Wednesday, December 14, 2011

မြေခွေး ဈေးဝယ်ထွက်ခြင်း



(၁)
မြို့ပြယဉ်ကျေးမှုရဲ့အသက်ဟာ ရောင်းဝယ်ဖောက်ကားခြင်းလို့ဆိုရင် ဘယ်သူကမျှ ငြင်းခုံကြမယ် မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါ တယ်။ မြို့ဆိုတာကလည်း ဈေးကိုဗဟိုပြုပြီး လူနေအိမ်ခြေတွေ ပွားများ စည်ပင် လာတဲ့ "Evolution"ဖြစ်စဉ်ပါ ။“ဒါမြို့၊ ဒါရွာ”ဆိုတဲ့ အ မိန့်ပြန်တမ်းတွေကိုလည်း နာခံကြတတ်တာ မဟုတ်ပါဘူး။  ဈေးကွက် စီးပွားရေးတစ်ခေတ်မှာ ဒီအချက်ဟာ တစ်ဖြည်းဖြည်း သိသာ ထင်ရှားစပြုလာပါပြီ။ မြို့တစ်မြို့ ဘယ်လောက်စည်ပင်ဖွံ့ဖြိုးသလဲဆိုတာ ဈေးအတွင်းရောင်းဝယ်ကြတဲ့ ၀ယ်လိုအားနဲ့ပဲ အကြမ်းဖျဉ်း တိုင်း တာရရှိမယ် ထင်ပါတယ်။ ဈေး(သို့မဟုတ်) လူမှုနိုင်ငံရေးတစ်ခေတ်ရဲ့ ပြဒါးတိုင်။

ကမ္ဘာ့သမိုင်းမှာ စီမံကိန်းစီးပွားရေးစနစ်ဆိုပြီး ဈေးကွက်ကိုသင်းကွပ်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင် အများအပြားလည်း ပေါ်ထွန်းလာ ဖူးရဲ့။ ဒီစမ်းသပ်ကာလအတွင်းမှာပဲ ဧကအုပ်ချုပ်ရေးသရဖူတွေ တစ်ခုပြီးတစ်ခု လွင့်စဉ်ကုန်ကြ။ ဆိုဗီယက်အင်ပါရာအဟောင်းနဲ့ တ ခြား ကြယ်ရံ နိုင်ငံတွေဟာ ထင်ရှားလှတဲ့ သာဓကတွေ ပါဘဲ။ ဧက၀ါဒစွဲ ပြင်းပြလှတဲ့၊ လက်ချိုးလို့တောင်ရေတွက်နိုင်လောက်တော့တဲ့ နိုင်ငံတွေတောင် ကျယ်ကျယ် လောင်လောင် အော်နေကြပြန်ပြီ။ “ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်”တဲ့။ ဥပမာဆောင်ရရင်တော့ တ ရုတ်၊ ဗီယက်နမ်နဲ့ ကျူးဘား။

ယနေ့ခေတ် နိုင်ငံရေးဗေဒဝေါဟာရ infrastructure [မတ်ဝါဒီတွေကတော့ Economic base လို့ ပညတ်ရဲ့] ဆိုတဲ့ အောက်ခြေအ ဆောက်အအုံနဲ့ ဧကစနစ်တို့ရဲ့ ထိပ်တိုက်ဆောင့်မှုဟာ ကြာသပတေးဂြိုဟ်နဲ့ ရှူးမိတ်ကာ လီဗီ-၉ ကြယ်တံခွန်တို့ရဲ့ စီးချင်းထိုးပွဲလိုပဲ ကြည့်ကောင်းလှတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ဘောဂဗေဒ ပေတံဟောင်းတွေ၊ သီဝရီအဟောင်းတွေကို စွန့်ပစ်လိုက်ရမှာလား။ ဖာထေး ကော် ကပ် သုံးလို့ရဦးမှာလား။ အနာဂတ်သမိုင်း တစ်ကွေ့မှာ အဖြေရှာတွေ့ကြမှာပါ။ ဒါဆိုရင် ဈေးကွက်စီးပွားရေးစနစ် ကိုယ်တိုင်က ရော ပြီးပြည့်စုံသော အမှန်တရားလား။ ဘယ်သူတွေကမျှ အာမမခံရဲပါဘူး ထင်ပါတယ်။ ဒါပေမယ့် ဈေးကွက်စီးပွားရေးစနစ်ကို ဖျက် သိမ်းပစ် လို့ မရဘူးဆိုတာတော့ အားလုံးလက်တွေ့ကျကျ သိရှိကုန်ကြပါပြီ။ဈေးကွက်ကို ဘယ်အတိုင်းအတာအထိ ယဉ်ပါးအောင် လုပ် ဆောင်သင့် သလဲ။ ဒီဲပြဿနာကတော့ နှစ်ဆယ့်တစ်ရာစုတံခါးကို တစ်ဒေါက်ဒေါက် ခေါက်နေပြီပေါ့။ ထားတော့။

ဈေးကွက်စီးပွားရေးစနစ်ရဲ့ အမေရိကန် ကဗျာတစ်ပုဒ်အပေါ် ထင်ဟပ်ချက်တစ်ရပ်ကို လေ့လာကြရအောင်။ 

(၂)
A Fox
Down in the Jersey woods
a fox considered our progress.
A shopping center cleared its throat,
a truck buckled and evaporated.
Several tree frogs leapt out
of a thirteen-century monastery
but were not injured.
A salesperson declared that
everything must go : the fox
said, "Never."The clerk
started sweeping the aisles.
On the road to the beyond
the inhabitants are at
our disposal, cooking and cooking.

James Tate
(The New Yorker, June 14, 1993.)

(၃)
ဈေးကွက်နဲ့ ဈေးဝယ်ထွက်ခြင်းဆိုတာကလည်း ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းပါ။ ရောင်းလိုအားနဲ့ ၀ယ်လိုအားတို့ ညီညွတ်မျှတမှသာ နိုင်ငံ တစ်နိုင်ငံ စည်ပင်ဝပြောတယ်လို့ အဆိုရှိပါတယ်။ မ၀ယ်နိုင်သူတွေက ခြေအေး ၀မ်းရောင်၊ ထရံကွာသံစူးလောက်အောင် မမြင်ဖူး တာတွေ လှည့်လည်ကြည့်ရှုကြ။ တျွန်တော်တို့နိုင်ငံက လူချမ်းသာ စာရင်းဝင်သူတွေ ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး ဥရောပကို မဟုတ်တာ တောင် ထိုင်း နဲ့ စင်္ကာပူမှာ ဈေးဝယ်ထွက်ကြပြီ။ Shopping ဆိုတာ ယနေ့ခေတ်ရဲ့ ဖက်ရှင်တစ်ရပ်ပါဘဲ။ သွားလေသူ ဖိလစ်ပိုင် သမ္မတ ကတော် ဟောင်း အီမယ်လ်ဒါ မားကို့စ်တောင် ဘုန်းမီးနေလတောက်ပစဉ်က လေယာဉ်စင်းလုံးငှားပြီး ဈေးဝယ်ထွက်သတဲ့။

ကျွန်တော် မြေခွေးတစ်ကောင် ဈေးဝယ်ထွက်ဖို့စဉ်းစားတဲ့ ကဗျာကိုဖတ်မိတော့ အိန္ဒိယ၀တ္ထုရှည်တစ်ပုဒ်ကို အမှတ်ရမိတယ်။ Christian Chandra ရဲ့ "Mr. Ass Comes to Town"။ မြိုကပြရဲ့မာယာ။ အရင်းရှင်စနစ်ရဲ့ အဆီ အငေါ်မတည့်တာကို သရော်ထားတဲ့ စာတစ်ပုဒ်ပါ။ ဖတ်ခဲ့ရတာ ဆယ်စုကာလကျော်လောက်တောင် ရှိနေပေါ့။

ဂျိမ်းစ်တိတ်ရဲ့ လေ့လာရေးခရီးသည်ဟာ မြေခွေးပါ။ ဘာကြောင့် အခြားတောရိုင်းတိရစ္ဆာန်တစ်ကောင်ကို ဇာတ် ဆောင်မထားပဲ မြေခွေး ကိုရွေးခဲ့တာလဲ။ အကြောင်းရှိတယ်။ မြေခွေးဆိုတာ အရိုင်းပါ။ စဉ်းလဲကောက်ကျစ်မှုရဲ့ သင်္ကေတတစ်ရပ်ပါ ။ ဒါဟာ လူမျိုး တစ်မျိုး ၊ နိုင်ငံတစ်နိုင်ငံတည်းက သတ်မှတ်ထားတဲ့ နိမိတ်ပုံ မဟုတ်ပါဘူး ။ နိုင်ငံ တကာ သတ်မှတ်ချက် ။

ကဗျာမှာ နယူးဂျာဆီပြည်နယ် တောအုပ်ထဲက မြေခွေးတစ်ကောင် လူ့ယဉ်ကျေးမှု တိုးတက်ပုံအကြောင်း စဉ်းစားတာနဲ့ စထားပါတယ် ။ မြေခွေးဟာ အိမ်ယာတိုက်တာတွေ ခမ်းနားထယ်ဝါပုံအကြောင်း မတွေးဘူး။ ဟိုတယ်တွေ၊ အင်းတွေမှာ ၀င်ထွက်သွားလာနေကြတဲ့ နိုင် ငံခြားသားတွေအကြောင်း မတွေးဘူး။ လမ်းတံတား တွေ တည်ဆောက်ပြုပြင်နေတဲ့အကြောင်းလည်း မတွေးဘူး။ ပန်းခြံတွေ စည်ကား စိမ်းလန်းနေတာကိုလည်း မတွေးမိပါဘူး ။ အရိုင်းဆိုပေမယ့် ဈေးကိုပဲ အတွေးဖြန့်ကြက်လိုက်တယ် ။

အဲဒိအခါ ဈေးတစ်ဈေး လည်ချောင်းရှင်းသံကို ကြားလိုက်ရတယ် ။ ဘာတွေထွက်လာကြမလဲ ။ ချွဲသလိပ်တွေ ၊ တံတွေးတွေ၊ ရောဂါပိုး မွှားတွေ ထွက်မလာကြပါဘူး။ ကုန်စည်ပစ္စည်းတွေပါဘဲ။ ကုန်စည်စီးဆင်း လည်ပတ်မြန် ဆန်တာဟာ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အ ပေါင်းလက္ခဏာပါ။ ကုန်ကားတွေ မောင်းထွက်သွားကြတယ်။  အမြန်နှုန်းတစ်ခုနဲ့။ ပြီးတော့ လှစ်ကနဲပျောက်သွား။ လျှင်မြန်စွာ ပျောက် ကွယ်သွားတာကိုတောင် evaporated ဆိုတဲ့ စကားလုံး သုံးပြသွားတယ် ။ စကားလုံး ပဉ္စလက်ကိုက ချစ်စရာ။

ဈေးကွက်စီးပွားရေးစနစ်မှာတော့ အားလုံးဟာ (လူတွေအပါအ၀င်) ကုန်စည်တွေပါဘဲ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်လောက်က ဘုန်းကြီးကျောင်းနဲ့ အဲဒိကျောင်းထဲက ခုန်ထွက်လာကြတဲ့ ဖားပျံကလေးတွေတောင် ရောင်းကုန် ဖြစ်သွားကြပါပြီ ။ စားလို့ရတာ ၊ သုံး လို့ရတာ ၊ ၀ယ်လို့ရတာ အကုန်ရောင်းကြ ။

ဈေးသည်ကတော့ sale promotion လုပ်နေတယ်။ လူသုံးကုန်ပစ္စည်းအားလုံး အရောင်းသွက်စေရမယ်တဲ့။ မေ တ္တာလက်ဆောင်၊ ကံစမ်း မဲများနဲ့ နိုင်ငံခြားခရီးစဉ်မက်လုံးများစွာနဲ့။ ဥာဏ်များကောက်ကျစ်လှတဲ့ မြေခွေး တောင် အူကြောင်ကြောင် ဖြစ်သွားမိတယ်။ အရိုင်းဆို တော့ ခေတ်မမီဘူး ထင်ပ။ “မဖြစ်နိုင်တာတဲ့။”

အရောင်းစာရေးတစ်ယောက်ကတော့ ဆိုင်ကောင်တာချောင်ကြိုချောင်ကြားမကျန် လှည်းကျင်းရောင်းထုတ် လိုက်ပြီလေ။ ဒီတစ်ခါတော့ ဥာဏ်များကောက်ကျစ်တယ်ဆိုတဲ့ မြေခွေးတောင် ခံစားသွားရရှာပါပြီ။ အရောင်း သွက်လာ လေလေ၊ အမှိုက်ပုံတွေလည်း မြင့်တက်မို့ မောက် လာလေလေပါဘဲ။ စည်သွပ်ဘူးခွံတွေ၊ ကြွပ် ကြွပ်အိတ်ခွံတွေ၊ ကဒ်စက္ကူဘူးခွံတွေ၊ ဘက်ထီးရီးယားပိုးပွားသလို စုပုံများလာကြ။ အမှိုက်တွေ။ ပစ္စည်းအမှိုက် တင်မက လူ့အမှိုက်တွေ။         

အမှိုက်ရှိရာကို အမှိုက်တွေပဲ လာတတ်စမြဲပါ။ အမှိုက်ပုံထဲက စားကြွင်းစားကျန်တွေကို ထိုးဆွရှာဖွေ စား သောက်ကြ။ ဒါကို မျက်ကွယ်ပြုထားလို့ ရနိုင်ပါမလား။ လမ်းရဲ့ခတ်လှမ်းလှမ်း အခြားဘက်မှာ ဈေးထဲက စွန့် ပစ်ထားတဲ့ အမှိုက်တွေနဲ့ လူတစ်သိုက်။ အိမ်ခြေမဲ့သူ တွေ။ ဈေးကွက်စီးပွားရေးရဲ့ အနိဌာရုံတွေ။ ချက်ကြ ပြုတ် ကြ စားသောက်ကြနဲ့။

ဒါကို ချားလ်စ် ဒါဝင်မိန့်ဆိုသလို survival of the fittest ဆိုပြီး“တော်သူနေ ၊ မတော်သူသွား”သဘောမျိုး ထားရက်နိုင်ကြမလား။ ဒါ ကြောင့် ဈေးကွက်ကို ဘယ်လိုလုပ်ကြမလဲဆိုတာဟာ နောင်လာမယ့် နှစ်ဆယ့်တစ် ရာစု ရဲ့ အကြီးမားဆုံး ပြဿနာလို့ ညွှန်းဆိုမိ ပါ ကြောင်း။

(၄)
ဂျာဆီတောအုပ်က ဆင်းလာ
မြေခွေးတစ်ကောင်က ငါတို့တိုးတက်မှုကို တွေးလေရဲ့
ဈေးတစ်ဈေး လည်ချောင်းရှင်းလိုက်တယ်
ကုန်ကားတစ်စင်း မောင်းထွက် ပျောက်ကွယ်သွား ။
ဖားပျံတွေ ခုန်ပေါက်ထွက်လာကြ
တစ်ဆယ့်သုံးရာစု ဘုန်းကြီးကျောင်းထဲက
ဘာမျှ နာစရာမရှိ ။  
ဈေးသည်က ဖွင့်ပြောတယ်
အားလုံးအရောင်းရ စွံရမယ်တဲ့ ။ မြေခွေးက
“မဖြစ်နိုင်တာ ။” အရောင်းစာရေးတစ်ယောက်
ချောင်ကြိုချောင်ကြားတွေ စလှည်းတယ် ။
လမ်းရဲ့ခတ်လှမ်းလှမ်း
အိမ်ခြေမဲ့သူတို့
အမှိုက်ပုံမှာ ချက်လိုက်ကြ ၊ ပြုတ်လိုက်ကြ ။

                                           ဂျိမ်းမ်စ် တိတ် 
 သစ်စိုး

ရနံ့သစ် မဂ္ဂဇင်း ၊ အမှတ် ၃၅
ဇူလိုင်လ ၊ ၁၉၉၅ ခုနှစ် ။

No comments: