Sunday, December 19, 2010

ကဗျာ့ နာရေးနှင့် အဖြစ်စုံ သနစ်စုံ

သေပြီ ကဗျာ။ ပြောပြရတာလည်း ထပ်နေပြီ။ ခင်ဗျားတို့ ဘယ်လောက်တောင် ဖုံးနေဖိနေ၊ သက်သေ သက္ကာယတွေက အလျှံပယ်။ ၂၀၀၃ခုနှစ် တုန်းက ညူးစ်ဝီးခ်မဂ္ဂဇင်းမှာ ကဗျာ့နာရေးကို ကြေငြာခဲ့တယ်။ အနောက်နိုင်ငံက ကဗျာဆရာတွေ ဒေါသပုန် ထကြပေမဲ့ ဒီထုတ်ပြန်ချက်ကတော့ အ မှန်အကန်။ ကဗျာက အက်ကြောင်းတွေနဲ့ ပလပွ။ ကဗျာဆရာနဲ့ ကဗျာပရိသတ်တွေ တစ်မေးတည်း မေးနေကြလေရဲ့။ “ဘာဖြစ်တာလဲ ဟ။“လို့။

ညူးစ်ဝီးခ်ဆောင်းပါး ပုံနှိပ်ဖော်ပြလိုက်တော့ ကဗျာဆရာတွေ ဒေါသတကြီး တံတွေးတစ်ပျစ်ပျစ်၊ တောက်တစ်ခေါက်ခေါက်နဲ့။ ခမျာတွေမှာ ကဗျာ့ နာရေးကိစ္စနဲ့ ပတ်သက်လို့ ရွှေဥာဏ်တော် ကွန့်မြူးထားတဲ့ ဆောင်းပါးတွေကို ဒေါနဲ့မာန်နဲ့ တုန့်ပြန်ရေးသားကြပေမဲ့ အရေးစိုက် ဖတ်ရှုကြသူ တွေ နတ္ထိ။ ဘာဖြစ်လို့ ဒီဆောင်းပါးတွေကို ဖတ်ရှုအားပေးကြသူတွေ မရှိကြရတာလဲ။ ကျွန်တော်တို့တတွေဟာ တီဗီ ဇာတ်လမ်းတွဲတွေ ကြည့်ရှု၊ ဖေ့ဘွတ်ခ် (Facebook) မှာ အာရုံများနေကြ ဒါမှမဟုတ် ယူကျုဘ် (You Tube) ပေါ်က နောက်ဆုံးပေါ် ဗီဒီယိုတွေကို အရသာခံရင်း အလုပ်များ နေကြကြောင်းပါ။ ခွေးလှေးပျားနှံ့ဖြစ်နေကြတဲ့ ကြော်ငြာတွေ၊ အမြန်ကားတွေ၊ နိစ္စဓူဝ စိမ်းစိမ်းကားကား ဒွန္နယာကြီးထဲမှာ ကဗျာအငြိဓာတ်ဟာ လုံး လုံးလျှားလျှား ပျောက်ဆုံးသွားခဲ့လေပြီ။ ယခုအခါ ကဗျာရယ်လို့ ပီပီသသ မြင်နိုင်ရတဲ့ အခါသမယကတော့ ပစ္စည်းတွေ အရောင်းစွံရေးအတွက် ကြော်ငြာနေကြချိန်မှာသာ။

တစ်ချို့ကတော့ အခုခေတ်မှာ ကဗျာတွေ စည်ပင် ဖွံ့ဖြိုးနေကြပြီရယ်လို့ ဆိုကြရဲ့။ ဒါကလည်း အတိုင်းအတာ တစ်ရပ်လောက်သာ မှန်တာပါ။ က ဗျာဟာ ကျွန်တော်တို့နဲ့ လက်ပွန်းတစ်တည်း ရှိနေရိုး အမှန်။ ဒါပေမယ့် ကဗျာရဲ့ လေးနက် တည်ကြည်တဲ့ အရည်အသွေးနဲ့ကတော့ ဖီလာ ဆန့် ကျင်။ ဥပမာဆိုရင်တော့ မကြာသေးခင် လီဗိုင်းကြော်ငြာပြကွက်မှာ “ငါတို့ လိုတာမှန်သမျှ အကုန်ရ။“ ဆိုတဲ့ ကဗျာစာသားကို ရိုက်ပြထားတယ်။ ကွင်းပြင်ကို ဖြတ်ပြေးနေတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံရိပ်နဲ့ကို တွဲပြထားတာ။ (အမေရိကန် ကဗျာဆရာ) ဝေါ့လ်ထ် ၀စ်ထ်မင်န် (Walt Whitman) ရဲ့ ကဗျာစာသား။ ဟိုးတုန်းကတော့ အတွေးတွေ၊ မြင်ထောင့်တွေ ကြွတက်လာအောင် ဆွပေးခဲ့တဲ့ဟာ။ အခုတော့ ဂျီးန်စ်ဘောင်းဘီ ကြော်ငြာမှာ သုံး နေလေရဲ့။

ကဗျာဆရာ တစ်ချို့တစ်လေကတော့ အရင်ထက်စာရင် အခုအချိန်မှာ ကဗျာ အရေးများနေတယ်ရယ်လို့ ပြောကြပါလိမ့်မယ်။ ကဗျာ သေပြီ မဂ္ဂ ဇင်းနဲ့ လုပ်ထားတဲ့ အင်တာဗျူးတစ်ခုမှာ ပီတာ ပါရဲရား (Peter Periera) ပြောထားတာ ရှိတယ်။ “ပုဂ္ဂလ လစ်ရစ် (personal lyric)၊ သမိုင်း ဇာတ် ပြောကဗျာ (historical narrative)၊ ပုံစံသေ ကဗျာ (formal poetry) ကနေ ဘာသာစကား ကဗျာ (language poetry)၊ အယူအဆရေး မပါတဲ့ က ဗျာ (non_conceptual poetry)၊ ဖလာ့ဖ် (flarf) တွေအထိ ကဗျာနည်းနာတွေ စုံအောင်ရှိနေတယ်။ ဆရာဝန်၊ အီရတ် စစ်ပြန်နဲ့ ဂေါပက ဘဏ္ဍာ ထိမ်း မန်နေဂျာဟောင်းတွေအထိ ကဗျာဆရာအမျိုးမျိုးရဲ့ ကဗျာစာအုပ်တွေ။ အခုအချိန်ကစပြီး နှစ်ရာပေါင်း များစွာကြာတဲ့အခါ လူတွေ ပြန်ပြီး တွေးမိကြလိမ့်မယ်။ ရေးလိုက်ကြတဲ့ ကဗျာတွေ များလှချည့်လား။”လို့။ ကဗျာတွေ ရေးနေကြတယ်။ ဒါပေမယ့် ဒါတွေဟာ အနာ ဂတ်နဲ့ပဲ ဆိုင်မှာပါ။ ပါရဲ့ရား ရည်ညွှန်းနေတဲ့ “များလှချည့်”ဆိုတဲ့ ကဗျာတွေဟာ ပစ္စက္ခ အချိန်မှာ ဖတ်ရှုဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ အနာဂတ်အတွက် သို လှောင်ထားတာပါ။ ကဗျာတွေဟာ ယဉ်ကျေးမှုသဘောထက် မှတ်တမ်းမှတ်ရာသဘောမျိုး ပိုဆောင်နေပါတယ်။ သေပြီ က ဗျာ။

