Saturday, July 17, 2010

အရူးရောက်ရှိသွားတဲ့  စနေထောင့်

အရူးဟာ
ကောင်းကင်ပေါ်မော့ကြည့်ပြီး
လက်ခုပ်လက်ဝါးတီးတယ်
နတ်သမီးတွေ၊ နတ်သမီးတွေ

သိုးအုပ်တွေ၊ သိုးအုပ်တွေ
ကြက်ဆင်ရုပ်ကြီး၊ နဂါးကြီး
ရေခဲတောင်ကမုတ်ဆိတ်ဖြူသိုင်းဆရာကြီး
ရဟန်းတစ်ပါး၊ ရဟန်းတစ်ပါး
တိမ်အုပ်တွေကိုကြည့်ပြီးပြောနေတယ်။
လူတချို့က လိုက်မော့ကြည့်တယ်
လူတချို့က စောင်ပေပေကြည့်သွားတယ်
လူတချို့က သတိမထားကြဘူး။
အရက်မမူးဘဲ
တိမ်တွေကိုအော်ဆဲနေပြန်တယ်။



ဖန်ခွက်ချင်းထိခတ်လို့
အသံထွက်တဲ့ကိစ္စကို
ရင်ခုန်တာလို့ပြောဦးမလား
သွားစမ်းပါ
မင်းခြေထောက်ပေါ်ဆောင့်နင်းတဲ့... ဒင်း(သင်း)
မြားဦးမှာ နှုတ်ခမ်းနီတွေသုတ်ပြီး
မျက်မမြင်ပုဏ္ဏားများကို လက်တည့်စမ်းတဲ့... ဒင်း(သင်း)
အနမ်းတွေကိုတန်းလန်းထားပြီး
ဘိလပ်ရည်သွားသောက်နေတဲ့... ဒင်း(သင်း)
တသင်းသင်းနဲ့... ဒင်း(သင်း)
ခင်သန်းနုပြီး ခင်သန်းနုတော့
ထပ်မလာဘူးပေါ့
ဒေစီကျော်ဝင်းပြီးတော့
ပုလဲဝင်း ထပ်လာတာပဲလေ။

ငါလည်း မင်းလိုပဲ
စစ်ရှုံးခဲ့ဖူးတယ်။

သံသယဆိုတာ
မီးလောင်လွယ်တဲ့ပစ္စည်း
ရှေ့မီးတစ်ဖက်ပျက်ရာကလည်း စတတ်တယ်
ချစ်ခြင်းအမှုဆိုတာ
အိမ်နံပါတ်လို အပြီးရိုက်ချနိုင်သလို
မျက်နှာကိုလက်နဲ့အုပ်
ငုတ်တုတ်မေ့နေတဲ့
လင်ပစ်မအလွမ်းတွေလည်းဖြစ်တယ်
ချစ်သူတွေ တစ်တိုင်တည်းကိုကျောချင်းကပ်
တငွေ့ငွေ့ကြွေ တဖွဲဖွဲလွမ်း
ဒီလိုပဲ ဝေး၍ဝေး၍သွားရမတဲ့လား
ကမ္ဘာအရပ်ရပ်မှာ ...
မင်းကလည်း သူမကို ထိအောင်မပစ်နိုင်
သူမကလည်း မင်းကို မှန်အောင်မပစ်ခတ်တတ်
တစ်စုံတစ်ယောက်ရဲ့
ရေတိမ်မှာ အကြိမ်ကြိမ်နစ်ပျော်နေခဲ့
နှုတ်ခမ်းသားထောင့်ကွေးတစ်ဖက်ကိုသွားနဲ့ကိုက်
လက်ဖျောက်တစ်ချက်တီးပြီး
ဒီပွဲမှာငါနိုင်တယ်လို့
အရှက်မရှိတဲ့မျက်နှာနဲ့ 

ကြိုးသိုင်းဖိနပ်စီးပြီး လှနိုင်ပါစေတော့...
သူမရဲ့အောင်မြင်ခြင်းဟာ
ရှေ့တိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်တာမဟုတ်ဘူး
နောက်ဆုတ်မယ့်ဆင် ရှေ့တစ်လှမ်းတိုးလိုက်တဲ့သဘောပါ။
မျက်ခွံမှာတော့ မျက်ရစ်တွေမသုံးဘဲ
စကားတွေထဲမှာ လှည့်သုံးသွားပုံက
သိပ်ပြီးတော်လှပါပေရဲ့
ကျိန်စာတွေကိုလည်း
စရွေးကိုက်
အလိုက်သင့်ရွတ်ဆိုနိုင်တယ်။
မျက်နှာကြက်က ကြမ်းပြင်နဲ့ဝေးလွန်းတော့
လှည့်မွှေ့ပေးတဲ့လေက မရောက်
နောင်တကသာ အနောက်ကနေ
ငေါက်တောက်ပန်းထွက်
သေချာရဲ့။

သပိတ်ကြိုဘုရားဘေးက
ဗေဒင်ဆရာတစ်ဦးစကားလုံးထည့်သုံးလိုက်ရင်
မေထုန်ရာသီနဲ့ ကန်ရာသီမှာမိန်းကလေးလဂ်စန်းဟာ
သောကြာတိံသင်းမှာတည်တော့
တွေ့တဲ့ယောက်ျားနဲ့ရည်ငံပြီပေါ့
ကောင်မ...
ဂဂျီဂဂျောင်မ...
ပဋိသန္ဓေတားဆေးလောက်မှ
ယုံကြည်လို့မရတဲ့
ကောင်မ
ဟော... ဟိုမှာ
သူ့မာနဆိုပြီး
မင်းက ငါ့ကို လက်ညှိုးထိုးထိုးမပြနဲ့
ငါ မမြင်ရဘူး
ဘာမာနလဲ
ထွီ... ရွံစရာကောင်းလိုက်တာ
ပါရီမှာ
ပန်းချီဆရာ
ပီကာဗီးယားက
ကျောက်သင်ပုန်းမှာ
မြေဖြူနဲ့ အရုပ်တွေရေးခြစ်ပြီး
ပြန်ဖျက်ပစ်လိုက်တာ
အရုပ်တွေရဲ့သက်တမ်း နှစ်နာရီသာခံခဲ့ရတယ်။
အလကား
နာရီပိုင်းသာခံတဲ့
ဒါဒါမာနများ။

ကဗျာတွေကလည်း
နားမလည်ဘူးကွာ
ကြယ်တို့ရဲ့အလင်္ကာဟာ
ကျွဲပျိုမညကြောင့်သာ လှပရတာပါ
မင်းအင်္ကျီလက်ပေါ်
တံတွေးနဲ့ထွေးတဲ့ပြစ်မှုကို
သူ့ပါးသားပေါ်တင်ခဲ့တဲ့အနမ်းတွေနဲ့
အကျေတင်ထားလိုက်တာလား
မင်းလည်း အလကားပဲ
ငါးကင် ကြောင်ချီတာများ ချီသွားပါစေ
ဖန်ပုတီးလည်ဆွဲကြိုး
သူ့လင်သားငုတ်တုတ်က
သူ့လည်တိုင်ကိုချည်နှောင်လိမ့်မယ်
မင်း ယောက်ျားပီသရမှာက
အမူးလွန်ပြီးထိုးအန်သလို
လက်ထိုးအန်ချလိုက်။

ဗရုတ်သုတ်ခမက
ဓားမြှောင်မှာ ဖားပြုပ်စေးသုတ်ပြီး
သံပရာသီးကို သွေးထွက်အောင်လှီးပြတာကိုတော့
အလမ္ပာယ်ပွဲတစ်ခုလို ငေးစိုက်လို့... မင်းက...
ငါက...
လင်းယုန်ဆီကို ဖယောင်းတိုင်မှာသုတ်ပြီး
ပြဒါးငုံမှုတ်တော့
မီးထတောက်တဲ့အခါ
ရယ်ကျဲကျဲနဲ့ ပခုံးတွန့်ပြီး
ဖတ်လက်စစာအုပ်ကို ပြန်ဖတ်နေလိုက်တယ်
ပြကွက်က ဒီလောက်
ပျင်းရိခြောက်သွေ့စရာကောင်းလို့လား။

ညည်းခြေကျင်းဝတ်က ရွှေကြိုးလေးဟာ
ညည်းသမီးနားပေါက်ထဲ
ရောက်သွားပြီဆို
ညည်းလင်သားက ညည်းဆံနွယ်စကို
ဝါယာကြိုးလုပ်ပစ်တယ်ဆို
ညည်းပေါင်တစ်ဖက်ကို
လင်သားက ခေါင်းအုံးပြီး
ကျန်တစ်ဖက်မှာ သမီးလေးက အိပ်ပျော်လို့နေတယ်ဆို
မိုးသားတွေက အရင်လိုမဟုတ်ဘဲ
အမြဲအုံ့နေတယ်ဆို
ပြောသလောက်တော့ မကြားပါဘူး
ကြားရသလောက်ပြောကြည့်တာပါ
တစ်စုံတစ်ယောက်က သူမနာမည်ခေါ်သံကို
မင်းက ဘာကြောင့်သွားထူးရတာလဲ
ပြောသလိုပဲထား
ရိုးတံနာနေတဲ့သစ်ရွက်လေးဆိုရင်
သိပ်ပြီးငြိမ့်လွန်းနေမလား
ကျည်ဆံတစ်တောင့်လောက်
သုံးကြည့်ဖို့လိုမယ်
လောင်းကစားဝိုင်းအနီးက
ကလေးငယ်များဆိုရင်
မိုနာလီဇာနှုတ်ခမ်းပေါက်နေရာမှာ
ချေဂွေဗားရာမျက်စိပေါက်
ပြောင်းတပ်လိုက်မယ်ဆိုရင်...
ဘုရားကျောင်းဝိုင်းတွင်း
ဖိနပ်စီးဝင်သလိုများဖြစ်သွားမလား...။

အရင်တုန်းကဒီဇင်ဘာဟာ နင့်ဒီဇင်ဘာ
အခုဖေဖော်ဝါရီက ငါ့ဖေဖော်ဝါရီ

လွှတ်ထားမှလှတယ်ဆိုတဲ့တိမ်တွေကို
ပိုက်မထားလိုနဲ့။
အလှမွေးငါးလေးဟာ
အမွေးကြမ်းမြက်ရိုင်းပင်တွေရှည်ထွက်လို့
အရင်လောက်မလှတော့ပေမယ့်
ညည်းလင်သားက ခါတိုင်းထက်ပိုချစ်တယ်ဆို။
မာနကို အင်္ဂလိပ်လိုပြောပြီး
ဒဏ်ရာရအကျဉ်းလမ်းမှာ
တိတ်တိတ်ကျိတ်ငိုနေသလား မ... ဘယ်သူ
ဒီမြေသားပေါ်မတ်တတ်ရပ်နေပေမယ့်
ဒီဝဋ်ယိုင်လာတဲ့တစ်နေ့
မင်း ရယ်နိုင်ပါစေတော့ မ... ဘယ်သူ
ညည်းဘ၀ အဆင်ပြေပျော်ရွှင်ပါစေ
ညည်းလျှောက်တဲ့လမ်း အဖြောင့်အတိုင်းရှိပါစေ
သူ့ဆုတောင်းမှာ
ညည်း အကောင်းအတိုင်းရှိပါစေ
မ... ဘယ်သူ
အရက်မမူးဘဲ
တိမ်တွေကိုအော်ဆဲမိတဲ့ငါ့ကိုတော့
ခွင့်လွှတ်ပါ
ကျေးဇူးပြုပြီး မရယ်လိုက်ပါနဲ့
(ကဗျာဖတ်သူ)
ရုပ်ရှင်ရုံလေးတစ်ရုံနဲ့
အလိုက်ကန်းဆိုးမသိဘဲပြန်ထွက်သွားတဲ့
လူဖြူမလေးတစ်ဦးရဲ့
တကယ့်အဖြစ်အပျက်ပါ။
နွေကျောင်းပိတ်ရက်
မြို့လေးဆီ မင်းပြန်တဲ့အခါ
သစ်စက်နဲ့တူပြီး သစ်တုံးတွေမတွေ့ရဘဲ
စာကြည့်တိုက်နဲ့မတူဘဲ စာအုပ်တွေပဲတွေ့ရတဲ့
ကိုမျိုးနိုင်ရဲ့
ဂူတင်ဘတ်အိမ်လေးဆီ ရောက်ဦးမလား
ရင်ဆမ်းရာလေးတွေ့ရင်လည်း
ပြောလိုက်ပါတော့
ငါဟာ ပန်းဆိုးတန်းမှာ
တစ္ဆေတစ်ကောင်ဖြစ်နေတဲ့အကြောင်း...
အိမ်လေးကိုလည်း
လူသတ်ကုန်းဘက်လှည့်ဆောက်ထားတဲ့ အကြောင်း...
ကျွန်တော်ချည်ခဲ့တဲ့ ကြိုးထုံးလေးကိုလည်း
ဆက်ဆက်ကြည့်ခဲ့ပါဦး
အနာဂတ်ကိုထိပ်ချွန်ပြီးတာနဲ့
အတိတ်ရေ ပြန်ခဲ့မှာပါ
ပြန်လာခဲ့မှာပါ...
ခေါ်နေပြီ...
ပန်းစည်းထုံးတွေကို
တောစီးဖိနပ်ရှည်ရှည်ကြီးတွေနဲ့နင်းပြီး
ခေါ်နေကြပြီ...
မိုးလင်းလို့ လူတွေနိုးလာရင်
မလိုတဲ့ဆုတွေ တောင်းဆိုရဦးမယ်ထင်တယ်။

အရူးဟာ
ရေကန်ထဲကျသေနေတဲ့
တိမ်တွေကိုငုံ့ကြည့်ပြီး
ပြုံးစိစိနဲ့
အရင်အတိုင်းပဲ
ဆက်ရူးနေလိုက်တယ်။ ။

သူရနီ

လွန်ခဲ့သောနှစ်ကာလများကို လည်ပြန်လှည့်ငေးနေမိလောက်အောင်ပင်
အချိန်တို့သည် မြန်ဆန်စွာရွေ့လျားနေကြသည်။ချစ်ခြင်းမေတ္တာ၊ အရူးအနှမ်း၊
ကျောင်းတော်ရာ၊အထက်တန်းကျောင်းသားဘဝ၊ ဇာတိမြေ၊အိပ်မက်၊ကဗျာ
အစစအရာရာ တွယ်ညှိနေသောလှုပ်ရှားပျံ့ လွင့်သောစိတ်တို့သည် ဤကဗျာ
အားကိုယ်စားပြုနေပါလိမ့်မည်။ငယ်သောစိတ်နဲ့ စွဲလန်းခဲ့ရသော ချစ်ခြင်းမေတ္တာ
သည် ဟိုးအဝေး၌ မှုန်ရီဝေနေပါသည်။ အဲဒီအချိန်တွေကိုတော့ လွမ်း၍နေကြောင်း
ဝန်ခံစိတ်သက်သက်ဖြင့် ဤပို့စ်လေးကိုလွှတ်တင်မိပါသည်။ဤကဗျာလေးအား
ရေးသားသော ကိုသူရနီကိုလည်း ကျေးဇူးတင်ပါကြောင်း။

အောင်ပိုင်စိုး
၁၇၊ ဇူလိုင်၊ ၂၀၁၀

No comments: