(၁)
ရေးမည့်သာ ရေးလိုက်ရသည်။ သမိုင်းနောက်ခံအား ခတ်နက်နက် တူးကြည့်လိုက်လျှင် ဆင်ဒရဲလားက ၂ယောက်ထက်ပင် ပိုနေသေး သည်ကို တွေ့မြင် ကြရပေလိမ့်မည်။
အမှန်မှာ ခရစ်တော် မပေါ်မီ နှစ်တစ်ရာလောက်ကတည်းက ဤဇာတ်လမ်း ကျောရိုးက ဖြစ်တည်နှင့်ပြီးသား။ ရှေးအီဂျစ်နိုင်ငံက ဂရိ ကိုလိုနီဒေသ နောခရေးထီးစ်(Naucratis) ဒေသမှာ မြစ်ဖျားခံခဲ့သော ပုံပြင်။ မူရင်း ဇာတ်ကောင်က ဂရိအီဂျစ် ကပြားမလေး ရိုဒိုဖီးစ် (Rhodopis)။ နှင်းဆီသွေးရောင် ပါးပြင်မို့မို့ဖြင့် မိန်းကလေး။ ထိုပင်မ ပုံပြင်မှ ကိုင်းပွား ဖြာထွက်သွားကြသော မူကွဲ ဇာတ်လမ်းများစွာ မှာ လူ့အဖွဲ့အစည်း အသီးသီးသို့ စိမ့်ဝင် ပျံ့နှံ့သွားလေတော့၏။
စိတ်ထားပုပ်လှသော မိထွေးနှင့် ဖခင် ဒုတိယ အိမ်ထောင်မှ ပါလာသည့် သမီးများ။ သရုပ်လွန် မှော်အတတ်။ ကျွတ်ကျကျန်ခဲ့သည့် ဖိ နပ်တစ်ဖက်။ ဖိနပ်ပိုင်ရှင် ရှာတော်ပုံ။ ၁၆၃၄ခုနှစ်က ပေါ်ပေါက်ခဲ့သော အီတလီ မူကွဲပုံပြင်။ Cenerentola အမည်ရှိ မိန်းမပျို။ နာမည် ကျော် ဂျာမာန်ညီနောင် ဖြစ် ကြသော Jacob and Welhelm Grimm တို့ ရေးသားစီရင်သည့် "ဂရင်းမ် ပုံပြင်များ" စာအုပ်တွင်လည်း "Aschenputtel" အမည်ဖြင့် ဆင်ဒရဲလား နောက်ထပ် မူကွဲ ပုံပြင်တစ်ပုဒ်ကို ရှာဖွေ ဖတ်ရှုနိုင်ကြပါသည်။
ဤမူပွား ပုံပြင် ဇာတ်လမ်းများအား ဥရောပ စာပေ ဘဏ္ဍာတိုက်ထဲမှာမှ တွေ့ရှိ ဖတ်ရှုခွင့်ရသည်တော့ မဟုတ်လှပါ။ ခရစ် သက္ကရာဇ် ၈၆၀ အချိန်လောက်ကတည်းက ကျွန်တော်တို့ 'ချစ်ကြည်ကြရသော' ဆွေမျိုးပေါက်ဖော် နိုင်ငံကြီးမှာ ယဲ့ရှင်း (Ye Xian) ဇာတ်လမ်းက ရှိနေနှင့်ပြီးသား။ တရုတ် ဆင်ဒရဲလား ပုံပြင်။ ကမ္ဘာ့ စာပေသမိုင်းမှာ ထုနှင့်ထည်ဖြင့် တည်တည်ခန့်ခန့် ပေါ်ထွန်းခဲ့သည့် "အာရေဗျ ည များ" ခေါ် "တစ်ထောင့်တစ်ည ပုံပြင်များ" တွင်လည်း ဤကဲ့သို့သော မျိုးတူ ပုံပြင် သုံးပုဒ်မျှ ဖတ်ရှုခွင့် ရရှိခဲ့ဖူးသည်။
သို့ရာတွင် တစ်ကမ္ဘာလုံး ပျံ့ပျံ့နှံ့နှံ့ နှစ်ခြိုက် စွဲလမ်းလျှက်ရှိသည့် ဆင်ဒရဲလား ပုံပြင်ကိုတော့ Charles Perrault (ချားလ်စ် ဖာရိုးထ်) ဆိုသူ ၁၆၉၇ခုနှစ်က ရေးသားခဲ့သည့် လက်ရာမွန် အနုပညာအဖြစ် မှတ်သားခဲ့ရ၏။ မိထွေးနှင့် ဖခင်၏ မယားပါ သမီးနှစ်ယောက်တို့ စေ ခိုင်းသမျှ ဇယ်ဆက်သလို မနေမနား လုပ်ပေးရရှာသော မိန်းကလေးတစ်ဦး။ ပါးပါးရှားရှား နားချိန် အနည်းငယ်တိုင်းမှာ မီးသွေးတုံးများ (cinders) ပေါ်၌ အမောဖြေ နားလေ့ရှိသဖြင့် သူ့အား"Cinderella"ဟု အမည်နာမ ပညတ်ခံခဲ့ရသူ။ ထိုအမည်ကို ကျွန်တော်က "မမည်း တူ" မြန်မာပြန်ဆိုကြည့်လိုက်လျှင် သဘောမတူ ကန့်ကွက်သူ များကြလိမ့်မည် ထင်ပါသည်။ အနှိမ်ခံ အပယ်ခံ မမည်းတူ ဘ၀မှ ဘုရင့် သား ကြင်ယာတော် အဖြစ်သို့ တွန်းပို့ပေးလိုက်သော ကံကုသိုလ်ထူး။ သူကတော့ ဖာရိုးထ် မူ ပုံပြင်ထဲက ဆင်ဒရဲလား တစ်ယောက်ပါ။
(၂)
ဆင်ဒရဲလား နောက်တစ်ယောက်ကတော့ အင်္ဂလိပ် ကဗျာဆရာ Ted Hughes [တဒ်ဟျူးစ်(၁၉၃၀_၉၈)]၏ “ချစ်လှစွာသော” ဇနီး သည် Sylvia Plath [ဆစ်လ်ဗိယ ပလာ့သ်(၁၉၃၂_၆၃)] ဖြစ်သည်။ ဤဆင်ဒရဲလားမှာ ပထမ ဆင်ဒရဲလားလောက် ကံကုသိုလ် မထူးချွန် လှပါ။
ဘုရင့်သားတော် ဖိတ်ကြားသည့် နန်းတော် ကပွဲခန်းမဆောင်မှာ ညသန်ခေါင်ယံ ၁၂နာရီထိုးသံကို စိုးတစ်ထိတ်ထိတ်၊ မပျော် တစ် ၀က် ပျော်တစ်ဝက်စိတ်ဖြင့် ခြောက်ခြောက်ခြားခြား ခံစား အားငယ်ရရှာသည့် မိန်းမပျိုတစ်ဦး။ မိခင်ဟောင်း နတ်မိမယ်၏ တံခိုး ဣဒ္ဓိ ပါတ်ကြောင့်သာ ရွှေမင်းသားလေးနှင့် ယှဉ်တွဲ ကခုန်ခွင့်ရသည့် မိန်းမငယ် ခံစား နာကျင်ရသော အငုံ့စိတ်နှင့် စိတ်ကျရောဂါ ဝေဒနာ တို့အား ဖွဲ့နွဲ့စပ်ဆိုထားရာ ရိုမန်တစ်ဆန်ဆန် အချစ် ကဗျာတစ်ပုဒ်။
Cinderella
The prince leans to the girl in scarlet heels,
Her green eyes slant, hair flaring in a fan
Of silver as the rondo slows; now reels
Begin on tilted violins to span
The whole revolving tall glass palace hall
Where guests slide gliding into light like wine;
Rose candles flicker on the lilac wall
Reflecting in a million flagons' shine,
And glided couples all in whirling trance
Follow holiday revel begun long since,
Until near twelve the strange girl all at once
Guilt-stricken halts, pales, clings to the prince
As amid the hectic music and cocktail talk
She hears the caustic ticking of the clock.
Sylvia Plath
_From Collected Poem (Amazon 1981)
(၃)
ဆစ်လ်ဗိယ ပလာ့သ် ရေးဖွဲ့သော Cinderella ကဗျာသည် Sonnet ပုံသဏ္ဍာန် သီကုံး စပ်ဆိုမှု။ confessional poem ခေါ် ကိုယ့် ဇာတ် ကြောင်း ကိုယ်ပြန်လည် ရေးဖွဲ့သော ကဗျာ အမျိုးအစား။ ကဗျာကို လေးကြောင်း သုံးပါဒနှင့် နှစ်ကြောင်း တစ်ပါဒတို့ဖြင့် ဖွဲ့စည်းထား သည်ကို တွေ့မြင်နိုင်ပါသည်။ ကာရန်စံနစ်ကတော့ abab cdcd efef gg။
ကဗျာ အကြောင်းအရာကလည်း ဘာမျှ အဆန်းတကြယ် မဟုတ်လှပါ။ စာဖတ်တတ်သူ အားလုံးနီးပါးနှင့် ရင်းနှီး ကျွမ်းဝင်ပြီးသား နတ် သမီး ပုံပြင်။ ပလာ့သ်က ထိုပုံပြင်ထဲမှ ဇာတ်ကွက်တစ်ကွက်ကို ကောက်နှုတ် ရေးဖွဲ့ထားသည်သာ။ အတိအကျဆိုရလျှင် ကပွဲ ခန်းမ ဆောင်ထဲက ညသန်ခေါင်ယံ ၁၂နာရီ ထိုးလုလု အချိန်။
ကဗျာအား လွယ်လွယ်ကူကူပင် နှစ်ပိုင်း ခွဲခြမ်း ကြည့်ရှုနိုင်၏။ ကြက်သွေးရောင် ဖိနပ် ၀တ်ဆင်ထားသော မိန်းမပျိုနှင့် တွဲဖက် ကခုန် လျှက်ရှိသော မင်းပျိုမင်းလွင်တစ်ဦး။ ဂီတ သံစုံတီးဝိုင်း။ ကပွဲ မှန်နန်းဆောင်။ ကပွဲလာ မင်းပရိသတ် ဧည့်သည်တော်များ။ လိုင်းလက် ပန်း နံရံပေါ်မှာ လင်းလိုက် မှိန်လိုက် မီးရောင် လင်းသွန်ပေးလျှက်ရှိသည့် နှင်းဆီရောင် မီးတိုင်များ။ ၀ိုင်ပုလင်းကြီးများမှ ဖျတ်ဖျတ်လက် လက် ရောင်ပြန်ဟပ်နေသော ပြန်လင်းတန်းများ။ ပထမပါဒနှင့် ဒုတိယပါဒများထဲက လှပသော နောက်ခံ အခင်းအကျင်းနှင့် ရိုမန်းတစ် ဆန်လှသော ပတ်ဝန်းကျင် အခြေအနေ သရုပ်ဖော် ရေးသားစီကုံးမှု။
တတိယပါဒနှင့် စတုတ္ထပါဒများတွင် မိန်းမငယ်၏ ဂနာမငြိမ်သည့် စိတ္တဗေဒအား ရေးဖွဲ့ထားသည်ကို ဖတ်ရှုရပါသည်။ ၁၂နာရီ ထိုးခါနီး လာလေလေ ထိုမိန်းမပျို ပို၍ ပို၍ သွေးပျက်လာလေလေ။ စိတ်ညှို့ခံထားရသကဲ့သို့ ညင်ညင်သာသာ ရွေ့လျှား ကကွက်ဖော် နေကြ သည့် စုံတွဲများ၏ ပေါ့ပါး သွက်လက် ပျော်ရွှင်ခံစားမှု။ ၁၂နာရီ ထိုးပေတော့မည်။ အပြစ်မကင်းသည့် စိတ်အခြေအနေဖြင့် ကခုန်နေရာမှ ရုတ်တရက် ရပ်တံ့။ ဖြူဖတ်ဖြူလျှော် မျက်နှာ။ မင်းသားလေး ပျောက်ကွယ်သွားတော့မည်ကို စိုးတစ်ထိတ်ထိတ်ဖြင့် တွဲမှီ တိုးကပ်ထားမိ။ ဆူဆူညံညံ ဂီတသံနှင့် ကောက်တေးလ် စကားဝိုင်းက ပွင့်ထွက်လာသော စကားသံများအကြားမှာ ထိုမိန်းမငယ် ကြားနေရသည် မှာကတော့ သူ့ပျော်ရွှင် သာယာမှုအား ဆုံးခန်းတိုင်စေမည့် နာရီ တစ်ချက်ချက် မြည်သံ။ ပေါက်ကွဲလုလု အချိန်ကိုက် ဗုံးတစ်လုံးကဲ့သို့။
အဆိုပါ “ဆင်ဒရဲလား” ကဗျာကို အောက်ပါအတိုင်း အကြမ်းဖျင်း ဘာသာပြန်ဆိုကြည့်နိုင်ပါသည်။
မင်းသားလေးက ကြက်သွေး ဖိနပ်စီးသူ မိန်းမငယ်ကို မှီလို့
သူ့မျက်လုံးက စွေစောင်းစောင်း၊ ငွေယပ်ကြောင့် ဆံပင်တွေ တစ်ဖွားဖွား
တေးသွားက နှေးသွား၊ အခုတော့ ထပ်ကျော့
မှေးထောက်ထားတဲ့ တယောတွေ တေးကွက်ပြောင်းဖို့ အားယူကြ
ဆုံလည် ဖန်နန်းဆောင် တစ်ခွင်လုံး
ပရိသတ်တွေ ၀ိုင်လို အလင်းထဲ မသိမသာ လျှောဝင်နေကြ၊
နှင်းဆီ အလင်းတိုင်တွေ လိုင်းလက်ပန်း နံရံပေါ်မှာ မှိတ်တုတ် မှိတ်တုတ်နဲ့
ဝိုင်ပုလင်း တစ်သန်း ပြန်လင်းရောင် တစ်ဖျတ်ဖျတ်
လျှောရွေ့နေတဲ့ စုံတွဲတွေ ပတ်ချာလည် မိန်းမောလို့
အထနှေးတဲ့ အပျော်ကြူးပွဲမှာ အရှိန်ရကြ
ဆယ့်နှစ်နာရီ ထိုးလုလုအထိ တစိမ်း မိန်းမငယ် ချက်ချင်းပဲ
မလုံမလဲစိတ်နဲ့ ရပ်တံ့၊ ဖြူဖတ်ဖြူလျှော်၊ မင်းသားလေးကို တွယ်ကပ်မိ
မရပ်မနား ဂီတနဲ့ ကောက်တေးလ် စကားဝိုင်းထဲမှာ
သရော်တော်တော် နာရီ ချက်ချက်သံ သူကြားနေပေါ့။
(၄)
ဆစ်လ်ဗိယ ပလက်သ် ဖူးလ်ဘရိုက်ထ် ပညာသင်ဆုဖြင့် ကိန်းဘရစ်ဂ်ျ တက္ကသိုလ်၊ ညူးနမ် ကောလိပ် (Newnham college) သို့ ရောက်ရှိလာချိန်မှာ တဒ်ဟျူးစ် တစ်ယောက် ကျောင်းပြင်ပ ရောက်ရှိသွားနှင့်လေပြီ။ သို့သော် ဆွဲငင်အား ကြီးမားလှသော တက္ကသိုလ် ပရ၀ုဏ်သို့မူ အကြောင်းကိစ္စ တစ်မျိုးပြီး တစ်မျိုးဖြင့် တစ်ဝဲလည်လည် ခဏခဏ အလည် ရောက်ရှိနေမြဲ။ တက္ကသိုလ် ကျောင်းတက်နေ ဆဲ သူငယ်ချင်းတစ်ယောက်၏ ကဗျာမဂ္ဂဇင်းမှာ ပင်တိုင် ကဗျာရေးသူ။ ပလာ့သ်သည် ထိုမဂ္ဂဇင်းထဲက ဟျူးစ်၏ ကဗျာများအား ဖတ်ရှုစွဲ လမ်းကာ လူကိုယ်တိုင် တွေ့ဆုံလိုစိတ် ပြင်းထန်နေချိန်။
ကဗျာမဂ္ဂဇင်း ထုတ်ဝေသည့် အထိမ်းအမှတ် အခန်းအနားသို့ ပလာ့သ် ဆိုက်ဆိုက်မြိုက်မြိုက် တက်ရောက်လာပြီး သူတို့နှစ်ယောက် ရင်းနှီး ခင်မင်သွားကြ၏။ ၁၉၆၁ခုနှစ်က ထုတ်လွှင့်ခဲ့သည့် ဘီဘီစီ လူတွေ့မေးမြန်းခန်း အစီအစဉ်တစ်ခု၌ သူတို့နှစ်ယောက် စတင် တွေ့ဆုံချိန်မှာ ၁၃ရက်၊ သောကြာနေ့ ဖြစ်သည်ဟု ပြန်ပြောင်း အမှတ်တရ ပြောပြခဲ့ဖူးသည်။ အနောက်တိုင်းသား အယူသည်းသူများအ တွက် မြန်မာလူမျိုးတို့ ခြောက်ခြား ကြောက်ရွံ့ကြသည့် ပြဿဒါးနေ့ရက်လိုမျိုး။ လအနည်းငယ်အကြာ ၁၉၅၆ခုနှစ်၊ ဇွန် ၁၆ရက်တွင် သူတို့နှစ်ယောက် လက်ထပ်ဖြစ်သွားကြ၏။ ၀ါသနာတူ၊ စရိုက်တူ ကဗျာဆရာ ဇနီးမောင်နှံ ဘ၀မှာ ပလာ့သ်တစ်ယောက် မိုးမမြင် လေမမြင် အပျော်ကြီး ပျော်ရွှင် ခံစားခဲ့ရသည်။ ဆစ်လ်ဗိယ ပလာ့သ်၏ ရွှေရောင် နှစ်ကာလများ။
၁၉၆၀ခုနှစ်၊ ဧပြီ ၁ရက်နေ့တွင် သမီးဦး ဖရီးဒ (Frieda) ကို မွေးဖွားခဲ့သည်။ အောက်တိုဘာလတွင် သူ့ ပထမဦးဆုံး ကဗျာပေါင်း ချုပ် 'The Colossus'ကို ထုတ်ဝေ ဖြန့်ချီခဲ့သည်။ ၁၉၆၁ခုနှစ်၊ သြဂုတ်လတွင် သူ့ကိုယ်ရေး အထုပ္ပတ္တိဆန်ဆန် ၀တ္ထုရှည် 'The Bell Jar'ကို ရေးသား ပြီးစီး လက်စသတ်ခဲ့၏။
၁၉၆၂ခုနှစ်၊ ဇန္န၀ါရီလမှာ သားငယ် နစ်ခလာ့စ် (Nicholas) အား မွေးဖွားပြီးခါစမှာပင် ပလာ့သ်သည် ဆင်ဒရဲလား ပုံပြင်ထဲက နာရီ ချက်ချက် မြည်သံကို စတင် သတိပြုမိလိုက်မိ၏။ သန်ခေါင်ယံ ဆယ့်နှစ်နာရီသို့ တစ်ဖြည်းဖြည်း တိုးရွေ့ ချဉ်းကပ်နေသည့် နာရီ တစ် ချက်ချက် မြည်သံ။ သာမာန် လူတစ်ဦးအဖို့ တိုးတိုးမြှင်မြှင် ထင်ကြရပေမယ့် ဆင်ဒရဲလားအတွက် ပေါက်ကွဲခါနီး အချိန်ကိုက်ဗုံးတစ် လုံးကဲ့သို့။ ယုံကြည် ကိုးစား ချစ်ခင် လေးစားရသော ခင်ပွန်းသည် ဟျူးစ်၏ အိမ်ထောင်ရေး ဖောက်ပြန်မှုအား စတင် သိရှိ ရိပ်မိချိန်။
ဇူလိုင်လ၌ ဟျူးစ်က အက်ရှား ၀ီဗေးလ် (Assia Wevill) ဆိုသူ အမျိုးသမီးတစ်ယောက်နှင့် “ခြေပုန်းခုတ်”နေသည်ကို ပက်ပင်းမြင် တွေ့လိုက်ရသောအခါ ပလာ့သ်သည် သူကိုယ်တိုင် ဆင်ဒရဲလားကဲ့သို့ တန်ခိုး ဣဒ္ဓိပါတ် ပျက်ပြယ်သွားပြီဟု သူ့ကိုယ်သူ သိရှိ ရိပ်မိ သွားလေပြီ။ စက်တင်ဘာလ၌ သူတို့ ဇနီးမောင်နှံ ကွာရှင်း ပြတ်စဲလိုက်ကြ၏။ ခင်ပွန်းသည်၏ သစ္စာပျက်ယွင်း ဖောက်ပြန်မှုအား တစ်နုံ့ နုံ့ ခံစားနေလျှက်ကပင် Ariel ကဗျာပေါင်းချုပ်အတွက် ခံစားချက် ထက်မြက် အားကောင်းလှသော ကဗျာပုဒ်ရေ ၂၆ ပုဒ်ခန့် ရေးသား သီ ကုံးနိုင်သေး၏။
ငယ်စဉ်ကတည်းက နာတာရှည် စွဲကပ်ခဲ့ရသော စိတ်ကျရောဂါမှာ ပို၍ပို၍ အခြေအနေ ဆိုးရွားလာသည်။ ဆရာဝန် တိုက်ကျွေးသော စိတ်ကျရောဂါပျောက်ဆေးများ အဆက်မပြတ် သောက်သုံးနေသော်လည်း ထူးခြား သက်သာ မလာပါ။ နောက်ဆုံး ၁၉၆၃ခုနှစ်၊ ဖေဖော် ၀ါရီလ ၁၀ရက်နေ့တွင် ပလာ့သ်တစ်ယောက် ဓာတ်ငွေ့သုံး မီးဖိုထဲသို့ ဦးခေါင်းကို ထိုးသွင်းကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သတ်သေ သွားလေတော့သည်။
သစ်စိုး
ဇန်န၀ါရီ ၂၅၊ ၂၀၁၁ခုနှစ်။
No comments:
Post a Comment