Thursday, December 10, 2009

ဓာတ်တိုင်မှာကပ်ထားတဲ့ ကြောင်ပျောက်ကြော်ငြာ

ငါ့ကလောင်နာမည်ဟာ ငါ့ဇာတ်ကောင်
ငါ့ကဗျာထဲမှာ ငါ့ဘ၀ဟာ နေရာအနှံ့အပြား
သေးသေးတင်လေးတစ်လုံးအစမှာ
ငါ့ဘ၀ကို တွေ့ရမယ် ငါ့ဇာတ်ကောင်ကထမ်းပေးတယ်
ဒါပေမဲ့ ငါဟာထူးခြား
ဝါကျတစ်ကြောင်းကို တည်ဆောက်နေတာ
မဟုတ်ပါလား အများသူငါလိုပါပဲ
အရာရာနဲ့ကင်းကွာခြင်းဟာ ငါ့ကိုအင်အားတစ်ခုပေးလာတယ်
ငါ့ဇာတ်ကောင်ဟာလည်း သူ့ဟာကွက်နဲ့ ငါ့ကိုပြန်ပြီးတိုင်းထွာတယ်
တိကျသေချာတဲ့ အဆိုအမိန့်တွေပါပဲလားလို့ ပြောရလောက်အောင် ဘ၀တွေ
ဒီထဲမှာ ငါ့ကြောင်လေး တွေ့မိသလား
”တကယ့်ဘ၀အတွေ့အကြုံ” ပေါ်မှာ သီအိုရီအစင်းတွေနဲ့
”ကဗျာရေ၊ ကဗျာ၊ ကဗျာ” လို့ ခေါ်လိုက်ရင် သူရောက်လာမလား
စကားလုံးနဲ့ပေါက်လည်း နာတတ်ကြတယ်မဟုတ်လား
ငါ့ဘ၀ရဲ့ အဓိပ္ပာယ်ထဲမှာ မပါရှိတာဟာလည်း ငါ့အစိတ်အပိုင်း
အဲဒါ သူ့မှာရှိတယ်လို့ ငါ့ဇာတ်ကောင်က ပြောလာတယ်
ငါ့ဇာတ်ကောင်က ပြောလာတယ်
သူ့မှာ သူထွင်ထားတဲ့ အခြားဇာတ်ကောင်တွေ ရှိသေးသတဲ့
ဇာတ်ကောင်တစ်ကောင်ဟာ (အလိုလေး) ငါပဲတဲ့
ငါဟာ သူ့ဇာတ်ကောင်တစ်ကောင်မွေးထားတဲ့ ကြောင်လေးတဲ့
သူ့အရှိတရားအစွန်းအစပ်မှာ ငါ့ကို ဘေးမဲ့ပေးထားတာတဲ့
အသိတရားရဲ့ အရွယ်အစားအတိုင်းအတာ
ရှိကြရတဲ့ အရှိတရားတွေထဲမှာ
ပြန်ပြောပြတတ်သမျှ ပုံတွေဟာ …
သူ့အသိတရားထက် ကြီးထွားသွားတဲ့ အရှိတရားကြီးထဲမှာ
သူ နေလို့ထိုင်လို့တတ်ပါစ အထားအသိုပြေပါစ
မိုးမည်းကြီးတွေအောက်မှာ မိုးခိုစရာလေးရှိပါစ
မရှိတာတွေထဲက မရှိခြင်းတစ်ခုဟာ
ငါ့သိမှုအစွန်းအစပ်မှာ လာပွတ်သပ်နေတယ်
စာလုံးတစ်လုံးနဲ့တစ်လုံးကြား ကွက်လပ်တွေဟာလည်း
ငါ့ဘ၀ရဲ့ သမ္ဗန္ဓတွေ (သင့်ရဲ့ဆိုလည်း ဟုတ်ပါတယ်)
အဲဒီထဲမှာ ကျွန်တော့်ကြောင်လေး တွေ့မိပါရဲ့လား။ ။

ဇေယျာလင်း
၃၀-ဇူလိုင်-၀၈

No comments: