Friday, November 20, 2009

ဘားတော့ဗရက်နဲ့ စကားစမြည်

အခုတလော
ရှင့်ကဗျာတွေပဲ ဖတ်ဖြစ်နေတယ် ဗရက်ရေ
ကဗျာနဲ့ တရှိန်ရှိန်လောင်နေတဲ့ ကျွန်မစိတ်တွေမှာ
သွေးထွက်သံယိုမှုတွေများလှပေါ့

ဗရက်ရေ...
ရှင်ဟာ ရှင့်ဆာလောင်မှုတွေကို
စကြ်ာဝဠာတစ်တိုက်လုံးပဲ့တင်ရိုက်ခတ်အောင်
သောင်းသောင်းဖျဖျကြွေးကျော်ရဲသူပါ

ဗရက်ရေ..
ရှင်ဟာ
ကြောက်ခမန်းလိလိ စာသားအစီးအဆင်းတွေနဲ့
ရှင့်အသွေး ရှင့်ဝိညာဉ်တွေကို ကိုယ်ထင်ပြနိုင်ခဲ့သူပါ

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့မျက်နှာစာကို
ကလောင်နဲ့ အနုစိပ်ချယ်မှုန်းပြခဲ့သူ

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့မိုးကောင်းကင်မှာ
ကဗျာနဲ့ မိုးကျိုး ထစ်ပြနိုင်ခဲ့သူ

ရှင်ဟာ ရှင့်ကဗျာတွေဟာ၊
ဂျာမန်ပြည်သူတွေရဲ့လက်ဖျံရိုးပေါ်က
သွေးကြောမ လုံးလုံးဖြစ်ပေရဲ့

ဗရက်ရေ..
ရှင်က
ရှင့် ကလောင်ထိပ်ဖျားမှာ
ရှင့် သစ္စာတရားကို
ရှင် သွားလေရာ သယ်ဆောင်ခဲ့သူပေါ့

ချစ်သူကိုတောင် ဥပက္ခာစိတ်နဲ့တစ်ဝက်ပဲချစ်လို့ရတဲ့ခေတ်မှာ
မုန်းသူတွေ မိုးနှင်းလို မစဲတော့ဘူးပေါ့
ဗရက်ရေ..
ကျွန်မလည်း အကုန်မရရင် တစ်ခုမှမလိုချင်ခဲ့တာပါ

ရှင့် ဈာပနမှာ လူဘယ်နှစ်ယောက်လိုက်ပါပို့ဆောင်ခဲ့သလဲ ဆိုတာလည်း သိချင်သေး
အ၀တ်လေးတစ်စ နဲ့ ရှင်လုံအောင်လွှမ်းနိုင်ခဲ့သလား
ပေါင်မုန့်လေးတစ်စနဲ့ ရှင်ဝအောင် စားနိုင်ပါရဲ့လား သိချင်သေး
ရှင်..ယမမင်းကို သပိတ်မှောက်ခဲ့တဲ့ ၀ီစကီပုလင်းတွေအကြောင်းလဲသိချင်သေး
ရှင့်ညီကို သတ်တဲ့လက်နဲ့ ရှင်ဟောဒီ့ကဗျာတွေကို ပြောင်မြောက်စေခဲ့တာလဲ သိချင်သေး
ဗရက်ရေ ကျွန်မ သင်အံချင်တာတွေ
ရှင့်ဆီမှာ သိပ်များနေခဲ့ပြီ
ရှင်...တပြည်တရွာမှာ ဘယ်လိုများ နေထိုင်ခဲ့သလဲ
ရှင်ဘာတွေတွေးတော ကျင့်ကြံခဲ့မလဲ
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ
ရှင့်ဆီမှာသိပ်များနေပြီ ရှင့်.....

မျက်မှောင်ကြုတ်တဲ့လူတွေလည်း
သိပ်များနေခဲ့ပြီပေါ့ ဗရက်ရယ်..
လီးမားမြို့ကြီးကတော့ ရွှေရောင်အတိပြီးလို့ပေါ့..
သူတို့ဘာမှမရရင်နေ သူတို့မျှော်နေတာ
သူတို့လင်သားတွေပေါ့ ဘရက်
အနက်ရောင်ဝတ်စုံမှာ စိန်မှုန်တွေသပေးထားလည်း
တူးတူးခါးခါး....
လည်ချောင်းကသွေးထွက်သွားအောင် ငြင်းဆိုကြလိမ့်မယ်

မိန်းမတွေမှာ လင်သားထက် အဖိုးတန်တာ
ဘာရှိဦးမလဲ
မိန်းမတွေအတွက် လင်သားထက်တန်ကြေးကြီးတာ
ဘာများရှိလေမှာလဲ ဗရက်ရယ်

လင်သားကိုမျှော်ရသူများတဲ့ တိုင်းပြည်ဟာ
ကျက်သရောယုတ်ရော့လာတယ်ထင်မိရဲ့
ဗရက်ရေ..ပျောက်ဆုံးသွားတာ ကလေး ၁၅ယောက်မှ က ပါရဲ့လားကွယ်...
ကလေးတွေ အမေပျောက်ပြီဆိုရင်တော့....
တိုင်းပြည်ဟာ...မဟာဒုက္ခ တွင်းဆုံးကျချိန်ပေါ့...။

စစ်ထက်ရသမြောက်တဲ့ အနိဌာရုံ ဘယ်ရှိမှာလဲ ဗရက်ရယ်..
မီးလောင်နေ ပြိုကျနေမယ့် အဆောက်အဦးတွေကြားမှာ
ပြန့်ကျဲနေမယ့် လူသေအလောင်းတွေကြားမှာ
အဲဒီ့ သွေးညှီနံ့တွေ ယမ်းနံ့တွေ ညှော်နံ့တွေကြားမှာ..
စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားကြတာ..။

ယမ်းအားနဲ့ ပြတ်ထွက်သွားတဲ့ ခြေထောက်တစ်ဘက်
တဆတ်ဆတ် တုန်ခါနေသလိုမျိုး
စစ်ပွဲ တစ်ပွဲရဲ့ ဒဏ်ရာဟာ
နှလုံးအိမ်တွေကို ဘယ်တော့မှ သွေးမတိတ်စေခဲ့တာပါ ဗရက်..။

တတိယနိုင်ငံတော်ပဲ ထူထောင်ထူထောင်
နာဇီစင်္ကြာကို ကမ္ဘာကိုချုံလွှမ်းမယ်ပဲပြောပြော
ဟစ်တလာ ဟာ စစ်ဘီလူးတစ်ကောင်ပါပဲ ဗရက်ရယ်
သူဟာ..လူသတ်ရတာမှာ
စိတ်ပါလက်ပါ လက်ယဉ်နေရှာတဲ့ သူရူးတစ်ယောက်ပါ..
သူဟာ..စကားပြောသိပ်ကောင်းတဲ့
သေနပ်ပြောင်းဝလဲဖြစ်သေး.. လေ
သူဟာ...တည်တည်ကြည်ကြည်ခန့်ခန့်ငြားငြားကြီး
ပြောင်လိမ်ပြောင်စား လုပ်ဝံ့တဲ့သူပေါ့...

ဗရက်ရေ...
ဂျိုးဇက်ပေါလ်ဂိုလ်ဘယ်လ်စ်လို အသက်များစွာပေးပြီး
သစ္စာရှိသူတွေကြားမှာ သူဟာ မင်းမြောက်တန်ဆာငါးပါးနဲ့
သူ့တရားသူ စီ ရင် ရ ရှာ သူ

ဗရက်ရေ....
သူက အမှားတွေ ကြာကြာမှန်လို့မရကြောင်း..
အပြောင်မြောက်ဆုံး သက်ရှိသက်သေပဲ

ဂျူးတွေ...ဂျူးဖြစ်နေကြတာလည်း
အပြစ်မှ မဟုတ်တာပဲ ဗရက်..ရယ်...
စိတ်တွေကွဲလွဲခွင့်ဆိုတာ
ဘုရားသခင်ကိုယ်တော်တိုင်ဖန်တီးထားခဲ့တာ

ဗာလင်နန်းတော်ရဲ့မြေအောက်ခန်းထဲ
သူကိုယ့်သူသေကြောင်းကြံတယ်ကြားလိုက်တော့
ရှင်ဘယ်လိုနေသလဲ ဆိုတာ ကျွန်မသိချင်လိုက်တာဗရက်ရယ်
သေချာတာဟာ
ရှင် ၀မ်းမြောက်ဝမ်းသာ ရှိမနေနိုင်ပါဘူး

ဗရက်...ရှင်က ကဗျာဆရာလေ..
ရှင်က.. ကဗျာဆရာလေ.. ဗရက်

လူသားတစ်ယောက်ရဲ့သေခြင်းတရားကို
ဘယ်လိုနားနဲ့မှ မနာပျော်နိုင်သူ
အမှားအယွင်းနဲ့ အကြောက်တရားထဲကဘ၀တွေကိုကယ်ချင်သူ
ခေတ်တစ်ခေတ်နဲ့
စနစ်ဆိုးတစ်ခုကိုပဲ ရွံရှာမုန်းတီးခဲ့သူလေ

ဗရက်ရေ..
ရှင့်ဆီမှာ ကျွန်မသင်ယူချင်တာတွေ
သိပ်များနေခဲ့တယ်

ကျွန်မက ရှင့်ကဗျာကိုဖတ်နေရက်နဲ့
ကြောင်တောင်ကန်းနေခဲ့သူပေါ့
ကျွန်မက ရှင့် ကဗျာတွေ ရွတ်ဖတ်နေရင်းကို
ဆွံ့အ ပင်းပိတ်နေသူပေါ့

အို.....
ဗရက်ရယ်..........
ရှင့်ဆီမှာ ကျွန်မ
သင်ယူချင်တာတွေ သိပ်များနေပါပေါ့...။

အိန္ဒြာ ( ၂၂.၅.၂၀၀၉)
အမှတ်(၂၆)ပိတောက်ပွင့်သစ်မဂ္ဂဇင်း

အင်အားတစ်ခုခု အရှိန်နဲ့ဆောင့်ဝင်လာသလို
ပါးပါးလျားလျား လွင့်ဝဲယှက်ဖြာနေတဲ့ ရနံ့တစ်ခုလို
သိုသပ်ကျစ်လစ်တဲ့ ပန်းတစ်ပွင့်ပွင့်လာပုံကိုစောင့်ကြည့်နေရသလို
ဖြိုင်ဖြိုင်သည်းနေတဲ့ မိုးပြင်းလမ်းမပေါ်လျှောက်သွားမိသလို
မှောင်မည်းတိတ်ဆိတ်တဲ့ ညအရိုင်းထည်ထဲ ပျော်ဝင်နေသလို
ရင်ခုန်သံအစီးအဆင်းအတိုင်း လှိုင်းဂရက်ထလူးလွန့်ပြလိုက်သလို
စကားလုံးတွေကို အမျှင်အပြတ်တွတ်တွတ်ရွတ်အံနေမိတဲ့ သူရူးတစ်ယောက်လို
ခေတ်တွေကို ထုတ်ပိုးပေးလိုက်တဲ့ ပါဆယ်လက်ဆောင်တစ်ခုလို
အရောင်တွေ ရောစပ်ယှက်ဖြာထားတဲ့ သက်တန့်ရောင်စဉ်တန်းလေးလို
မိုင်ကုန်တိုက်ခတ်နေတဲ့ မုန်တိုင်းတစ်ခုထဲ တစ်စုံတစ်ရာကို အားကိုးတကြီးတွယ်ဖက်ဆုတ်ကိုင်ထားရသလို
ဘိုဟီးမီးယမ်းဆန်ဆန် မလိမ်မိုးမလိမ်မာအတွေးလေးတစ်စလို
အများအတွက်လိုလို
သူ့အတွက်လိုလို
အနုပညာအတွက်လိုလို
ကိုယ့်အတွက်ကိုယ်လိုလို
အသက်ကို ဖွဖွရှိုက်ပြီး ကဗျာရေးဖြစ်ပါတယ်..။

ဘားတော့ဗရက်ရဲ့ကဗျာတွေဖတ်ဖြစ်ပါတယ်..။
အနုပညာအင်အားကြီးတစ်ခုက အရှိန်ကြီးကြီးဝင်ဆောင့်သွားသလိုပါပဲ
မိုင်ကုန်တိုက်ခတ်နေတဲ့ မုန်တိုင်းတစ်ခုထဲ တစ်စုံတစ်ရာကို အားကိုးတကြီးတွယ်ဖက်ဆုတ်ကိုင်ထားရသလိုပါပဲ
တန်ဖိုးမဖြတ်နိုင်တဲ့ ပါဆယ်လက်ဆောင်တစ်ခုလက်ခံရရှိလိုက်သလိုပါပဲ..
အဲဒါနဲ့ သူ့နဲ့ စကားစမြည်ပြောချင်လာပါတယ်..
ရှည်ရှည်ဝေးဝေးပြောဖြစ်သွားတယ်..
စကားလုံးတွေကို အမျှင်အပြတ်တွတ်တွတ်ရွတ်အံနေမိတဲ့ သူရူးတစ်ယောက်လို တိုင်တည်နေမိတယ်...

အဲသလိုချရေးဖြစ်လိုက်တဲ့ "ကဗျာ"

အရှိန်နဲ့ဝင်ဆောင့်လိုက်မယ့် ပါဆယ်တစ်ပုဒ်ဖြစ်ပါစေလို့ရည်ရွယ်မိပါတယ်..။

အိန္ဒြာ

1 comment:

အိန္ဒြာ said...

ကျေးဇူးတင်ပါတယ် အောင်ပိုင်စိုးရေ