ညဟာ အရက်စက်ဆုံးတေးသွားကို
တီးခတ်လိုက်တော့မယ်ဆိုရင်
သူ့နာမည်ကို မိုးလို့ခေါ်ပါ့မယ်။
ဒီဘက်ကမ်းမှာ တစ်ယောက်တည်း
အမုန်းပေါင်းများစွာရင်ဆိုင်လို့
တစ်ကိုယ်လုံး ရွဲရွဲစိုနေတော့မယ့် ကျွန်တော့်ဆီ
အချစ်တွေ သိုမှီးရင်း မိုးက ပြန်လာနိုင်မှာမို့လား။
ကျွန်တော့်မှာ လွမ်းကောင်းကောင်းနဲ့
ကြွေလွင့်သွားတဲ့ ရွက်ဝါများပမာ
လွမ်းစိတ်တွေ များမြောင်ပုံကလည်း
ချိန်ခါမစဲ တဖွဲဖွဲနဲ့ပေါ့။
လက်တစ်ဖက်က နှင်းဆီပန်းလေးကိုင်နေချိန်
လက်တစ်ဖက်က ဆူးစူးခံထိ ဝေဒနာနဲ့
မိုးဖတ်ရှုဖို့ ချစ်မေတ္တာတွေ
သွေးစ စွန်းပေရေးဖွဲ့နေမှာပဲ။
မှောင်ရီခြယ် အော်ဟစ်ခေါ်ငင်တိုင်း
အသံလာရာဆီ ရှုမျှော်ငေးလွင့်
ဘယ်လိုဖြေရမှန်းမသိ အလွမ်းမေးခွန်းလွှာတွေကိုမှ
ခတ္တာပွင့်လေးပုံစံ မိုးကို မျှော်ကြည့်လွမ်းစိတ်သန်လို့။
ဆိုးနွဲ့ခွင့်ရစဉ်က ကျွန်တော်ပြောခဲ့ဖူးသားပဲ
ကျွန်တော်ဟာ အမှိုက်ကလေးတစ်စပေမယ့်
အမှိုက်ပုံးတွေနဲ့ မချုပ်ချယ်ပါနဲ့လို့ပေါ့။
အနီးတစ်ဝိုက်မှာ ရီမိုက်အုံ့ပြာနေတာ
မိုးတွေ ရွာဖို့ ဟန်ပြင်တာတဲ့လား
မိုးရနံ့နဲ့ တိမ်သားတွေဝိုင်းလည်တိုင်း
ဟောင်းနွမ်းခဲ့ရတဲ့ အမာရွတ်ကလေးကို ငုံ့ငုံ့ကြည့်
မိုးလို့
တိတ်တခိုးပေးထားတဲ့ နာမည်လေး
ယောင်ခေါ်လိုက်မိမတက်ပါ မိုး။ ။
ဝိုင်ချို
သရဖူ မဂ္ဂဇင်း၊
ဇွန်လ၊၂၀၀၅
No comments:
Post a Comment