Saturday, November 26, 2011

သေနတ်သံတွေ တိတ်သွားတဲ့အထိ ကဗျာရွတ်ဆိုကြ

တခါတရံ မဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကို ဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့် အလေ့အကျင့် အနည်းအကျဉ်းရှိလာခဲ့သူမိမိအဖို့အလိုလိုတက်ကြွရွင်လန်းနေမိသည်။ မဂ္ဂဇင်းထဲတွင်ပါသည့် ကဗျာရွတ်ပွဲများကို စိတ်ကူးနှင့် မြင်ကြည့်သည်။ စိတ်နား နှင့် ထောင်ကြည့်သည်။ ကဗျာရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန်အမူအယာများကို စိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့် ကဗျာများထဲ၌ မိမိ ကျက်မှတ်မိပြီးကဗျာ ပါဝင်ပါက ကိုယ်တိုင်ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာတပိုင်းတစကို ပါးစပ်ကအလိုလိုရွတ်ဆိုမိလျက်သား ဖြစ်ရသည်။ကဗျာရွတ်ပွဲတွင်ပါဝင်ရွတ်ဆိုသူများ၏ ရင်ခုန်မှုအရှိန်အဟုန်များမှာ မီးတောက်တခုက တခြားမီးတောက်တခုဆီ ယိမ်းထိုး ကူးယှက်သွားသလို မိမိထံ ထိယှက်ပူးဝင်လိုက်ကြခြင်း ဖြစ်ဟန်တူလေသည်။

အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်းအလုပ်ကို မိမိကိုယ်တိုင်ကအသိရှိရှိနှင့် စတင်ဆောင်ရွက်လိုက်နိုင်ခဲ့ခြင်းတော့ မဟုတ်ချေ။ ၁၉၉၃ခု၊ မာနယ်ပလောတွင် ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားတွင် ရှုဒေါင့်ဂျာနယ် အယ်ဒီတာဟောင်း (ဦး) ၀င်းခက်က “မနက်ဖြန်ကြရင် ဒီကဗျာကို ရွတ်ပေးစမ်း”ဟု ဆိုခြင်းဖြင့် မိမိမှာ ကဗျာရေးသူအဖြစ်မှ ကဗျာရွတ်သူအဖြစ်သို့ ဖြတ်ကနဲ ကူးပြောင်းရောက်ရှိသွားခဲ့ရ၏။

ရွတ်ဆိုရမည့်ကဗျာကဆရာမောင်သော်က၏“မီးခြစ်တစ်ဆံ”ကဗျာဖြစ်သည်။ စကားပြောခွက်ရှေ့ကိုရောက်သည်အထိ မည်သည့် အသံ အနေအထားနှင့် ရွတ်ဆိုရမည်ဆိုသည်ကို ရွေးချယ်မဆုံးဖြတ်နိုင်သေး။

ကံအားလျော်စွာ ကဗျာအကြောင်းအရာကိုရုတ်တရက်တွေးမိကာလက်သီးကိုဆုပ်အသံကိုမြှင့်ပြီး အော်ဟစ်လိုက်မိသည်။ “အနှစ်နှစ် ဆယ်တဲ့လားဟေ့ ...” ဆိုပြီး အော်ဟစ်လိုက်သည့် မိမိအသံမှာ ကရင်လူငယ်အစည်းအရုံး ခန်းမဆောင်အတွင်းပဲ့တင်ထပ်မျှဟိန်းသွား၏။ရုတ်တရက်ဆိုသလိုခန္ဓာကိုယ်တခုလုံး သွေးများ
ပူလောင်ဆူပွက်လာပြီး ကျန်ကဗျာပိုဒ်များကို အလိုလိုရွတ်ဆိုမိလျက်သားဖြစ်သွား၏။

 မိမိ၏ခံစားမှုအရှိန်အဟုန်များ လေထဲတွင် ခုန်ပေါက်ပြေးလွှားနေစဉ် လက်ခုပ်သံများထွက်ပေါ်လာခဲ့၏။ ဆက်လက်ရွတ်ဆိုရန်ကဗျာစာသားမရှိတော့သည့်တိုင်၊ကဗျာရွတ်ဆိုသံရပ်ဆိုင်းသွားသည့်တိုင်
ဖြန့်ထွက် ဝေးကွာသွားနေသည့် စိတ်အလျင်များကို မိမိမှာ ပြန်လည်ရုပ် သိမ်းလို့ မရနိုင်သေး။ မိမိ၏ စိတ်အလျင်မှာ ရှေ့တွင်ထိုင်နေသည့် လူအုပ်၏နှလုံးသားကို ဒိုးယိုပေါက်ထွင်းဖောက်သွားခဲ့၏။ မိမိ၏စိတ် အလျဉ်များကို ပြန်လည်ရုပ်သိမ်း ထိန်းချုပ် လာနီုင်သောအခါမူ မျက်လုံးအိမ်များထဲ၌ မျက်ရည်များနှင့် မှုန်ဝါးနေလေတော့သည်။

၁၉၉၄ ခုနှစ်တွင် အသံလွှင့်ဌာနတခု၌ အပါတ်စဉ် ပုံမှန်အစီအစဉ်တခုကို အသံလွှင့်ခွင့်ရ၏။ ယင်းအစီအစဉ်ကို “တော်လှန်ရေးကဗျာ မိတ်ဆက်”ဟု ခေါင်းစဉ်တပ်ကာ တပတ်လျှင် တကြိမ်အသံလွှင့်၏။ ထိုအခါ တပတ်လျှင်တကြိမ် ကဗျာရွတ်ဆိုရသည့်သဘောဖြစ်လာ၏။ ၁၉၉၃ ခုနှစ် “မီးခြစ်တဆံ” ကဗျာကိုရွတ်ဆိုစဉ်က ကဗျာအကြောင်းအရာကိုတွေးမိပြီး အများစိတ်ဝင်စားအောင် ရွတ်ဆိုနိုင်ခဲ့သည့် အတွေ့ အကြုံအရ၊ အသံလွှင့်ဘို့ ရွေးချယ်ထားသည့်ကဗျာများကို အဓိပ္ပါယ်နားလည်သည်ထက်နားလည်ရန် အကြိမ်ကြိမ် အထပ်ထပ်ဖတ်၏။ အဓိပ္ပါယ်နားလည်လျှင် ကဗျာဖတ်သည့်အခါ ပိုမိုအဆင်ပြေသည်ကို သတိပြုမိလာ၏။ ကဗျာဖတ်သည့်အခါ စိတ်နှင့်ဖတ်သည်ထက် အသံထွက်ဖတ်ခြင်းဖြင့် ကဗျာရွတ်ဆိုရာတွင် အလုပ်တ၀က်ပြီးသလိုဖြစ်ရ၏။

အသံလွှင့်ရန် ကဗျာများကိုရွေးချယ်ရာ၌ ပထမပိုင်းတွင် ကာရန်ပါသည့်ကဗျာများကိုဖတ်လျှင် ရွတ်ဆိုရ ပိုမိုအဆင်ပြေသည်ဟုထင်၏။ ထို့ကြောင့် ကာရန်ပါသည့်ကဗျာများကိုသာ ဦးစားပေးပြီးရှာဖွေရွတ်ဆို၏။ သို့သော် ရွေးချယ်ထားသည့် အသံလွှင့်အစီအစဉ်ခေါင်းစဉ်က “တော်လှန်ရေးကဗျာမိတ်ဆက်” ဟုပေးထားသဖြင့် နိုင်ငံရေးနောက်ခံရှိပြီး ကာရန်နှင့် ရေးဖွဲ့ထားသည့်ကဗျာများမှာ ရှာရဖွေရ ခက်ခဲလာ ခဲ့၏။ ထိုစဉ်က မိမိမှာ မာနယ်ပလော တော်လှန်ရေးဌာနချုပ်တွင်နေထိုင်သူဖြစ်သဖြင့်လည်း ပြည်တွင်းမှ ကဗျာပါသည့်စာအုပ်များကို ဆက် သွယ်ရယူရန်မှာ အခက်အခဲရှိ၏။ အခြေအနေကတောင်းဆိုသဖြင့် ကာရန်မပါပဲ ရေးဖွဲ့သည့်ကဗျာများ၊ လွတ်လပ်ကာရန် စနစ်ဖြင့်ရေးဖွဲ့သည် ကဗျာများဖက်သို့ အလိုလိုဦးလှည့်ခဲ့ရ၏။ ထိုအခါ ကာရန်မဲ့ကဗျာများမှာ ကာရန်နှင့်ရေးစပ်သည့် ကဗျာများထက် ပိုမိုအားစိုက်ရွတ်ဆိုရန် လိုအပ်ကြောင်း ထူးထူးခြားခြား သတိပြုမိလာရလေသည်။

ကာရန်မပါသည့်ကဗျာများကိုရွတ်ဆိုသည့်အခါ အသံအနိမ့်အမြင့်နှင့် အသံစီးဆင်းပုံ၏၀ိသေသကို ထိတွေ့ခွင့်ရ၏။ အသံအနိမ့်အမြင့်နှင့် အကွာအဝေး မတြာများမှာ ပုံမှန် ပုံသေမရှိသဖြင့် ကဗျာရွတ်ဆိုနေစဉ် အသက်ရှူနူန်းမှာလည်း ပုံမှန်ပုံသေထားပြီး အသက်ရှူလို့မရနိုင်တော့။ ကာရန်နှင့်ရေးဖွဲ့သည့်ကဗျာများမှာမူ ကာရန်အမျိုးအစားအပေါ်မူတည်ပြီး အသက်ရှူမှု အပြင်းအပေါ့ ကွာခြားသည်မှလွဲ၍ အသက်ရှူချိန်။ ရှူနှုန်း တခုနှင့်တခု သိပ်ပြီးကွာဟမှုမရှိလှ။ မသိသာလှ။ ကာရန်ပါသည့်ကဗျာများမှာ နရီကို ချိန်တွယ်ထားသလောက်ဖြစ်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာကိုရွတ်ဆိုလျှင် သီချင်းတပုဒ်ကို လူတိုင်းလိုက်ပြီး စည်းဝါးတီးသလို အထိုက်အလျောက်လွယ်ကူ၏။ ကာရန်မဲ့ကဗျာ များ၏ အသံတည်ဆောက်ပုံမှာမူ ပုံမှန်၊ ပုံသေမဟုတ်သဖြင့် ရွတ်ဆိုရာ၌ တမူထူးခြားသစ်လွင်နေလေသည်။

ကဗျာရွတ်ဆိုခြင်းပဲဖြစ်ပစေ ကဗျာဖတ်သည်ပဲ ဖြစ်ပစေ ကဗျာကို သီချင်းဆိုသလို ရွတ်ဆိုခြင်းနှင့် ဇာတ်ဟန် ဇာတ်သံနှင့် ရွတ်ဆိုခြင်းများကိုမူ ကျနော် မနှစ်သက်မိပါ။

အသံလွှင့်ဌာနမှတဆင့် ကဗျာရွတ်ခွင့်ရလာသောအခါ ဗြိတိသျှကဗျာဆရာကြီး ‘ဒီလန်တောမတ်စ်’ကို သတိရတတ်၏။ သူက အသံလွှင့် ဌာနမှတဆင့်ကဗျာတွေအများကြီး ရွတ်ဆိုသွားခဲ့သူဖြစ်သည်။ ထို့ပြင် အမေရိကန် ကဗျာဆရာများဖြစ်ကြသည့် ‘ရောဘတ်ဖရော့ခ်’နှင့်‘မာယာ အင်ဂျီလို’တို့ကိုလည်း စိတ်ထဲစွဲနေ၏။ သူတို့နှစ်ဦးက အမေရိကန်သမ္မတနှစ်ဦး၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် တက်ရောက် ကဗျာရွတ်ဆိုဖို့ ဘိတ်ကြားခြင်း ခံခဲ့ကြရသူများဖြစ်၏။ သူတို့တတွေ ဘယ်လိုကဗျာရွတ်သည်ကို မတွေ့မမြင်ဘူးသော်လည်း ကဗျာရွတ် သူများဖြစ်သည်ဟူသည့် အသိတခုတည်းနှင့်ပင် မိမိမှာ ရင်ခုန်လို့မဆုံးချင်တော့။

လူမျိုးနှင့်ချီပြီး ကဗျာရွတ်ဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းကို နားထောင်သည့် အလေ့အကျင့်ရှိသူများမှာ ရုရှား လူမျိုးများဖြစ်သည်ဟုကြားဖူး၏။ ကဗျာဆရာ‘မာယာကော်စကီး’နှင့်‘ယက်ဖ်တူရှင်ကို’တို့၏။ ကဗျာရွတ်ပွဲများကို ရုရှားလူမျိုး ထောင်သောင်းချီပြီး တက်ရောက် နားထောင် တတ်ကြ၏။ ကဗျာဆရာ‘မာယာကော်စကီး’လူပုံအလယ်တွင် ကဗျာရွတ်နေပုံ သတင်းဓါတ်ပုံထဲတွင် တွေ့ဖူး၏။ သူတို့ ကဗျာရွတ်သံများကိုမူ မကြား ဘူးသေး။

၁၉၉၈ ခုနှစ်လည်ပိုင်းက နော်ဝေနိုင်ငံမှ ထိုင်းနိုင်ငံသို့အပြန် ရုရှားနိုင်ငံ၊ မော်စကိုလေဆိပ်တွင် လေယာဉ်ပြောင်းစီးရန် () နာရီမျှ ထိုင်စောင့် ခဲ့စဉ်က လေဆိပ်ထဲတွင်ရှိသည့် တိတ်ခွေနှင့်စီဒီခွေအရောင်းဆိုင်များတွင် ‘မာယာကော်စကီး’နှင့် ‘ယက်ဖ်တူရှင်ကို’ကဗျာရွတ်ထားသည့် အသံသွင်း တိတ်ခွေများကို တွေ့လိုတွေ့ငြား လိုက်ရှာခဲ့၊ မေးခဲ့ဖူး၏။ ရှာလို့ မေးလို့ မရခဲ့။

မိမိနိုင်ငံတွင်လည်း ကဗျာရွတ်ပွဲများ ကြိုးကြားကြိုးကြား ကျင်းပသည်ကို ကြားနေခဲ့ရ၏။ သို့သော် ကဗျာဆရာများနှင့် ကဗျာချစ်သူအနည်း ငယ်မျှသာစုဝေးကြပြီး တယောက်တလှည့် ကဗျာရွတ်ဆိုကြခြင်းသာဖြစ်သည်။ အများပြည်သူ တက်ရောက်နားထောင်နိုင်သည့် အခွင့် အလမ်းနှင့် အလေ့အထကိုမူ ယ္ခုအထိ မဖန်တီးနိုင်သေး။

ကဗျာရွတ်ဆိုခြင်းအလုပ်ကို ခုံမင်မိန်းမူးလာသဖြင့် ကဗျာရွတ်ပွဲများဖြစ်ပေါ်ရန်၊ လူပုံအလယ်တွင် ကဗျာရွတ်ခွင့်ရရန် ဖန်တီးချင်လာခဲ့၏။ ထို့ကြောင့် ကမ္ဘာ့ကဗျာနေ့အပါအ၀င်၊ တခြားစာပေနှင့်နိုင်ငံရေးဆိုင်ရာ အခမ်းအနားများတွင် ကဗျာတက်ရောက်ရွတ်ဆိုခွင့်ရရန် အခမ်းအနား ဦးစီးကျင်းပသူများထံ ချဉ်းကပ်တောင်းဆိုမိ၏။ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှစတင်ကာ ကဗျာရွတ်ပွဲ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ် ပါရှိသည့်အခမ်းအနားများတွင် ကဗျာရွတ်ဆိုခွင့်ရလာခဲ့၏။ တချို့အခမ်းအနားများတွင်မူ မိမိကိုယ်တိုင်က မချဉ်းကပ်ပဲ ကဗျာတက်ရောက် ရွတ်ဆိုပေးပါရန် ဘိတ်ကြားခြင်းကို လက်ခံရရှိလာခဲ့၏။ ယ္ခုအခါ အသံလွှင့်ဌာနအပါအ၀င် အခမ်းအနားပေါင်းစုံတွင် တက်ရောက်ရွတ်ဆိုခဲ့ သည့် ကဗျာပုဒ်ရေ (၄၆၀) ကျော်ရှိခဲ့ပြီ။ ကဗျာရွတ်ဆိုခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးမှာ တွေးမိတိုင်း ပီတိဖြစ်ဖွယ်ကောင်းလှ၏။ ကဗျာရွတ်ဆိုခြင်းနှင့်ပါတ်သက်ပြီး ရုရှကဗျာဆရာကျော်“ယက်ဖ်တူရှင်ကို”ပြောဖူးသည့်စကားမှာ မှတ်သားဖွယ်ဖြစ်၏။ သူက “ကဗျာရွတ် တာ နားထောင်ပြီးသူတိုင်း နားထောင်သူအဖြစ်မှ ကဗျာဖတ်သူအဖြစ်သို့ မလွဲမသွေရောက်ရှိလာလိမ့်မယ်”ဟု၍ ပြောဖူးလေသည်။

ယ္ခုနှစ် ဒုတိယလ၊ လဆန်းပိုင်းတွင် RFA မှတဆင့် “လက်တဖက်ကို မြဲနေအောင်ကိုင်ထား”ကဗျာကို ကျနော်ရွတ်ဆိုခဲ့၏။ နှစ်ရက်ခန့်ကြာ သောအခါ တယ်လီဖုံးမြည်သံကြားလို့ကောက်ကိုင်လိုက်စဉ် “လက်တဖက်က တယ်လီဖုံးကို မြဲနေအောင်ကိုင်ထား”ဟု တဖက်မှကြား လိုက်ရ၏။ တအံ့တသြဖြစ်နေစဉ် “အောင်ခင်လေဗျာ”ဟူသော အသံကိုပါ ကြားရ၏။ ကျနော့်မှာ မဖေါ်ပြနိုင်လောက်အောင် ၀မ်းသာရသည်။ ()နှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် ‘ဒေါက်တာအောင်ခင်’ ၏အသံကို တယ်လီဖုံးထဲမှ ကြားလိုက်ရ၍ဖြစ်၏။ သူကRFA မှာ ကျနော်ရွတ်ဆိုခဲ့သည့် ခေတ်ပေါ်ကဗျာ ‘လက်တဖက်က မြဲနေအောင်ကိုင်ထား’ ကဗျာကို ရည်ညွှန်း ပြောလိုက်ခြင်းဖြစ်၏။ တဆက်တည်း ဆိုသလိုပင် ‘ဒေါက်တာအောင်ခင်’လို ကဗျာနှင့်ဝေးနေသူအဖြစ် မိမိဖက်မှယူဆထားသူတဦးထံမှ ‘အဲဒီကဗျာက ကာရန်မပါဘူးဗျ၊ ခင်ဗျား မို့လို့ နားထောင်ကောင်း တာနဲ့တူတယ်။ တခြားလူဆိုရင် ပျက်သွားမှာ’ ဟု အားပေးစကားကြားလိုက်ရ၏။ ယ္ခုအခါ ‘ဒေါက်တာ အောင်ခင်’သည် ကဗျာနှင့်နီးလာနေပြီလောဟု ပီတိဖြစ်မိသည်။

ကဗျာရွတ်သည့်အခါ ကဗျာရွတ်သံကိုနားထောင်သည့်အခါ ရွတ်ဆိုရင်း၊ နားထောင်ရင်း၊ ကဗျာရွတ်သူနှင့် ကဗျာနားထောင်သူ နှစ်ဦးစလုံး စရဏကိုထိန်းကာ လေ့ကျင့်သလိုဖြစ်သွားရ၏။ ပရဟိတ္တကို ထိတွေ့ရ၏။ ဗျာပါဒကို စားသုံးမိသွား၏။ ၀ိမုတ္တိကို တခဏမျှရ၏။ ငြိမ်းချမ်းရေး ၏ အခြေခံယဉ်ကျေးမှုရေး အုတ်မြစ်တခု ချလိုက်သလိုဖြစ်ရ၏။

နိုင်ဂျီးရီးယား စာရေးဆရာ ကဗျာဆရာ `ကင်ဆာရိုဝီဝါ´ က အိုဂိုနီ လူမျိုးစုများအတွက် ဆောင်ပုဒ်တစ်ခု ဖန်တီးပေးခဲ့သည်။ သူ့ဆောင်ပုဒ်က `ကကြ ကကြ သေနတ်သံတွေတိတ်သွားတဲ့အထိ ကကြ´ ဟူ၍ ဖြစ်သည်။ ကျနော်ကလည်း ကဗျာချစ်သူများအတွက် ဆောင်ပုဒ်တစ်ခု တင်ပြချင်နေသည်။ ကျနော့်၏ဆောင်ပုဒ်ကတော့ `ရွတ်ဆိုကြ ရွတ်ဆိုကြ သေနတ်သံတွေတိတ်သွားတဲ့အထိ ကဗျာတွေရွတ်ကြ´ ဟူ၍ ဖြစ်ပါသည်။

အခုလို ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုသံများကြားလာနေရသည့်အချိန်မျိုးတွင် ငြိမ်းချမ်းရေး၏ လက်နက်တစ်ခုဖြစ်သော ကဗျာရွတ် ဆိုခြင်းအမှုကို တနိုင်ငံလုံးအနှံ့ လိုက်လံရွတ်ဆိုခွင့်ရလျင် မည်မျှကောင်းမည်နည်းဟု ကျနော် တောင့်တမိသည်။ ထို့ပြင် မုဆိုးရာသီကုန်ဆုံးပြီး လေးသံမြှားသံများ ထာဝရရပ်စဲကာတကမ္ဘာလုံးအနှံ့ကဗျာရွတ်ပွဲများကျင်းပနိုင်လျှင် ကောင်းပေစွဟူ၍လည်း
တောင့်တမိတော့၏။ ။

ငြိမ်းဝေ နိုဝင်ဘာ ၂၅၊ ၂၀၁၁ 
(မိုးမခ မီဒီယာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

No comments: