Saturday, October 24, 2009

အခြားတစ်ဖက်မှဆက်လက်၍

ရက်ရက်စက်စက် မျောပါသွားတိုင်း
ရူးရူးသွပ်သွပ် ခံစားရတိုင်း
ကဗျာဟာ မုန်တိုင်း
ကဗျာဟာ လေပွေ
ကဗျာဆရာတွေရဲ့ ဘဝဟာ
နောက်ဆုတ်ဖို့၊ လက်မြှောက်ဖို့
ခေါင်းငိုက်စိုက်ချဖို့ ဘယ်တော့မှ မဟုတ်ဘူးလေ ...
ကဗျာရပ်တည်မှု အဆင်မှပြေပါ့မလား
ကဗျာရဲ့ရယ်သံဟာ
အလေးအပင်တစ်ခု ချိတ်ဆွဲထားသလို
ကဗျာစကားသံကလည်း
အသွားအလာ အထားအသို ခဏခဏမှားတယ်
အခြားကဗျာတွေဖတ်ပြီး
ကဗျာတွေနဲ့ ပိုပိုဝေးသွားတယ်လို့ ကဗျာက ခံစားရ
ဂီတဆိုရင်လည်း
CD နောက်တစ်ချပ်ပြောင်းလိုက်တာနဲ့အဆင်ပြေမယ်

ရှုမျှော်ခင်းတွေ မြင်ရဖို့ သက်သက်နဲ့တော့
ပြတင်းတံခါးကို ဖွင့်ထားလိုက်ဖို့
ကဗျာက အမြဲငြင်းဆန်တယ်
လေကောင်းလေသန့်ရဖို့သက်သက်နဲ့တော့
ပင်လယ်ကမ်းစပ်ရှိရာဆီသွားဖို့
ကဗျာက အမြဲငြင်းဆန်တယ်
ကဗျာရဲ့ အကြည့်ဟာ
ဗလာ၊ ဝေ၀ါး၊ ဟင်းလင်းပွင့်ထွက်လို့
ကုန်ထုတ်လုပ်တာဆိုရင်လည်း
ဒီအစိတ်အပိုင်းတွေကို
မတပ်ဆင်ဘဲ ထားလိုက်တော့မှာပဲ
ကဗျာပို့လိုက်တဲ့ Massage တွေက
တခြားကဗျာဆရာတွေဆီရောက်ပါ့မလား
ကဗျာခံစားရသလို
ကဗျာနားလည်သလို
တခြားကဗျာဆရာတွေ ခံစားနားလည်ပါ့မလား
ကဗျာဟာ
ကဗျာတွေရေးနေရင်းနဲ့
ကဗျာနဲ့ ပိုဝေးသွားသလို ခံစားနေရ
ဂီတဆိုရင်လည်း
CD နောက်တစ်ချပ် ပြောင်းလိုက်ရုံတင်ပဲ။ ။

အောင်ပိုင်စိုး

ဒီကဗျာက ရတီမဂ္ဂဇင်းမှာ စာပေစီစစ်ရေးထိထားတဲ့ကဗျာ တစ်ပုဒ်ပါ။
မဖတ်ရသေးတဲ့ သူများဖတ်နိုင်အောင်ပါ။

No comments: