Saturday, June 19, 2010

မေမေ့ကို ပြောစရာစကားတွေ ကျန်နေဦးမှာလားလို့

ကြေကွဲစရာတွေပြောစရာကျန်နေဦးမှာလားလို့ စဉ်းစားနေမိတယ်
ကျွန်တော့်ကိုထားပြီး အဝေးကမြို့ကလေးဆီ မေမေကပြန်တော့မှာ
လူနေထူထပ်ပြီးသစ်ရွက်တွေမရှိပဲနေပျောက်လည်းမထိုးတဲ့ကွန်ကရိတောနက်ထဲ
ရုပ်ဝတ္ထုဝါဒီမြို့ပြကို လက်ချည်းသက်သက်ရင်ဆိုင်ယှဉ်ပြိုင်ဖို့
ကျွန်တော်အလုပ်တစ်ခုခု ရမှဖြစ်မယ် မေမေ
ကျွန်တော်ရေးနေတဲ့ ကဗျာတွေနဲ့လည်း
ကမ္ဘာမြေကြီးကိုလည်း မကယ်တင်အား ကျွန်တော်ငွေလိုနေပါတယ်
ကျွန်တော်မက်နေတဲ့ အိပ်မက်တွေနဲ့လည်း
သဘာဝပတ်ဝန်းကျင်ကြီးကိုလည်း မထိန်းသိမ်းအား ကျွန်တော်ငွေလိုနေပါတယ်
တိုက်ခန်းငှားထားတဲ့စာချုပ်ကလည်း နောက်တစ်လဆိုပြည့်ပြီ မေမေ
ချစ်သူပူဆာနေတဲ့ ဒေါက်မြင့်ဖိနပ်လှလှကလေးလည်း ဝယ်မပေးရသေးဘူး
IELTS, AUTO CAD သင်တန်းကြေးတွေလည်းပေးရဦးမယ် မေမေ
ဂလိုဘယ်ဆန်ဖို့၊ နိုင်ငံခြားသွားဖို့ VISA သက်တမ်းတိုးထားရဦးမယ်
မဖြစ်ဖူးမေမေ ကျွန်တော်အမှန်တစ်ကယ် ငွေလိုနေပါတယ်
အပေါင်းအသင်းတွေဆုံတိုင်း ငွေသံကြေးသံညီးငြူသံတွေဆူညံလို့
ဇာတိမြို့က ကုန်သည်ပွဲစားသူငယ်ချင်းတွေလည်း ငွေလိုနေတယ်
ရေမြေခြားနေတဲ့ အင်ဂျင်နီယာသူငယ်ချင်းတွေလည်း ငွေလိုနေတယ်
တစ်မြေထဲနေတစ်ေ၇ထဲသောက် အင်ဂျင်နီယာ၊ပရိုဂရမ်မာ၊ဆရာဝန်၊ကဗျာဆရာ
သူငယ်ချင်းတွေအားလုံးလိုအပ်နေတာကလည်း ငွေပါပဲ မေမေ
ကျွန်တော်ကိုထားခဲ့ပြီး မေမေက ဝေးဝေးက မြို့လေးဆီပြန်တော့မှာ
မေမေကို ပြောစရာစကား ကျ န်ေ န ဦး မှာ လား လို့ ။

အောင်ပိုင်စိုး

No comments: