Friday, November 13, 2009

စိတ်ထဲမှာရှိတာတွေ

ပန်ကာလည်သလို နားထဲမှာလည်နေတယ်
နားလည်တယ်
ဆရာပြောတာ ကျွန်တော်နားလည်ပါရဲ့
ပြန်ပြောဖို့ ပြန်ပြဖို့  ပြန်လည်ရေးချဖို့ဆိုတာ
လူမှုဆက်ဆံရေးကောင်းဖို့ လိုတယ်ဗျာ
“မင်းနာမည် ဘယ်သူလဲ”
ဟုတ်ကဲ့ မင်းနာမည် ဘာလဲ ဘာလဲ
မဟုတ်သေးပါလား ဆရာရယ် ကျွန်တော့်နာမည်
အသိလေးလာလာကပ်ပါ မင်းဆိုတာ ကျွန်တော်
ကျွန်တော့်ကိုမေးနေတာသေချာတယ် အဖြေ
“ဘယ်အချိန်လဲ နေ့လား ညလား မနက်လား”
စာရွက်ပေါ်ချမရေးပါနဲ့လား ဆရာရယ် အရွေ့
အချိန်ဆိုတာကြီး ရွေ့ရွေ့နေတယ် နေ အလင်း ည အမှောင်
မအိပ်ခဲ့ဘူးတဲ့အချိန်တွေ အခုပြန်အိပ်ရင်
နိုးတဲ့အခါ မနက်
ကျွန်တော့်အသက်ဟာ မမှတ်မိတဲ့ရက်တွေပါပဲ
မမေးပါနဲ့ မတွေးပါနဲ့လား
လက်ထဲကပစ္စည်းလေးဟာ ဘာပါလိမ့်
ကျွန်တော်သိနေတယ် မြင်ဖူးနေတယ်
ဘာသာစကားတွေ ခေါင်းထဲမှာရွှေ့ရွှေ့ နေတယ်
ငယ်ဘဝက အတွေ့အကြုံထဲမှာ ထိုအရာ အထိအတွေ့
ကျွန်တော်ခံစားနေရတယ် သိရှိနေမိတယ်
“တစ်ရာထဲကနေ ခုနှစ်ကိုနှုတ်ရမယ် ဆက်တိုက် ဆက်တိုက်”
ခေါင်းထဲမှာကိုက်နေတာ ကဗျာထဲက စကားလုံးတွေ
ကျွန်တော်ဟာ နေမကောင်းသူပေါ့
စိတ် ခဏ ခဏ ပြောင်းသူပေါ့
မမော မပန်း။ ။
မြတ်ဝေ
၁၁.၁၁.၂၀၀၉

ခေတ်ကြီးရယ် ယဉ်ကျေးမှုရယ် ရှိတယ်ဗျာ။ လူတစ်ယောက် အိမ်တစ်အိမ် ရပ်ကွက်တစ်ခု
မြို့တစ်မြို့ လူမျိုးတစ်စု နိုင်ငံတစ်နိုင်ငံ ကမ္ဘာကြီးတစ်ခုရဲ့ ဖြစ်တည်မှုကို ဖော်ထုတ်ဖို့လိုတဲ့
အခါ ကဗျာဆရာပေါ်လာတယ်။ခေတ်ပြိုင်ခံစားမှုလို့ ကဗျာဆရာတွေခေါ်တဲ့ ခေတ်ရဲ့အထိ
အတွေ့ကြောင့်ဖြစ်ပေါ်လာတဲ့ အသိကို ဖော်ထုတ်ဖို့ ကဗျာဆရာတွေပဲတတ်နိုင်တယ်။
အနုပညာရှိတယ် ပါရမီရှိတယ်ပေါ့ဗျာ။ ဘာသာစကားနဲ့ ကဗျာဆရာရဲ့ အနက်ရှိုင်းဆုံး
အနုပညာထိတွေ့တဲ့အခါ ကဗျာဖြစ်ပေါ်လာပါတယ်။ ကဗျာဆရာရေးတိုင်း ကဗျာအရာ
မမြောက်ပါဘူး။ကဗျာဆရာဟာ သူရေးတဲ့အရာတိုင်းကို ကဗျာဖြစ်အောင်မရေးဖွဲ့နိုင်ပါဘူး။
ကဗျာဆိုတာကြီးက ကဗျာဆရာကို အမြဲဖိနေပါတယ် ။ အဝေးမှာ ညင်ညင်သာသာလေး
ရွေ့ရင်း ဖိနေပါတယ်။ ဖိတာကိုမခံနိုင်ပဲ ရေးဖြစ်ရုံသက်သက် ကဗျာဟ ဆိုပြီးဖမ်းလိုက်
တဲ့အခါ ကဗျာဓာတ်လေး အနုပညာဓာတ်လေး လွင့်စင်သွားပါတယ်။ ဝင်လာမှ ဖမ်းယူ
လိုက်နိုင်တဲ့ကဗျာသာလျှင် အသက်ဓာတ်လေးပါ ပါတယ်။ဘယ်တော့မှမသေတဲ့ ကဗျာဖြစ်ပေါ်
လာပါတယ်။ မသေတဲ့ကဗျာဟာဘာကို ကိုယ်စားပြုသလဲ ဆိုရင်တော့ “အမှန်တရား” ကို
ကိုယ်စားပြုပါတယ်။ ”ရိုးသားမှု“ကို ကိုယ်စားပြုပါတယ်။ ကဗျာဆရာရဲ့ “ယုံကြည်မှု”ကို
ကိုယ်စားပြုပါတယ်။ ကဗျာဆရာနဲ့ ကဗျာ ၊ ကဗျာနဲ့ ခေတ် ၊ ကဗျာနဲ့ ကဗျာဖတ်သူ ၊
လမ်းချင်းမတူပေမယ့် ယဉ်ကျေးမှုချင်းတူပါတယ်......။ ။

လေးစားချစ်ခင်လျှက်
မြတ်ဝေ

No comments: