Monday, February 6, 2012

ချက်စူ


ချက်စူ
အဝေးကိုရောက်မယ် အထင်ဇောနဲ့ မင်း အားကုန်ဟစ်အော်တယ်
ပစ်မှတ်ကိုထိမယ် အတွေးနဲ့ ခလုတ်ကို မင်းဖိညှစ်တယ်
အမှန်ကိုပြင်လို့ရမယ် စိတ်ကူးနဲ့ ခဲဖျက်ကို မင်းဖိဖျက်တယ်။

ချက်စူ
မှားတယ်လို့ ဝန်ခံစရာမလိုဘူး၊ မှန်အောင်လုပ်မယ်လို့ ပြင်ရေးရမယ်
ကြားတယ်လို့ ဝန်ခံစရာမလိုဘူး၊ မြင်ခဲ့တယ်လို့ အသုံးအနှုန်းပြောင်းပစ်ရမယ်
မုန်းတယ်လို့ ဝန်ခံစရာမလိုဘူး၊ ချစ်သင့်တယ်လို့ ပြန်ပြောင်းခေါ်ဆိုရမယ်။

ချက်စူ
စီးဆင်းနေတဲ့ ရေဟာ နောက်ကျိနေမှာပဲ
တိုက်ခတ်နေတဲ့ လေဟာ အေးမြနေမှာပဲ
လျှောက်လှမ်းနေသမျှတော့ လမ်းဟာ ဆက်ရှိနေမှာပဲ။

ချက်စူ
၂၀၁၁ ကုန်ဆုံးခဲ့ပြီဆိုတော့  နံရံမှာ ပြက္ခဒိန်အသစ်ပြောင်းဖို့လိုပြီ
ခေတ်တွေ၊ စနစ်တွေ ကူးပြောင်းခဲ့ပြီဆိုတော့ အတွေးအခေါ်သစ်တွေလိုပြီ
နည်းပညာသစ်တွေ ထွန်းကားလာပြီဆိုတော့ ရည်မှန်းချက်အသစ်တွေလိုပြီ
လူကြီးတွေ ခြေကုန်လက်ပမ်းကျနေပြီဆိုတော့ လူငယ် အသစ်တွေလိုပြီ။

ချက်စူ
အလွယ်လမ်း ဆိုတာမရှိဘူး
မင်းပုခုံးသားမှာ ရေးထိုးထားတဲ့ ဆေးမင်ကြောင်
အမှောင်ကမ္ဘာထဲ ကြယ်လိုတောက်ပလင်းနေတယ်
တစ်နေရာရာမှာ အသေအချာထိုးကျပျက်စီးဖို့ ။

အောင်ပိုင်စိုး

No comments: