြိမ်းစိုးဦး said...

ကဗျာ ရဲ့ နောက်ကွယ်မှာ
မေတ္တာ မပျောက်ဆုံးအောင်
ငါ ပျောက်ဆုံးပါစေ ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com