Sunday, January 2, 2011

အဆောက်အအုံတွေနဲ့ ကွယ်ကောင်း/ကွယ်နေလိမ့်မယ်

ဂုဏ်ယူစရာကာလတွေကိုစိတ်လိာလက်ရရှိတာနဲပ ကနုတ်ပန်းတွေကို ထည့်ဆွဲလိုက်တယ်
စိတ်နေစိတ်ထားနဲ့ ကြေကွဲမှုအတိုင်းအဆတချို့ကို ခန့်မှန်းကြည့်ဖို့ ၀ါကြန့်ကြန့်ဓါတ်ပုံတွေကိုရေးလိုက်တယ်
ပထဝီနဲ့ချစ်ကျွမ်းဝင်မှုကို ဇာတ်လမ်းသဘောအရပြချင်တဲ့အခါ သစ်ပင်တွေက Yes တွေပဲလေ
အ,တီး,အ,တ နဲ့ဘာမှမရှိတော့တဲ့ဘဝကို ထုတ်ကြွားချင်လို့ ဂျစ်ကားအစုတ်ကြီးတွေလည်းပါချင်ပါမယ်
ဒူးလေးနှစ်ဖက်ထောက်နေတဲ့ ဆာလောင်မှုတွေကိုဖော်ပြချင်လို့ ဆေးသားဝိတ်ပြည့်အောင်မတင်တော့ဘူး
ခင်ဗျားပန်းချီကားထဲမှာ အရင်လို တိမ်အုပ်တို့ ညှို့မှိုင်းနေတာတွေ၊ ကြယ်ကြွေကောက်တဲ့ ဘာတို့၊ညာတို့
တစ်နေရာဆီကို တစ်ယောက်တည်းငေးရီနေတာတွေ၊ ညနေခင်းအိမ်ပြန်ငှက်တွေ
တစ်ဆောင်းသစ်ဒဏ်ရာတွေ စသဖြင့် ... မမြင်မတွေ့ရတော့ပါလား
ပါ,ပါတယ်၊ သတိမထားမိလို့နေမှာပါ။ဒါပေမယ့်တိမ်တွေကို ကျွန်တော်အိမ်ပြန်သယ်လာခဲ့ပြီ။
သံသယကိုပြန်လည်ဖာထေးရတာတွေ၊ အိပ်ရေးပျက်တာတွေ၊ ငွေရေးကြေးရေးကိုပြန်ငေါ့တဲ့ အထာတွေ
နောက်ဆုံးတော့လည်း ကျွန်တော့်နှလုံးသားဒတစ်ခုလုံးကို ပန်းချီကားထဲပဲ ဝကွက်အပ်လိုက်တော့တယ်။
နို့ ...ဘာထူးလဲ။ ခွေးဆိုဆိုတာ ဘယ်လိုလုပ်လူဆန်ပါ့မလဲလေ။သစ္စာခံယူခြင်း/မခံယူခြင်းက တစ်ပိုင်းထားလိုက်
ပြန့်ကျဲနေသလိုနဲ့ မခြောက်သေးတဲ့ ဆေးရာတွေဟာ ခင်ဗျားပြောတဲ့ တိမ်ညိုတိမ်မှိုင်းတွေပဲလေ
အကန့်အသတ်မဲ့ အဝေးသို့တန်းလန်းကျနေတဲ့ အရာတွေကတော့ တစ်နေရာရာကို ဆွေးဆွေးမြေ့မြေ့
ငေးရီနေခြင်းတစ်ချို့ပဲ။ မသေကောင်းမပျောက်ကောင်း အခြင်းအရာတွေ
၊မယောင်ရာဆီလူး ၊ မမေ့နိုင်သေးတဲ့အတိတ်ကို ပြန်လှန်ဆဲရေးနေခြင်းတွေ၊ကဗျာများဆီက
တဆင့်ခြေရာခံတာတွေဟာ ခင်ဗျားပြောတဲ့ ကြယ်ရောင်ကြယ်ပျက်၊ လရောင်လပျက်
အိပ်တန်းပြန်ငှက်တွေ၊ တစ်ဆောင်းသစ်ဒဏ်ရာဓဏ်ချက်တွေအဖြစ်ရယူလိုက ယူလိုက်ပါ
စကားမစပ် ... ခင်ဗျားပန်းချီကားတွေထဲက ကနုတ်ပန်းခက်တွေ၊ဝါကြန့်ကြန့်ဓါတ်ပုံတွေ
သစ်ရွက်သစ်ခက်နဲ့ ထေ့လုံးငေါ့လုံးတွေ၊ထော်လော်ကန့်လန့်နိုင်ခြင်းတွေ
ကြွားချင်ဝါးချင်တဲ့ ဟိတ်လုံးဟန်လုံးတွေ ... မမြင်မတွေ့တော့ပါလား
ရှိပါတယ်။ခင်ဗျား သတိမထားမိလို့နေမှာပါ။ ဒါပေမယ့် ပန်းချီကားတွေကိုတော့ ကျွန်တော်အိမ်ပြန်သယ်လာခဲ့ပါပြီ။

သူရနီ
14.Oct.2010

No comments: