Sunday, December 20, 2009

သစ္စာတရားရဲ့ နာမည်ကို အော်ခေါ်မိတဲ့ စိတ္တဇ

ငါ တစ်ခုခုပြောချင်နေတယ်
ရုတ်တရက် အမှောင်ထဲ ကြောင်နဲ့ပက်ပင်းတိုးတဲ့ကြွက်လို
အဲဒီစိတ်
အထီးကျန် ငါ့အခန်းထဲ လှည့်ပတ်ပြေးလွှား
ငါ ဘာပြောချင်နေမလဲ
ငါ စဉ်းစားတယ်
ဘာမှမရှိခြင်းဟာ ငါ့အတွေးထဲဟင်းလင်း
အဲဒီခဏ ငါ့ကိုယ်ငါ ရုပ်နာမ်အစုံအလင် ဖမ်းဆုပ်မိ
လျှပ်တစ်ပြက် ငါမရှိတော့
ငါဟာ အသံတိတ်နေတဲ့သုည
ငါဟာ ဘ၀တစ်ခုလုံး မှောင်မိုက်နေတဲ့မျက်ကန်း
အာရုံမှာ
ငါ့အနုပညာကို အသက်နှုတ်ယူသွားတဲ့မိန်းမ
နိမိတ်ပုံသင်္ကေတ
ငါချစ်တဲ့စကားလုံးတွေ ငါမမြင်ရတော့
ငါ တစ်ခုခုပြောချင်နေတယ်
အဲဒီစိတ်ဟာ စာရွက်ပေါ်သေဆုံးနေတဲ့ ကဗျာကိုကျောခိုင်း
ငါ့အိပ်မက်ထဲ စကားလုံးတွေနဲ့ တိုးဝင်သွား
ဘာမှမရှိခြင်ဟာ ငါ့အတွေးမှာ ဟင်းလင်းပွင့်လို့
အိပ်မက်ထဲ
ငါ ပျောက်ဆုံးခဲ့တဲ့ နိမိတ်ပုံသင်္ကေတများ
စကားလုံးတွေ စီထားတဲ့ ဓားမြှောင်တစ်လက်
ငါ့အနုပညာကို သတ်သွားတဲ့ မိန်းမရဲ့ သွေးသံရဲရဲ
ရုပ်အလောင်း
ကျိန်စာသီချင်းဆိုနေတဲ့ ငါ့ဝမ်းနည်းမှု
ငါ့မသိစိတ်မှာ ရစ်ခွေနေတဲ့ အဆိပ်ပြင်းမြွေ
အိပ်မက်က လိင်စိတ်ကြွအ၀ါရောင်
အိပ်မက်မှာ
ငါ့ အတိတ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်လို့
ငါထွက်ပြေးတယ်
သစ္စာတရားရဲ့ နာမည်ကို
အသံကုန်အော်ဟစ်ခေါ်ရင်း ငါထွက်ပြေးတယ်
စကားလုံးတွေ
အဓိပ္ပာယ်ကလွဲပြီး ဘာအဓိပ္ပာယ်မှမရှိတဲ့ စကားလုံးတွေ
ငါ့ခံစားမှုကို ရုပ်ပျက်ပြာနှမ်းစေတဲ့ ငါချစ်တဲ့စကားလုံးတွေ
အိပ်မက်အပြင်ရောက်ပေမယ့် ငါ့ပြေးလမ်းကို ပိတ်ဆို့ထားကြ
ဟယ်လို သစ္စာတရား
ငါ တစ်ခုခုပြောချင်နေတယ် ငါ ဘာမှမပြောရသေးဘူး
အဲဒီစိတ်
အထီးကျန် ငါ့အိပ်မက်ထဲ အဓိပ္ပာယ်မဲ့ လှည့်ပတ်ပြေးလွှား
ဘာမှမရှိခြင်းဟာ ငါ့အတွေးမှာ ဟင်းလင်းပွင့်လို့။

(Beauty – ဇွန်၊ ၂၀၀၄)
အောင်ရင်ငြိမ်း

No comments: