သူတို့ပြောကြရဲ့၊ ဒါ မရေးသင့်တဲ့
အကြောင်းတဲ့၊ အဖေ့ကို
အိမ်သာမှာ နေရာချဖို့
ငါ လုံးပန်းနေရပေါ့၊ ခါးပတ်ကို
ဖြည်ဖို့၊ ဘောင်းဘီကို
လျှောချပြီး ထိုင်ချဖို့
သူကတော့ ခေါင်းမာမာနဲ့ မတ်တတ်ရပ်လို့
ဒူးတောင်မကွေး။
ငါ နောက်ထပ် အားစိုက်
သူ့ကတော့ ခေါင်းမာမာနဲ့ မတ်တတ်ရပ်လို့
ဒူးတောင်မကွေး။
ငါ နောက်ထပ်အားစိုက်
သူ့ကို ကမုတ်ပေါ်ကွေးချဖို့။
၂၀၀၄ခုနှစ်သည် ကျွန်တော့်အတွက် တော်တော်ကံခေသော နှစ်တစ်နှစ်ဟု ဆိုရမည်။ လုပ်သမျှကိုင်သမျှ အတော် များများမှာ အံချော်လျက်။ ဇူလိုင်၃၁ရက်နေ့တွင် အိမ်မှာအတူနေသူ အသက်၈၈နှစ်အရွယ်အဖေ တရားမှတ်နေခိုက် ရုတ်တရက် ထိုးလဲသွား၏။ အကြောဆွဲ၊ တက်ချက်။ လေဖြတ်သလိုဖြစ်ကာ သတိလည်းမရ။ မိတ်ဆွေဆရာဝန်ကို အိမ်ပင့် ဆေးကုပေးရသည်။ ပထမတစ်ရက်က အခြေအနေတိုးတက်မလာ။ နှစ်ရက်ကြာမှ အဖေသတိပြန်လည်လာ သည်။ သို့သော် နဂိုပုံမှန် အခြေအနေတော့မဟုတ်။ အထူးသဖြင့် အဖေစိတ်ကျန်းမာရေးမှာ အားရစရာ မကောင်းလှ ပါ။ တစ်သက်လုံး စိတ်ထားနူးညံ့သူဖြစ်လျက် ရုတ်တရက် ဒေါသဖြစ်လွယ်တာ။ ခေါင်းပိုမာလာတာ။ ပို၍ ဆိုးရွား သည်ကတော့ ဆေးအကုသမခံတော့ခြင်း။ မိတ်ဆွေဆရာဝန်ကိုယ်တိုင် ဖြောင်းဖြပြောဆိုသော်လည်း မရ။ အစာအ နည်းအကျဉ်း ၀င်နေသည်ကိုပဲ သူ့ကို ကျေးဇူးတင်နေရသည်။
အဖေ့ကျန်းမာရေးနှင့် ကျွန်တော်လုံးထွေးရှုပ်ပွနေစဉ် ဇနီးသည်က သူ့အထည်ဆိုင်ရှေ့မှာ ချော်လဲပြီး ညာဘက်ဒူး ကောက်ခွက် အကြောပြတ်သွား၏။ ရန်ကုန်သို့ အရေးပေါ်ဆေးကုရန် လွှတ်လိုက်ရ၏။ ကျွန်တော်လည်း မလိုက်နိုင်။ ရန်ကုန်၌ ကျောင်းတက်နေသူ သားတော်မောင်က သူ့ဆေးရုံစောင့်။ ပုဂ္ဂလိက ဆေးရုံတစ်ရုံ၌ ခွဲစိတ်ကုသရာ အဆင်မပြေ။ ခွဲခန်းမသန့်၍ ပိုးဝင်ကာ နောက်ထပ် ပုဂ္ဂလိကဆေးရုံတစ်ရုံသို့ ပြောင်းရွှေ့ရပြန်သည်။ တစ်မြို့တည်း နေသူ အိမ်ထောင်ကျသမီးက ကျွန်တော့်ကို လာကူပေးနေသောကြောင့် ကျွှန်တော်၏ နိစ္စဓူဝ အသက်မွေးကြောင်း အလုပ်ကို ပုံမှန်လုပ်ခွင့်ရနေသည်ဖြစ်၏။ အဖေက နလံမထူနိုင်တော့ပါ။ ထထိုင်ရုံကလွဲ၍ မတ်တတ်ပင် မရပ်နိုင် တော့။
အိပ်ယာထဲမှာ ဆိးပါချသည်။ ပုဆိုးနှင့် စောင်များ စိုရွှဲကုန်ကြသည်။ မိုးတွင်းအခါမို့ လျှော်ဖွပ်၊ အခြောက်လှမ်းရန် လည်း မလွယ်လှ။ ထိုစဉ်က ကျွန်တော့်ဖြစ်ရပ်ကို ပြန်ပြောလျှင် နားထောင်သူ မူးနောက်ယစ်ဝေ သွားပေလိမ့်မည်။ အဖေ ပုံမှန် ၀မ်းမသွားတော့။ တစ်ပတ်ကျော်ကြာသောအခါ ကျွန်တော် စိတ်ပူစပြုလာသည်။ ၀မ်းနှုတ်ဆေးလည်း မတိုက်ရဲ။ ဆရာဝန် အကြံပေးချက်ဖြင့် ၀မ်းချူဘောလုံး စမ်းသုံးကြည့်သည်။ အစာဟောင်းအိမ်ထဲမှာ စမြင်းလုံးများ ခြောက်ကပ်ပိတ်ဆို့လျက်။ ဘယ်လိုမျှ ကြံရာမရသည့်အဆုံး လက်ကိုဆပ်ပြာသုတ်ကာ ထိုးနှိုက် ကော်ထုတ်ရ၏။ စမြင်းလုံးအခြောက်များ ထွက်သွားမှ ပုံမှန်ဝမ်းက ပန်းထွက်လာသည်။ မိလ္လာခွက်နှင့်က တစ်ခြားစီ။ တည့်အောင် ထိုင်ခိုင်းလည်းမရ။ ကျွန်တော့်တစ်ကိုယ်လုံး ပေကျံကုန်၏။ အော်ဂလီဆံစရာ မစင်နံ့များ။ ကျွန်တော် ပျို့အံချမိလိုက် ၏။
ဒါနဲ့ ငါ မတော်မတဲ့ဖြစ်ပုံ
ရယ်မိခဲ့။ အဇေတွေ သားတွေ
အဖေ ငါ့ကို ဘယ်လို အီးအီးကုန်းပေးခဲ့သလဲ
လွန်ခဲ့တဲ့ ရာစုဝက်တုန်းက၊ ငါဘယ်လို
ဒိအကြွေး ပြန်ပေးဆပ်ရမလဲ
သူသာ ထိုင်ချလိုက်မယ် ဆိုရင်ပေါ့။
နောက်တော့ အဖေ အစာပင်မ၀င်တော့။ ဘစ်စ်ကစ်စ်၊ ကိတ်၊ ကွက်ကီး၊ ဝေဖာတို့ဖြင့် အသက်ဆက်နေရာမှ ကွေ ကာအုတ်၊ နို့၊ ဖျော်ရည်တို့ကို ပြောင်းသောက်သည်။ သူ အလွန်ကြိုက်သော၊ အလွန်တောင့်တသော လက်ဘက် ရည်ကိုတော့ မတိုက်ရဲ။ နောက်ထပ် ဆယ်ရက်မျှကြာသောအခါ ရေတောင် တိုက်၍မရ။ တစ်ငုံမျှ သောက်ပြီး ထွေး ပစ်သည်။ ကျွန်တော်နှင့် သမီးတို့ မျက်နှာအထွေးခံရတာ အကြိမ်ကြိမ်။ ရေခွက်ကို သွန်ပစ်သည်။ သွန်ပစ်၍ မရ သောအခါ ခွက်ကိုင်ထားသောလက်ကို တွန်းဖယ်ပစ်သည်။ လေသံဟဟမျှပင် စကားလည်းမပြောတော့။ ကျွန်တော့် မျက်လုံးများကို အကဲခတ်သည့် အဖေ့ရဲ့ ရီဝေမှိုင်းမှုံသော မျက်လုံးများ။
မလုပ်နဲ့
ငါ့ကို တုန်တုန်ယင်ယင် ဖမ်းဆုတ်ရင်း၊ ငါ့မျက်လုံးကို အကဲခတ်နေ
မလုပ်နဲ့၊ ဒီစကားသံ
လွှတ်ခနဲ ထွက်သွား။ သိက္ခာရှိတဲ့ လူတစ်ယောက်
ဘယ့်နှယ် ရယ်သွမ်းအသွေးခံနိုင်မှာလဲ။
သူမမြင်ရတာ
ဒီ ကယိမ်းကယိုင်ဖြစ်ပုံ
ငါ ရယ်ချင်ပက်ကျိဖြစ်မိ၊
သူမတ်တပ်ရပ်ဖို့ အလုပ်မှာ
ငါက သူ့ကိုထိုင်ဖို့ ဇွတ်တရွတ်။
ဒေးဗိဒ် မေးဆင်
ကျွန်တော့်အဖေမှာ ဤကဗျာရေးသူ ဒေးဗိဒ် မေးဆင်ရဲ့ အဖေလောက် ကံရေးမလှရှာပါ။ သြဂုတ်လ ၃၀ရက်နေ့ည ကျွန်တော်နှင့်အတူ လဲလျောင်းရင်း ဘုရားဂုဏ်တော်ကိုးပါး ရွတ်နေစဉ် တစ်ဖြည်းဖြည်း အသံတိမ်ဝင်လျက် ဘ၀ တစ်ပါးသို့ တည်ငြိမ်စွာ ကူးပြောင်းသွားရှုာသည်။ ဒေးဗိဒ်မေဆင် ဖခင်မှာ (သူ့ကဗျာဖော်ပြချက်အရ) ကျွန်တော့် အဖေလောက် အခြေအနေ ဆိုးဟန်မတူ။ သို့သော် ကျွန်တော်နှင့် ထိုဒေးဗိဒ်မေးဆင်တို့မှာ ကံတူအကျိုးပေးတူသူ တွေ ဖြစ်ဟန်တူ၏။ အိုကြီးအိုမ ဖခင်ကို ပြုစုစောင့်ရှောက်ခွင့်ရသူတွေ။ ကျွန်တော်တို့ကို ချေးသေးသုတ်သင်ပေးခဲ့သူ ဖခင်များအား တဖန်ပြန်၍ ချေးသေးသုတ်သင်၊ ကျေးဇူး(တတ်နိုင်သမျှ) ဆပ်ခွင့်ရကြသည်ကတော့ ကျွန်တော်တို့နှစ် ယောက်ရဲ့ ကုသိုလ်ထူး။ အဖေဖြစ်လိုက်၊ သားဖြစ်လိုက်နဲ့။ ဒီ ဒွန္နယာကြီးမှာ၊ ကျွန်တော်တို့တတွေ။
Fathers and Sons
Some things, they say,
one should not write about. I tried
to help my father comprend
the toilet, how one needs
to undo one's belt, to slide
one's trousers down and sit,
but he stubbornly stood
and would not bend his knees.
I tried again
to bend him toward the seat,
and then I laughed
at the absurdity. Fathers and sons.
How he had wiped my bottom
half a century ago, and how
I would repay the favor
if he would only sit.
Don't you
he gripped me, trembling, searching for my eyes.
Don't you but the word
was lost to him. Somewhere
a man of dignity would not be laughed.
He could not see
it was the crazy dance
that made me laugh,
trying to make him sit
when he wanted to stand.
David Mason
New Yorker magazine
September 28, 2009
David Mason : ၁၉၅၄ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့မွေး။ Bellingham, Washington ဇာတိ။ ငါးဖမ်းအလုပ်သ မား၊ ခြံစိုက်သူ၊ မအောင်မြင်သော ရုပ်ရှင်ဇာတ်ညွှန်းဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူး။ The University of Rochesterမှ ပါရဂူဘွဲ့ရရှိ။ The Buried Houses (Nicholas Roerich ကဗျာဆုရ)နှင့် The Country I Remember(Alice Fay Di Castagnola ဆုရ)တို့ကို ရေးခဲ့။ ကဗျာ၊ အက်ဆေး။ သုံးသပ်ချက်၊ ဘာသာပြန်၊ ၀တ္ထုနှင့် အမှတ်တရစာတမ်းများ ရေးဖြစ်။ The Harper's၊ The Nation၊ The New Republic၊ The New York Times၊ The Times Literary Supplement၊ Poetry၊ Agenda၊ Modern Poetry in Translation၊ The New Criterion၊ Yale Review၊ The Huston Review၊ The American Scholar၊ The Irish Timesနှင့် The Southern Review တို့တွင် သူ့လက်ရာများ ကို ဖတ်ရှုနိုင်။ Colorado Coolege တွင် The Creative Writing Programကို ပူးတွဲကြီးကြပ်လျက်ရှိ။ Colorado Springs, Colorado မြို့ပြင် တောင်ကုန်းပေါ်၌ သူ့ဒုတိယအိမ်ထောင် Anne Lennoxနှင့် နေထိုင်။
အကိုးအကား။ Wikipedia အွန်လိုင်း စွယ်စုံကျမ်း။
TS
ပိတောက်ပွင့်သစ် စာပေ အနုပညာမဂ္ဂဇင်း
အမှတ်(၂၉)၊ ဒီဇင်ဘာလ၊ ၂၀၀၉
1 comment:
မိဘနဲ့ သားသမီးအကြား
နွေးထွေးမှုတွေနည်းလာတယ်လို့ ခံစားနေရတဲ့ခေတ်
ကြီးမှာ ..ဒီ Post လေးက တကယ်ကိုထိရောက်တယ်လို့ ခံစားမိပါတယ် ..
လေးစားလျှက်
အုပ်ကြီး
Post a Comment