Saturday, February 5, 2011

သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးစိတ်ကို အခြေခံပြီး AirCon; ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေတယ်

ဘယ်ကိုရောက်နေတာလဲလို့ လာလာမေး မနေနဲ့
မေးခွန်းဆန်ဆန်ဘဝအတွေးအခေါ်တွေမလိုအပ်ဘူးလို့ မေ့ပစ်ရမယ့်ခေတ်ကြီးပဲပေါ့
မနက်ဆို အိပ်ရာထ၊ မျက်နှာသစ်၊ နံနက်စာစား၊ အလုပ်သွား
ညနေဆို အလုပ်ကပြန်၊ လိုအပ်တဲ့ပစ္စည်းထုတ်၊ ရေချိုး၊ အဝတ်အစားလဲ
တစ်ခါတရံ လက်ဖက်ရည်ဆိုင်မှာ ဝိုင်းဖွဲ့၊ အင်တာနက်ဆိုင်ထိုင်
ထပ်တလဲလဲလွှင့်ထုတ်နေတဲ့ မလိုအပ်သော စက်ဝိုင်းလိုလည်နေတဲ့ ကမ္ဘာကြီးပဲပေါ့
အလုပ်နဲ့ကွမ်းကြိုက်ရာရွေးဆိုတော့ အလုပ်ကောကွမ်းပါရွေးချယ်လိုက်သလိုမျိုး
ဒီနေ့ပြောမှဖြစ်မယ့်စကားကို မနက်ဖြန်အတွက်နေရာရွှေ့ထားလိုက်တယ်
နေဖို့အကြောင်းအရာက ဖယ်ခွာတိမ်းရှောင်လိုခြင်းဟာ အမှန်တရားဆီဆိုက်ရောက်ခြင်းပဲ
လူ့စွမ်းအားအရင်းအမြစ်လို့ တစ်နေ့သုံးခါရွတ် ကျောက်တုံးကိုရေညှစ်နေရတဲ့အရသာ
မသိရင်မေးဆိုပြီး မေးရင်ဘာမှမပြောတဲ့ အကြောင်းအရာများသာ တစ်နေ့ပြီးတစ်နေ့များလာတယ်
မပျော်ဘူးလို့ မပြောဖြစ်အောင် ပျော်နေတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ်လှည့်စားထားတယ်
စပေါ့တီဗီချန်နယ်မှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းလည်း အလုပ်ကနေနူတ်ထွက်လိုက်တယ်
Betterfly ကနေ မီရှယ်လ်နိုင်းတွေဆီ အလွတ်ပြောင်းရွှေ့လိုနေတဲ့လူကြီးမင်းကတော့ မတုန်မလှုပ်
ဂျွန့်ကို “ကျွန်တော်ဘယ်တော့မှ စိတ်မညစ်တော့ဘူးလို့” မနေ့ကလေးတင်ပြောလိုက်မိတယ်
လူစင်စစ်ကနေ လေယာဉ်ပျံဖြစ်ချင်နေတဲ့သူငယ်ချင်းကတော့ Facebook သုံးနေမြဲပဲ
ဘယ်ကောင်းကင်ကမှလက်မခံတော့တဲ့ ကြယ်ကြွေတစ်ပွင့်ထဲလျှပ်စစ်တွေစီးဝင်တော့မယ်
ဘဝဆိုတာ ပညာရှာ၊ စီးပွားရေးလုပ်၊မိန်းမယူပြီး သားသမီးပွားစီးဖို့ပဲလို့
ကဗျာဆရာဘဝကနေ အနားယူသွားတဲ့ ၁၄/စီးပွားရေးသမားကြီးတစ်ယောက်ကပြောနေတယ်
အပြောင်းအလဲကာလက မကြာခင်မျှော်၊ အပြောင်းအရွ့ကာလက မကြာခင်မျှော်
ဖြည့်စွက်ပြင်ဆင်စရာကွက်လပ်တွေအများကြီးနဲ့ဒါဝင်ရဲ့သီအိုရီဆီပြန်သွားနေတဲ့ နှစ်များမှာ
ကျွန်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးစိတ်ကိုအခြေခံပြီး
AirCon; ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေပါတယ်။ ။

အောင်ပိုင်စိုး
၅၊ ဖေဖော်ဝါရီ၊ ၂၀၁၁
နေပြည်တော်

No comments: