Sunday, September 5, 2010

ကဗျာက ပြောပြောနေတယ် ကဗျာဆရာမရပ်နဲ့တဲ့

တယ်လီဖုန်းပေါ်က နံပါတ်တွေလက်နဲ့ဖိရင်း
ပြက္ခဒိန်ပေါ်က နေ့စွဲအော်မြည်သံကို စောင့်နေရတာ
ပျံပျံလွင့်လာတဲ့ ကဗျာငယ်ဘဝရဲ့  (အလျားx အနံ )ရနံ့အစစ်အမှန်
ကဗျာခံစားချက်ကို အပိုအလိုမရှိ ဖျက်ဆီးခံလိုက်ရတဲ့မနက်ဖြန်
စီးကရက်ကိုလက်ကြားညှပ်ပြီးစိတ်ကိုဖြေလျော့ထားလိုက်တယ်
ကဗျာသုံးစွဲသူများနဲ့ ထိတွေ့မှုလွန်ကဲတဲ့ ကဗျာရဲ့  သရုပ်သဏ္ဍာန်
အနော်ရထာလမ်းကနေ(၃၈)လမ်းထဲ လျှံကျလာနေတဲ့
လစဉ်ထုတ်မဂ္ဂဇင်းတွေထဲ ကဗျာမှိုနံ့စွဲရောဂါ စွဲကပ်ပါနေတာ
/ကပ်ညိတွယ်လာတာ လွန်ကုန်ပြီလား
အမှုန်အမွှားမကင်းစင်ပဲ သွေးထဲသားထဲစိမ့်ဝင်လာနေတာ
ခံစားချက်မပါပဲ တည်နေရာ၊နယ်နိမိတ်တွေကျော်ဖြတ်လာရတာ
ကြမ်းပြင်နဲ့ကျော၊ ကဗျာနဲ့စကားလုံး သံမှိုနဲ့အသေစွဲကပ်ထားတယ်
ဈေးကွက်ထဲထိုးဖောက်လာဖွယ်ရှိတဲ့ ကဗျာမော်ဒယ်အမျိုးအစား
ကဗျာအင်တာဗျူးတွေကလည်း ကိုယ့်ရှေ့ ချထားတဲ့ကော်ဖီခွက်လို
တော်တော်နဲ့မသောက်ဖြစ်ပြန်ဘူး
ကဗျာအရည်အသွေး၊ကဗျာအနှစ်သာရ က
တက်မလာတော့ ဈေးကွက်ကိုထိုးဖောက်ရခက်နေတာလေ
ကဗျာဈေးကွက်အတွင်းမှာရှိတဲ့ ကဗျာစက်မှုဇုံထုတ် ကဗျာများမှာ
ပြည်ပ/ပြည်တွင်း ကဗျာပြောင်းလဲမှုပေါ်မူတည်၍
ကဗျာဈေးအတက်အကျ ထပ်မံဖြစ်ပေါ်နိုင်တယ်လို့ သိရှိရပါတယ်။


အောင်ပိုင်စိုး
၂၊ စက်တင်ဘာ၊ ၂၀၁၀

No comments: