Tuesday, February 9, 2010

ချစ်လွန်းလို့ ငါ မင်းကို မေ့ထားတယ်


စိတ်ထဲမှာ ရေးထွင်းထားတဲ့ မင်းနာမည်လေး
စိတ်ထဲမှာ မွှေးပျံ့ နေတဲ့ မင်းကိုယ်သင်းရနံ့ လေး
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့  မင်းရယ်မောသံလေး
စိတ်ထဲမှာ ထပ်တူကျနေတဲ့ မင်းမျက်နှာလေး
ချစ်လွန်းလို့ ငါမင်းကိုမေ့ထားတယ် ။

ငါ မရေးဖြစ်သော စာသားများလို မင်းစကားသံများ
ငါ မအိပ်ဖြစ်သော နေ့ ရက်များလို မင်းနေ့ စွဲများ
ငါ မနမ်းရှိုက်ဖူးသော ပန်းပွင့်များလို မင်းအလှတရားများ
ငါ မသိလိုက်သော အကြောင်းအရာများလို မင်းလျှို့ ဝှက်မှုများ
ငါ မရရှိဖူးသော နူးညံ့မှုတစ်ခုလို မင်းမေတ္တာတရားများ
တစ်ချိန်ချိန် ငါမေ့သွားမှာကိုပဲ စိုးရိမ်မိတယ်။

ငါဟာ ရူးနှမ်းသူပါ ညီမလေးရယ်
မင်းမျက်နှာလေး မမြင်ရတဲ့နေ့ ဆို ငါမျက်စိကွယ်သလို ခံစားရတယ်
မင်းစကားပြောသံလေးမကြားရတဲ့နေဆို ငါ နားကန်းသွားသလို ခံစားရတယ်
အမှန်တကယ် အချစ်နဲ့ မထိုက်တန်သော ဆုတောင်းတစ်ခုပဲ သစ္စာပြုခဲ့ပါတယ်
ငါမှလွဲ၍ မင်းဘ၀မှာ အရာရာ ပြည့်စုံပါစေသား …။ ။



အောင်ပိုင်စိုး

သရဖူမဂ္ဂဇင်း၊ဖက်ရှင်မဂ္ဂဇင်း

ကျေးတောသူ

ခပ်လာတဲ့ ရေအိုးထဲက ရေလှိုင်းပုတ်သံတွေလို
ရင်ခုန်သံတွေမြန်နေမယ့်အရွယ်
တန်ဖိုးထားစိုက်ပျိုးတတ်သူမို့
နှလုံးသားမှာ
အလှဆုံး အချစ်ပန်းလေးတွေ ပွင့်ဝေလို့
ပန်းခင်းအလယ်မှာ
မာနဟာ စာခြောက်ရုပ်လေးလို မတ်တပ်ရပ်လို့
ပါးဖွေးဖွေးလေးကို သနပ်ခါးလေးလိမ်းခြယ်ထားသလို
ဖြူစင်တဲ့ဘ၀လေးကို ကိုယ်ကျင့်တရားလေးလိမ်းထားတယ် ။ ။



စိုးနောင်(မုံရွာ)

ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့

စိတ်ကလေး
မလွမ်းအောင်နေလို့မရဘူး
လွမ်းလွမ်းနေ..သူ့ခမျာ
မပျော်အောင်လည်းနေလို့မရဘူး
ပျော်ပျော်နေ..။
ဟေး..ဂျွန်
အချစ်ကိုမနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျှော်တခေါ်အနမ်းရဲ့
ဟိုးအတွင်းဖက်မှာ
အိမ်ဆီပြန်ခေါ်မယ့်လမ်းပါသကွဲ့
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ပျံကြီးနဲ့မှမဟုတ်ပါဘူး
ပျံလွှားငှက်လေးနဲ့လည်းလိုက်မယ်။
ဒီလောကီမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသားအရူးအမူးလေးက
ဘယ့်နှယ့်လုပ်သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ..
စိတ်ကိုဖမ်းကြပေတော့..။
အနမ်းဆိုတာခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေမသိအောင်တစ်မျိုး
သိအောင်တစ်မျိုး..လှသူပေါ့..။
အနယ်အမှုန်ထနေတဲ့ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှစွဲမက်သတဲ့။
သက်တံတွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုပဲလှလှနေပေမယ့်
သူကလေးမှအိနြေ္ဒရတာပါ..သူ့မှာ
စကားလုံးတွေလည်းလှပတယ်..ပြီးတော့
တသွင်သွင်စီးလို့..။
ဂျွန်ကိုပြောလိုက်ပါ
ငါတို့မြစ်ဆီသွားဖို့မလိုတော့ဘူး……..။ ။



မောင်သိန်းဇော်
သြဂုတ်-၉၅ တေးကဗျာ

ပွဲတော်

ရေခြောက်ခြောက်
တစ်ယောက်တည်း
အခုလိုပျင်းရိနေရတာကိုကတစ်မျိုးအရသာရှိ။
ပျော်ရွှင်မှုဆိုတာတိုက်ဆိုင်မှရတယ်
ဒီလိုမှန်းသိ သူ့အိမ်ရှေ့သွားထိုင်မိမယ်
တနလာင်္နေ့ကစခဲ့သောဇာတ်
တနလာင်္နေ့မှာဆုံးခန်းတိုင်ခဲ့။
တစ်နှစ်တစ်ခါရောက်လာစမြဲဟာ
ပဝါကိုဦးခေါင်းမှာစည်းထားတယ်။
ညီမလေးက
နှုတ်ခမ်းကိုခရမ်းရောင်ဆိုးထားတယ်
မြင်ပေမယ့်
လေထဲမှာကိုယ့်အသံမရှိဘူး။ ။
ခင်ဇော်မြင့်

အမွေ

ဒီသံသရာမှာ
မင်းကိုပေးစရာ သုံးခုပဲရှိတယ်
ဘ၀ရယ်
အချစ်ရယ်
ကဗျာရယ်။


ဝေးခွန်

နှစ်ဦးသားဆုံတဲ့နေ့

အခန်းတခုလုံး..
ဖွေးဆွတ်နေတဲ့ နှင်းဆီပန်းတွေနဲ့ မွှေးရီဖုံးလွှမ်း
ခန်းဆီး အဖြူ ရောင်....
ဆက်တီ အဖြူရောင်....
နံရံ အဖြူ ရောင်.....
စာပွဲခင်း အဖြူရောင် ခင်းထားတဲ့ စားပွဲ ပုလေးပေါ်
ရနံ့ သင်းသင်း ကော်ဖီ နှစ်ခွက် က မျှော် လို့....
အခန်းဒေါင့် တနေရာ..
ကိုယ့် ရင်ခုံ သံ ကိုယ် ကြားနေတဲ့ အခိုက်..
တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့ .. အသာ အယာ ရောက်လာခဲ့တဲ့ .. သူ...
ပြုံးခဲတဲ့ နှုတ်ခမ်းပေါ်
ရှားပါးတဲ့ အပြုံးတပွင့် လန်းတင့် လို့နေတာ
မြင်ခွင့် ရခဲ့တဲ့.. အခိုက်အတန့်ကလေး မတော့
ကမ္ဘာ ပေါ်က အရာရာ .. ပြာ သွား ခဲ့ ပါပေါ့
တို့ နှစ်ယောက်သာ ရှိတဲံ့ ဒီကမ္ဘာ..
ကျမတို့ စကား တွေ မပြော ကြဘူး
ကျမတို့ စကားတွေ ပြောစရာ မလိုဘူး...
ကျမ တို့ မှာ ပြောစရာ စကား မရှိဘူး...
ကျမ နှလုံးသားက စကားသံ
သူ့ နှလုံးသား နဲ့ ကြားခဲ့ ပြီးပြီ..
သူ့ နှလုံးသား က စကား သံ ... ကျမ နှလုံးသား နဲ့ ကြားခဲ့ပြီး ပြီ...
သူ့ ထံ က ချစ်ခြင်းတွေ ကျမ ဆီ စီး ဆင်းခဲ့ ပြီး ပြီ.....
သူ့ ရင် ခွင် ထဲက .. သူ့ မျက်နှာ မော့ အကြည့်..
မျက်ရည် တွေ ပြည့်လျှံနေတဲ့ သူ့ မျက်ဝန်း...
အဲဒီ နောက်မှာတော့
ကျမ ကို ချစ်တဲ့ အချစ်တွေ..သမုဒ္ဒရာမက ကျယ်ဝန်းတာ ကျမ မြင်ခဲ့...
သူ့ကျောလေး အသာ သိုင်းဖက်
ချစ်လိုက်တာ..
ချစ်လိုက်တာ.. လို့ ထပ်ခါထပ်ခါ ... ကျမပြောတော့...
သူ..... ကြည်ကြည် နူးနူး နဲ့ ငုံ ကြည့်....
ခုတော့ လဲ..
အကျည်းတန်သော အရာတွေ အားလုံး....အတိတ်မှာ ကျန်ခဲ့..
လောကကြီး က အသာယာ ဆုံး...
ကျမ တို့ ဆက်လျှောက်မဲ့ လမ်းမှာ.. ချစ်ခြင်းဖွဲ့ ပန်းပွင့်တွေ ဖုံးလွှမ်း....
ကျမတို့ ဥယျာဉ်ထဲ မှာတော့..
ကျမတို့ ငှက်ကလေးတွေ ကဗျာဖွဲ့ သီခိုက်..
ကျမတို့ ပန်းကလေးတွေ က ဘယ်ညာ ယိမ်း စည်းချက်လိုက်...
အဖြူရောင် ခရုတွေနဲ့ စီထားတဲ့ ခန်းဆီးလေး..
ဒန်း စီး ရင်း... အချစ် သီချင်း တပုဒ် ကို ဆို....
ဟိုး အရှေ့ ပင်လယ်က လှိုင်းပုတ်သံ သဲ့သဲ့
တချက် တချက်... ယဲ့ယဲ့ လေး.. ကြား မိ....
မိုးကောင်းကင် တခု လုံး က ကြည်လင်လို့...
အခန်းထောင့်က တယောပြားလေး...
သူ့ အလိုလို .. တေး သွား တခု ဖန်တီး....
ပင်လယ် ပြင် အစွန်း.. မေးတင်နေတဲ့ နေလုံး ကြီး...
ပြုံး ဖြီးဖြီး လေး နှုတ်ဆက်...
ငါ... ပုန်းနေပေးပါ့ မယ် ကွယ်.... တဲ့...
သူ့ပါးပြင် မှာ ပုဇွန်ဆီရောင်တွေ သမ်းနေတာ
ကျမတို့ ချစ်ရည်တွေနဲ့ ရွှန်းလက် ခဲ့လို့.. ဆိုပဲ....
ကျမ ကတော့..
သူ့ ရင်ခွင် ထဲ...ရှက် ရှက် နဲ့... ခေါင်း ၀ှက် ထား မိရုံ....
သောက်သူမဲ့.. ကော်ဖီ နှစ်ခွက်..
စားပွဲ ပုလေး ပေါ်... ပြုံးပြုံး လေး.. အေး စက်.... လို့.....။



မမသီရိ

၂၀၀၅ ဖေဖော်ဝါရီတုန်းကအတိုင်း

အရင်က
ငါတီးတိုးဖွဖွရွတ်ဆိုနေကြ မင်းနာမည်လေး
ရင်မှာ ။

ငါ့အနမ်းပန်းဟာ
မင်းပါးပြင်ပေါ် တစ်ပွင့်ချင်းဝေလို့။

အခု
မင်းနာမည်လေး ရွတ်ဆိုမိတိုင်း
သတိရလွမ်းဆွတ်ခြင်းဟာ
အချိန်နဲ့အမျှရွာသွန်းနေသောမိုး
နာကျင်ကြေကွဲခြင်းဟာ
အချိန်နဲ့အမျှလောင်ကျွမ်းနေသောမီး။

ဒီဧပရယ်ရဲ့ဦးတည်ရာမဲ့တိုက်နေတဲ့လေထဲ
အတူလျှောက်နေကျလမ်းမတွေပေါ်
လေလွင်ရူးနှမ်းကြွေကျနေရတဲ့ရွက်ကြွေလေးလို
မင်းမရှိတော့တဲ့အဖြစ်နဲ့……ငါ။ ။


သုမင်းညို
people magazine,July,2009

သို့…ဖြူဖြူဇော်…

“အချစ်ဆိုတာ

ကမ္ဘာဦးကတည်းက ရုံပြည့်ခဲ့တဲ့ရုပ်ရှင်ပဲ”

“အသည်းကွဲဂစ်တာ”က ဒီလိုမြစ်ဖျားခံတယ်။

ဖြူဖြူဇော်ရယ်….

အနာတရဆိုတော့လည်း

လက်ခံထားသလောက်လေးလံရတာပေါ့၊

ကျောင်းသွားကျောင်းပြန်မျက်ဝန်းတွေ

မိန်းမစီးဘီးအပြာရောင်

ဘယ်လိုမေ့လို့ရမလဲ

အတွေးမှာ

မင်းဆံနွယ်တွေသုံးလွန်းတင်လို့

သုံးရောင်ခြယ်

မင်းမသိတဲ့အိပ်မက်အပြာလေး

သန်းခေါင်က ငါ့အတွက်ပိုနက်တယ်။

နင်ရယ်…

ခဏဖြစ်ဖြစ်

ငါ့အိပ်မက်တွေကို ဖြန့်ကြည့်စမ်းပါ

ငါ့ကမ္ဘာမှာ နင့်ကိုယ်ငွေ့လေးတွေ့ရမယ်

ငါ့ကဗျာမှာ ငါ့သစ္စာတရားကို မြင်ရမယ်။

လပြည့်လကွယ်

ငါဟာ အလင်းဆွံ့အ,ပိုးစုန်းကြူးပါပဲ

ငါဟာ လမ်းမရှိတဲ့ ကဗျာဆရာပါပဲ။

အိပ်မက်တွေ တစ်ခါသေဆုံးတိုင်း

ငါ့

အရိပ်မရှိတဲ့ နွေမှာ

သစ်ရွက်ကြွေကို လွမ်းရမှာလားမိဖြူဇော်ရယ်….

ကာလသုံးပါးမှာ

ကံသုံးပါးနဲ့ မင်းကိုချစ်ခဲ့တယ်။

လရောင်လို

ဖမ်းဆုပ်လို့မရနိုင်အတွေးများ

ငါ့အတွက် အသည်းကွဲတစ်ဆင်စာ

ငါ့ဂူတံခါးက မင်းမန္တာန်နဲ့မှ ပွင့်ရမှာပါ ဖြူဖြူဇော်ရယ်။

ခု

မင်းရင်ထဲက ပိုးတုံးလုံးတွေ လိပ်ပြာဖြစ်လာမယ့်နေ့

ငါပစ်ဖဲစောင့်နေတယ်

ငါ့ရင်ပိတ်ကားပေါ်

မင်းအကြောင်းလေး ရုံတင်လို့ထားတယ်။

ကျေးဇူးပြု၍

ငါ့ရင်ဘတ်ပေါ် ကမ္ဘာဖျက်မိုးမညိုလိုက်ပါနဲ့

ကမ္ဘာဖျက်မိုး မသည်းလိုက်ပါနဲ့

မိညီမလေး။ ။



ဘုန်းနေသွန်း

သရဖူမဂ္ဂဇင်း၊ ၂၀၀၅

လက်ဆောင်

ကံ့ကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ။

ကျွန်တော်ပျံသန်းဖို့ ကောင်းကင်တစ်ခု
သူ့မျက်ဝန်းကနေရတယ်။

သန့်စင်ပြီးလှပတဲ့ အိပ်မက်လေးတစ်ခု
သူ့ကို ကျွန်တော်ပေးခဲ့တယ်။

သူ့ရဲ့ရနံ့တွေကို သယ်ဆောင်လာတဲ့
အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည်က
ကျွန်တော့်ကို ချွေးသိပ်ယုယခဲ့ပါတယ်။

ကျွန်တော်တို့အပေါ် အမြဲတမ်းဖိစီးနေတဲ့
အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်
အကောင်းဆုံး လက်ဆောင်အဖြစ်
သူ့အတွက် ကျွန်တော့်ကိုပေးတယ်။
ကျွန်တော့်အတွက် သူ့ကိုရတယ်။

သစ်ရွက်လေးတစ်ရွက်
လှုပ်ခတ်တာကအစ
အဓိပ္ပာယ် ရှိခဲ့ပါတယ်။

တင်မင်းထက်
(ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၆)

တံငါ

လောကရဲ့အကြွယ်ဝဆုံးခေါင်းစဉ်ဟာ
အချစ် လို့သိပါရဲ့
အကြောင်းတရားကြောင့်ငိုကြွေးရတဲ့အကျိုးတရားမှာတော့
ကိုယ်ပိုင်ခန်းနားဖူးတယ်။
တိမ်တွေရေ
ခင်ဗျားတို့ကိုမချစ်တတ်ပါဘူး
တစ်ကမ္ဘာလုံးခုန်အုပ်ခံရသလိုလွမ်းရတဲ့သုခနဲ့
မျက်ရည်လှလှလေးပေါ်ထိုင်ဖူးပါစ…
ရနံ့ပင်လယ်ဆိုတာ အနမ်းကိုခေါ်တာမဟုတ်လား
နောက်တစ်နေ့တိုင်နှုတ်ခမ်းများပြုံးဆဲ
နှစ်တစ်ရာခံမယ့်ဆေးလေ
ချိုမြရဲ့..။
ကျွန်တော်တော့
ဘဝဆူဖြိုးစအရွယ်ကဖမ်းခဲ့ဖူးတဲ့
ငါးကလေးကို
မမေ့ဘူး။ ။
ခိုင်မြဲကျော်စွာ