အဲဒါ “ပြာမလော့” လေ
ဘီယာဗူးခွံတွေ မြစ်ရေထဲ ပစ်ပေါက်
လှိုင်းတွေ ခွက်ကပ်နဲ့ မူးကြ
ဟောဒီ ချစ်ကံခေလွန်းလှတဲ့ကောင်
အောင်ပြီးမှ ဝေးရတဲ့ ငါပါ မာရီလင်ရယ် ။
ရေဆန်ခရီးဟာ အထီးကျန် မီးအိမ်လေးတစ်လုံးနဲ့ပဲ
ကြယ်ရောင် ပါးကွက်ကျား
ကောင်းကင် ရင်သား ဟင်းလင်း
အသည်းနှလုံးကွဲတွေ ဂျင်းဘောင်းဘီ အိတ်တစ်လုံး အပြည့်
အဲလို နှင်းတွေ ပိနေတဲ့ည
မျှော်လင့်ရင်းနဲ့ သေဆုံးသွားရမယ့် ငါပါပဲ မာရီလင် ။
ငါစိတ်နာတယ်
ထူးအိမ်သင်ရဲ့ အမေ့ရဲ့ ဒုက္ခအိုးကြီး
တစ်ဘ၀လုံး ငါ့ကို ထမ်းပိုးခဲ့တဲ့ မြေကြီး
မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့ ဟောဒီ ခေတ်ကြီးလေ
မာရီလင်ရေ... မင်းလိုပဲ
ဒါတွေကို ငါမေ့ပစ်လိုက်ချင်ပါရဲ့ ။
ဘ၀ဆိုတာ လှပစွာ ဆင်းရဲတတ်ရုံပဲလား
ငါ့ကိုယ်ငါ ပြန်မေးနေရတဲ့ သွေးရူးသွေးတန်း ည
အဲဒါ ပြာမလော့လေ ၊
ဘီယာဗူးခွံတွေ မြစ်ရေထဲ ပစ်ပေါက်
လှိုင်းတွေ ခွက်ကပ်နဲ့ မူးကြ
နောက်ဆုံး ငါရောက်ရမယ့် ရင်ခွင်ဆီ
“ဖြိုး”ဆိုတဲ့ ပဲ့ထောင်ကလေးက
ပြေးဆဲ...
မာရီလင်ရေ
မာရီလင်ရေ
မာရီလင်ရေ
မင်း အိပ်စက်ရာ
လဲလျှောင်းဖို့ငါလာပြီ။
ဖေဖော်ဝါရီ ၇၊ ၁၉၉၄ခုနှစ်။
အောင် ဝေး
2 comments:
ကျေးဇူးပါပဲ ကိုအောင်ပိုင်စိုးရေ တကယ်ကို တခုခုရလိုက်တဲ့ ပို့စ်ပါပဲ။
tin min htet
ဟုတ်ကဲ့ပါဗျာ။
Post a Comment