Tuesday, December 22, 2009

ညီလေး

တစ်ကိုယ်တော်မီးတောက်ကလေးနဲ့
ဂစ်တာအစုတ်ကလေးကိုထမ်းပြီး အရင်လို
လမ်းလျှောက်ပြန်နေတုန်းပဲလား ညီလေး
လူဟာ လူလို တွေးတာပဲကောင်းတယ်။ လူလိုနေစမ်းပါကွာလို့ ပြောလို့
ကွဲကြေနေရသတဲ့လား ညီလေး
အဲဒီဒဏ်ရာက စွေနေလိုက်တာဟာ အခုထိမတိတ်သေးဘူးလား ညီလေး
အဲဒါဟာ ဒဏ်ရာမဟုတ်ဘဲ နှင်းဆီပွင့်စစ်စစ်တစ်ပွင့်ပါလို့
ငါတို့ ပြန်စဉ်းစားရင် ကောင်းမလား ညီလေး
အသံတစ်သံ ဖြုတ်ချလိုက်ဖို့
ရင်ထဲကဆဲလ်တစ်ခု သေနေတုန်းပဲလား ညီလေး
ညီမလေးတွေချည်း အန်ချနေတဲ့သူငယ်ချင်းကို ရီရီဝေေ၀နဲ့
ဗိုလ်အောင်ဒင်လို တဟဲဟဲလုပ်ပစ်လိုက်ချင်နေသလား ညီလေး
ဒီအထိ ညီညီညာညာလေးစိုက်ခဲ့ပြီးကာမှ
ကွေ့ချလိုက်ချင်သလား ညီလေး
ကွေ့ချပြီးကာမှ လမ်းမပေါ် ပြန်တက်ချင်နေတာလား ညီလေး
မင်းလက်ချောင်းတွေဟာ ငါ့လက်ချောင်းတွေမဟုတ်ဘူး ညီလေး
မင်းစာမျက်နှာတွေဟာ ငါ့စာမျက်နှာတွေနဲ့ မတူဘူး ညီလေး
မင်းစာမျက်နှာတွေကို မင်းဘာသာမင်း ရေးရမှာပါ ညီလေး
မင်းရဲ့  ကဗျာကို မင်းရေးချင်သလိုရေးလို့ရနေတာပဲ ညီလေး
ပညာသင်မယ်၊ စီးပွားရှာမယ်၊ အိမ်ထောင်ပြုမယ်၊ သားသမီးပွားစီးမယ်
သူ့ဆီသိပ်မသွားနဲ့တော့ပေါ့ ညီလေး
လူလို...နဲ့လည်း ကွဲကြေမသွားပါနဲ့ ညီလေး
၁၉၉၀ခုနှစ်တွေတုန်းကပေါ့ကွာ..လို့
ပြန်ပြောဖို့မလိုအပ်ပါဘူး ညီလေး
ခု ၂၀၀၀ ခုနှစ်များ လမ်းပေါ်မှာ
မင်းစီးတဲ့ဖိနပ်နဲ့ ငါစီးတဲ့ဖိနပ်လည်း မတူပါဘူး ညီလေး
မင်းမီးတောက်ဟာ ငါ့မီးတောက်ပါပဲ ညီလေး
မင်းရဲ့  အကွေ့ဟာ ငါ့ရဲ့ အကွေ့ပါ ညီလေး
လက်တွေ့ကျကျဘ၀မှာ လက်တွေကျကျမသွားဖို့ပဲ ညီလေး
မဝေးတော့တဲ့ ကာလတစ်ခုမှာ လက်ဖက်ရည်ဆိုင်လေးအနီးက
အဝေးပြေးလမ်းမကြီးဟာ
ပိုပြီးကျယ်ဝန်းနက်ရှိုင်းလာတော့မှာပါ ညီလေး။ ။

လင်းတည်ဦး

ပိတောက်ပွင့်သစ်မဂ္ဂဇင်း

(ပုသိမ်မြို့မှာနေထိုင်ခင်မင်ခဲ့သော ညီငယ်ကဗျာဆရာ ၀ီရထက်နောင်အား သတိတရခြင်းအားဖြင့် ဒီကဗျာလေးကို ဒီဘလော့လေးပေါ်လွှတ်တင်မိပါတယ်။ ကဗျာဆရာ ကိုလင်းတည်ဦး ကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း။)

1 comment:

eaindraomtt said...

၁၉၉၀ခုနှစ်တွေတုန်းကပေါ့ကွာ..လို့
ပြန်ပြောဖို့မလိုအပ်ပါဘူး ညီလေး
ခု ၂၀၀၀ ခုနှစ်များ လမ်းပေါ်မှာ
မင်းစီးတဲ့ဖိနပ်နဲ့ ငါစီးတဲ့ဖိနပ်လည်း မတူပါဘူး ညီလေး
မင်းမီးတောက်ဟာ ငါ့မီးတောက်ပါပဲ ညီလေး
မင်းရဲ့  အကွေ့ဟာ ငါ့ရဲ့ အကွေ့ပါ ညီလေး
လက်တွေ့ကျကျဘ၀မှာ လက်တွေကျကျမသွားဖို့ပဲ ညီလေး