Thursday, March 11, 2010

အရသာလိုက် မုဆိုးတစ်သိုက်

နစ်ရှေး (Nietzsche) ကပြောခဲ့တယ်။ “God is dead” ဘုရားသခင် သေပြီဟုဆိုလေတယ်။ ကျွန်တော်တို့ဘာသာမှာလည်း ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသွားတော့ ရဟန်းကြီးတစ်ပါးက ဘုရားမရှိတော့ဘူး၊ အဲဒီတော့ ဘုရားရှင်ပညတ် ထားတဲ့ ၀ိနည်းတွေကို လက်ခံစရာ လိုက်နာစရာမရှိတော့ဘူး၊ မလိုတော့ဘူး၊ ငါတို့ထင်သလို နေလို့ရပြီ လို့ တခြားရဟန်းတွေကို ပြောဆိုစည်းရုံးတာကိုမြင်လို့ ရှင်အာနန္ဒာ၊ ရှင်မဟာကဿပတို့က ပထမသင်္ဂါယနာ တင်ခဲ့ကြတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး Barcamp ပွဲမှာ ဆရာသစ္စာနီက “Poetry is dead” လို့ပြောခဲ့တာ ကြားခဲ့ရတယ်။ ဒီလိုဆို ရှေးအရင်က ထားရှိအပ်တဲ့ ကဗျာနိဿရည်းတွေကို ငြင်းပယ်ပြီး ကဗျာကို လိုအပ်သလို ရေးဖွဲ့ ထုံးမွှမ်း သုံးစွဲကြမယ်။ ယခင်ရှိရင်းစွဲများကို ချဲ့ထွင်ပစ်ကြမယ်ဆိုတဲ့သဘောသကာယလား။ ဘာသာစကား ကို စနစ်တကျထိန်းချုပ်မှုကနေ လွှတ်ပေးလိုက်ကြမယ်။ ဘာသာစကားကို ဆောင်ရွက်မှု Making ပြုလုပ်မယ်။ သိမှုနယ်ပယ်ကိုကျော် ဖြတ်ပြီး လူလုပ် (ဖန်တီးတည်ဆောက်) တဲ့ လောကတစ်ခုကို တည်ထောင်ခဲ့ကြမယ် ဆိုရင် …..?
ဒါမှမဟုတ် သိမှုနယ်ပယ်ကို မကျော်ဖြတ်ဘဲ လက်ရှိလောကရဲ့ စိတ်ခံစားချက်သက်သက်နဲ့ ကျွန်တော်တို့အကျွမ်းဝင်ရှိလှတဲ့ လောကတစ်ခုကို တည်ဆောက်ကြမယ်ဆိုရင် ….?
ဘာပဲဖြစ်ဖြစ် လူတိုင်း ကိုယ်စီကိုယ်စီကတော့ ကိုယ်ပိုင်မျှော်လင့်ချက်၊ ကိုယ်ပိုင်အယူအဆများ နဲ့ ကိုက်ညီမှုရှိတဲ့ အရသာတစ်ခုခုကိုတော့ လိုအပ်နေမှာ အမှန်ပါပဲ။ အဲဒီအရသာကလည်း လူတို့လိုအပ်ချက်ကို ဖြည့်စွက်နိုင်စွမ်းရှိတဲ့ အရသာတစ်ခုခုဖြစ်ဖို့တော့ လိုအပ်နေပါလိမ့်မယ်။
ရေတွေကိုသိုလှောင်ထားတဲ့ အုတ်ရေကန်လေးမှာလည်း အရသာတစ်ခုခုတော့ ရှိလိမ့်မယ်။ အဆင့်အတန်းရှိတယ်လို့ သူတို့ကိုယ်သူတို့ ယူဆနေတဲ့ လူကြီးသူကောင်းတွေမှာလည်း အရသာ တစ်ခုခုတော့ ရှိလိမ့်မယ်။ အဆင့်အတန်းနိမ့်ပါးတဲ့ ဖက်ခွက်စားဆိုသူတွေမှာလည်း သူ့အရသာနဲ့သူ ရှိနေပါလိမ့်မယ်။ ပြန်အမ်းဖို့ လက်ကျန်ငွေကို တမင်မေ့လျော့ထားတဲ့ ကားစပယ်ယာမှာလည်း အရသာ တစ်ခုတော့ ရှိလိမ့်မယ်။ အေးမြမြအရိပ်တွေပေးတဲ့ သစ်ပင်မှာလည်း အရသာတစ်ခုခုတော့ ရှိလိမ့်မယ်။ အေးမြမြသစ်ပင်ရဲ့အောက်မှာ လာရောက်ခိုနားကြသူတွေမှာလည်း သူ့အရသာနဲ့သူ။ အလှူပေးသူမှာ လည်း သူ့အရသာနဲ့သူ။ ဒါဆို အလှူခံသူမှာလည်း သူ့အရသာနဲ့သူပေါ့။ ဘုရားကို အကြိမ်ကြိမ် တ,နေသူတွေမှာလည်း သူ့အရသာနဲ့သူ။ ပြစ်ပြစ်နှစ်နှစ် ဆဲရေးတိုင်းထွာနေသူများမှာလည်း အရသာ တစ်ခုတော့ သေချာပေါက် ရှိပါလိမ့်မယ်။ ကော်ဖီမှာလည်း သူ့အရသာနဲ့သူ။ ပေါင်မုန့်မီးကင်မှာလည်း သူ့အရသာနဲ့သူ။ ခွက်ထဲကအရက်မှာလည်း သူ့အရသာနဲ့သူ။ စိတ်ဆိုးပြီး အိမ်ကဆင်းသွားတဲ့ မိန်းမနောက်လိုက်ချင်တဲ့ ယောက်ျားမှာလည်း သူ့အရသာနဲ့သူ။ ဒုစရိုက်တရားကို ရှောင်ဖယ်နေသူအတွက်လည်း သူ့အရသာနဲ့သူ။ စမ်းရေစီးသံမှာလည်း အရသာတစ်ခုရှိလိမ့်မယ်။ ထမင်းဝိုင်းမှာလည်း သူ့အရသာနဲ့သူ ရှိပါလိမ့်မယ်။ အရက်ခွက်၊ ကော်ဖီခွက်တွေကို သိစိတ်နဲ့သော်လည်းကောင်း၊ မသိစိတ်နဲ့သော်လည်းကောင်း၊ ထိုးမှောက်ပစ်လိုက်တဲ့ စားပွဲမှာလည်း အရသာတစ်ခုခုရှိလိမ့်မယ်။ ပုံပြင်၊ လရောင်၊ မီးခိုးများ၊ ရထားဥသြသံ၊ လက်ဆောင်ပစ္စည်းပစ္စယ၊ ကြက်ဟင်းခါးသီး၊ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ခရစ်ယာန်ဘာသာ၊ လူ့ဘ၀မှာမနေလိုတော့ခြင်း၊ အာဆင်နယ်အသင်း၊ မင်နီအ၀ိုင်း၊ အိပ်မက်၊ ပန်းအိုးကို ပေါက်ခွဲပစ်လိုက်တဲ့အရသာ၊ မျက်နှာကိုဖြတ်ရိုက်ချလိုက်တဲ့အရသာ၊ စကားစဖြတ်လိုက်တဲ့ အရသာ၊ ဝေါဟာရသစ်တီထွင်ခြင်း၊ မိသားစုနဲ့ခွဲနေရခြင်း၊ အောက်မေ့ခြင်း၊ ကုသိုလ်ပြုရခြင်း၊ လမ်းဖယ်ပေးခြင်း …etc…အားလုံး အားလုံးမှာ သူ့အရသာနဲ့သူ ရှိလိမ့်မယ်/ရှိကြတယ်။
အထက်မှာ အရသာအမျိုးမျိုးရဲ့အကြောင်း ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ သူ့အရသာ သူ့တဏှာတွေ အကြောင်း ပြောခဲ့ပြီးတဲ့အခါ အရသာတစ်ခုနဲ့တစ်ခု မတူညီတဲ့အကြောင်း ဆက်လက်ပြောရပါလျှင် သူ့အရသာကို ကိုယ့်အရသာအဖြစ် ရုတ်ချည်း အပြည့်အ၀ခံစားနိုင်လိမ့်မှာမဟုတ်တဲ့အကြောင်းတော့ ယုံကြည်မိပါတယ်။ သူနင်တာကို ကိုယ်မျိုချလို့မှမရတာ ကဗျာတစ်ပုဒ်လိုပေါ့။ ကော်ဖီအရသာနဲ့ အရက်ရဲ့အရသာ မတူညီနိုင်ပါ။ ပန်းအိုးကို ပေါက်ခွဲပစ်ချလိုက်တဲ့ အရသာနဲ့ ကုသိုလ်ပြုရခြင်းအရသာ၊ လမ်းဖယ်ပေးခြင်းအရသာနဲ့ ကြက်ဟင်းခါးသီးအရသာ တူညီစရာအကြောင်း မရှိနိုင်ပါ။ ပန်းသီးအရသာ ကို ကျွန်တော်သိလိုက်ပြီ။ အရက်မူးတဲ့အရသာကို ကျွန်တော်တို့ သိပြီ။ လရောင်ရဲ့အရသာကို ကျွန်တော်တို့ သိပြီ။ သီချင်းနားထောင်တဲ့အရသာကို ကျွန်တော်တို့ သိပြီ။ သူများတိုက်တဲ့ လက်ဖက်ရည်ရဲ့အရသာ၊ ကျွန်တော်တို့ သိပြီ၊ ကန်စွန်းရွက်ရဲ့အရသာကို ကျွန်တော်တို့ သိပြီ။ တညင်းသီးအရသာကိုသိပြီ။ အိပ်စက်ခြင်း အရသာကို ကျွန်တော်တို့ သိပြီ။ ဘဲဥရဲ့အရသာကိုသိပြီ။ ခေတ်စမ်းကဗျာရဲ့အရသာကိုသိပြီ။ ခေတ်ပေါ် ကဗျာရဲ့အရသာကို သိသင့်သလောက်သိပြီ။ ဘာသာစကားကဗျာရဲ့အရသာကို စုံမက်စွာ မသိရှိသေး။ conceptual poetry, slam poetry ကိုယ့်ကိုကိုယ် သတ်သေတဲ့အရသာကို ကျွန်တော်တို့ မသိသေး။ ကောင်းကင်ဘုံရဲ့အရသာကို မသိသေး။ နိဗ္ဗာန်ရဲ့အရသာကို မသိသေး။ အစ္စလာမ်မစ်တစ်ယောက်ရဲ့ အရသာများကို မသိသေး။ အခြားသူရဲ့ ပိုက်ဆံများကို ခိုးယူပြီး ထွက်ပြေးတဲ့အရသာကို မသိသေး။ အဖေတစ်ယောက်ရဲ့အရသာကို မသိသေး။ ၂၀၄၂ ခုနှစ်ရဲ့အရသာများကို မသိသေး။ ပါရီမြို့ ရဲ့အရသာကို မသိသေး။ စိန့်ပီတာစဘာ့စ်ရဲ့အရသာကို မသိသေး။ ဦးခေါင်းကို အုတ်နံရံနဲ့ တမင်ပြေးဆောင့်တဲ့အရသာကို မသိသေး။ ငွေကြေးချမ်းသာခြင်းရဲ့အရသာကို မသိသေး အစရှိသည်ဖြင့် အထက်ပါ အချို့ အချို့သော အရသာများကို သိခဲ့ပြီး/သိပြီးဖြစ်ပါသော်လည်း အချို့သော အရသာများကိုကား စိတ်ကူး အတွေးပုံစံဖြင့် (အကူသဘောဖြင့်) သာ နားလည်သိရှိနိုင်ပါသေးတယ်။ ၄င်းတို့မှာ မိမိမတွေ့ထိဖူးသေ။ မိမိတွင် မရှိဖူးသေး။ မဖမ်းဆုပ်နိုင်သေးတဲ့ အရသာများသာလျှင် ဖြစ်ပါတယ်။ မသိနိုင်သေး။ မမှီနိုင်သေး၊ မရှိသေးတဲ့ အရသာများကို စပျစ်သီးချဉ်ပါတယ်ဆိုတဲ့ မြေခွေးစကားကဲ့သို့ ပြောရန်မသင့်ဟု ယူဆမိပါတယ်။
ပင်မရေစီးခေတ်ပေါ်ကဗျာရဲ့ အရသာများကို သိသင့်သလောက် ကျွန်တော်သိခဲ့ပါပြီ။ ဘာသာ စကားကဗျာရဲ့ အရသာကိုကား သိသင့်သလောက်ပင် မသိသေး။ မမြင်နိုင်သေးပါ။ ဘာသာစကား ကဗျာရဲ့ အရသာမှာ မှီလုမှီခင်ပုံစံကဲ့သို့ လွတ်ထွက်သွားတာမျိုး၊ ရတယ်လို့ထင်ပြီး ဘာတစ်ခုမှ မရလိုက်တာမျိုးလား။ သိသလိုလိုနဲ့ မသိတာလည်း ဖြစ်နိုင်တယ်။ မသိသလိုလို သိနေတာလည်း ဖြစ်နိုင်ပါ့မလား။ မသိသလိုလိုနဲ့ ဘာလိုလိုနဲ့ ဘာတစ်ခုမှမသိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကလည်း ကျွန်တော်တို့အထင်တော့ မိမိအပေါ် သို့မဟုတ် ကဗျာအပေါ် အများကြီး (အများကြီး) မျှော်လင့်ထားလို့လည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်နဲ့ တစ်ချို့သောသူတွေလည်း ဘာသာစကားကဗျာရဲ့အရသာကို မမြင်နိုင်ဘူးလား။ မတွေ့နိုင်ဘူးလား ဆိုတော့ မဟုတ်ပါ။ မြင်အောင်လုပ်က မြင်နိုင်ပါလိမ့်မယ်။ တွေ့အောင်လုပ်က တွေ့နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ ဆရာအောင်ခင်မြင့်စကား ငှားပြောရလျှင် ၄င်း ၄င်းသောအရာများမှာ ကျွန်တော်တို့ ထိုးဖောက်လို့မရနိုင်တဲ့ ခံတပ်တစ်ခုမှမဟုတ်ဘဲ။ ဖြည်းဖြည်းချင်းစိမ့်ဝင်နိုင်တဲ့ အမြှေးပါးတစ်မျိုးသာဖြစ်တယ်။ မတွေ့ထိဘူးတဲ့၊ မတွေ့ထိဘူးသေးတဲ့ အရသာများဆီသို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ချဉ်းကပ်ကြရပါဦးမယ်။
ဘာသာစကားကဗျာရဲ့အရသာများကို တွေ့ထိမှိုင်းမိနေသူများမှာ သူတို့ရဲ့ ဦးခေါင်းကို မဖော်တမ်း၊ မဆုပ်တမ်း မှီဝဲနေကြတယ်။ ထိကပ်နေကြတယ်။ အရသာတစ်ခုခုမရှိဘဲနဲ့တော့ သူတို့ အရသာခံကြမှာ မဟုတ်ပါဘူး။ (သူတို့က ကျုပ်တို့မှာ ဘာအရသာမှ မရှိပါဟု ဆိုခဲ့ရင်တောင် ၄င်းကား အရသာလို့ မှတ်ယူလိုက်ပါတယ်။)
အရသာတစ်ခုခုတော့ ရှိပါလိမ့်မယ်။ ၄င်းအရသာကဘာလဲ။ ဘယ်လို သဘောလဲ။ ဘယ်သို့ရှိပါသလဲ။ ဒါပေမယ့် ဘာသာစကားကဗျာရဲ့ အရသာကို ကြိုက်ကောင်းလည်း ကြိုက်သွားနိုင်ပါတယ်။ ကြိုက်ချင်မှလည်း ကြိုက်ဖြစ်ပါလိမ့်မယ်။ အရက်အရသာကို နှစ်ခြိုက်စွာ ကြိုက်မိတယ်။ ၀ိုင်အရသာကိုတော့ မကြိုက်။ နန်းကြီးသုတ်အရသာကို မကြိုက်ပါ။ ငါးကြော်ရဲ့အရသာကို မနှစ်ခြိုက်ပါ။ ဒါပေမယ့် …..
ကိုယ့်ကိုယ်ကို သတ်သေတဲ့အရသာကို တွေ့ထိဖူးချင်ပါသေးတယ်။
ခရစ်ယာန်ဘာသာဝင်တစ်ယောက်ရဲ့အရသာကို တွေ့ထိချင်ပါသေးတယ်။
အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့အရသာကို တွေ့ထိချင်ပါသေးတယ်။
အသေခံဗုံးခွဲသူတစ်ယောက်ရဲ့အရသာကို တွေ့ထိချင်ပါသေးတယ်။
မြို့ဝန်တစ်ယောက် ရဲ့အရသာကို တွေ့ထိချင်ပါသေးတယ်။
အီဖယ်မျှော်စင်ပေါ်ကနေ အောက်သို့ငုံ့ကြည့်တဲ့ အရသာကို တွေ့ထိချင်ပါသေးတယ်။
ထေရ၀ါဒတစ်ဦးပီသစွာ နိဗ္ဗာန် ရဲ့အရသာကို အကျွမ်းတ၀င် တွေ့ထိချင်ပါသေးတယ်။
ခင်ဗျားတို့ပြောနေကြတဲ့ ဘာသာစကားကဗျာရဲ့အရသာကို ဆုပ်ကိုင်စူးအက်သွားသည်အထိ တွေ့ထိချင်ပါသေးတယ်။

သူရနီ၊ အောင်ပိုင်စိုး
မတ် ၂၀၁၀

2 comments:

Anonymous said...

Not everybody is using Zawgyi as their default font, bro. Please, specify the correct font in your CSS ;)

နွေဦးလွင် said...

အဲဒါလဲ အရသာတစ်ခုပေါ့ ကို (အနောနီးမတ်စ်ကာ) အနည်းအကျဉ်းတော့ ခံစားလို့ရလိုက်တယ်ထင်တယ် ဒီလိုထင်တာလဲ အရဿာတစ်ခုဖြစ်ကောင်းဖြစ်မှာပေါ့

အချိန်မတိုင်မှီဆေးမှီးတိုရတဲ့အရသာလဲသိချင်တယ် ကဗျာတွေဆေးမှီးတိုချင်ပ