Monday, April 12, 2010

ဆေးလိပ်ဖြတ်လိုက်တယ်၊ဆံပင်ဖြတ်လိုက်တယ်၊နောက်အနုပညာကိုပါယောင်ပြီး ဖျက်လိုက်မိတယ်။

သက်တောင့်သက်သာဖြစ်စေရန်ကဗျာစာအုပ်တစ်အုပ်ကိုကောက်လှန်နေလိုက်တယ်။ဝါကျများ၊လိုင်းများစီစဉ်ထားပုံ၊ကဗျာတွေရွေ့
လျားစီးစင်းသွားပုံ၊မျက်နှာဖုံးပန်းချီ၊LayOut ဒီဇိုင်း၊တန်ဖိုး၊ခေတ်ကို ကိုယ်စားပြု၏/မပြု၏ ။လန့်ပြီး ဖတ်လက်စ ကဗျာစာအုပ်ကိုပြန်ချထားလိုက်တယ်။မနေ့ကမပြောဖြစ်ခဲ့သမျှစာသားတွေကအခုဒီစာမျက်နှာမှာ
ကဗျာရေးတော့မှကဗျာလိုင်းတွေထဲအစီအစဉ်မကျခုန်ဝင်လာကြတယ်။လိုင်းတွေကျဲသွားတယ်။ရှေ့နောက်နေရာအစီအစဉ်
တွေပျက်ပြားသွားတယ်။စကားလုံးတွေရောနှောပျံ့နှံ့သွားတယ်။စိုးရိမ်စိတ်ဝင်ပြီး နားထဲမှာလည်း
ထပ်တလဲလဲပဲ့တင်ထပ်နေတော့တယ်။“ဆေးလိပ်ဖြတ်လိုက်တယ်၊ဆံပင်ဖြတ်လိုက်တယ်၊နောက်အနုပညာကိုပါ
ယောင်ပြီးတော့ ဖျက်လိုက်မိတယ်”။အစီအစဉ်အတိုင်းမဖြစ်မြောက်ပေမယ့်ဒီဝါကျတွေကိုရေးနေတဲ့ကဗျာထဲ
ရောထည့်လိုက်တယ်။ဆက်ပြီး အရေးအသား၊ ၀ါကျဖွဲ့ထုံး၊ ကံ၊ ကတ္တား၊ နာမ်၊ နာမ်မ၀ိသေသန၊ ကြိယာ၊ ကြိယာဝိသေသန၊ ပုဒ်ထီး၊ပုဒ်မတွေကိုလိုအပ်နေပေမယ့် ဒီကဗျာထဲမှာတော့ ချန်ရစ်ခဲ့တော့မယ်။လိုသလို
ဖြည့်စွက်ဖတ်ရှု့နိုင်သည်ဆိုတဲ့အကြောင်းကိုလည်းတစ်ခါတည်းပြောခဲ့လိုက်မယ်။“ လမ်း/လန်း ချင်းတူရင် လူချင်းတွေ့မှာပါ”
လူချင်းမတွေ့နိုင်ပေမယ့်လမ်းတွေရှိနေပါသေးတယ်။လန်းလို့ရသေးတယ်၊လန်းနေချင်သေးတယ်။သေချာပါတယ်၊မေ့မေ့ပျောက်
ပျောက်မဟုတ်တောင်Gtalk ထဲမှာတွေ့ဖူးသလိုလို၊VZO နဲ့စကားပြောဖူးတော့ သလိုလို၊Facebook
ထဲမှာသူငယ်ချင်းဖြစ်နေသလိုလို၊ မင်္ဂလာပါ၊Hello! ၊တွေ့ရတာဝမ်းသာပါတယ်၊နေကောင်းလား၊
Long time no see. ၊နူတ်ဆက်ပါတယ်၊ နောက်ထပ်တွေ့ကြတာပေါ့၊ကောင်းသောနေ့/ည
ဖြစ်ပါစေ Bye Bye :) စသဖြင့် စသဖြင့် အချက်အလက်စုံလင်စွာအပြင်ဖက်ထွက်ရပ်ပြီး လက်ကိုင်ဖုန်းပြောသလို ပြောနေမိတယ်။

ကျေနပ်နေတယ်မဟုတ်လား၊၀မ်းမြောက်နေတယ်မဟုတ်လား။ဒီနေ့၊မနက်ဖြန်၊နောင်လာမယ့်နှစ်ပေါင်းများစွာ
ဘယ်လိုပဲပြောပြော၊ဘယ်လိုပဲဆိုဆို မင်းက အင်ဂျင်နီယာကြီး၊ဘာဆေးသောက်သောက်၊ဘာဆေးပဲထိုးထိုး ဘာမှမတိုးတော့တဲ့မင်းကဆရာဝန်ကြီးဘ၀ထဲကို ခုန်ဝင်လာတဲ့စူပါဖရိုက်ဒေး ဆိုလား၊ဘာလား။ အဲဒီနေ့မှလာခဲ့ကွာ။တွေ့ကြတာပေါ့၊အခုတော့
နေရစ်တော့။စကားတွေအမျှင်မပြတ်တမ်းပြောရင်းစိတ်တွေလွင့်လွင့်လွတ်မြောက်နေတာလေ။မနက်ဖြန်ထပ်လာခဲ့ရဦးမှာလား၊နောက်တစ်နေ့ထပ်မံချိန်းဆိုရဦးမှာလား၊ထပ်မတွေ့တော့တာပဲကောင်းမှာလား၊အဖြေမရှိတော့တဲ့မေးခွန်းတွေချည်းပဲဆက်တိုက်
၊မောနေပြီလား။လွမ်းနေသေးလား။မဖြေပေမယ့်မေးခွန်းတွေပဲထပ်မေးနေမိတယ်။ဒီလောက်ဆို ဖတ်ရတာအဆင်ပိုပြေမှာလား။ အပေါ့၊အငန်၊ အစပ် အတွဲအဆက်၊ အနက်အဓပ္ပါယ် ချိတ်ဆက်မိရဲ့လား။ လူလုပ်လောကကြီးထဲ
ပါဝင်သက်ရောက်နိုင်မှုရှိ/
မရှိ။အဆင်မပြေတာရှိရင်လည်းပြင်ဆင်ဖတ်ရှု့လိုက်ကွာ။ကိုကြည်ဇော်အေးကဗျာထဲမှာ(၃၃)လမ်းဟာ ခေတ်မရှိတော့ဘူးတဲ့။
မြိတ်ပီတာစဘတ်ကိုရွေ့ပြောင်းသွားတဲ့ ကိုပိုင်ကလည်း“ငါတို့ကအထက်တန်းစားကဗျာဆရာတွေ မဟုတ်ခဲ့ဘူး” ဆိုပြီးငြင်းဆန်သွားဖူးတယ်။ထပ်ပြောခဲ့မယ် (၃၃)လမ်းဟာ လမ်းတိုလေးပါ၊(၃၃)လမ်းဟာ လမ်းဖြောင့်ကလေးပါ၊
(၃၃)လမ်းဟာ အခုခေတ်မရှိတော့ပါဘူး။

အခုရေးနေတဲ့ကဗျာ ဟာ ဆိုလိုရင်း / လိုရင်းရောက်မရောက်။ရည်ရွယ်ထားတဲ့သက်မှတ်ချက်ပြည့်မှီနိုင်/ ပြည့်မ မှီနိုင်။အစကနေ နောက်တစ်ခေါက်လောက် ရွတ်ပြနိုင်ရင်ပိုပြီးကောင်းမလား။မန်ချက်စတာ ယူနိုက်တက် အသင်း
ဒီနှစ်ကာလင်းဖလားလေးတစ်လုံးပဲပိုင်ဆိုင်နိုင်မှာကိုရိပ်စားမိပါရဲ့။အိပ်လို့မရသေးဘူး၊အ၀တ်မလျှော်ရသေးဘူး၊အဆောင်ဖိုးမပေး
ရသေးဘူး၊ချစ်သူမရှိသေးဘူး၊လိုင်းလည်းကျနေတယ်၊ဘိုင်လည်းကျနေတယ်။အနာဂတ်ဆိုတာတိမ်တွေရွေ့လျားပုံသဏ္ဍာန်ပြောင်းနေသလိုမျိုးလေ။မင်းရယ်မောသံလေးထဲကို စက်ဘီးလေးစီးဝင်၊သစ်ကိုင်းခြောက်လေးပစ်ထည့် ကစလို့
“လမ်းပေါ်ထွက်ရပ်လိုက်တာနဲ့ ငါလည်းလက်လုပ်လက်စားပဲ”ကဗျာတစ်စနဲ့ပဲကိုဖီလာကိုသတိရ၊
ကဗျာပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ကဗျာယဉ်ကျေးမှုအဆင့်တိုးမြှင့်ပေးရေး၊မှတ်ပုံတင်ကြေးပေးသွင်းပြီးကဗျာဆရာပါတီထူထောင်ရေး၊ကဗျာဆရာများစည်းလုံးညီညွတ်ရေး၊ကဗျာဝါဒများတပြေးညီသက်မှတ်ရေး အစရှိသဖြင့် ကဗျာဟာအရှိန်အဟုန်နဲ့စီးဆင်းနေတုန်း
ညီလေးဒီညဘတ်(စ်)ကားခလေး/TAXI ဖိုးလေး မစခဲ့ပါဦးဆိုတာတွေ။
ကျေနပ်ပါတယ်၊စိတ်ထဲကသိကအောက်တော့ဖြစ်မိတယ်။ပါးရည်နပ်ရည်လူရည်လည်တဲ့ဆရာသမားလည်းနေရစ်ခဲ့တော့။ဒီမှာ
မုဆိုးကျော်ကြီးမြိုင်ရာဇာတွတ်ပီ“မရှောင်ရင်လွတ်တယ်”ဆိုတဲ့စကားတယ်မှန်ပါလားဗျ။ဒီလို ကျုံတိုင်းရွာတဲ့
မိုးဟာမစဲတမ်း ရွာနေတော့မှာလား။ကဗျာကိုဒီနေရာမှာတင်ရပ်တန့်လိုက်ဖို့ဆုံးဖြတ်မိတယ်။ဒီကဗျာဆုံးကာနီးတော့မှမေ့ကျန်နေရစ်တဲ့
အရသာရှိမှုလေးကို ကဗျာလိုရေးသားထားတဲ့ စာသားတွေ၊အရေးအသားတွေအပေါ်
အသာလေးကျဲချလိုက်တယ်။ဒီလိုဆိုပိုပြီး အဆင်ပြေမှာလား။ဒါမှမဟုတ်ဖတ်ပြီးတာနဲ့ပဲကဗျာကိုတစ်ခါတည်းဆုတ်ဖြဲပစ်လိုက်တာက
ပို၍ပို၍အဆင်ပြေစေမှာလား။ သင်္ကေတ၊နိမိတ်ပုံ၊၀ါဒ၊ဘာသာဗေဒတွေကိုအသုံးပြုပြီး ဖတ်လို့မကောင်းတဲ့ကဗျာကို ဒီစာမျက်နှာမှာတင်ခြေရာလက်ရာမပျက်အသေသတ်ပစ်လိုက်မယ်။ပြီးမှ Gtalk ထဲကနေ Sign Out လုပ်လိုက်သလို
ကဗျာဆရာဘ၀ထဲကနေ အခုပဲ Sign Out လုပ်ပြီးနူတ်ထွက်ခဲ့တော့မယ်။



အောင်ပိုင်စိုး
၁၂ ဧပရယ် ၂၀၁၀

2 comments:

မမသီရိ said...

ကဗျာဆရာဘ၀ထဲကတော့ sign out မလုပ်ပါနဲ့ကွာ

lanolay said...

ပိုပိုကဲလာတယ်လို့ ယူဆမိပါကြောင်း :)