ယနေ့ခေတ် ကနေဒါမှာ ကဗျာစာအုပ် ရောင်းချရမှုဟာ ပျမ်းမျှ ကြိတ်နှုန်း ၃၀၀မှ ၅၀၀လောက်သာ။ အကြီးအကျယ် အရောင်းသွက်ကာမှ အုပ် ရေ တစ်ထောင် ဒါမှမဟုတ် တစ်ထောင်ကျော်ကျော်။ စာရင်းဇယားအရ ပိုဆိုးသေး။ ၁၉၉၉ခုနှစ်မှာ ကဗျာ ၁,၀၀၀နီးပါးလောက် နှစ်စဉ် ပုံနှိပ်ခဲ့ တယ်။ နောက် နှစ်နှစ်ကြာတော့ ပုဒ်ရေ ၆၀၀လောက်အထိ အရေအတွက် ကျဆင်းသွားတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ခုနှစ်က ကဗျာကို သိတ်စွံပုံမရတဲ့ “အနုပညာ”ကဏ္ဍထဲ အသွပ်သွင်း ခံလိုက်ရတယ်။ ကဗျာစာအုပ်တွေဟာ စာအုပ်ဆိုင် စင်ပေါ်မှာ တစ်ဖြည်းဖြည်း နေရာကျဉ်း ကျဉ်းလာနေပြီ။ ထုတ် ဝေဖြန့်ချိမှုဟာလည်း ကျသထက် ကျလာနေတယ်။ Chaptersဆိုတဲ့ စာအုပ်ဆိုင်က အရောင်းစာရေးကို တစ်ခါတစ်လေလောက် မေးကြည့်ရင် တစ် ခစ်ခစ်နဲ့ ရယ်မောနေလိမ့်မယ်။ ကဗျာဟာ ပုံနှိပ်လောကမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေရုံမက လူကြိုက်များတဲ့ မဂ္ဂဇင်းနဲ့ စာပေဂျာနယ်တွေမှာ လည်း နေရာပျောက် ပျောက်လာနေပြီ။

ကဲ၊ အမှန်အတိုင်း ရင်ဆိုင် ကြည့်ကြရအောင်။ ကဗျာ သေပြီ။

ဘာကြောင့် သေသွားရတာလဲ။

ဒီမေးခွန်းကို လွယ်လွယ်လေး ဖြေလို့ မရပါ။ ဒီကျဆုံးခန်းဆီ ဦးတည် သွားနေတဲ့ အဖြစ်အပျက်တွေ၊ ရေးဟန် နည်းနာတွေ၊ လမ်းကြောင်းတွေက အနတ္တဂ္ဂမ။ ဂူးဂဲလ်ဆာ့ခ်ျ (Google Search) အဆိုအရတော့ ဗယ်လင်တိုင်းန်ဒေး (Valentine's Day) နဲ့ အမျိုးသား ကဗျာလ (National Poetry Month) သမယမှာ ကဗျာ စိတ်ဝင်စားမှု အရမ်း တက်ကြွကြတယ် ဆိုပါတယ်။ သဘောပေါက် ထားကြရမှာကတော့ ဂူးဂဲလ်မှာ “ကဗျာ” လို့ ဆာ့ခ်ျ လုပ်လိုက်ရင် ကိုယ့်ကဗျာစာအုပ် ကိုယ့်ဖာသာ ထုတ်နေရတဲ့ အပျော်တမ်း ကဗျာဆရာတွေရဲ့ စာမျက်နှာတွေသာ အဓိကထားပြီး တက်လာကြတာ ပါ။

ပို့စ်ထ်မော်ဒန် လှုပ်ရှားမှုကြောင့် ကဗျာကျရှုံးခန်း ဆိုက်ရောက်လာတာလို့ ကဗျာဆရာ တော်တော်များများ သဘောပိုက်ထားကြတယ်။ ပို့စ်ထ် မော်ဒန်ဝါဒဟာ ပစ်မလွဲ တရားခံ ဖြစ်နေပေမယ့် ဒီတစ်ခုတည်းကိုပဲ ယိုးစွပ်လို့တော့ မရပါဘူး။ “တပ်မက်သူ အများးစု” လို့ ခေါ်တွင်လို့ရတဲ့ ကဗျာမ ဖတ်တဲ့ စာဖတ်သူတွေဟာ ကဗျာကို နားလည်ရ ခက်တယ်၊ ဖတ်လို့ မရဘူး၊ ရှုပ်တယ်လို့ ယူဆနေကြတာကြောင့် ပို့စ်ထ်မော်ဒန် သို့မဟုတ် နောက် ဆုံးပေါ် အယူအဆသစ် ကဏ္ဍထဲ ဆွဲသွင်းလို့ မရတဲ့ ထုတ်ဝေနေဆဲ ကဗျာစာအုပ်တွေကလည်း မရေမတွက် နိုင်အောင်ပါ။ ပို့စ်ထ်မော်ဒန်ဝါဒ ကသာ ကဗျာကို အသေ သတ်လိုက်တယ်ဆို ဘာဖြစ်လို့ Visual Art (စက္ခုပသာဒ ပန်းချီ ရေးဟန်) ကို လက်ရှောင် ထားရစ်ခဲ့တာလဲ။ စာပေ ပူလစ် ဇာဆုရ စာအုပ်တွေ နှစ်တိုင်း ထောင်သောင်းချီပြီး ပြိုက်ကနဲ ရောင်းစွံနေတဲ့အချိန်မှာ ဘာဖြစ်လို့ ကနေဒါ ကဗျာစာအုပ်တွေ ပုံနှိပ်ထုတ်ဝေဖို့ အစိုးရ ဆီမှာ ထောက်ပံ့ကြေး လျှောက်လွှာ တင်နေကြရတာလဲ။ (ပရင့်ထာတွေ ပေါ်လာကြလို့သာပေါ့။ မဟုတ်လို့က ကဗျာစာအုပ် အများစု အနေနဲ့ အ စောကြီးကတည်းက ကိစ္စ ချောသွားပြီးသား။) ရှင်းရှင်း ပြောရရင် စာပေ ခံစား နှံ့စပ်သူတွေတောင်မှ ကဗျာစာအုပ် တွေကို ချောင်ထိုး ထားလိုက် ပြီလေ။ ဘာကြောင့်လဲ။ ကဗျာ့ အရသာက ပြောင်းနေပြီ။ စာပေဂျာနယ်တွေကလည်း ဖတ်သူအကြိုက်လိုက်ပြီး စကားပြေတွေ ပိုထည့်လာကြတယ်။ ရေးသူတွေကလည်း ပိုက်ဆံ သိတ်မရတော့ ကဗျာဘက် သိတ်မလှည့်ကြတော့ဘူး။ ကဗျာစာအုပ်က ၀င်ငွေတစ်အား နည်းလွန်းတာကြောင့် ကဗျာ ဆရာ အသစ် ဘယ်လိုလုပ် ပေါ်လာတော့မှာလဲ။ ကဗျာက ငွေဝင်လမ်း မဖြောင့်ဘူးလေ။

ကဗျာ အနေကျုံလာရခြင်းရဲ့ အကြောင်းတရားတွေထဲက တစ်ချက်ကတော့ ရောင်းပန်းဝယ်ပန်း ကြပ်သိပ်မှု (oversaturation of industry) ကြောင့်ပါ။ ကဗျာဆရာတွေ မှိုလို ပေါက်နေပေမယ့် ဖတ်သူ လောက်လောက်လားလား မရှိပြန်ဘူး။ အွန်လိုင်း ကဗျာဆရာ၊ အချိန်ပိုင်း ကဗျာဆရာ နဲ့ အဖတ်အရွတ် ကဗျာဆရာ ဆိုပြီး ကျော်ကြားမှု တစ်ရပ်ရပ် ရရှိအောင် ကြိုးပမ်း အားထုတ်နေကြတဲ့ ကဗျာဆရာတွေ ရိုက်သတ်လို့ မကုန်နိုင် လောက်အောင် ရှိနေကြပေမယ့် အရောင်းတွင်တဲ့ ကဗျာစာအုပ်၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကျတော့ မရှိကြပြန်ဘူး။ ဘယ် ကဗျာအယ်ဒီတာကို ဖြစ်ဖြစ် သူတို့ လက်ခံရနေတဲ့ ကဗျာစာမူတွေအကြောင်း မေးကြည့်လိုက်စမ်းပါ။ သူတို့ အဲဒိ ကဗျာတွေ ကုန်အောင်စင်အောင် မဖတ်နိုင်ဘူးလို့ ပြန်ဖြေကြ လိမ့်မယ်။ ဒါမှမဟုတ်ရင် ကဗျာ့ အရောင်းတွင်ကျယ်မှုကို မေးရင်လည်း တစ်ကယ့်ကို miniscule ပါးပါးရှားရှား?လို့ အဖြေပေးကြမှာ။ ဒိလောက် တို ရေရှားရေ ဖြစ်နေတဲ့ ဈေးကွက်ထဲမှာ နေရာတစ်ကွက်စာ ရဖို့ကတော့ တော်တော့်ကို ခက်လှပါတယ်။ ဒါကြောင့်မို့ ကဗျာဆရာ အများအပြားဟာ သူ တို့ ကဗျာတွေ ပုံနှိပ်ဖော်ပြခံရဖို့ အင်တာနက်ကို အားကိုးနေကြရပေါ့။

အင်တာနက် ကဗျာဆရာတဲ့လေ။ အခုအခါ ကဗျာအရှုပ်ထုတ်ကြီး ကိုင်တွယ်ရှင်းလင်းရေး မဟာတာဝန်ကြီးကတော့ ကဗျာ ဖတ်ရှုသူတွေဆီ ဆိုက် ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပါပြီ။ ထွစ်အာ (Twitter) မှာ ကဗျာကို ဖော်လို (follow) လုပ်ဖြစ်လား။ ဒါဆိုရင် အဆီအငေါ်မတည့်၊ အူတိအူချာ စာလုံးရေ ၁၄၀ပါတဲ့ ဟိုက္ကူကဗျာနဲ့ တည့်တည့် တိုးမိရမယ်။ ကဗျာ ဘလော့ဂ် ၀င်ဖတ်သလား။ တည်းဖြတ်တဲ့ အဆင့်ကို ဖြတ်ကျော်စရာ မလိုတဲ့၊ ကိုယ့်ဖာသာကိုယ် ရွေးချယ်ပုံနှိပ်ထားတဲ့ ကဗျာပေါင်း သောင်းခြောက်ထောင်ကို ဖတ်ဖြစ်သွားတာပေါ့။ လက်ဖြစ် ပုံနှိပ်ဖြန့်ချိမှုဟာ လက်ဇြစ် ကဗျာ ကို မေးစရာ ဖြစ်လာတယ်။ အဲဒိ ကဗျာတွေကို လေးလေးနက်နက် ရေးထားတာလား။ ကဗျာ့ဥာဏ်စဉ် အားထုတ်မှုကော ရှိရဲ့လား။ ပြီးတော့ အွန် လိုင်းမှာ ကဗျာတစ်ပုဒ် တွေ့လိုက်မိတာတောင် အင်တာနက် မြန်နှုန်းကြောင့် ကဗျာ့ အဝေ့အ၀ိုက်တွေ အရသာခံ ဖတ်ရှုဖြစ်မယ့်အစား ခတ်သော့ သော့လေး ကျော်လွှားဖြစ်မိတယ်။ အင်တာနက် စာမျက်နှာကို ကလစ်ခ် (click) ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ကြော်ငြာ ဒါ မှမဟုတ် လင့်ခ် (link) အသစ်နောက် မြောပါသွားတာလည်း ရှိတတ်တယ်။

လက်ဖြစ် ပုံတူပွားခြင်း၊ အနက်ကောက်ခြင်းနဲ့ စက္ကန့်၃၀စာ သတင်း အရသာခံခြင်းဆိုတဲ့ လက်ငင်း ယဉ်ကျေးမှုဟာ စာဖတ်သူတွေကို အသေး စိတ် ဖတ်ရှုဖို့လိုတဲ့ စာမှန်သမျှ လစ်လျှူရှုဖြစ်အောင် တွန်းအားပေး နေတော့တာပဲ။ ယနေ့ခေတ် လူ့အဖွဲ့အစည်း ဖြစ်နေပုံက စားလို့ရတာကို မိုက် ခရိုဝေ့ဗ် မီးဖိုထဲ စက္ကန့်နည်းနည်း ကြာအောင် ပစ်ထည့်၊ ခတ်မြန်မြန် မြိုချပြီး အလုပ်ဆီကို အမောတကော ကားမောင်းသွားရတဲ့ အဖြစ်မျိုး။ ကျွန် တော်တို့မှာ မအားမလပ်နိုင်လောက်အောင် မိုဘိုင်းလ် ဖုန်းတွေ ရှိတယ်၊ လူမှု ဆက်သွယ်ရေး ၀က်ဘ်ဆိုက်ထ်တွေ ရှိတယ်၊ စိတ်အာရုံ အပြောင်းအ လဲ ဖြစ်စရာ တစ်ပုံတစ်ပင်တောင် ရှိတယ်။ မင်မရေစီး မီဒီယာထဲမှာ ကဗျာအတွက် ကျန်နေတဲ့ အချိန်တွေအားလုံးကို အလွန်အမင်း စတိုင်ထွားတဲ့ ပေါ့ပ်ဂီတက ထပ်ဆောင်း ဖြည့်ပေးထားတယ်။ ကဗျာဟာ အလေးအနက်ထား ဖတ်ရတဲ့စာ။ ကဗျာ ဖတ်တော့မယ်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အချိန်ယူ စဉ်းစား ဖတ်ရှုဖို့လည်း လိုတယ်။ လူတွေရဲ့ အာရုံကျမှုဟာ အကြွစိတ်ဘက်ကိုပဲ တောက်လျှောက် မျောပါ နေတာကြောင့် ကဗျာလိုဟာ မျိုးကို စိတ်မ၀င်စားလှပါဘူး။

Simon Fraser University (ဆိုင်မင်န် ဖရေဇာ တက္ကသိုလ်) က လူမှုဆက်ဆံရေးဗေဒ ဆရာ Norbert Ruebstaat (နောဘားထ် ရူးဘ်စထားထ်) က “ကြော်ငြာ ယဉ်ကျေးမှုဟာ ကဗျာကို အပြတ်ရှင်းထည့်လိုက်တာ။”လို့ ဆိုပါတယ်။ တစ်ကြောင်းစာ ကဗျာစာသားနဲ့ အပျံစား ပုံရိပ်တွေ မျှားပြီး ကျွန်တော်တို့ကို ဈေးခေါ်နေတာပါ။ ကြော်ငြာကိုယ်တိုင်က အကိုးအကား အဆိုအမိန့်တစ်ရပ် ဖြစ်လို့နေပါပြိ။ [Marshall MacLuhan (မားရှဲလ် မက်လူလန်း) တစ်ယောက်တော့ ဂျိုင်းကားနေဦးမှာ။] ကျွန်တော်တို့ရဲ့ စာအုပ်တွေဖြစ်ဖြစ်၊ ကျွန်တော်တို့ ကိုယ်တိုင်ပဲဖြစ်ဖြစ် အဆီအငေါ်မတည့် ဖြစ်နေပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ ရောင်းကုန်တွေနဲ့ အခြေခံထားတာ။ ကဗျာဟာ ရောင်းရေးဝယ်တာ ယဉ်ကျေးမှုနဲ့က အံဝင်ခွင် ကျ မရှိလှပါ။ စားသုံးသူတန်ဖိုး ခေါင်းပါးလွန်းလှတယ်။ ကဗျာအဖိုးစားနားနဲ့ ပတ်သက်ပြီး ကဗျာဆရာတစ်ယောက် ယောက်ကို မေးကြည့်လိုက် လေ။ တစ်ဒေါ်လာတောင် ရကြတာ မဟုတ်ဘူး။ ဒါကပဲ အခြေအနေ ဟန်ကျနေသေးတာ။ Andrienne Rich (အေးဒရီးယင်းန် ရစ်ခ်ျ) ပြောထားတာ ရှိတယ်။

“မျှော်လင့်ချက် ရှိနေပုံ ရသည်။ ကဗျာသည် အရင်းခံ လိုအပ်ချက်ဖြစ်သော ရိုးသား လွယ်ကူမှု ဂုဏ်ရည်အား ဆက်ထိမ်းထားရန် လိုအပ်၏။ က ဗျာ့ တရားကိုယ်သည် အရောင်းမြှင့်ခြင်း၊ ဈေးကွက် ထိုးဖောက်ခြင်း၊ များများထုတ် များများရောင်းဝါဒ ဖော်နည်းကားများ၌ “အောင်မြင်မှု” လံ ကြုတ်ဇာတ် ခင်းနေသော မှိုင်းတိုက်ခြင်းမှ ကင်းရှင်းရပေမည်။ အထူးသဖြင့် လူအချင်းချင်း ဆက်နွယ်ပတ်သက်ခြင်း၊ အသင်းအပင်းဖွဲ့ခြင်း၊ အမြင် ဖလှယ်ခြင်းနှင့် ကြုံရာကျပန်း ဖန်တီးနိုင်စွမ်းတို့အား ထည့်မတွက်ကြပဲ အကောင်ဖြစ်ချင်သည့် စိတ်ကို ဆွပေးနေသော ဂုဏ်တုဂုဏ်ပြိုင် သဘော သဘာဝမှ ကင်းလွတ်စေရမည်။ ဤအချက်မှာ မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်ပေမည်။ ကဗျာသည် သဘာဝဓာတ်အားဖြင့် အကျိုးအမြတ်၊ ဈေး ကွက် ထိုးဖောက်ခြင်း၊ များများသုံး များများထုတ်ဝါဒတို့နှင့် လားလားမျှ မပတ်သက်ပါ။” [What is Found There: Notebooks on Poetry and Politics စာအုပ်မှ။]

ကဗျာလို့ ၀ိဂြိုဟ်ပြုထားတဲ့၊ အောက်သိုးသိုး အနံ့ထွက်နေတဲ့ လောကကျဉ်းကျဉ်းလေးဟာ ခေါင်းအုံးပိပြီး အသက်ရှု မွန်းကြပ်နေလို့ ကဗျာ့အသံပ လံ ကြားနိုင်မယ့်သူ မရှိပါ။ ဒါမှမဟုတ် လူတိုင်းက လှည့်မကြည့်ကြတာလည်း ဖြစ်ချင်ဖြစ်မှာ။ ဒါပေမယ့် အရာရာတိုင်းဟာ အသစ်တစ်ဖန် ပြန်လည် မွေးဖွားဖို့ သေဆုံးနေကြရတာ။ စားသုံးသူသုံး ၀က်ဘ်ဆိုက်ထ်တွေ၊ လူမှု ဆက်သွယ်ရေး ၀က်ဆိုက်ထ်တွေနဲ့ အများပြည်သူ မနောခွေ့ သဘော တွေ့ ဖြစ်နေကြတာတွေဟာ ကုန်ပစ္စည်း အရောင်းတွင်ကျယ်ရေးကို မြှင့်တင် မောင်းနှင်ပေးနေတာကြောင့် ကြော်ရေးငြာရေး ကိစ္စအနေနဲ့ တစ် ကယ့်ကို အသက်ဆက် ရှင်သန်ခွင့် ရနေတာပါ။ ဒါကလည်း ကဗျာ့ အနာဂတ်အတွက် အတိတ်ကောင်း နိမိတ်ကောင်းပေါ့။ ကြော်ငြာသမားတွေ ဟာ ကြော်ငြာချိန်နဲ့ မဂ္ဂဇင်းထဲ ကြော်ငြာနေရာတွေက စွန့်ခွာသွားကြပါလိမ့်မယ်။ ကျွန်တော်တို့ လူမှု အဖွဲ့အစည်းဝင်တွေအားလုံး “မင်း မြင် တယ်၊ မင်း ၀ယ်တယ်။” ဆိုတဲ့ အရိုးခံတရားက လွတ်အောင် ရုန်းထွက်ကြပါတော့မယ်။ ဘယ်သူတွေ ဘာရောင်းနေကြသလဲ ဆိုတာကို ကျွန်တော် တို့ အစဉ်တစ်စိုက် စိတ်ဝင်စားကြမယ် မဟုတ်တော့ပါ။ ကျွန်တော်တို့ ရည်ရွယ်ရင်းနဲ့ အသုံးတွင်မှုကို မြင်ကြရမှာ။ တန်ဖိုးထားမှုကို မြင်တတ်ကြ ရမယ်။ ကဗျာဟာ ငွေရေးကြေးရေး ဆက်နွယ်မှု ကင်းလွတ်တဲ့ အဖိုးထိုက် အဖိုးတန် ဖြစ်နေတာကြောင့် ဒါဟာ မျှော်လင့်ချက် တစ်ရပ်ပါ။

ဒါကြောင့် ကဗျာသေရတာ။ ဒါပေမယ့် အဲလ်ဗစ်(ပရက်ဇလီ)လို နေရာတိုင်းမှာတော့ တွေ့မြင်နေကြရမှာ။ ကဗျာမှာ အနာဂတ် ရှိပါတယ်။ ကျွန် တော်တို့ဟာ လောက သံသရာထဲမှာ တစ်ဝဲလည်လည် ဖြစ်နေကြရတာ။ ကဗျာဟာ ၁၉၈၀လွန် နှစ်တွေကလို အငြိုးကြီးကြီးနဲ့ကို တစ်ကျော့ပြန် လာတော့မှာ။ Billy Collins (ဘိလီ ခေါလင်းဇ်) ပြောသွားတာ အကောင်းဆုံးပါ။ “ကဗျာ့ ပရိသတ်တွေ သိသိသာသာ နည်းနေတယ်ဆိုတာ သိပါ တယ်။ ဒါပေမယ့် ကဗျာဆီက ပဲ့စင်ထွက်ခဲ့ကြတဲ့ စာဖတ်သူတွေ တစ်ပုံတစ်ပင် ရှိနေကြသေးတယ်။ သူတို့ စိတ်ပြန်လည်လာကြဦးမှာပါ။” ဒါဟာ ဘာတစ်ခုမျှ ရပ်တံ့မနေတဲ့ ကမ္ဘာလောကထဲက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်။ ကျွန်တော်တို့ဟာ စဉ်ဆက်မပြတ် ရွေ့နေ၊ မွမ်းမံ တည်းဖြတ်နေ၊ ဖြည့်စွက်နေ၊ ထိုးဆွနေ၊ ရုန်းကန်နေကြရ။ ဒါကြောင့် ကဗျာတစ်ပုဒ်နဲ့ တလေးတနက် စဉ်းစား ဆင်ခြင် တွေးတောဖို့ဟာ လိုသည်ထက် လိုနေတဲ့ ကိစ္စ။ ကဗျာဟာ မြှုပ်နှံ သင်္ဂြိုလ်ထားတဲ့ အုတ်ဂူထဲက တိုးထွက်လာဖို့ အဆင်သင့်။ ဘယ်လို ထွက်လာမယ်၊ ဘယ်အချိန် ထွက်လာမယ် ဆိုတာသာ ရှိနေတော့တယ်။ ဘာပဲဖြစ်ဖြစ် ဖုတ်ဝင်ကဗျာ ပြန်ပေါ်လာပြီး သူ့ကို အပြတ်ရှင်းလိုက်တဲ့ဟာကို ဒီကမ္ဘာမြေပေါ်မှာ မကြေပွဲ ပြန်နွှဲဖို့ ကျွန်တော်က တော့ မျှော်လင့်နေမိကြောင်းပါ။



Poetry is Dead မဂ္ဂဇင်း စာစဉ် ၁ (ဇန္န၀ါရီ ၁၈၊ ၂၀၁၀ခုနှစ်) မှ Daniel Zomparelli ၏ Poetry is Dead: What the Hell Happened? အက်ဆေးအား ဘာသာပြန်ပါသည်။



သစ်စိုး

စက်တင်ဘာ ၂၄၊ ၂၀၁၀ခုနှစ်။

No comments: