Tuesday, February 9, 2010

လက်ဆောင်

ကံ့ကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ။

ကျွန်တော်ပျံသန်းဖို့ ကောင်းကင်တစ်ခု
သူ့မျက်ဝန်းကနေရတယ်။

သန့်စင်ပြီးလှပတဲ့ အိပ်မက်လေးတစ်ခု
သူ့ကို ကျွန်တော်ပေးခဲ့တယ်။

သူ့ရဲ့ရနံ့တွေကို သယ်ဆောင်လာတဲ့
အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည်က
ကျွန်တော့်ကို ချွေးသိပ်ယုယခဲ့ပါတယ်။

ကျွန်တော်တို့အပေါ် အမြဲတမ်းဖိစီးနေတဲ့
အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်
အကောင်းဆုံး လက်ဆောင်အဖြစ်
သူ့အတွက် ကျွန်တော့်ကိုပေးတယ်။
ကျွန်တော့်အတွက် သူ့ကိုရတယ်။

သစ်ရွက်လေးတစ်ရွက်
လှုပ်ခတ်တာကအစ
အဓိပ္ပာယ် ရှိခဲ့ပါတယ်။

တင်မင်းထက်
(ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၆)

No comments: