Friday, October 23, 2009

သစ်ရွက်ကြွေလေးရဲ့နာမည်

(၁)
လမ်းမပေါ် ဖြတ်ကျော်လာတဲ့ လေထဲမှာ တံလျှပ်တွေ ယိမ်းယိမ်းလှုပ် အေးမြခြင်းကို စုပ်ယူဝါးမြိုခဲ့တဲ့ နွေရေ သစ်ရွက်တွေဟာ ကြွေခဲ့ပြီ။ ဟော့ဒီ နွေနေ့တွေမှာ လေပြေညင်းဆိုတာကလည်း မြားအစင်းစင်း ရင်ကိုခွင်းသလို ပူလောင်လွန်းလှပါရဲ့။ ဟော့ဒီ နွေညတွေမှာ နှစ်သိမ့်စရာ ဆိုတာကလည်း တစ္ဆေတစ်ကောင်ရဲ့ အနမ်းနဲ့ ချော့သိပ်ခံရသလို ချောက်ခြားဆူပွက် ပိတ်ထားတဲ့ ပြူတင်းပေါက်ဟာ တဖျတ်ဖျတ် ထပွင့်လို့။

“သစ်ရွက်ကြွေ” ...
လေတိုးလို့ ကြွေသွားရတဲ့ လေတိုးကြွေရွက်လေး တစ်ရွက်ပါ။ သူ့ရင်ဘတ်မှာ သူ့နံမည်ကို ရေးထိုးလို့။ သူ့အကိုင်းအခက်နဲ့ သူ့အသက်ဟာ အချိတ်အဆက်ပြတ်တောက်လို့။ သူကြွေဆင်းလာရာ လမ်းမှာ သူ့ကံကြမ္မာဟာ ရမ်းရမ်းကားကား တိုက်ခတ်ခဲ့ပါတယ် ... ။ သူလက်လှမ်းမမှီနိုင်တဲ့ ဟိုး အဝေးကောင်းကင်မှာတော့ ကြယ်တွေဟာ တသွင်လတ်လတ် တောက်ပလို့ပေါ့။
(၃)
လွန်ခဲ့သော အတိတ်ကာလတုန်းကတော့ သစ်ရွက်ကြွေလေးဟာ ကြယ်တွေကို ငေးရီအားကျခဲ့ဖူးတယ်။ ကြယ်တွေဆီရောက်အောင် သွားဖို့ကိုလည်း အိပ်မက်အလီလီ မက်ခဲ့ဖူးတယ်။ သူဟာ ညတွေမှာ ကမ္ဘာမြေရဲ့ ဆိုးသွမ်းညစ်နွမ်းမှုတွေကို စုပ်ယူပြီး သူ့ရှင်သန်မှုအတွက် အင်အား ချက်လုပ်ခဲ့တယ်။ နေ့တွေမှာတော့ သူ့ကိုယ်ပိုင် အရောင်နဲ့ ကမ္ဘာမြေအပေါ် ကောင်းမြတ် သာယာခြင်းကို စီးဆင်းစေခဲ့တယ်။ အဲဒီအချိန်တုန်းက ကောင်းချီးပေးခြင်း နှင်းများဟာ သူ့အပေါ် တမှုန်မှုန်တဖွားဖွား ရွာသွန်းလို့၊ သူ့ရင်ခွင်ထက်မှာ တွဲလဲခိုနေတဲ့ နှင်းရည်စက်တွေအပေါ် လရောင်ဖြာဆင်းကျလာတော့ သူ့ခန္ဓာကိုယ်ဟာ တဖျတ်ဖျတ် တောက်ပလင်းလက်လို့။ သူခုန်ချလိုက်ရင်ပဲ သူရစ်ဝဲ တိမ်းညွှတ်တဲ့ ကောင်းကင်ပြင်မှာ ကြယ်တစ်စင်းအဖြစ် ထွန်းလင်းတော့မယ့်အလား သူထင်ခဲ့တယ်။
(၄)
သူ့ထင်မြင်ယူဆချက်ဟာ ခဏလေးသာ ဖြစ်ခဲ့တယ်။ သူ့ခေတ် သူ့အခါမှာ ဒဏ်ရာကို ဖွဲ့ဆိုခြင်းသာ အမှန်တရားဖြစ်ကြောင်း ဘ၀နဲ့ရင်းပြီး သင်ယူခဲ့ရတယ်။ သူ့မျိုးစေ့ဟာ မှန်ပေမယ့် သူ့အပင်ဟာ မသန်ခဲ့ပါဘူး။ သူ့အပင်က သွေးနဲ့ ကြီးပြင်းရတဲ့ သစ်ပင်ဆိုတော့ သူ့အပွင့်ဟာ ဝေဒနာနဲ့သာ ချင်းချင်းနီခဲ့ရပါတယ်။ ခုတော့ သူဟာ လေတိုးလို့ ကြွေတဲ့ လေတိုးကြွေရွက်လေးတစ်ရွက်အဖြစ်နဲ့ မြို့ပြရဲ့လမ်းမတွေပေါ် လွင့်စင်ခဲ့ရတယ်။ မြို့ပြကြီးဆိုတာကလည်း မီးတွေလင်းသလောက် မှောင်လွန်းလှပါရဲ့။ လမ်းတွေကလည်း ဖြောင့်တန်းသလောက် ကောက်ကွေ့၊ ချောမွေ့သလောက် ကြမ်းတမ်းလှပါရဲ့။ သူလွင့်စင်ခဲ့ရတဲ့ သူ့ဘ၀လမ်းရဲ့ ရင်ခွင်မှာတော့ အမှောင်တွေသာ ဖုံးအုပ် မိုက်မဲခဲ့တယ်။ ဘယ်လောက်မှောင်သလဲဆိုရင် လကွယ်ညပေါင်း အထောင်အသောင်း ပေါင်းစုပြီး မှောင်သလိုမျိုး မှောင်ခဲ့ရတာပါ။
အဲဒီ အမှောင်လမ်းမှာ ဘာမဟုတ်တဲ့ သီချင်းတစ်ပုဒ်ကလည်း သူ့နှလုံးသားကို ထိထိခိုက်ခိုက် ဖြစ်စေတာပဲ။ အဲဒီအမှောင်လမ်းမှာ လူတစ်ယောက် ဖြတ်လျှောက်ရင်တောင် သူ့အသက် ဇီဝဟာ ခြေဖ၀ါးတွေ အောက်မှာ ကြေမွလောက်ရဲ့။ ဆေးလိပ်မီးတစ်စ လွင့်ကျလာရင်လည်း သူ့ခန္ဓာဟာ ပြာကျစွဲလောင်နိုင်ရဲ့။
အဲဒီ အမှောင်လမ်းမှာ အမုန်းတရားများ၊ ကောက်ကျစ်ယုတ်မာမှုများ၊ ဖောက်ဖျက်မှုများ၊ ဒုစရိုက်များ၊ ချုပ်နှောင်မှုများ၊ အပျက်များ၊ ယာဉ်တွေ ကားတွေကလည်း တ၀ီဝီ ဖြတ်မောင်းသွားကြပေါ့။ သူ့ကိုများ တိုးမိ တိုက်မိသွားမလား။ အကြည့်ကို လွှဲဖယ်ပစ်လိုက်ရတယ်။ မမြင်ရခြင်းမှာ အလင်းတစ်စတစ်လေ ရှိလေမလား။ မျှော်လင့်သမျှ မျှော်လင့်သလို မဖြစ်ခဲ့တာလည်း ဘ၀ပဲမဟုတ်လား။ မသိချင်တော့ပါဘူး။ ဆက်မကြည့်ချင်တော့ပါဘူး။ ဆက်မငေးချင်တော့ပါဘူး။ ဆက်မငေးရက်တော့ပါဘူး။
(၅)
“ပြတင်းပေါက်”
လေတိုးလို့ကြွေတဲ့ လေတိုးကြွေရွက်လေးတစ်ရွက်
သူဟာ
အမှောင်ဖုံးဖုံး လမ်းရဲ့ရင်ခွင်ထဲ ရောက်သွားတယ်
ယာဉ်တွေ တ၀ီဝီ ဖြတ်မောင်းသွားကြ
သူ့ကိုများ တိုးမိတိုက်မိ
အဲဒီနောက်ပိုင်း
ကျွန်တော် ဆက်မငေးတော့ဘူး။
~ အောင်ခိုင်မြတ်
(၆)
သတိရလိုက်ဖို့ မေ့လျော့ခဲ့တဲ့ အရာတစ်ခု ရှိပါတယ်။
“သစ်ရွက်ကြွေလေးရဲ့နာမည် ...”
သူ့ရင်ခွင်ထက်မှာ ရေးထိုးထားတဲ့ အမည်ဟာ ကျွန်တော့် အမည်လား။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ အမည်လား။ ဒါမှမဟုတ် ကျွန်တော်ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နာမည်လား။ ကလေးလေး တစ်ယောက်ရဲ့ နာမည်လား၊ သို့မဟုတ် လူငယ်တစ်ယောက်ရဲ့ နာမည်လား။ မသိချင်တော့ပါဘူး။ သတိမရချင်တော့ပါဘူး။ တစ်ဆက်တည်းမှာပဲ သစ်ရွက်ကြွေလေးဟာ ကျွန်တော် ငေးကြည့်နေတဲ့ ပြတင်းပေါက် တည့်တည့်မှာပဲ ကြွေခဲ့တာလား။ ကျွန်တော် မမြင်ရတဲ့ ပြတင်းပေါက်ရဲ့အကွယ် အခြားနယ်ပယ်တွေမှာရော သစ်ရွက်တွေဟာ ကြွေခဲ့ကြတာလား။ ကမ္ဘာမှာ သစ်ရွက်ကြွေတွေ ဘယ်လောက်ထိ များပြားခဲ့ပြီလဲ။ မသိချင်တော့ပါဘူး။ မတွေးချင်တော့ပါဘူး။ အခုချိန်မှာ ကျွန်တော် ဆက်မငေးရက်တော့တဲ့ သစ်ရွက်ကြွေလေးရဲ့ နာမည်ကိုသာ ကျွန်တော့် နှလုံးသားမှာ ရေးထိုးထားချင်ပါတော့တယ် ။ ။
ဆရာအောင်ခိုင်မြတ်၏ “ပြတင်းပေါက်”ကဗျာအား ခံစားသည်။
~ မင်းစိုးရာ
ဤကဗျာခံစားမှု ဆောင်းပါးလေးသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က “မြားနတ်မောင်”မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိသော “ဆရာအောင်ခိုင်မြတ်”၏ ကဗျာအား ကဗျာဆရာ“မင်းစိုးရာ”မှ ခံစားတင်ပြထားခြင်း ဖြစ်သည်။ ဤဆောင်းပါးအား “အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော” ကဗျာဘလော့ထဲတွင် ကဗျာခံစားမှုဆောင်းပါးကဏ္ဍအဖြစ် ဖော်ပြအပ်ပါသည်။
~ အောင်ပိုင်စိုး

No comments: