Sunday, November 28, 2010

ညှို့ဆွတဲ့ မြို့ပြ

တစ်လောက သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ ပီကင်းမြို့တော်ကို ပြောင်းရွှေ့နေထိုင်တဲ့ (ကျေးလက် တောရွာက)လူများ သက်ဆိုင်ရာအား အမေရိကန်ငွေ သောင်းဂဏန်းချီပြီး ဒဏ်ငွေပေးဆောင်ရမည် ဟူလို။ ကျေးလက်တောရွာတွေမှာ အခွန်အတုပ် အနှုတ်အသိမ်းကလည်း များပြားလှတယ် ဆိုပါတယ်။ တရုတ် လယ်သမားဦးရေ သန်းတစ်ရာလောက်မှာ တစ်ပတ်ပျမ်းမျှ တစ်ဒေါ်လာပင် ၀င်ငွေ ရှိကြတာမ ဟုတ်ကြ။ လယ်သမား မိသားစုလုံးရဲ့ နှစ်ပတ်လည်ဝင်ငွေကလည်း Testarossa အမျိုးအစား ဇိမ်ခံကား အတွက် အရန်ကားတာယာတစ်ကွင်း ၀ယ်လောက်အောင်ပင် မရှိပါ။ ဒါကြောင့် မြို့ပြစက်ရုံ အလုပ်သမား တစ်ယောက် ရဲ့ ၀င်ငွေမှာ သူတို့အဖို့ သွားရည်ကျလောက်စရာပင်။ တရုတ်လယ်သမားတွေ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့လိုကြတာလည်း အမှန်။ တကယ်တော့ သဘာဝကျလှပါတယ်။ ဒီပြဿနာဟာ တ ရုတ်အာဏာပိုင်တွေအဖို့ နောက်စေ့ကိုက်စရာ ဖြစ်နေပါပြီ။ ၁၉၉၀ခုနှစ် ကိန်းဂဏန်းအညွှန်းတွေ အဆို အရ ပီကင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာတောင် လောလောဆယ် မှီတင်းနေထိုင်သူတွေ လူဦးရေ ဆယ်သန်း ကျော်နေပြီတဲ့။

ကျွန်တော်တို့နိုင်ငံက လူငယ်တစ်ချို့ ဂျပန်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှားနဲ့ တောင်ကိုရီးယားတို့မှာ shore job သွားလုပ်ကြတာကို ဒီဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုဆိုရင် ခံစားနားလည်နိုင်မယ် ထင်ပါတယ်။ ပညာတတ်ဆိုသူများကိုတောင် အဲဒိနိုင်ငံတွေမှာ 3D လို့ခေါ်တဲ့ dirty၊ difficult၊ dangerous လုပ်ငန်းတွေမှာ အလုအယက် လုပ်ကိုင်နေကြရ။

လွန်ခဲ့တဲ့ နှစ်၄၀အတွင်း အိန္ဒိယ၊ ဘုံဘေမြို့မှာ လူဦးရေ လေးဆလောက် ပွားလာခဲ့ပါတယ်။ ကျေး လက်ပြည်သူ မိသားစု၃၀၀လောက်ဟာ ဘုံဘေကို အလုပ်အကိုင် ရှာဖွေဖို့ နိစ္စဓူဝ ပြောင်း ရွှေ့ဝင်ရောက်နေပါ တယ်။ ဒီလူအများစုဟာ အာရှတိုက်ရဲ့ အကြီးမားဆုံး ကျူးကျော်ရပ်ကွက် “ဒါရ၀ီ”မှာ အစုတ်အပြတ် ကောက်သူတွေအဖြစ် ဘ၀ဆုံးခန်းတိုင်သွားကြ။ မိန်းမပျိုတွေကတော့ ဘုံဘေရဲ့ ပြည့်တန်ဆာ ၁၂,၀၀၀ (ခန့်မှန်းတွက် ကိန်းဂဏန်း) မှာ အပေါင်းလက္ခဏာအဖြစ်။ ဒီလိုမျိုး အနိဌာရုံတွေကို ဆရာမြသန်းတင့် ဘာသာပြန်တဲ့ သုခမြို့တော် (City of Joy) မှာ ဖတ်ရှုဖူးမှာပါ။ “ကျွန်တော်တို့မြို့က နောက်ထပ်ဝင်လာ မယ့် လူတွေကို ဆက်ပြီး လက်ခံမထားနိုင်တော့ဘူး။ ကျွန်တော်တို့နိုင်ငံကလည်း ဒီမိုကရေစီစနစ်ကို ကျင့် သုံးလေတော့ ဒီလိုပြောင်းရွှေ့နေထိုင်တာတွေကို တားဆီးဖို့ ခက်ပါတယ်။” လို့ဆိုတဲ့ ဘုံဘေမြို့တော်ဝန် ဟောင်း မာလီ ဒေါ်ရာရဲ့ ညည်းညူသံကို ကြားယောင်မိရဲ့။

တစ်ချို့နိုင်ငံတွေကတော့ လယ်သမားတွေ ကျေးလက်မှာပဲ ပိုနေမြဲ ကျားနေမြဲ ဆက်လက်နေထိုင်သာ အောင် အထူးအခွင့်အရေး မက်လုံးများနဲ့ ချော့မြှူလုံးပန်းနေကြပြီ။ မြေယာ ဝေငှခြင်း၊ ဘဏ်တိုးနှုန်း သက် သက်သာသာနဲ့ ငွေချေးခြင်း၊ လယ်ယာသုံး စက်ကိရိယာတွေကို အရစ်ကျ ငွေချေစနစ်နဲ့ ရောင်းချခြင်း၊ ကမ္ဘာ့ ကောက်ပဲသီးနှံဈေး ကျနေလျှင်ပင် လယ်သမားများ အကျိုးစီးပွား မထိခိုက်စေရေးအတွက် အစိုးရ က ဈေးမြှင့်ဝယ်ယူခြင်း စသည်ဖြင့်...။ ဥပမာ- ဂျပန်နိုင်ငံ။

ယနေ့ကမ္ဘာမှာ လူဦးရေဆယ်သန်းအထက် မြို့ကြီးများ ၁၃မြို့အနက် ခုနစ်မြို့က အာရှတိုက်မှာ။ ကျွန် တော်တို့ရဲ့ မြို့တော် ရန်ကုန်မှာတောင် ၂၀၁၉၀ခုနှစ်မှာ လူဦါ်ရေ ငါးသန်းအထက် ရှိပေလိမ့်မယ်လို့ demography ကျွမ်းကျင်သူတွေက မှန်းဆတွက်ဆနေကြပြီ။ မြိုပြလူဦးရေ ပိုလျှံ့မှုဆိုတာကလည်း ဘယ်ရှု ထောင့်က ကြည့်ကြည့် တစ်ကယ်တော့ ရင်မောစရာ။ လေထုညစ်ညမ်းမှု၊ ပြည်သူကကျန်းမာရေး၊ ရာဇ ၀တ်မှု၊ အိမ်ရာပြဿနာ၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ အလုပ်လက်မဲ့ ပြဿနာ၊ ဆင်းရဲငတ်မွတ်မှုနဲ့ အခြားအ ခြား ပြဿနာပေါင်း သောင်းခြောက်ထောင်။

* * *
ကျွန်တော့်ဇနီးမှာ သူ့အောက် အသက်၂၀လောက် ငယ်တဲ့ မောင်နှစ်ယောက် ရှိပါတယ်။ မိဘတွေက ကိုး တောင်မြစ်ကမ်းမှာ ဆားလုပ်ငန်း (ယခုအခါတော့ လယ်လုပ်ငန်း) လုပ်ကိုင်နေကြလို့ မြစ်ဝကျွန်းပေါ် မြို့ ငယ်တစ်မြို့မှာ ကျွန်တော်နဲ့အတူ နေထိုင်ကြတာ သူတို့သက်တမ်းတစ်လျှောက်။ ဆယ်တန်းမှာ ညီအကို နှစ်ယောက် အပြိုင်အဆိုင်ပဲ တစ်ဖုန်းဖုန်းကျရှုံးနေလို့ ကျွန်တော်ကတော့ သူတို့ကို မိဘများနဲ့ လက်ရည် တစ်ပြင်တည်း လုပ်တိုင်စားသောက်စေလိုလှပါတယ်။ သူတို့မိဘတွေကလည်း အသက်အရွယ် အိုမင်းလှ ပြီမို့ သူတို့ရဲ့ အကူအညီကို မျှော်လင့်နေတာကလည်း သဘာဝကျပါတယ်။

ကျွန်တော်က ဆူပူကြိမ်းမောင်းလိုက်။ မိဘတွေက ချော့မော့ ခေါ်ယူသွားလိုက်။ သူတို့ညီအကို တောကို ခဏလောက် ပြန်သွားကြမြဲ။ ဒါပေမယ့် ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ်လမှာ ဆယ်တန်းပြန်ဖြေဖို့၊ ကျူ ရှင်တက်ဖို့ ဆင်ခြေတွေနဲ့ ကျွန်တော့်ဆီ ပြန်ရောက်နေကျ။ ကျွန်တော်တို့မိသားစုကလည်း သူတို့မိဘတွေ ပိုင်တဲ့အိမ်မှာ “ကပ်နေ”ရတာမို့ သူတို့ကိုမာမာထန်ထန် မပြောသာ။ တစ်ခါတစ်ခါ သူတို့နှစ်ယောက်ကို “အ လုပ်အကိုင်= ကျောင်းသား”လို့ ရိသဲ့သဲ့ပြောတိုင်း သူတို့ ပြုံးစေ့စေ့။ စာလည်းမကျက်။ စာမေးပွဲကိုလည်း တစ်နှစ်မျှ ဆုံးခန်းတိုင်အောင် မဖြေကြ။ ဒီလိုနဲ့ သူတို့လည်း မြို့မှာပဲ အိမ်ထောင်ကျသွားကြ။

မိဘတွေရဲ့ရွာမှာ သူတို့ ဘာလို့ မပျော်ပိုက်ကြတာလဲ။ မြို့ပြကလည်း သူတို့အပေါ် ဘယ်လို ဆွဲငင် ဓာတ်များ သက်ရောက်နေကြသလဲ။ ကျွန်တော်လည်း မပြောတတ်ပါ။ အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော်ကိုယ် တိုင်ကပင် မြို့နီးချုပ်စပ် တျေးရွာတွေကို တစ်နှစ်လျှင် တစ်ခေါက်တောင် အလည်အပတ် ရောက်ဖူးတာမဟုတ်။ ဒါကြောင့် (သူတို့ဖြစ်ရပ်ရဲ့)အဖြေကို ရှာဖွေရန် ခက်လှပါတယ်။

ဒီလိုနဲ့ မြို့ပြရဲ့ ညှို့ဓာတ်ကို စိတ်ဝင်စားလာမိပြန်တယ်။ မြို့ပြနဲ့ ကျေးလက်တို့ ဘယ်လောက် ကွာဟနေ ကြပါသလဲ။ ယခုအချိန်မှာ ကမ္ဘာကြီးကိုတောင် ကျဉ်းမြောင်းလှပြီလို့ ပညာရှင်တွေ အများ အပြားက ညည်းညူပြောဆိုကြရဲ့။ Global village ဆိုလား။ ဘာကိုတင်စားတာလဲ။ လမ်းပန်း ဆက် သွယ်ရေးအရလား။ သတင်းစားသုံးမှု အနှိုင်းအရလား။ ကျွန်တော်ကိုယ်တိုင်လည်းေ၀၀ါးဝါးပင်။ မြို့ပြ ရဲ့ ညှို့ဓာတ်ဆိုတာ ရှိ ကောင်းပါသလား။



You've just been Told



to move to
Wolfe island:
a rounded island in a wide
river at the edge of a wide, dark lake.
You've been told
to move to Wolfe Island. What
will you find there?
Wolves?
Traps for wolves?
You've
been told to move to Wolfe Island.
What can you take along when you go?
All the kitchenware.
All the hammers and saws.
This book and that book.
Whatever your choice was.
You'll take a free ferry
to Wolfe Island. The car
has its brake set and won't roll.
The ferry clanked into the dock
of the island.
What do you find there?
A small town. A red stop sign.
Island of squared-off fields
in a pond of trees.
Little-box houses in square
yards. Clouds spread over the trees,
as flat as icing. Fences,
green wheat. A second shore.
A road with a name like
Button Edge Road?
Can't we go back and look?
Later. Don't worry.
Now we live here.

Elizabeth Macklin

* * * *

အမေရိကန် ခေတ်ပေါ်ကဗျာက ခတ်ရိုးရိုးလေးပါ။ ၀တ်လ်ဖ်ကျွန်းကို ပြောင်းနေကြမလားလို့ ချစ်သူက က ဗျာဆရာမကို တိုက်တွန်းနေတာ။ ၀တ်လ်ဖ်ကျွန်းဆိုတာ ညိုမှောင် ကန်ပြင်ကျယ်အစွန်း မြစ်ပြင်ကျယ်ထဲက ကျွန်းဝိုင်းလေး။

“လယ်ကွင်းကိုဖြတ်၊ ရိုးပြတ်ကိုကျော်...ပြည်သူခေါ်သော ဘ၀လမ်း...စိန်ပန်းကတ္တရာ မြေမှခွာ...ပြည်သူ့ သစ္စာ ရင်ခွင်မှာ...”ဆိုတဲ့ အသုံးလုံးလှုပ်ရှားမှုကာလက ကျွန်တော်တို့ရင်ကို လှုပ်ခါစေခဲ့တဲ့ သီချင်းတစ်ပိုင်း တစ်စကိုတောင် ပြန်လည်ကြားယောင်မိပါရဲ့။ မော်စီတုံးခေတ် “ကျေးလက်မှာ သင်ယူကြ”ဆိုတဲ့ ဆောင် ပုဒ်နဲ့ခေတ်ပြိုင်။ အဲဒိနောက်ပိုင်းမှာ ကမ္ဘောဒီးယား ကွန်မြူနစ်ခေါင်းဆောင် ပိုပေါ့က ဓနရှင် ဘူဇွာ အတွေး အခေါ်တွေကို ချွေးနဲ့ဆေးကြောဖို့ ပညာတတ်တွေကို ကျေးလက်မောင်းပို့ခဲ့တာ မှတ်မိကြသေးရဲ့လား။

အဲဒိကျွန်းမှာ ဘာတွေတွေ့ရမလဲ။ ၀ံပုလွေထောင်ချောက်တွေလား။ ချစ်သူက သူမကို ဘာတွေယူသွားမှာ လဲလို့ မေးလိုက်တယ်။ မရှိမဖြစ် မီးဖိုချောင်သုံး ပစ္စည်းများ။ တူနဲ့ လွှများ။ သူမစိတ်ကြိုက် ဟိုစာအုပ်၊ ဒီစာအုပ်။ မြို့နေလူတန်းစားလည်းဖြစ်၊ ကဗျာဆရာမလည်းဖြစ်တော့ ကျေးလက်ဒေသမှာ ဖတ်စရာမရှိရင် ဒုက္ခ။

ကျေးလက်မှာ ကျေးလက်ရနံ့ကို ရှူရှိုက်ရမှာ။ တောမြို့ကလေး တစ်မြို့။ သစ်ပင်တွေ ၀ိုင်းရံနေတဲ့ ရေကန် တစ်ကန်။ လေးထောင့်စပ်စပ် ဂျုံခင်းများ။ သစ်ပင်တွေပေါ်မှာ ပြန့်ကြဲအုံ့မှိုင်းနေတဲ့ တိမ်များ။အဲဒိတောမြို့ က ဘတ်ထင်အဲ့ဂ်ျ လမ်းကလေး။ ကဗျာဖတ်သူတောင် ကျေးလက်အလှအပကို စိတ်ကူးယဉ် စီးမြောလို့။ သူတို့နဲ့ပဲ လိုက်ပါသွားချင်လောက်အောင် ဆွဲငင်အားကောင်းပေရဲ့။

အဲဒိမှာ အဇ္ဈတ္တအတွင်းစိတ်က ကျွန်တော်ရဲ့ လှပတဲ့ အိပ်မက်ကို ဇက်ခွံ့ပေးလိုက်ပြန်ကော။ “ဒီမြို့ပြကို ပြန်လာပြီး အလွမ်းပြေ ကြည့်လို့မရဘူးလား။”တဲ့။ ဒီမေးခွန်းဟာ ကဗျာဖတ်သူ (ကဗျာဖတ်သူ ခေတ်ပြိုင် လူငယ်တွေအားလုံး)ကို နှိုးဆွလိုက်တာပါ။ ဒါကဗျာရဲ့ ဇာတ်ထွတ်(climax)။

ချစ်သူက သူမရဲ့ ညှိုးငယ်မျက်နှာကို ထောက်လှမ်းမိပုံရရဲ့။ ချက်ချင်းဆိုသလိုပဲ မျက်ဖြေစကားတစ် ခွန်းကို တစ်ဆက်ထည်း တုံ့ပြန်လိုက်ပါတယ်။ မကြာပါဘူး။ မပူပါနဲ့။ ငါတို့ ဒီမှာ (ဒီမြို့ပြမှာ) ပဲ နေကြမှာပါတဲ့။

ဟုတ်ပါတယ်။ ကျွန်တော်တို့ကို ဒီမြို့ပြက ဘယ်လောက်တောင် နှိုးဆွနေမှာလဲ။ ကျွန်တော်တို့ကကော ဒီ မြို့ပြရဲ့ ညှို့ချက်က ရုန်းထွက်ခွင့်ရကြမှာလား။ အဖြေရှာကြည့်ကြပါစို့။



* * * *

ပြောပြီးသား


ဝတ်လ်ဖ်ကျွန်းကို
ပြောင်းဖို့။
ညိုမှောင်ကန်ပြင်ကျယ်စွန်း၊ မြစ်
ကျယ်ထဲက ကျွန်းဝိုင်း။
ပြောပြီးသား
ဝတ်လ်ဖ်ကျွန်းကို ပြောင်းဖို့။ မင်း
ဟိုမှာ ဘာတွေ့ရမလဲ။
ဝံပုလွေတွေလား။
ဝံပုလွေထောင်ချောက်တွေလား။
ဝတ်လ်ဖ်ကျွန်းကို
ပြောင်းဖို့ပြောပြီးသား။
မင်းဘာတွေ ယူသွားမှာလဲ။
မီးဖိုချောင်သုံးပစ္စည်းတွေ။
တူနဲ့လွှတွေအားလုံး။
မင်းစိတ်တိုင်းကျ
ဒီစာအုပ်နဲ့ ဟိုစာအုပ်။
ဝတ်လ်ဖ်ကျွန်း ကူးတို့ကြုံ
စီးရမယ်။ အိမ်ကကား
ဘရိတ်ကြပ်နေလို့ မလိမ့်နိုင်ဘူး။
ကူးတို့က ကျွန်းရဲ့ ဆိပ်ခံတံတားကို
ဒုတ်ခနဲ ၀င်တိုက်ပေါ့။
မင်းဟိုမှာ ဘာတွေ့မလဲ။
တောမြို့တစ်မြို့။ အနီရောင်မှတ်တိုင် တစ်တိုင်။
လေးထောင့်စပ်စပ် ဂျုံခင်းများရှိရာကျွန်း
အုံ့ဆိုင်းသစ်ပင်များနဲ့ ကန်ထဲက။
စတုရန်းပုံ ခြံဝန်းထဲက သေတ္တာလို
အိမ်ကလေးများ။ သစ်ပင်တွေပေါ်က ပြန့်ကြဲ တိမ်များ။
ရေခဲနေသလို ပြားချပ်လို့။ ခြံစည်းရိုးများ၊
ဂျုံပင်စိမ်းစိမ်း။ ဒုတိယ ကမ်းခြေ။
ဘတ်ထင်အဲ့ဂ်ျလို
နာမည်မျိုးနဲ့ လမ်းတစ်လမ်းဆိုလား။
ငါတို့ ပြန်လှည့်ကြည့်လို့ မရနိုင်တော့ဘူးလား။
မကြာဘူး။ မပူပါနဲ့။
ငါတို့ ဒီမှာပဲ နေကြမှာ။



-အဲလဇ္ဇဘက်သ် မက္ကလင်းန်



Ref: Newsweek May 9, 1994.

The New Yorker June 14, 1993.

သစ်စိုး

ရနံ့သစ်မဂ္ဂဇင်း ၊ အမှတ် ၃၉

နိုဝင်ဘာလ ၊ ၁၉၉၅ ခုနှစ် ။

လွန်ခဲ့တဲ့(၁၅)နှစ်လောက်က ဆရာသစ်စိုးဘာသာပြန်ထားတဲ့ ကဗျာရေးရာ ဆောင်းပါးလေးတစ်ပုဒ်ပါ။အဆင်သင့်တာနဲ့ပြန်တင်ပေးဖြစ်တယ်။လက်ရှိမြန်မာကဗျာရှုခင်းနဲ့ ကိုက်ညီ/မကိုက်ညီ ဖတ်ရှုဆင်ခြင်သင့်ကြောင်းပါ။

No comments: