Thursday, June 17, 2010

ပလပ်စတစ်အရေခွံ

သူမရဲ့ ခန္ဓာကိုယ်ပေါ်က အ၀တ်အားလုံး ကြမ်းပြင်ပေါ်ပုံကျသွားကြပြီ
ရုပ်ဖျက်ထားတဲ့မုန်တိုင်းတစ်ခုလို တိတ်ဆိတ်တဲ့ခြေလှမ်းတွေနဲ့ သူမ
ငါဆီ ချဉ်းကပ်လာနေရဲ့
အဲ့ဒီခဏ၊ ငါ့ကိုငါ မေ့လျော့သွားခဲ့တယ်
သူမ ပြုံးလိုက်ရဲ့
နှင်းဆီပွင့်ဖက်လေးတစ်ခုကို မနက်ခင်းလေပြည်က နိုးထစေသလိုမျိုး
ငါ့နှလုံးသားထဲမတော့ တောမီးလောင်သွားစေမယ့် မုန်တိုင်းတစ်ခုလိုမျိုး
ထားလိုက်၊ ဘယ်သူမှ မငြိမ်းသတ်လိုက်ကြပါနဲ့ ။
သူမရဲ့ အနမ်းတွေကို ငါယုံကြည်တယ်
ကောင်းကင်ဘုံရဲ့ အိပ်မက်တချို့ကို ငါ့နှလုံးသားထဲမှာ စိုက်ပျိုးခဲ့လိမ့်မယ်လို့
ငါ မျှော်လင့်ထားခဲ့တယ်
ရေခဲတောင်တစ်ခုကိုတောင် အရည်ပျော်သွားစေမယ့် နှုတ်ခမ်းတစ်စုံနဲ့
သူမ ငါ့ကိုနမ်းပစ်လိမ့်မယ်လို့ ။
တကယ်တော့ ငါထင်သလိုမဟုတ်ခဲ့ပါဘူး
ငါ့နှုတ်ခမ်းတွေက ငါ့ကို ပြန်ပြောနေရဲ့
သူတို့ တကယ်နမ်းရှိုက်လိုက်မိတာက
ပလပ်စတစ်အရေခံတတ်ထားတဲ့ အေးစက်စက်နှုတ်ခမ်းတစ်စုံကိုတဲ့ ။
ရုတ်တရက် တွန်းဖယ်ပစ်လိုက်တဲ့ ငါ့လက်ချောင်းတွေကို
သူမ တအံ့တသြကြည့်နေရဲ့
ပြီးတော့၊ အဖျားတက်တုန်ရီနေတဲ့ မေးခွန်းတွေ
သူမရဲ့ နှုတ်ခမ်းဖျားကနေ ထွက်ကျလာတော့တယ် ။
မြစ်တွေထက်ရှည်လျားတဲ့ စကားလုံးတွေနဲ့ ငါ ရှင်းပြနေသေးရဲ့
သူမရဲ့ ခန္ဓာကိုယ်ပေါ်ရောက်နေတဲ့
အဲ့ဒီ အေးစက်စက် ပလပ်စတစ်အရေခွံတစ်ခုအကြောင်း
ဒါပေမယ့်၊ သူမကတော့ အခိုင်အမာယုံကြည်နေဆဲပေါ့
ဒါတွေဟာ သူမခန္ဓာကိုယ်ရဲ့ တောက်ပတဲ့အသားစတွေလို့ ။
အဲ့ဒီနောက်တော့ သူမရဲ့ကိုယ်ပေါ်က ပလပ်စတစ်အရေခွံတစ်ခုက
သူမနဲ့ ငါ့ကြားမှာ မိုင်ပေါင်းများစွာ ဝေးကွာစေတော့တာပါပဲ။
နောက်ထပ်လည်း နှလုံးသားပေါင်းများစွာ ။
မှန်တစ်ချပ်ရဲ့ ရှေ့မှာ သူမရပ်နေရဲ့
သူမကိုယ်သူမ စူးစမ်းနေပုံပါပဲ
မျက်နှာပေါ်က အညစ်အကြေးတချို့ကို ရေနဲ့သန့်စင်လိုက်တယ်
ဒါပေမယ့် ဒါဟာ သူမရဲ့ ပလပ်စတစ်အရေခွံကိုတော့
ကွာကျမသွားစေနိုင်ဘူးပေါ့
စိတ်ရှုပ်ထွေးစွာနဲ့ ငါ့ကို တစ်ချက်လှမ်းကြည့်လိုက်ရဲ့
အဲ့ဒီနောက် အရင်နေ့များစွာအတိုင်း အခန်းအပြင်ကို ထွက်သွားတော့တယ် ။
သူမ ဘယ်ကိုသွားလိမ့်မယ်ဆိုတာ ငါ မသိဘူး
စာသင်ကျောင်းတွေဆီကိုလား၊ ဒါမှမဟုတ် ဘုရားကျောင်းတွေဆီကိုလား
ရုပ်ရှင်ရုံတွေ၊ ဒါမှမဟုတ် ယဉ်ကျေးမှုအခမ်းအနားတစ်ခုခုဆီ
သူမ ရောက်ရှိနေမှာလား ။
သေချာတာတစ်ခုတော့ ငါသိနေရဲ့
သူမပြန်ရောက်လာတဲ့အခါ၊ ပိုပြီးထူထပ်ရှုပ်ထွေးတဲ့ ပလပ်စတစ်အရေခွံတွေ
သူမကိုယ်ပေါ် ကပ်ပါလာမယ်ဆိုတာပါပဲ ။
အခန်းတံခါးဖွင့်သံကြားလိုက်ရတယ်၊ သူမပြန်ရောက်လာပြီထင်ရဲ့
မဟုတ်ဘူး၊ သူမပြန်ရောက်လာတာမဟုတ်ဘူး
ဒါ အေးစက်တဲ့ ပလပ်စတစ်အရေခွံတစ်ခု ပြန်ရောက်လာတာ
နောက်ဆုံးတော့ ငါ ရွံရှာဖူးတဲ့ တခြားသောသူတွေအတိုင်းပေါ့
သူမကိုယ်ပေါ်မှာလည်း ထူထပ်တဲ့ ပလပ်စတစ်အရေခွံတစ်ခုက
အခိုင်အမာရောက်ရှိနေခဲ့ပြီ ။
သူမလျှောက်လာတယ်။ အိပ်ရာပေါ် လဲကျနေတဲ့ ငါဆီ
သူမပြောနေရဲ့ ၊ပလပ်စတစ်အရေခွံတတ်ထားတဲ့ စကားလုံးတချို့နဲ့
သူမနမ်းလိုက်ရဲ့ ၊ ပလပ်စတစ်အရေခွံတတ်ထားတဲ့ နှုတ်ခမ်းအစုံနဲ့
သူမဖတ်ထားရဲ့
ပလပ်စတစ်အရေခွံတတ်ထားတဲ့ အေးစက်စက်လက်ချောင်းရှည်တွေနဲ့
ပြီးတော့ ငါ့ကိုချစ်နေရဲ့ ၊ ပလပ်စတစ်အရေခွံတတ်ထားတဲ့ နှလုံးသားတစ်ခုနဲ့ ။
ငါလိုချင်တာ မိတ်ကပ်လိမ်းထားတဲ့ နှင်းဆီပွင့်တွေ မဟုတ်ဘူးလို့
သူမကို အော်ပြောလိုက်မိရဲ့
ပြီးတော့ သူမကိုယ်ပေါ်က ပလပ်စတစ်အရေခွံကို ငါ့လက်ချောင်းတွေနဲ့
ဆုတ်ဖြဲပစ်လိုက်တယ် ။
ဘယ်မှာလဲ
သူမယုံကြည်ထားသလို လူ့ခန္ဓာကိုယ်ရဲ့ သွေးတစ်စက်မှ ထွက်ကျမလာဘူး
ဒါပေမယ့် သူမကတော့
အသားစတွေစုတ်ပြဲသွားသလို နာကျင်စွာအော်ဟစ်နေလေရဲ့ ။
ပြီးတော့ ငါ့ကိုအတင်းအကျပ် ဖက်တွယ်ထားရင်းက သူမ ငိုကြွေးနေ
နောက်တော့ ငါ့ပုခုံးပေါ် သူမရဲ့ မျက်ရည်တချို့ လိမ့်ဆင်းလာတော့တယ်
ဘယ်လောက် စိတ်ရှုပ်ထွေးစရာပါလဲ
အဲ့ဒီမျက်ရည်စက်တွေကတော့ ပလပ်စတစ်အရေခွံမဲ့တဲ့
လူသားရဲ့ အစစ်အမှန် မျက်ရည်စက်တွေ ဖြစ်နေပြန်ရဲ့ ။


(အမဲလိုက် အက ကဗျာစာအုပ်မှ )
မြင့်မိုးအောင်

ရန်ကုန်မြို့ မှာ မိုးတွေရွာနေတဲ့ရက်တွေဆို အပြင်ကို မထွက်ဖြစ်သလောက်
အခန်းထဲမှာ ကျဉ်းကြပ်လှောင်ပိတ်
နံရံတွေရဲ့ အခြားတစ်ဖက်ဘာတွေများရှိနေနိုင်မလည်းဆိုတဲ့ အတွေးကို
အဓိပ္ပါယ်မဲ့တွေးနေမိတယ်။
ဘယ်ကိုမှလည်း မဆက်သွယ်ဖြစ် တစ်စုံတရာကို မျှော်လင့်နေမိတဲ့ အတွေးတွေ
၊တစ်စုံတရာကိုတောင့်တနေတဲ့ရှင်သန်နေခြင်းတွေ အေးစက်နေပြီလား။
အတုအယောင်မြတ်နိုးမှုအယောင်ဆောင်ထားတဲ့ အေးစက်ခြင်းတွေ ကျွန်တော်တို့ရဲ့
နာကျင်ခြင်းတွေပေါ်တဖွဲဖွဲရွာကျနေချိန်မှာပဲဆရာမြင့်မိုးအောင်ရေးသားသော“ပလပ်စတစ်အရေခွံ”ကဗျာကိုရေရွတ်နေမိတယ်။
ဒီရက်ထဲ နေထိုင်ခြင်းမှာ အဆင်မပြေမှုတွေများလာတယ်။
လိုအပ်ချက်တွေများစွာနဲ့ပိုမိုကျဉ်းမြောင်းလာနေတဲ့ နေ့စဉ်ဘဝရဲ့
ရှင်သန်ခြင်း၊
အောင်မြင်လိုမှု၊အလိုမကျခြင်း၊အဆင်မပြေခြင်းတွေကို အမှတ်ရချက်များအနေနဲ့
ဆရာမြင့်မိုးအောင်ရေးသားသော “ပလပ်စတစ်အရေခွံ”ကဗျာကို
ပြန်လည်ဖော်ပြလိုက်ပါတယ်။




အောင်ပိုင်စိုး

No comments: