Wednesday, November 4, 2009

ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က



 ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
 ဒီကမ္ဘာကြီးသွေ့ခြောက်နေတယ်
 နေရောင်ခြည်ကလည်း ပူပြင်းတောက်လောင်နေတယ်
 မနက်ခင်းတွေလည်း နွမ်းလျနေတာပဲ။

 ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
 မိုးက ရွာရန်ရွာနှုန်း(၈၀)ရှိတယ်
 ငှက်ကလေးတွေ တေးမဆိုကြဘူး
 ရေဒီယိုက မုန်တိုင်းသတိပေးကြေငြာချက်လာတယ်။

  ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
  ပန်းပွင့်လေးတွေ ရနံ့ခြင်းမပြိုင်ကြတော့ဘူး
  ကြယ်ပွင့်လေးတွေ မျက်ရည်စက်လက် တောက်ပနေကြတယ်
  ချစ်ခြင်းမေတ္တာဟာ ဖန်ဆင်းလို့မရတဲ့ အနုပညာတစ်ရပ်လို့ သိခဲ့ရတယ်။

  ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
  အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူအသင်းဂိုးပြတ် ရှုံးနိမ့်တယ်
  လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာ ငိုတယ်
  ယုဇနပင်လေးလည်း လွမ်းလို့သေသွားခဲ့တယ်။

   ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
  သမ္မတရုံမှာ ဂျိမ်းစဘွန်းကားသစ်ရုံတင်တယ်
  ဘတ်(စ်) ကားတွေကလည်းကျပ်တောင့်နေတာပဲ
  လက်ဖက်ရည်ဆိုင်က'' မင်းမရှိရင် အသက်မရှင်ချင်ဘူး'' သီချင်းဖွင့်ထားတယ်။

 
  အင်တာနက်က အဆက်အသွယ် ပြတ်တောက်နေတယ်
  မီးပွိုင့်မှာ မီးနီခဏခဏမိတယ်
  ကျွန်တော်မကြာခဏ ခလုတ်တိုက်တယ်
  ကြေကွဲစရာ သီချင်းတစ်ပိုင်းတစ်စ လေထဲလွင့်ပျံ့လာတယ်
  လွမ်းတယ်ဆိုတာ အလွယ်တကူ မမေ့ပျောက်နိုင်တဲ့ အမှတ်အသားတစ်ခုလို ...
  ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့ကပေါ့ ။          ။
 
                                                                                           အောင်ပိုင်စိုး


သည်ကဗျာလေးကို ပုသိမ်နည်းပညာကောလိပ်တက်စဉ် ၂၀၀၁-၂၀၀၂ ကာလအတွင်းရေးဖွဲ့ထားခဲ့ခြင်း
ဖြစ်ပြီး အမှတ်တရဖြစ်စေရန် သည်ဘလော့စာမျက်နှာလေးထက်တွင် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

1 comment:

Pie Min Swe said...

ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
သမ္မတရုံမှာ ဂျိမ်းစဘွန်းကားသစ်ရုံတင်တယ်
ဘတ်(စ်) ကားတွေကလည်းကျပ်တောင့်နေတာပဲ
လက်ဖက်ရည်ဆိုင်က'' မင်းမရှိရင် အသက်မရှင်ချင်ဘူး'' သီချင်းဖွင့်ထားတယ်။

နောင်တော်