Tuesday, March 16, 2010

အောင်အောင်ဟိန်း(သို့မဟုတ်) ကမ္ဘာမြေရဲ့ကျောက်စိမ်း

အောင်အောင်ဟိန်းရေ
မင်းအတွေးဟာ ကမ္ဘာတစ်ဖက်ခြားဖူးပွင့်နေ
မင်းအတိတ်က လေးဖက်လေးတန် နံရံတံတိုင်းဆိုတော့
မင်းစိတ်က ဘယ်တော့မှ သွေးမတိတ်တဲ့ဝေဒနာ
မျက်ရည်နဲ့သာချက်လုပ်ခဲ့တဲ့ မင်းအသက်ရှုသံ
တစ်နေ့
မင်းဘ၀ထံ အလင်းပြန်လာမှာပါ။

သစ်ရွက်တွေ ကြွေသောနေ့ရက်တွေမှာ
မင်းနဲ့ မချိန်းဆိုပဲ တွေ့ဆုံခဲ့ ကြတာ
မိုးတိမ်ပြာပြာနေ့ရက်တွေမှာ
မင်းနဲ့ မယုံနိုင်စရာ ခွဲခွာခဲ့ရတာ
မင်းရဲ့ သယံဇာတပေါများမှုဟာ
ကမ္ဘာမြေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်းရိုင်း
မင်းရဲ့ ကျော်ကြားတောက်ပမှုဟာ အနုပညာ
မင်းကိုယ်တိုင်ငြင်းဆန်ခွင့်မရတဲ့ ဘ၀ဆိုတာ
ဒဏ်ရာတွေကြားကအစွမ်းကုန်လှပနေတဲ့ပန်းလေးတစ်ပွင့်ပေါ့ကွာ။

ငါတို့အသွေးအသားထဲမှာ ... မင်းက
ဖျက်လို့မရတဲ့ အစွန်းအထင်း
မင်းပုံရိပ်က နှလုံးသားကိုထောင်ကြည့်မှ မြင်ရမယ့် အရိပ်
မင်းစကားသံကို ဓာတ်ခွဲကြည့်မှ မင်းအနုပညာကို ခံစားရမယ်
မင်းက မြစ်ဖြစ်နေရင်တောင် အထက်ကိုဆန်တက်မယ့်မြစ်
ဒီလိုအဖြစ်အပျက်မှာ ...
နာကျင်မှုအရှိန်နဲ့ မင်းကတိုးထွက်ဖို့အသင့်ဖြစ်နေတဲ့ ဒုံးပျံ
ခံစားမှုကို အရောင်ဆိုးမိတာနဲ့
မင်းစိတ်ထဲ မြုံနေတဲ့မီးတောင် ထပေါက်ကွဲတယ်
မင်းမြင်ကွင်းထဲကသစ်ပင် ထက်ပိုင်းလဲကျတယ်
စိတ်ခံစားမှုရဲ့အနာတရ ငွေကြေးကို ရယူဖို့
မင်းနှလုံးသားတစ်ခုလုံး စတေးခံတော့မှာလား အောင်အောင်ဟိန်း။

ငါတို့ခင်မင်မှုဟာ တစ်ကယ့်ကိုကျောက်သား သစ္စာ
အနုပညာက ပုခုံးမှာ ၊ လက်ဖျံမှာ
ဂစ်တာတစ်လက်နဲ့ပဲ ခံတပ်ကိုတည်ဆောက်ထားတော့
ငါတို့ဘက်က အကျအဆုံးများတယ်
ကဗျာဆိုတာ အလွယ်တကူဘယ်တော့မှ မသေဘူး
မင်းမုန်းတဲ့ ငွေကြေးသာ ပိုမိုလတ်ဆတ်ကျန်းမာလာ
ငါတို့
လောင်ကျွမ်းရင်းနဲ့သာ အစွမ်းကုန်တောက်ပကြစို့ရဲ့ ။

အနုပညာစင်စစ်ကို ထူထောင်ဖို့ ငါတို့ရှေ့ဆက်ရမယ့်ခရီးမှာ
သူလိုကိုယ်လို အဆက်မပြတ်ကြွေကျနေသော ဘ၀တွေအတွက်
လိုအပ်နေသော ငြိမ်းချမ်းရေး
ငါတို့ တစ်သက်လုံးအရှုံးမပေးဘူး အောင်အောင်ဟိန်း ။


ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ မတ်လ၊၂၀၀၆

အောင်ပိုင်စိုး

1 comment:

အိန္ဒြာ said...

အောင်အောင်ဟိန်းတွေ
အောင်မြင်ကြပါစေ....