Thursday, March 4, 2010

စိတ်ကူးယဉ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကော်ဖီတစ်ခွက်၊ စီးကရက်လက်ကြားညှပ်ပြီး
မှန်တံခါးရဲ့ အပြင်ဘက်ကိုငေးနေတယ်
ငေးနေတဲ့ ရှုခင်းထဲမှာ သစ်ပင်တစ်ပင်မှ မပါဘူး
သစ်သားပွတ်လုံးထိုင်ခုံမှာထိုင်လို့
ပြောင်လက်နေတဲ့ သစ်သားပရိဘောကျွန်းစားပွဲပေါ်မှာ
ကော်ဖီခွက်ဟာ အငွေ့ထောင်းထောင်းထ
ညဆယ့်နှစ်နာရီတိတိကို 12:00 pm လို့ချရေးလိုက်တယ်
တွေးနေတဲ့အတွေးထဲမှာ
သစ်ပင်တွေဘယ်ရောက်သွားပြီလဲ ဆိုတာလည်း ပါချင်ပါမှာပေါ့
ဒီနေရာမှာ သကြားအစား
စကားတစ်ခွန်းနှစ်ခွန်း ထည့်မွှေလိုက်ရင် ပိုလို့ချိုသွားမယ့်ည
ညောင်းညာလွန်း၊ ငြီးငွေ့လွန်း
အစားအသောက်ရဲ့အရသာဟာ အပြင်ထွက်လမ်းလျောက်နေရရှာတယ်
အံ့သြဖွယ်၊အံ့သြဖွယ်၊အံ့သြဖွယ်
အံ့သြဖွယ်ကောင်းလောက်အောင် အံ့သြဖွယ်တွေထပ်နေပြီ
အံ့သြဖွယ်ကောင်းလောက်အောင် နာကျင်မှုကိုမဖွဲ့ဆိုဖူးဘူးတဲ့
ခင်ဗျားပြောပြောနေတဲ့ လူလုပ်လောကကြီးမှာ
ခင်ဗျားပြောပြောနေတာ လူလုပ်စကားတွေပေါ့
အံ့သြဖွယ်ကောင်းလောက်အောင် ခံစားမှုမရှိဘူးလား
အရင်ဘဝကကျခဲ့တဲ့မျက်ရည်ဟာ ခုခင်ဗျားခေါင်းအုံးမှာ စိုစွတ်နေမလားဘဲ
အံ့သြဖွယ်ကောင်းလောက်အောင် အမှန်တရားကြီး မရင့်သီးလွန်းဘူးလား
အရင်ဘဝက ကြည့်ခဲ့တဲ့မှန်ထဲမှာ
အရင်ဘဝက ခင်ဗျားမျက်နှာကိုတွေ့ရမယ်
အရင်ဘဝက ရိုက်ခဲ့တဲ့ဓာတ်ပုံထဲမှာ
အရင်ဘဝက ရှုခင်းဟာ စိမ်းလို့မှောင်လို့
သစ်ပင်ကို ခင်ဗျားခုတ်ပစ်လိုက်ပြီ။ ။.


မင်းစိုးရာ
19.2.2010

No comments: