Saturday, April 3, 2010

အွန်လိုင်း မြန်မာကဗျာများရဲ့ ဖြစ်ပေါ်တိုးတက်မှု

နိဒါန်း
ကျွန်တော့်ဆောင်းပါးအမည်က သစ်တွေ များနေပါတယ်။ ရာစုသစ်မှာ ကဗျာ့နေရာသစ်။
ဒါပေမဲ့ ဘယ်အသစ်မှ တကယ် မသစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ပဲ ပညတ်သဘောအရသာ ဒီ
ရာစုသစ်၊ နေရာသစ် ဆိုတဲ့ စကားလုံးတွေကို သုံးပြီး ကျွန်တော်ရေးတာ
ဖြစ်ပါတယ်။ ရာစုသစ်ဆိုတာ ၂၁ ရာစုနှစ်ဖြစ်ပြီး နေရာသစ်ဆိုတာကတော့
စာတမ်းရဲ့ ခေါင်းစဉ်ငယ်ထဲကအတိုင်း အွန်လိုင်းဝက်ဘ်ဆိုက်တွေကို
ရည်ညွှန်းပါတယ်။ အဲဒီတော့ ကဗျာရဲ့ နေရာဟောင်း၊ သို့မဟုတ်
လက်ရှိတည်ရှိပြီး၊ တည်တံ့ပြီး နေရာဆိုတာက ပုံနှိပ်စာမျက်နှာတွေပါပဲ။ လစဉ်
ထွက်နေတဲ့ မြန်မာမဂ္ဂဇင်းတွေရဲ့ ကဗျာကဏ္ဍစာမျက်နှာတွေနဲ့ တစ်လ တစ်လ ပျမ်းမျှ
တစ်အုပ်ကနေ ရံဖန်ရံခါ နှစ်အုပ် သုံးအုပ် ထွက်ရှိနေတဲ့ ကဗျာစာအုပ်တွေရဲ့
ပုံနှိပ်စာမျက်နှာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကဗျာရဲ့ တကယ့် အစစ်အမှန်နေရာဟာ
ကဗျာဖတ်သူရဲ့ နှလုံးသားသာ အရင်းခံ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ
ယုတ်စွအဆုံး ကဗျာရေးသူရဲ့ ခေါင်းထဲ ဟဒယထဲမှာတောင် ကဗျာက ရှိချင်မှ
ရှိပါတော့မယ်။
၂၁ ရာစုမှာ လူတွေဟာ အစစ်အမှန် လောကထဲမှာသာ နေကြ အချိန်ကုန်ကြတော့တာ
မဟုတ်ဘဲ အိုင်စီတီ နည်းပညာရဲ့ အထောက်အခံနဲ့ ဆိုင်ဘာလောကထဲမှာလည်း
တစ်စိတ်တစ်ပိုင်းအားဖြင့် နေကြ ရှင်သန်ကြလာနေပြီ ဖြစ်လို့ အဲဒီ လောက
အဲဒီနေရာမှာလည်း ကဗျာ ရှိလာပါတယ်။ ကဗျာကို တွေ့နိုင်လာပါတယ်။ အဲဒီ
အွန်လိုင်း ၀က်ဘ်ဆိုက်တွေပေါ်မှာလည်း ကဗျာကို တွေ့ရ၊ ဖတ်ရနိုင်၊
ကဗျာဖတ်သံ၊ ကဗျာရွတ်သံတွေကို နားဆင်ရနိုင်ပါတယ်။ အဲဒီမှာ
မြန်မာကဗျာတွေကိုလည်း တွေ့ရ၊ ဖတ်ရနိုင်တာဖြစ်တဲ့အတွက်
အွန်လိုင်းဝက်ဘ်ဆိုက်တွေကို မြန်မာကဗျာရဲ့ နေရာသစ်အဖြစ် ကျွန်တော်
မိတ်ဆက်တင်ပြလိုရင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အသစ်ဆိုတာ ထူးခြားခြင်း၊
ကောင်းမွန်ခြင်း၊ အဟောင်းကို အစားထိုးရန် အလားအလာရှိခြင်း ဆိုတာတွေထိ
မရည်ညွှန်းပဲ မရှိဖူးသေးသော အခြားနေရာ အဖြစ်သာ ရိုးရိုးလေး
ညွှန်းဆိုလိုပါတယ်။

အွန်လိုင်းကဗျာများရဲ့ အစ
ပိုအက်ထရီဒေါ့အော့ အွန်လိုင်းမဂ္ဂဇင်း ဖေဖေါ်ဝါရီထုတ်မှာ အယ်ဒီတာအဖွဲ့က
စီစဉ်တင်ဆက်တဲ့ ဆောင်းပါးတစ်ပုဒ် ပါခဲ့ပြီး အဲဒီမှာ ၂၀၀၀ ကနေ ၂၀၀၉ အထိ
ဆယ်စုနှစ်အတွင်း ကဗျာဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ် ထင်ရှားတဲ့ ကဗျာဆရာများ
ဝေဖန်ရေးဆရာများရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို ဖော်ပြထားခဲ့ပါတယ်။
အဲဒီမှာ ဖစ်ရှ်ဟောက်စ်ဆီက (From the Fishouse)ဆိုတဲ့
အွန်လိုင်းမဂ္ဂဇင်းကို တည်ထောင်သူနဲ့ အယ်ဒီတာဖြစ်တဲ့ ကမ်မီလီ ဒန်ဂျီက
“ပြီးခဲ့တဲ့ ဆယ်စုအတွင်း အင်တာနက်က ကဗျာရှာဖွေ ဖတ်ရှုပုံကို တော်လှန်
ပြောင်းလဲပစ်ခဲ့ပါတယ်။ ၀ါရင့် စာဖတ်သူတွေနဲ့ ရည်ရွယ်ချက်ကြီးတဲ့
စာရေးဆရာတွေဟာ သူတို့ ဖတ်ချင်တဲ့ စာအုပ်တွေနဲ့ အသားတကျရှိနေခိုက်မှာပဲ
ဝက်ဘ်စာမျက်နှာတွေထဲ ရောက်လာပြီး ကဗျာအတွက် ကြွယ်ဝတဲ့
အရင်းအမြစ်တွေရှိနေတာကို ရှာတွေ့လာကြတယ်။ ထုတ်ဝေသူတွေအတွက်
တုန်လှုပ်စရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါဟာ အကောင်းဘက် အပြောင်းအလဲပဲလို့
ထင်တယ်။ များသထက် များလာတဲ့ လူတွေဟာ လွယ်လင့်တကူ ရှာဖွေ ဖတ်နိုင်တဲ့အတွက်
ကဗျာကို ပိုဖတ်လာကြတယ်။ မိမိရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ စာဖတ်သူတွေဟာ
သူတို့ အရင်က ၀ယ်နေကျအတိုင်း ကဗျာစာအုပ်တွေကိုလည်း ၀ယ်ဖတ်ကြတာ
တွေ့ရပါတယ်”လို့ ဆိုထားပါတယ်။
နှိုင်းယှဉ်ပြီး ပြောရရင် မြန်မာအွန်လိုင်းကဗျာတွေရဲ့ အစကို လိုက်ရင်လည်း
ကဗျာကို အထူးပြုတင်ဆက်နေတဲ့၊ အွန်လိုင်းမြန်မာကဗျာဖတ်သူများကြား
ထင်ရှားတဲ့ လမ်းအိုလေး ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ ၁၉၉၈မှာ
စခဲ့ကြောင်းတွေ့ရပါတယ်။ ဒီကဗျာဝက်ဘ်ဆိုက် သေးသေးလေးကို စတင်ခဲ့တဲ့သူဟာ
စိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်တွေ မတရားကျဆင်းညှိုးနွမ်းနေတဲ့
ဝေးတစ်မြေရောက် ကဗျာချစ်သူ မြန်မာတစ်ဦးဖြစ်ပြီး သူနှစ်သက်တဲ့
မြန်မာကဗျာတွေကို ရေးသားလွှင့်တင်ရင်းကနေ ဒီ ၀က်ဘ်ဆိုက်လေး
စတင်ရှင်သန်ခဲ့တာလို့ သိရပါတယ်။ ၂၀၀၈ နိုဝင်ဘာအထိ တခြား ၀တ္ထုတို၊
ဆောင်းပါး စတာတွေ အပါအ၀င် ကဗျာပုဒ်ရေ ၅၅၀ ဒီဝက်ဘ်ဆိုက်ထဲမှာ ရှိနေကြာင်း
သူ့ဝက်ဘ်ဆိုက်ရဲ့ ဟစ္စထရီဖိုင်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအီးဘုခ်ဝက်ဘ်ဆိုက်နှင့် အွန်လိုင်းကဗျာ
၂၀၀၃ ခုနှစ်မှာ ဖော်အဲဗာစပေ့စ်ဒေါ့ကွမ်ဒေါ့အမ်အမ်ကို ၀က်ဘ်ပေါ်တယ် (Web
Portal)အဖြစ် မြန်မာနိုင်ငံမှာ လွှင့်တင်ခဲ့ပြီး မြန်မာအီးဘုခ်များကို
တရားဝင် အွန်လိုင်းပေါ်တင် ရောင်းချခဲ့ပါတယ်။ မြန်မာ စာအုပ်စာပေနဲ့
အနုပညာဆိုင်ရာ သတင်းများ၊ အကြောင်းရပ်များကိုလည်း အွန်လိုင်းစာစောင်အဖြစ်
ပုံမှန်တင်ပေးခဲ့တာ တွေ့ရပါတယ်။ ယေဘုယျအားဖြင့် ထင်ရှားသော အခြား
ပြည်တွင်းဝက်ဘ်ဆိုက်များ ရှိနှင့်ပြီး ဖြစ်ပေမဲ့ ယခု ဖော်ပြပါ
ဝက်ဘ်ဆိုက်ထဲ အီးဘုခ် တင်ရောင်းချရာမှာ ပုံနှိပ်ထုတ်ဝေပြီးတဲ့
မြန်မာကဗျာစာအုပ်တွေကို (အခြား စာအုပ်အမျိုးအစားများနည်းတူပဲ)
အီးဘုခ်ပုံစံနဲ့ ၀ယ်ယူနိုင်ခြင်းနဲ့ ကဗျာကို အထူးပြုတဲ့ ကဏ္ဍများ
ထည့်သွင်းတင်ဆက်ခဲ့တဲ့အတွက် အချို့ အွန်လိုင်းစာဖတ်သူတွေ၊ အထူးသဖြင့်
ကဗျာချစ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ အဲဒီ ၀က်ဘ်ဆိုက်ပေါ်က
ပင်မရေစီးထဲက ကဗျာ၊ ကဗျာထဲက ပင်မရေစီး ဆိုတဲ့ ကဏ္ဍမှာ
ကဗျာဆရာများကိုယ်တိုင် ကဗျာဖတ် /ရွတ် ထားတဲ့ အသံဖိုင်များကို
တင်ပေးထဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါဟာ အွန်လိုင်းပေါ်က
မြန်မာကဗျာအသံဖိုင်တွေရဲ့ အစလို့လည်း အကြမ်းဖျင်းဆိုနိုင်ပြီး ကဗျာဆရာ ၉
ဦး သူတို့ရဲ့ ကဗျာတွေကို ကိုယ်တိုင် ရွတ်ဆိုထားတဲ့ အသံတွေပဲ ဖြစ်ပါတယ်။
“မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တစ်ပြက် ရုပ်ပုံလွှာ”ဆိုတဲ့
ကဗျာညွန့်ပေါင်းစာအုပ်ကိုလည်း အီးဘုခ်ပုံစံနဲ့ ထုတ်ဝေပေးခဲ့ပါတယ်။ ၂၀၀၇
ခုနှစ်ရဲ့ နောက်ဘက်ပိုင်းမှာတော့ ဒီအီးဘုခ်စတိုးရဲ့
အွန်လိုင်းစာစောင်ကဏ္ဍလည်း ရပ်ဆိုင်းသွားတာ တွေ့ရပြီး အီးဘုခ်လက်လီရောင်း
ဝက်ဘ်ဆိုက်အဖြစ်သာ ဆက်တည်ရှိနေပါတော့တယ်။

ဘလော့ဂ်များနှင့် မြန်မာကဗျာ
၁၉၉၉ ခုနှစ်ခန့်မှာ အင်တာနက်ဝက်ဘ်ဘလော့ဂ်များ စတင်ပေါ်ပေါက်လာခဲ့ပြီး
ဒီဘက် ရာစုသစ်ရောက်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ တွင်ကျယ်
အသုံးများလာခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ မြန်မာဘာသာနဲ့ ရေးတင်တဲ့
မြန်မာဘလော့ဂါများ ပေါ်ထွက်လာခဲ့ပြီး အဲဒီထဲမှာ ကဗျာဘလော့ဂ်များလည်း
ပါဝင်ခဲ့ပါတယ်။ စာပေအနုပညာ နဲ့ ဖန်တီးခြင်းကို စတင်စိတ်ဝင်စားတဲ့
လူငယ်များဟာ ကဗျာနဲ့ စလေ့ စမ်းလေ့ရှိတဲ့အတိုင်း ဘလော့ဂ်ရေးတဲ့
စာပေ၀ါသနာရှင် လူငယ်တွေလည်း သူတို့ အရေးအသားကို ထားဖို့ နေရာ
အွန်လိုင်းမှာ ရှာတွေ့သွားတယ်လို့ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။
သူတို့မတိုင်ခင်က အရင်မျိုးဆက် လူငယ်များ လက်ရေးစာစောင်၊ နံရံကပ်စာစောင်၊
စာကူးစက်ကဗျာတွေကို သူတို့ရဲ့ ကွင်းစမ်းတဲ့ နေရာအဖြစ် တွေ့ရှိသွားသလို
ဒီလူငယ်တွေဟာလည်း သူတို့ ခေတ် သူတို့အခါမှာ သူတို့ ကျင်လည်ကျက်စားရာ
လောကအသစ်ဖြစ်တဲ့ ဆိုင်ဘာလောကထဲမှာ သူတို့ကဗျာကို တင်ဖို့ နေရာ သူတို့
တွေ့ရှိသွားကြတာပါပဲ။ ထူးခြားချက်က သူတို့ရဲ့ လောကသစ် နေရာသစ်ဟာ
ဒီဂျစ်တဲလ်ပုံစံနဲ့ ဖန်တီးတည်ဆောက်ထားတာ ဖြစ်တဲ့အတွက် မူပွားနိုင်စွမ်း၊
ဖြန့်ဖြူးနိုင်စွမ်း ကြီးမားလှတဲ့ အချက် ဖြစ်ပါတယ်။ ဘလော့ဂ်ကဗျာရေးသူ
လူငယ်တွေဟာ သူတို့ ဖန်တီးရေးသားတဲ့ ကဗျာတွေကို သူတို့ရဲ့ ဘလော့ဂ်ပေါ်မှာ
တင်ရုံသာမက သူတို့ ဖတ်ဖူး၊ နှစ်သက်ဖူးတဲ့၊ ဖတ်ရ၊ နှစ်သက်ရတဲ့
ပုံနှိပ်မီဒီယာတွေက ကဗျာတွေကိုလည်း တင်ကြ မျှဝေကြပါတယ်။ ၂၀၀၇ ခုနှစ်
ကမ္ဘာ့ကဗျာနေ့မှာ မြန်မာအီးဘုခ်အွန်လိုင်းရဲ့ အယ်ဒီတာအနေနဲ့ အဲဒီ
အွန်လိုင်းမြန်မာကဗျာတွေရဲ့ အလားအလာကို ကြိုဆိုရေးသားခဲ့တဲ့ သ၀ဏ်လွှာမှာ
အဲဒီ အွန်လိုင်းကဗျာတွေရဲ့ လက္ခဏာကို ကျွန်တော် အကြမ်းဖျင်း ဒီလို သုံးသပ်
တင်ပြခဲ့ပါတယ်။
“… ဆိုင်ဘာလောကဟာ အခြားသော ဒိုင်မင်းရှင်းအနေနဲ့ တည်ရှိလာနိုင်မှာ
ဖြစ်ပြီး အဲဒီနေရာဟာ ကဗျာဖတ်သူနဲ့ ကဗျာရေးသူအတွက် ကဗျာကို ယင်းရဲ့
တန်ဖိုးနဲ့ လျော်ညီစွာ တူးဆွ စုပ်ယူနိုင်မယ့် နေရာ ဖြစ်လာနိုင်ဖွယ်
ရှိနေပါတယ်။
ဖလှယ်တန်ဖိုးများနဲ့ ဆက်ဆံခြင်းမရှိတဲ့ နေရာ၊ လိုရာ အနက်ကောက်ကာ
ကန့်သတ်လိုသည့် သူများနှင့် ဆက်ဆံရန် မရှိတဲ့နေရာ၊ ယုတ်စွအဆုံး
နာမည်ဂုဏ်သတင်းနဲ့ပင် (ကဗျာရေးသူ ဆန္ဒမရှိပါက) ဆက်နွှယ်ဖို့
မလိုအပ်တဲ့နေရာ၊ မနာယူလိုသူတွေအတွက် အနှောင့်အယှက်မပေး နာယူလိုသူအတွက်
အလှမ်းမဝေးတဲ့နေရာ ဒီနေရာမှာ ကဗျာဆရာအသစ်တို့ ကိုယ့်လိပ်ပြာကို
ကိုယ်တာဝန်ယူပြီး လောကနှင့် မိမိကိုယ်တိုင်ကို အနက်ရှိုင်းဆုံး တူးဆွ
ထွန်ယက်ကာ ကဗျာကို စိုက်ပျိုးနိုင်ကြပါလိမ့်မယ်။”
(၁)။ ဖလှယ်တန်ဖိုးတို့နဲ့ ဆက်ဆံခြင်းမရှိတဲ့ နေရာ။ အမှန်က
ပုံနှိပ်မီဒီယာမှာလည်း ကဗျာအတွက် စာမူခဟာ စာဖွဲ့လောက်တဲ့ တန်ဖိုးကို
ရနိုင်တာ မဟုတ်ပေမဲ့ ဖလှယ်တန်ဖိုး တစ်စုံတစ်ရာတော့ ရှိနေနိုင်ပါတယ်။
အွန်လိုင်းကဗျာကတော့ လုံးဝ အကျိုးအမြတ်မမျှော်ကိုတဲ့ ပုံစံလို့
ဆိုနိုင်ပါတယ်။
(၂)။ လိုရာ အနက်ကောက်ကာ ကန့်သတ်လိုသည့်သူများနှင့် ဆက်ဆံရန် မရှိတဲ့နေရာ။
သမားရိုးကျ မီဒီယာကနေ ကဗျာဟာ ကဗျာရေးသူဆီကနေ ကဗျာဖတ်သူဆီ သွားတဲ့
လမ်းခရီးမှာ အယ်ဒီတာ အစရှိသဖြင့် အခြားကိုယ့်ကဗျာကို အဆုံးအဖြတ်ပေးမယ့်
သူများနဲ့ မလွဲမသွေ ထိတွေ့ဆက်ဆံရပါလိမ့်မယ်။ အွန်လိုင်းကဗျာမှာတော့
လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ဆိုင်ဘာလောကရဲ့ အချင်းအရာအဖြစ် မူလကတည်းက
ရရှိထားပြီးသားလို့ ဆိုရပါမယ်။
(၃)။ ယုတ်စွအဆုံး နာမည်ဂုဏ်သတင်းနဲ့ပင် (ကဗျာရေးသူ ဆန္ဒမရှိပါက) ဆက်နွှယ်ဖို့
မလိုအပ်တဲ့နေရာ။ အွန်လိုင်းမှာ ကဗျာရေးသူ ဆန္ဒမရှိရင်
လူချင်းတွေ့ဆုံဆက်ဆံဖို့၊ လူလုံးပြဖို့ဆိုတဲ့ ကိစ္စရပ်တွေက ဘယ်လိုမှ
မရှိနိုင်ပါဘူး။ ပြင်ပလောကမှာသာ ရေးသူနဲ့ အယ်ဒီတာ တွေ့ဆုံဆက်ဆံမှု၊
မီဒီယာမှာ လူလုံးထွက်ပြကာ ကျော်စောထင်ရှားခြင်းကို ရယူခံစားနိုင်မှုတွေဟာ
ကာယကံရှင်ရဲ့ ဆန္ဒမရှိဘဲ၊ ဒါမှမဟုတ် ဆန္ဒ သပ်ပြင်းပြမှု မရှိဘဲလည်း
အကြောင်းအလှည့်သင့်ရင် ကြုံနိုင် ရနိုင်ပါတယ်။ ဆန္ဒရှိသူ၊
သာယာတတ်သူတွေဟာလည်း အမှတ် ၁ ဖလှယ်တန်ဖိုး (တည့်တည့်ဆိုရရင် ငွေကြေး)
ပြောပလောက်အောင် ကဗျာနဲ့ ရှာဖွေ မရနိုင်တာ မှန်ပေမဲ့
နာမည်ဂုဏ်သတင်းကိုတော့ ရနိုင်ပြီး အချို့ ကဗျာဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့
ကျော်ကြားတဲ့ ကဗျာဆရာအဖြစ်ကို နှစ်သက်တန်ဖိုးထားလွန်းကြတာ
တွေ့နိုင်ပါလိမ့်မယ်။ “ဒီထက် တော်တဲ့ ကဗျာဆရာ ဖြစ်ချင်ပါတယ်”ဆိုတဲ့
ကဗျာဆရာ အတော်များများ တွေ့ရနိုင်ပါလိမ့်မယ်။
(၄)။ မနာယူလိုသူအတွက် အနှောင့်အယှက်မပေး နာယူလိုသူအတွက် အလှမ်းမဝေးတဲ့
နေရာ။ အွန်လိုင်းမီဒီယာဟာ လိုသူအတွက် လိုရာကို ရွေးယူနိုင်တဲ့၊
တစ်နည်းအားဖြင့် မိမိစိတ်မ၀င်စားရာ ၀က်ဘ်စာမျက်နှာတွေကို
မောက်စ်ကလစ်မနှိပ်ရုံ (အပြုအမူကလေး)မျှနဲ့ ရှောင်လွှဲသွားနိုင်တဲ့ နေရာ
ဖြစ်ပါတယ်။ ပုံနှိပ်မီဒီယာမှာတော့ အများကို လွှမ်းခြုံပစ်မှတ်ထားတာ
ဖြစ်တဲ့အတွက် အလှအပနဲ့ အကျော်အမော်အနုပညာရှင်တွေ အကြောင်းကိုသာ သိချင်
ကြည့်ချင်တဲ့ အပျိုပေါက်မလေးဟာလည်း သူဖတ်တဲ့ မဂ္ဂဇင်းထဲမှာ
အပြင်းစားကဗျာတွေကို သုံးလေးငါးမျက်နှာ သုံးလေးငါးခါလောက်
ကျော်လှန်ပစ်လိုက်ရဖို့ လိုကောင်းလိုနိုင်တယ်။
ဖော်ပြပါ အချက်လေးချက်ဟာ အပြည့်အစုံနဲ့ အတိအကျ ဖြစ်ကောင်းမှ
ဖြစ်နိုင်ပေမဲ့ ပေါ်လွင်သိသာတဲ့ ခြားနားချက်များပဲ ဖြစ်ပါတယ်။

အွန်လိုင်း မြန်မာကဗျာများရဲ့ ဖြစ်ပေါ်တိုးတက်မှု
ဖော်ပြပါ သုံးသပ်ချက်များ ထုတ်မိခဲ့တဲ့ ၂၀၀၇ ခုနှစ်ကနေ ခုနောက်ပိုင်း ၃
နှစ်ခန့်အတွင်း မြန်မာအွန်လိုင်းကဗျာရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ
သိသာကြီးမားတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ပြောရရင်တော့
အွန်လိုင်းကဗျာအများစုမှာ လင်းပွင့်ခြင်း၊ လတ်ဆတ်ခြင်းတွေကို လူငယ်ဆန်ဆန်
တွေ့ရှိနိုင်ပါတယ်။ ဘာကြောင့်ဆို ခုချိန်မှာ အွန်လိုင်းကဗျာရေးသူ တင်သူ
အများစုက လူငယ်တွေ ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့လည်း လူငယ်လည်း လူငယ်မို့
သူ့အကြိုက်နဲ့ သူ အမျိုးမျိုးရှိတာမို့ ကာရန်နဲ့ အဖွဲ့အနွဲ့နဲ့
ကဗျာတွေလည်း တွေ့နိုင်ပါတယ်။ လက်သင်ပျိုနုတွေရဲ့ ကလေးဆန်ဆန်အတွေး
ကလေးဆန်ဆန်အရေးလေးတွေကိုလည်း ချစ်စဖွယ် တွေ့နိုင်ပါတယ်။
လက်သင်ကဗျာရေးသူအဖြစ် စတင်လာခဲ့တဲ့ ဘလော့ဂ်ကဗျာဆရာတွေဟာ လက်သင်ဘ၀မှာ
ကြာရှည်စွာ ဆက်မနေတာဟာ သဘာဝကျပါတယ်။ ဒါကြောင့် နောက်ပိုင်း နှစ်နှစ်
သုံးနှစ်အကြားမှာ တွေ့ရလာတဲ့ အွန်လိုင်းကဗျာတွေကို အသေအချာ
ထိတွေ့ဖတ်ရှုလာရတဲ့အခါ ဒီကဗျာတွေရဲ့ ရင့်ကျက်ပြည့်ဝလာပုံနဲ့
သစ်လွင်လတ်ဆတ်မှုများ၊ ကဗျာရဲ့ အပြောင်းအရွေ့များဟာ သိသာပြီး အားရဖွယ်ပဲ
ဖြစ်ပါတယ်။ အဲဒီ ဖွံ့ဖြိုးတိုးတက်မှုဟာ အကြောင်းခံ နှစ်ချက်ကြောင့်လို့
ယူဆမိပါတယ်။ တစ်ကြောင်းက ပြောခဲ့ပြီး ဖြစ်တဲ့ လက်သင်ကဗျာရေးသူအဖြစ်
စတင်ခဲ့တဲ့ ဘလော့ဂ်ကဗျာဆရာတွေဟာ ပုံနှိပ်မီဒီယာပေါ်မှာရော
အွန်လိုင်းမီဒီယာပေါ်မှာပါ အခြားသူများရဲ့ ကဗျာများ၊ ကဗျာဗေ
များကို ဖတ်ရှုပြီး မိမိကိုယ် မိမိ ရင့်ကျက်ပြည့်ဝလာအောင်
တည်ဆောက်နိုင်မှုပါ။ နောက်တစ်ကြောင်းက အွန်လိုင်းကဗျာနဲ့ ပုံနှိပ်ကဗျာ
အရောအယှက်ပါ။ ဘလော့ဂ်ကဗျာဆရာတွေက ပုံနှိပ်မီဒီယာပေါ် ချဲ့ထွင်ဖို့
ကြိုးပမ်းအောင်မြင်မှုတွေကို တွေ့လာရသလို ပုံနှိပ်မီဒီယာပေါ်က
ကဗျာဆရာတွေကလည်း ဘလော့ဂ်တင်ပြီး အွန်လိုင်းပေါ် ဖြန့်ကျက်လာကြတာကို
တွေ့ရပါတယ်။ အဲဒီ အကူးအယှက်ကလည်း မြန်မာအွန်လိုင်းကဗျာတွေရဲ့
ဖြစ်ပေါ်တိုးတက်မှုအတွက် အထောက်အပံ့အကြောင်း တစ်ချက်ပဲလို့ ယူဆလိုပါတယ်။
အထူးအားဖြင့် ဖော်ပြလိုတာက ဘလော့ဂါ ကဗျာဆရာတွေရော၊ ဘလော့ဂ်တင်လာတဲ့
ကဗျာဆရာတွေရော လူငယ်တွေ ဖြစ်ကြတာပါပဲ။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ပါ။
အင်တာနက်ကဖီးသွားပြီး အွန်လိုင်းပေါ်တက်၊ ဆိုင်ဘာလောကထဲမှာ သူတို့ရဲ့
လူမှုရေးဘ၀တည်ဆောက်ကြတဲ့ သူတွေဟာ အိုင်တီနဲ့ မစိမ်းတဲ့ အကျွမ်းတ၀င်ရှိတဲ့
လူငယ်တွေပဲ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်က မြန်မာကဗျာပုံစံတွေ
ပုံသဏ္ဌာန်တွေ ဖန်တီးထားတဲ့ ကွန်ကရိကဗျာတွေ၊ ဘာသာစကား ကစားနည်းတွေ
အသားပေးထားတဲ့ ကဗျာတွေကိုလည်း ၀က်ဘ်ကဗျာတွေထဲ တွေ့ရနိုင်ပါတယ်။
တချို့ကဗျာတွေထဲမှာ ဆိုရင် လှုပ်ရွပြီး ဒိုင်းနမစ်ဖြစ်နေတဲ့
အင်နီမေးရှင်းတွေပါ မြှုပ်ထည့်ထားတာ တွေ့နိုင်ပါတယ်။ ပြောရရင်
မြန်မာခေတ်ပြိုင်ကဗျာရဲ့ ပင်မရေစီးဖြစ်တဲ့ ပုံနှိပ်မီဒီယာပေါ်က
ကဗျာတွေလိုပဲ ဟန်ပန်မျိုးစုံကို ၀က်ဘ်စာမျက်နှာပေါ်က ကဗျာတွေမှာလည်း
မြင်ရနိုင်တာပါပဲ။ တချို့ကဗျာတွေက အင်တာနက်ထဲက ဘ၀တွေဖြစ်ပြီး
ပေါ့ပါးပုံရကာ အများစုမှာက အပြင်ဘ၀ရဲ့ ဖိအားတွေနဲ့
လေးလံညွတ်ကျနေတာကိုလည်း သတိထားမိပါတယ်။ ဒါပါပဲ။ ကျွန်တော်တို့အားလုံးဟာ
အရှိတရားကိုတော့ မလွဲမသွေ လက်ခံနေကြရတယ်။
နမူနာတချို့ကို ပြရရင် ခင်ဗျားနဲ့ စကားပြောရတာ ကျွန်တော် ပျော်ပါတယ်
ဆိုတဲ့ ကဗျာထဲမှာ မောင်ဖုန်းမြင့်ကတော့ ဒီလို ရေးထားတယ်။ မွေးကနည်းက
ကပ်ပါလာတာ ဆိုလို့ သေခြင်းတရားပဲ ရှိမယ်/ သားသတ်ရုံပို့မယ့် နွားတွေကို
တံဆိပ်ရိုက်ပေးလိုက်သလိုပဲပေါ့ဗျာ/ ဘ၀သံသရာ၊ ရထားတစ်စီးလို
တက်လိုက်ဆင်းလိုက် စတဲ့ ဥပမာတွေကတော့ ခင်ဗျားလည်း သိပြီးသားပဲ/ ဒါတွေ
ထားလိုက်ပါတော့/ နိုင်ငံရေး သုခမိန်ကအစ ရက်ပါအဆုံး/ အားလုံးက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာရှိ ဖြစ်နေတဲ့ ခေတ်ကြီးထဲ/ ခင်ဗျားလည်း
အဝေးပြေးလမ်းမပေါ်မှာ ခင်ဗျားယာဉ်ကို မောင်းချင်သလို မောင်း/
ကျွန်တော်လည်း ကျွန်တော့်လမ်းကြောင်း ကျွန်တော် ဆက်လျှောက်လိုက်ဦးမယ်။
အွန်လိုင်းကဗျာဆရာတွေထဲမှာ တချို့က အလွမ်းသမားတွေ။ စိုင်းလောင်ပိန်းက
သတိရခြင်းရန်ကုန်မှာ ဒီလို ရေးထားရဲ့။ ငါ့စိတ်အကိုင်းအဖျားလေးပေါ်
ရန်ကုန်မြို့ကြီးလာနားတော့/ သတိရစိတ်တွေ ကွေးညွတ်/ ငါ့တနင်္ဂနွေတွေ
မိုးအုံ့ခဲ့ပြန်တယ်// မြို့ထဲ လမ်းမတွေက အမှတ်တရ သိမ်းထုပ်ထားဖို့
ရှည်လျား/ မိုးရေထဲ လိမ်လိမ်မာမာနဲ့ နစ်မြုပ်နေမယ့် မြို့ကြီးပေါ့/
ငါ့ရဲ့ အိမ်လွမ်းနာမှာ မင်းက ဒဏ်ရာ စစ်စစ်ပါ ရန်ကုန်။//
ဖွဲဖို့ နွဲ့ဖို့ အားသန်နေတဲ့ သူတွေကိုလည်း အွန်လိုင်းကဗျာမှာ
တွေ့ရနိုင်ပါတယ်။ ကဗျာဆရာလေး တစ်ယောက်က အညမည ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး
ဒီလို အနွဲ့ကလေး ဖွဲ့တယ်။ အလွမ်းသင့်နွေ/ စမ်းရေ ခမ်းခြောက်။//
မကမ်းနှင့်မေ/ ပန်းလှေ လမ်းပျောက်။// အဲဒီ ကဗျာဆရာ ညိမ်းညိုကပဲ သူ့ရဲ့
တောင်ပူစာ ဆိုတဲ့ ကဗျာလေးထဲမှာ ဒီလို နူးနူးညံ့ညံ့နဲ့ ဖွဲ့နွဲ့ထားပါတယ်။
ဓာတ်ပြုပုံမှာ/ နေရောင်ခြည်ကို မစို့မပို့လေး မျှင်းသောက်ရုံနဲ့/
တစ်ကိုယ်လုံး ရွှေချနိုင်သူ။// ခမျာ/ အမြဲစိမ်းတောကြီးဘေးမှာ ထားပြီး
နွမ်းပါးရှာရဲ့/ မေ့လောက်ပြီ ဆိုတော့မှ/ အပင်ငယ်လေးတွေ ကျိုးတိုးကျဲတဲ
အဖော်ပြုလာ/ တစ်လျှောက်လုံး အထီးကျန်ခဲ့သူမို့/ ယောင်ယောင်လေး
အဖက်လုံးခံရတာကိုပဲ/ သူ့မှာ ပျော်မဆုံး ဖြစ်မိတာ။//
သိုးထိန်းရဲ့ “လူမျိုး ဘာသာမရွေး လက်ရွေးစင် ဖြစ်ချင်သူချည်း ဆိုတော့
ကိုယ့်ငါ့းချဉ် ကိုယ်ချဉ်တယ် ပြောလည်း ခံနေလိုက်ရုံ” ဆိုတဲ့ ကဗျာထဲမှာ
အသံတွေ တူပြီး အကြောင်းတွေ ကွဲလည်း/ ကဗျာသူ ကဗျာသားတို့အကြား ကျောသား
ရင်သား မခွဲခြားရေး/ အရာရာတိုင်းအတွက် အချိန်တစ်ချိန် ရှိနေခဲ့တော့ကာ/
ဒါဝင်ရဲ့ ဒါဒါ ၀င်ရိုးစွန်းမှာ/ ကဗျာလည်း လျှောက်သာ လူလည်း စွဲသာ/။

အကောင်းကို ရှာ၏
ရာစုသစ်ရဲ့ဗျာ့နေရာသစ်မှာ အကောင်းတွေ ရှာစရာမလိုအောင်
သိသိသာသာတွေ့ရနိုင်ပါတယ်။ ရေမှာ ကျက်စားတဲ့ ငါးဟာ သူ့ရဲ့
သဘာ၀၀န်းကျင်အခြေအနေ ရေရဲ့ စေးကပ်စွဲငြိခြင်းကို လွန်အောင် ကူးခတ်ဖို့
ရေယက်တွေ၊ ဆူးတောင်တွေနဲ့ အမြီးကို ခပ်သာသာ ဝှေ့ရမ်းပြီး ကွေ့လိုက်
တိမ်းလိုက် လုပ်သလို လေထဲ ပျံတဲ့ ငှက်ကလည်း လွတ်လပ်ပေါ့ပါးပုံရပေမဲ့
တောင်ပံကို လေဟုန်ရအောင် ခတ်ရတာ၊ လေပူစီးကြောင်းရှာ ပျံဝဲရတာမျိုး
ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော ဆိုင်ဘာလောကဟာ ၂၁ ရာစု လူငယ်တွေရဲ့
အချိန်တချို့ မြှုပ်နှံရာ၊ သူတို့ရဲ့ လူမှုဘ၀တစ်စိတ်တစ်ပိုင်း တည်ရှိရာ
နေရာ ဖြစ်လာနေတာ အရှိတရားဖြစ်ပါတယ်။ အဲဒီ ဆိုင်ဘာလောကထဲမှာ ကဗျာရှိနေတာ
ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာပါပဲ။ ဘယ်နေရာမှာပဲ ရှိရှိ ကဗျာဆိုတာ
ဘာသာစကားကို နက်ရှိုင်းမြင့်မားစွာ အခြေပြုရတဲ့ အနုပညာဖြစ်တာနဲ့
လျော်ညီစွာ ယဉ်ကျေးမှုထုံးဓလေ့မျိုးစုံရဲ့ ခြားနားတဲ့ ယုံကြည်ချက်၊
တန်ဖိုးထားမှုနဲ့ အတွေ့အကြုံများကို ကွဲပြားတဲ့အလှ၊ ဟန်ပန်၊
ထုံးဓလေ့များနဲ့ ဆောင်ယူလာမှာ ဖြစ်ပါတယ်။ မျိုးစုံမျိုးကွဲတို့
သည်းခံလိုက်လျော တည်ရှိခြင်းရဲ့ အလှကို ကောင်းစွာ လက်ခံနေမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် တစ်သွေးတစ်သံတစ်မိန့် ဆန်တဲ့၊ ပုံစံတူ တစ်ဆင်တည်းဖြင့်
စက်မှုဆန်တဲ့ သဘောများကို ကဗျာဓာတ်ဖြင့် အားကောင်းစွာ ဆန့်ကျင်တည်ရှိမှာ
ဖြစ်ပါတယ်။ အဲဒါဟာပဲ လူသားဝါဒ ဖြစ်ပါလိမ့်မယ်။ ဗဟုသဘော ဆောင်တဲ့
လူသားဝါဒကို ကဗျာနဲ့ အမြင့်မားဆုံး ဆောင်ကျဉ်းလင်းပြနိုင်ပါလိမ့်မယ်။
အွန်လိုင်းမီဒီယာဟာ စာသားသာမက မီဒီယာစုံတင်နိုင်တဲ့အတွက် ကဗျာရဲ့ စတင်ရာ
နှုတ်မှုအစဉ်အလာဆီကိုလည်း အသံဖိုင်တွေနဲ့ ပြန်သွားနိုင်ပါတယ်။
စာအုပ်ယဉ်ကျေးမှု ပေါ်လာကတည်းက ပုံနှိပ်စာလုံးများအဖြစ် အေးခဲသွားပြီး
စိတ်နားထဲကပဲ ကြားယောင်ရတဲ့ အသံတွေ ပြန်ရနိုင်တဲ့ အခွင့်အလမ်းကလည်း
အွန်လိုင်းပေါ်မှာ ရှိပါတယ်။ လက်ရှိကို မြန်မာကဗျာဝက်ဘ်ဆိုက်တချို့မှာ
အသံဖိုင်တွေ ရနိုင်နေပါပြီ။ အစောပိုင်းက ကျွန်တော် ကိုးကားခဲ့တဲ့
ဖစ်ရှိဟောက်စ်ပိုအမ်ဒေါ့အော့ဂ် (fishousepoem.org)မှာဆိုရင် သြဒီယိုကဗျာ
နှစ်ထောင်လောက် ရနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့
မြန်မာကဗျာဝက်ဘ်ဆိုက်တွေမှာကတော့ တစ်ပုဒ်စ နှစ်ပုဒ်စပေါ့။ ဒါပေမဲ့လည်း
တစ်ပုဒ်ရ တစ်ပုဒ်အမြတ်လို့ တွက်ရင် ဒါလည်း ကောင်းတာပါပဲ။
နောက်ပိုင်းမှာတော့ ၀က်ဘ်ဆိုက်တွေထဲမျာ ကဗျာဆရာတွေ၊ ဖတ်သူတွေ၊
လေ့လာသူတွေနဲ့ သင်ကြားတဲ့ဆရာတွေအတွက် ကိုးကားစရာ၊ ဆွဲယူစရာ
မြန်မာကဗျာအရင်းအမြစ်တွေ ပိုပြီး ဖြစ်တည်လာမယ်လို့ မှန်းဆရပါတယ်။ အခုကို
တချို့ ဘလော့ဂါ ကဗျာဆရာတွေနဲ့ ဘလော့ဂ်တင်လာတဲ့ ကဗျာဆရာတွေရဲ့
ကျေးဇူးကြောင့် ဘလော့ဂ်တွေထဲမှာာ မြန်မာကဗျာတော်တော်များများ
စုဆောင်းမိနေပါပြီ။ အပြင်မှာ ရှားပါးတဲ့ မြန်မာကဗျာစာအုပ်တချို့ကို
ဝက်ဘ်ဆိုက်တွေထဲမှာ ဖတ်ရနိုင်ပါတယ်။
အဲဒီအကြောင်း၊ အဲဒီအကြောင်းတွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲ
အိုင်တီနည်းပညာဆိုင်ရာ တည်ဆောက်ဖွံ့ဖြိုးမှု အသစ်အသစ်တွေကြောင့်
မြန်မာကဗျာဟာ ပို၍ ပို၍ များပြားလာနိုင်တဲ့ ကဗျာစိတ်ဝင်စားသူ၊
ကဗျာဖတ်သူတွေရဲ့ လက်လှမ်းတမီမှာ အွန်လိုင်းပုံစံနဲ့ ကောင်းစွာ
တည်ရှိလာနိုင်မယ်လို့ မှန်းဆရပါတယ်။ အဲဒီ ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အဓိက
မောင်းနှင်မယ့် သူတွေဟာ လူငယ်တွေ ဖြစ်နေတာလည်း အကောင်းတရားတစ်ခုပါပဲ။
ရာစုသစ်ရဲ့ ကဗျာ့နေရာသစ်က အွန်လိုင်းမြန်မာကဗျာနဲ့ ပတ်သက်ပြီး
အကောင်းကိုရှာရင် အကောင်းကို တွေ့နိုင်မယ်၊ အကောင်းကို တွေ့အောင်ရှာဖို့
သဘောထား ကျွန်တော်တို့ မြဲမြဲမြံမြံ ကိုင်စွဲထားကြဖို့ပဲ လိုလိမ့်မယ်လို့
ထင်မြင်မိကြောင်းပါ။



မောင်လင်းရိပ်

ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာရွတ်ဖတ်ခြင်းနှင့်ကဗျာဆိုင်ရာစာတမ်းများဖတ်ကြားခြင်းအစီအစဉ်
မတ်လ(၂၁)ရက်နေ့၊ပန်းဆိုးတန်း စာပေလောက(၅)တွင် ကဗျာဆရာမောင်လင်းရိပ် ဖတ်ကြားသောစာတမ်းအား ဆရာ့ခွင့်ပြုချက်ဖြင့်
ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။


စီစဉ်တင်ဆက်သူများ

No comments: