Thursday, February 4, 2010

မျက်ရည်လွယ်တဲ့ ကြယ်

ဟိုးအဝေးမှာ ကြယ်ကလေးတစ်ပွင့်
့သူ့မျက်တောင်လေး ပုတ်ခတ်နေသလို
သူ့အလင်းတွေက မှိန်တလှည့် လင်းတလှည့်...။

သူ့ဒဏ်ရာတွေက သူများထက် နက်ရှိုင်းပြင်းပြခဲ့တော့
သူ့အလင်းကလည်း သွေးဆုတ်ဖြူရော်နေတာပေါ့။
သူ့အကြောင်းကို နှောင်းလူတွေက ဓားအစင်းစင်း စိုက်ပြီး
မှတ်တမ်းဖွဲ့လေမလား။
သူ့အလွမ်းတွေမှာ မမီမကမ်းဖြစ်ခဲ့ရတဲ့ အိပ်မက်တွေသာ ကြေမွညှိုးရော်
သူပျော်မွေ့ရာ တိတ်ဆိတ်သော စကားလုံးများမှာ
သူ့ မှောင်မိုက်ခြင်းကသာ ကြေကွဲမှုနဲ့ အရောင်လဲ့ခဲ့တယ်။

ထစ်ခနဲရှိ ဝေ့တက်လာတဲ့ မျက်ရည်ဟာ သူ့သေရာပါ အမှတ်အသား
သူခံစားရသမျှကို ဝေမျှယူနိုင်တဲ့သူ မရှိလေတော့
သူဆိုသမျှ သီချင်းတိုင်းကို မျက်ရည်နဲ့သာ စိုစွတ်မွှေးမြနေမိတော့တယ်။

အောင်မျိုးမြင့်

No comments: