Monday, December 21, 2009

ဘိုဟီးမီးယန်းများ

ငယ်တော့ ပိုပြီးမှားလို့ကောင်းတယ်
အင်္ကျီလက်ကိုပင့်တင်
လူမိုက်ကို ဂစ်တာနဲ့ရိုက်ပစ်လိုက်တုန်းက
သူ့သူရဲကောင်းဟာ တော်တီလာဖလက်ရပ်ကွက်ထဲက‘ဒင်နီ’
ဘီယာအမြှုပ်တွေလို သူ့သွေးက ပွက်ပွက်ဆူလို့
ခင်ဗျားအသက်အရွယ်ရောက်ရင်
ခင်ဗျားထက်ပိုကောင်းတဲ့ ပန်းချီကားတွေ ကျွန်တော်ရေးမယ်
စိတ်ထဲက ‘ဂေါ်ဒွင်’ကို ဒီလိုကြိမ်းမိတယ်
ပျော့ညံ့ဖို့ဘယ်ကိစ္စမှ ငါတို့ဆီလာမသန်စွမ်းနဲ့
ငါတို့ခေါင်းထဲ အဆိပ်ပြင်းတဲ့မြွေတွေ အထွေးလိုက်ခွေလို့
ငါတို့ဆီ ဂျင်းဘောင်းဘီ
ငါတို့ဆီ စကေဘာ
ငါတို့ဆီ အရိုးခေါင်းခါးပတ်နဲ့လာခဲ့
‘ဂျွန်ဖောက်(စ်)’ဆိုတဲ့ လူတစ်ယောက်ဟာ
လူငယ်စိတ်နဲ့ မစ္စစ္စပီမြစ်ကြီးကို ဖြတ်ကူးခဲ့တာ ငါပြောပြမယ်
ကိုချောနွယ်ဟာ လူငယ်စိတ်နဲ့ ဖျံဖမ်းသမားကဗျာကို ရေးခဲ့တဲ့အကြောင်း ငါပြောပြမယ်
လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ
ခလုတ်တိုက်မိရင် တိုက်မိတဲ့အုတ်ခဲကို ဆဲထည့်လိုက်မယ်
‘မက်ဒေါနား’လို အမယ်အိုကြီးကို ခေါက်ထားပြီး
‘ဘရစ်တနီစပီးယား’ဆီသွားဖို့လည်း သူတို့ သိတာပဲ
ဒုက္ခ၊ နေရောင်၊ အမှောင်နဲ့ ဂစ်တာကြိုး
ဇွတ်တိုးဝင်လာတဲ့ လောကဓံဆိုလည်း
ခေါင်းရှစ်စိတ်ကွဲသွားဖို့ပဲ ရှိတယ်
သူတို့ဆီမှာ မီးညှိပါ
သူတို့အသံကို ဆုပ်ကိုင်ပါ
သူတို့အရောင်ကို နားစွင့်ပါ
‘အသက်၄၀ကျော်မှ ကဗျာဆရာဗျ’ ဆိုလည်း
လကမ္ဘာဆိုတာ လူညံ့တွေအတွက်
အမြဲနောက်ကျတတ်တဲ့ အိပ်မက်ပဲ
လရောင်ဟာ ကင်းဗတ်စပေါ်မှာထက်
အပြင်မှာပိုပြီး ရွေ့လျားလှပပါတယ်။

(ပိတောက်မြေ မဂ္ဂဇင်း၊ ၂၀၀၃)

(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)
မောင်ဖီလာ

1 comment:

အိန္ဒြာ said...

သိပ်ကြိုက်ခဲ့တဲ့ ကဗျာပါ

ကျေးဇူးအောင်ပိုင်စိုးရေ