Thursday, February 4, 2010

နောက်ဆက်တွဲသတင်း

အတိတ်မှာ
တောင်လေတိုက်ခတ်တော့
စိတ်က သစ်ရွက်လို လွင့်တက်ပြီ။

ချစ်သောသူ ပါးပြင်ရဲ့
မပြင်ရသေးတဲ့ လမ်းဟောင်းပေါ်
အကြင်နာတွေ တွဲချော်နေခဲ့ရ
ဘယ်တော့များမှလဲ အမေးနဲ့
ဘယ်တော့အသားကျမလဲ အတွေး
အဝေးရောက် အမှာစကားက
ကာလရထား နောက်ကျခဲ့လို့လား။

လေရူးသလို ရူးဖို့
နွေဦးကိုခူးရမယ့် အစီအစဉ်
ဘယ်ကိုနှင်မယ်၊ဘယ်လိုရွေ့မယ်
ဘယ်တော့ တွေ့မယ်
လွယ်ဖို့မလွယ်တဲ့ အချိန်အဆနဲ့
စိတ်မတူ ကိုယ်မမျှနိုင်သမျှ။

သတင်းအချက်အလက် နယ်ပယ်မှာ
မင်းရက်စက်တယ် ဆိုတဲ့ခေါင်းစဉ်နဲ့
အခါခါ ကြေငြာရမယ့် အဖြစ်
အချစ်နဲ့လောင် ကျွမ်းရခြင်းအကြောင်းအရာ...။ ။

ချစ်တိုးနွယ်

(လွမ်းရပါလို၏ ကဗျာစုမှ)

No comments: