Sunday, June 19, 2011

အခြေအနေအရ အပြောင်းအလဲရှိနိုင်ပါကြောင်း

အမှုန်လေးတစ်မှုန်၊အစက်လေးတစ်စက်၊အစွန်းအထင်းတစ်ခုခုကပ်ညိနေသည်
လမ်းချင်းတူရင်လူချင်းတွေ့မှာပါဆိုတော့ လူချင်းမတွေ့ရင်လမ်းချင်းမတူတော့ဘူးပေါ့
ကွန်ကရစ်လားရာလမ်းဖြစ်တယ်ဆိုလား ပဲ့ကြွေကျနေတယ် စပ်ဆက်လို့လည်းမရ
သံသယဝင်စရာ ပညာသင်ဆုရလို့ နိုင်ငံရပ်ခြားမှာကျောင်းဆက်တက်ဖြစ်သည်
မှတ်မိဦးမှာပေါ့ ဖယ်ထုတ်လိုက်တယ်၊ပယ်ဖျက်လိုက်တယ်၊ဖျက်ဆီးပစ်လိုက်တယ်
မန်ချက်စတာယူနိုက်တက်Vsလီဗာပူး အရူးတွေအလွန်အကြူးအောင်ပွဲခံနေကြပြီ
နေမြဲအတိုင်းလတ်ဆတ်မှုသည် စားသောက်ကုန်များဆီကနေ စွန့်ခွာထွက်သွားကြသည်
အစိမ်းလား အနီလားမကွဲပြားပေမယ့် ပွင့်သောပန်းတိုင်းသည် မွှေးပျံ့ပါလိမ့်မည်
ခင်ဗျားရေးနေတဲ့ဆောင်းပါးထဲ အယူအဆရေးရာ အချိုကဲအောင် သကြားနည်းနည်းရောသင့်သည်
ပရင့်ဆိုတာ စက်မှုတော်လှန်ရေးကာလရဲ့ ရှေးဟောင်းလက်ရာဆိုတော့ လစ်တော့
http://www.blogspot.comလမ်းကြောင်းအတိုင်းကဗျာဆရာများဝင်လာခဲ့ကြသည်
ခေတ်ပြိုင်ကဗျာရှိမနေသင့်တာကြာပြီဆိုပေမယ့် အပေါ်ယံသဘောတော့ရှိနေသေးသည်
လွန်ခဲ့တာလား၊လွန်မြောက်သွားတာလားသတ်မှတ်ချိန်ထက်စောရောက်နေတာရင်ခုန်စရာကောင်းပါသည်
မြုသိပ်နေတဲ့ကြားကနေ လက်တုန့်ပြန်လိုစိတ်ဟာနှလုံးသားကနေယိုစီးစိမ့်ကျလာသည်
အောင်မြင်ခဲ့ဖူး၊ကျော်ကြားခဲ့ဖူး၊တောက်ပဖူးသော ကြယ်လေးတစ်လုံးလည်းဖြစ်ခဲ့ဖူးပြီ
ရှုံးနိမ့်ခဲ့ဖူး၊သိမ်ငယ်ခဲ့ဖူး၊နိမ့်ကျခဲ့ဖူးသော လကွယ်ညများကိုလည်း ဖြတ်ခဲ့ဖူးပါပြီ
ဒီမှာတော့ နှင်းတွေကျနေသလို မျက်ရည်တွေကြောင့်
ပါတ်ဝန်းကျင်ကိုပြတ်ပြတ်ထင်ထင်မမြင်ရဖူး
မေတ္တာမထားလိုပေမယ့်မြဲမြံသော ကျေးဇူးတရားများကို
အောက်မေ့သတိရရှိနေခြင်းများနှင့်အတူ
အခြေအနေအရ အပြောင်းအလဲရှိနိုင်ပါကြောင်း။
အောင်ပိုင်စိုး
၁၉၊မေလ၊၂၀၁၁

No comments: