Friday, January 22, 2010

ပျင်းနေပြီမဟုတ်လားပျင်းနေပြီမဟုတ်လား

စောင့်မျှော်နေတဲ့နေကြာတွေ ပျင်းနေပြီမဟုတ်လား
ပျောက်နေတဲ့အပိုင်းအစတွေ မလိုအပ်ရင်ရောက်ရောက်လာပြီး လိုအပ်ရင်ပျောက်မြဲပျောက်လို့
အရေးတကြီးတိုက်ဆိုင်စစ်ဆေးမှုမှန်သမျှ လွဲမှားကွာခြားချက်တွေ
မပြောဖြစ်တော့သောစကားများလို ရောဂါဘယတွေ၊ မမေးဖြစ်တော့သောမေးခွန်းများလို မွတ်သိပ်မှုတွေ
ပျင်းနေပြီမဟုတ်လား သေနေတဲ့ပုံစံအတိုင်းစောင့်နေတယ်လေ. . .ရောက်မလာတာတွေကို
ကိုယ့်ကိုယ်ကိုယ်အရိုးစုဆိုတာ မမေ့အောင် ခဏခဏဓာတ်မှန်ရိုက်ကြည့်နေတယ်
ရိုးသားရတာကိုငြီးငွေ့သွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေတယ်
ပင်မရေစီးကို ငြီးငွေ့သွားပြီလား၊အဖြူအမဲ တီဗွီလေးကို ငြီးငွေ့သွားပြီလား၊ရည်မှန်းချက်တွေကို၊ပျော်စရာတွေကို၊
လိမ္မာယဉ်ကျေး ချိုသားအေးကို၊ ဘီယာနဲ့အရက်ကို ၊ နေ့စဉ်ဘဝကို၊သူကလွဲတဲ့ဖွဲဆန်ကွဲကို၊ချောင်ပိတ်ရိုက်တဲ့မေးခွန်းတွေကို၊
ကောင်းကျိုးမပေးတဲ့ကောင်မကို၊အိပ်ယာစောစောထရတာကို၊ပတ်ဝန်းကျင်ကို၊အသက်ရှင်နေရတာကို ငြီးငွေ့သွားပြီလား
တစ်နေ့လုံးစားလို့မရ သွားလို့မရ ဘာများဖြစ်နေပြီလဲ ဘယ်များရောက်နေပြီလဲ မျှော်နေရတဲ့စိုးရိမ်စိတ်ကြီး ငြီးငွေ့သွားပြီလား
ရောက်တဲ့အရပ်ကဖုန်းဆက်လိုက်ပါလား မင်းမျက်ရည်တွေ. . .၊ပျော်အောင်နေ အရင်ကညနေခင်းတွေလည်း ခုပျော်ကျနေပြီ
ပျင်းနေပြီမဟုတ်လား ဒီလိုတီတီတာတာကနေ တဝါးဝါးသမ်းဝေ ငါ့ပခုံးပေါ်မင်းပါးလေးလာမှီတဲ့အခါ ငါ့မှာသွေးနဲ့သားနဲ့
သွေးသားရဲ့အငြိမ်းဆုံးတရားလို့ အေးအေးလူလူ အေးအေးဆေးဆေး ကော်ဖီခွက်ရှေ့ကမင်းအပြုံးလေးငေးရင်း အိပ်ပျော်သွားချင်တယ်. . .
ဒီလိုငါကချော့မော့တော့ မျက်ရည်တွေကြားထဲကအပူမီးကို ငါတို့အလောတကြီးကူးခတ်
ကတိတွေအထပ်ထပ်နဲ့ပါကွယ် . . .ပြန်လာခဲ့မယ် မင်းပျင်းနေတဲ့အချိန် တိမ်တွေလိုငါပြန်လာမယ်
ငါတို့နှစ်ယောက်ကြားက ဖြူစင်မှုလေးကိုတော့ မင်းတစ်ယောက်တည်းအတွက်သိမ်းထားပါ့မယ်။
တောစပ်မှာမိုက်ရူးရဲလေပွေ နွေလယ်ဆိုရောက်ရောက်လာ နေကြာပန်းတွေလည်းအနေကြာခဲ့ပါပြီ။သစ်ရွက်ကြွေကိုဖွဲ့နွဲ့ဖို့
စကားလုံးတွေ နိမိတ်ပုံတွေ အသံသွားအသံလာတွေ၊ အသွားအလာများလှတဲ့ရန်ကုန်မြို့ကြီးဟာလည်း တဒီးဒီးညောင်းညာ
ဘီယာဆိုင်မှာဖန်ခွက်ချင်းတိုက်သလို ငါတို့မျှော်လင့်ချင်တွေအသံထွက်ရဲ့လား။
မောက်စ်ပေါ်မင်းလက်ချောင်းလေးတွေ တကလစ်ကလစ် ၊ကီးဘုတ်ပေါ်မင်းလက်ချောင်းလေးတွေ တဂျောက်ဂျောက်
နည်းပညာတောက်နေတဲ့ ကမ္ဘာ ချစ်ဖြင်းမေတ္တာဆိုတာ ဖုန်မှုန့်လေးနောက်မှာကွယ်နေရတဲ့ငှက်ပျောရွက်ဖါးဖါးကြီးပေါ့
ကိန်းဂဏန်းတွေရဲ့ ကိန်ကြီးခန်းကြီးတွေကလည်း သွားလေရာ Laptop အိတ်ကြီးလွယ်ရသလိုလေးလို့ ၊ ပျင်းနေပြီမဟုတ်လား
2012 ရုပ်ရှင်ကားနဲ့ ကမ္ဘာကြီးကိုတိုက်ချလည်း ငယ်ငယ်ကဖတ်ခဲ့ရတဲ့ရုပ်ပြဇာတ်လမ်းတွေလောက်ပါပဲလို့
စတီရီယိုခေတ်ဦးတီးလုံးလေး အတွေးနဲ့အိမ်ပြန်လာခဲ့တယ်
ပျင်းနေပြီမဟုတ်လား လက်. . .ကိုင်. . .ဖုန်း. . .များ. . .မြို့ထဲဝင်လာပါပြီ။ ။


မင်းစိုးရာ

21.1.2010

2009 ဆောင်းလယ်လောက်က ပုသိမ်ပြန်ရင်း လမ်းမှာဒီကဗျာနဲ့ပတ်သက်တဲ့အတွေးစရခဲ့တယ်
ပြီးတော့ ခေါင်းစဉ်ရယ် စာသားအပိုင်းအစတွေရယ်ရထားခဲ့တယ် ဒါပေမယ့်အဲဒီတစ်နှစ်လုံးအဆုံးမသတ်နိုင်ခဲ့ဘူး
ခုဆောင်းလယ်လောက်မှာ ပုသိမ်ပြန်ရင်းဒီကဗျာကိုပြန်ဆက်ကြည့်တယ် မနေ့ကတော့လက်စသတ်နိုင်ခဲ့တယ်
ဒါပေမယ့်အရင် ချထားတဲ့ လက်စအတိုင်းမဟုတ်ဘဲရွေ့သွားတာရေးပြီးမှတွေ့ရတယ်။ကြာမြင့်ခဲ့တဲ့ကြားကာလကို
ကျေဇူးတင်ရမလား အပြစ်တင်ရမလားပဲ

2 comments:

Anonymous said...

အကိုကပုသိမ်ကလား..ညီမလည်းပုသိမ်ကပါ..ဘယ်နားမှာနေတာလဲ

Min said...

ပုသိမ်မြစ် (ငဝန်)တစ်ဖက်ကမ်းမှာနေတာပါ
ဝင်ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