Saturday, October 31, 2009

ကျောင်းတွေပြန်ဖွင့် ကုန်ပြီ...အေးမိစံ

ကျွန်မ ပြန်လာခဲ့မယ်ပြောပြီး
သူရောက်မလာတော့
ငါအရမ်းစိတ်ပူနေတယ်ကွာ...
မူလတန်းကျောင်းလေးနဲ့ ကလေးတွေက
ညှိုးငယ်စွာဖြင့်
ခေါင်းလောင်းထိုးသံလေးကို ရပ်စောင့်နေကြလေရဲ့..

ဟေ့ရောင်
နာဂစ်ဆိုတာ
အစွန်းရောက် အနက်ရောင်ကုန်သည်ကြီးတစ်ဦးဘဲ
မင့်ကောင်မလေး ဌေးယဉ်လည်းပါသွားတယ်
ငါ့ကျောင်းဆရာမလေးနဲ့ သူ့ညီမ၀မ်းကွဲလေးလည်း
လိုက်ပါသွားတယ်
ငါတို့ အဒေါ်၊အစ်မ၊ညီလေးတွေနဲ့
သူငယ်ချင်း-အသိမိတ်ဆွေတွေကိုလည်း
အဲဒီ ကုန်သည်ကြီးက
တသီကြီး ဆွဲခေါ်သွားလေရဲ့...

ကျော်သူ
ငါတို့ရဲ့ အိမ်ခေါင်းရင်းက
ကုက္ကိုပင်ပျိုလေးရော လဲသွားသေးလား
အခု ငါ့ရဲ့ဆံပင်တွေကနေ
မီးခိုးတွေ အရမ်းထွက်နေတယ်
သူသိထားတဲ့ကျေးဇူးတရားတွေက
သူပျံသန်းမယ့် အတောင်ပံတွေကို
ရေဆွတ်ပေးလိုက်တာလေ
သူပြောပြောနေတဲ့
ငါ့ရဲ့ ရည်းစားဦးဟာသူဖြစ်ပြီး
သူ့ရဲ့နောက်ဆုံးအချစ်က ငါဆိုတာလေ
စိတ်ချ၊ နင့်ကိုငါဘယ်တော့မှမမေ့ပါဘူး... အေးမိစံ...
ဘယ်တော့မှ မမေ့ပါဘူး...

နွေးနွေး ဘာလေးမွေးတယ်ဆိုတာလဲ
သူမသိသွားရှာဘူး
(သူပြန်လာမယ်ပေါ့)
ခေါင်းတလားနဲ့တူတဲ့ မော်တော်ဘုတ်ထဲ မဆင်းမီ
ငါးရက် အလိုလောက်က
ဖုန်းထဲမှာ ပြောသွားတဲ့
ငါ့ကို ပြောစရာစကားတွေရှိသေးတယ်ဆိုတာ
ဘာလည်းမသိဘူးကွာ
ဝဋ်ကြွေးပြေဘုရားဆီ
ငါ နောက်တစ်ခေါက်သွားတော့လည်း
နေညိုချိန်အထိ သူရောက်မလာခဲ့ဘူးလေ
ငါ့ရဲ့တစ်သက်
အဲဒီ ဘုရားမြေဟာ
ဘ၀ရဲ့ လွမ်းစရာ့အကောင်းဆုံး ဇုံပေပဲ
သူ့အပေါ်ထားတဲ့ ငါ့၏ချစ်ခြင်းများဖြင့်
သူမတစ်ယောက် ကောင်းရာသုဂတိလားပါစေ...
............................................လားပါစေ...

ပိတောက်တွေ တစ်ကြော့ပြန်ပွင့်လို့
'ဆရာမလေးကော' လို့မေးလာခဲ့ရင်
ငါဘယ်လို ပြန်ဖြေရမလဲ... ကျော်သူ
ငါ အရမ်းလွမ်းတယ်ကွာ...

လာမယ့် ဆောင်းဦးပေါက်
ကောက်ရိတ်သိမ်းပွဲတော် အပြီး
တို့နှစ်ဦးမင်္ဂလာပွဲကို
သူတစ်ကယ် မတက်ရောက်နိုင်တော့ဘူးပေါ့...
................မတက်ရောက်နိုင်တော့ဘူးပေါ့...

ဒါဝင်ကို သတိရရင်တောင်
ဝက်စမင်စတာ ဘုရားကျောင်းထဲက
သူ့အုတ်ဂူဆီသွားလို့ရတယ်
မော်ဒယ် 'အန်နာနစ်ကိုလ်စမစ်' ကို လွမ်းတဲ့အခါလည်း
ဘဟားမားကျွန်းပေါ်က
သူမရဲ့ အုတ်ဂူလေးဆီသွားလို့ရတယ်
အခု သူ့ကို ငါလွမ်းနေပြီလေ
ဘယ်မလဲ... သူမရဲ့အုတ်ဂူ...
ဘယ်မလဲ... သူမရဲ့အရိုးအိုး...
ငါမတရားမပြောပါဘူး
တို့နှစ်ယောက် ပြီးမှသာ
ရှိတ်စပီးယားပြဇာတ်ထဲက
ကောင်လေးနဲ့ကောင်မလေးက
ဒုတိယ ကံအဆိုးဆုံးပါ
ကျော်သူ...
ပွတ်ရှကင်တော့
နောက်ထပ် သေနတ်မှန်ခံရပြန်ပြီ... ။ ။
သူရနီ
၂၀၀၉၊မဟေသီ

သည်ကဗျာလေးနှင့်ပတ်သက်သော စာသားတစ်ချို့...

အဓိပ္ပါယ်ရှိနေတဲ့ ကဗျာလေးတစ်ပုဒ်၊ ဒါမှမဟုတ် ဇာတ်နာအောင်ဖန်တီးခံထားရတဲ့ ကံကြမ္မာဆိုးရဲ့ ဇာတ်ဝင်ခန်း
ဆိုရင်လည်း မမှားပါဘူး။ ကဗျာဆရာလေးတစ်ယောက်ရဲ့ ချစ်သူ၊ အဲဒီချစ်သူရဲ့ ဘ၀နေ၀င်ချိန် မှတ်တမ်းဆိုရင်
လည်းမမှားပါဘူး။ ကဗျာဆရာဆိုတာ မျက်ရည်ကို စကားလုံးနဲ့ပီပြင်စွာ ဖော်ပြနိုင်တဲ့ တစ်ဦးတည်းသော အနုပညာရှင်ဆိုတာ ကျွန်တော်တို့
အမှန်တစ်ကယ် အသိအမှတ်ပြုလက်ခံလိုက်ရအောင်ပါလား။သည်ကဗျာလေးကို တုန်ယင်လှိုက်လှဲစွာနဲ့ ရွတ်ဖတ်မိပါရဲ့။အဲဒီ ကဗျာလေးကို ကြေကွဲဝမ်းနည်းစွာနဲ့ သည်ဘလော့စာမျက်နှာလေးထက်ကို လွှတ်တင်မိပါရဲ့။သည်ကဗျာလေးနဲ့ထပ်တူထပ်မျှ ကဗျာဆရာလေးနည်းတူ
ကျွန်တော်တို့နာကျင်ခံစားမိကြောင်း စကားဆိုခဲ့ချင်ပါတယ်။

1 comment:

လုလင်ငယ်သွေး said...

အောင်ပိုင်စိုး ဆိုတဲ့ နာမည်ကိုတော့ ဘုန်းနေသွန်းဆီက ကြားဖူးတယ်။ နောက် နာဂစ် ကဗျာလေးတစ်ပုဒ်ထဲက စာသားလေးတစ်ချို့ ကို သူငယ်ချင်းတစ်ယောက်က ရွတ်ပြလို့  နားထောင်ခဲ့ ရဖူးတယ်။ ဒီတစ်ပုဒ်လည်း ရင်ထဲ ရောက်ပါတယ်။ ကျွန်တော့်ဆီလည်းလာလည်နိုင်ပါတယ်။ www.lulinngethway.co.cc