Tuesday, August 28, 2012

အရင် ဧကရာဇ် အခု အ၀တ်စ

.
တချို့လည်း ကုန်စုံဆိုင်လေးရဲ့နေရောင်ကာပစ္စည်းအဖြစ် အသုံးတည့်လို့
တချို့လည်း စားပွဲခင်းတစ်ခုနေရာမှာ သူ့ကိုတွေ့ရတတ်တယ်
အိမ်နံရံတစ်ခုရဲ့ထောင့်တစ်ထောင့်မှာလည်း ကျိုးကြေလုံးထွေး
အပတ်စဉ်ထုတ် စာစောင်တစ်ခုမှာတော့ သမိုင်းတန်ဖိုးအဖြစ် ရိုးတိုးရိပ်တိတ်
ဘုရင့်နောင်ပွဲရုံက လုပ်သားတစ်ဦးကလည်း သူ့ကို ပခုံးခုအဖြစ် အသုံးပြုလို့
တချို့လည်းပေါက်နေတဲ့ဆီတိုင်ကီကြီးကို သူနဲ့လုံးထွေးအတင်းဆို့ပိတ်
စက်သွား(ခွေးသွားစိပ်)တွေကိုလည်းကလေးတွေက ယူဆော့လို့
မီးငြိမ်းတောင်ကြီးအဖြစ်ကိုလည်း မြင်တွေ့ကောင်းမြင်တွေ့နေရ
စပါးနှံတွေကလည်းငှက်စာအဖြစ်(အသိုက်)စာအိမ်လေးတွေဘေးမှာ တွဲ လျား ကျ  လို့
မေးထူးခေါ်ပြောလုပ်သူကလည်း တဖြည်းဖြည်းမရှိသလောက်
ကြယ်တွေရဲ့အမည်နာမတွေလည်း ကြာလာတော့ခပ်မေ့တေ့တေ့
တစ်ချိန်တုန်းကဆို ခုနစ်ပြည်ထောင်မင်းအပေါင်းတို့က
သူ့ကိုအားလုံးဦးညွှတ်အလေးပြုကြ  
သူ့ကိုစူးစိုက်ပြီး ဂုဏ်ပြုတေးရွတ်ဆိုသီကျူးခိုက်
သူကလည်း လေထဲမှာ အားမာန်အပြည့်/မာန်ချီလွင့်ထည်/အကုန်သိမ်းပိုက်
ဦးညွှတ်နေသူများရဲ့ကြက်သီးမွှေးညှင်းများ ပွင့်လွှတ်/စူထွက်/မျက်ရည်ဝေ့/အားရ/မြည်ဟီးထ
“ဟောင်းနွမ်းနေတဲ့ မြေအုတ်တွေနေရာမှာ အသစ်သစ်သောအုတ်ချပ်များနဲ့
အစားထိုးဝင်ရောက်ခြင်း”လို့ တရားဟောဆရာတစ်ဦးကတော့
ဓမ္မသဘောနဲ့ ဖြေဆည်ရှာ 
တိုင်းပြည်တစ်ပြည်ရဲ့ ဦးသျှောင် နိုင်ငံတစ်နိုင်ငံရဲ့အမှတ်တံဆိပ်လည်းဖြစ်တယ်
တိရိစ္ဆန်ရုံထဲက ခြင်္သေ့အိုကြီးက ခြင်္သေ့ပေါက်စနလေးတွေကို နွမ်းပမ်းရိညှိုးပြောသလိုပ
ဟိုး တစ်ခါတုန်းဆီက အဖသည်လည်း တောသုံးထောင်ကိုပိုင်စိုးတဲ့
ရေမြေ့သနင်း ကေသရာဇာခြင်္သေ့မင်းဟူ၍ ..့ ဖြစ်ဖူးလေရဲ့ 
 (အသေအချာ)ဖြစ်ခဲ့ဖူးလေရဲ့  ဟိုး   တစ်ခါတု.န်းဆီက။     ။

                                                                သူရနီ
                                                                ကဗျာသရုပ်ဖေါ် ဒီဇိုင်းထိန်လင်း
http://www.kaungkin.com ကောင်းကင် နိုင်ငံပြုအနုပညာမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြပါသည်။ 

1 comment:

ငြိမ်းစိုးဦး said...

ရွှေထီးလေးတွေ တစ်လက် လက် လက်လွှဲ လက်ပြောင်း ဟောင်းသော်လည်း ကောင်းတာက ကျန် ခဲ့ ( ကျန်အောင် ချန်ထားတာလည်း ဖြစ်ခဲ့ ) ရေတွေကတော့ စီးဆင်းနေဆဲ ... ရေထပ်ကူးကြရအောင် ဟိုးဖက်ကမ်းတိုင် ...