Sunday, November 1, 2009

ဆုံတွေ့ချိန် သုညနာရီ တစ်ဆယ့်ငါးမိနစ်

မပြောင်းလဲတဲ့
မင်းပါးပေါ်က မှည့်လေးဟာ
ငါ့အတွက်တော့ တစ်သက်စာ ဒဏ်ရာ။

မင်းခန္ဓာလေး ပါးလျားသွားတာကစ
မင်းအသွင်အပြင် မင်းဖက်ရှင်
မင်းဆံပင်ဒီဇိုင်း မင်းဟန်ပန်
ရန်ကုန်ဟာ မင်းကို အရာရာရွေ့လျားစေခဲ့တယ်။

ရန်ကုန်
ရန်ကုန်ဟာ ငါ့ဆံပင်တွေကို ရှည်လျားစေခဲ့သလို
မင်းဆံပင်တွေကို အရောင်ပြောင်းစေခဲ့တယ်
ရန်ကုန်ဟာ ပြဇာတ်တစ်ပုဒ်ကို ပြန်အသက်သွင်းတယ်
ပြီးတော့ ဇာတ်သိမ်းပိုင်းကို
မသိသလို ကျောခိုင်းလိုက်တယ်။

"မတွေ့ဖြစ်တာကြာပြီနော်"တဲ့
အနော်ရထာလမ်းမကြီးဟာ ငါတို့ကိုငေးလို့
ငါက မင်းကို ငေးလို့၊ မင်းက အဝေးကိုငေးလို့
မင်းဘေးမှာက မင်းအဖော်နဲ့
ငါက အဖော်မဲ့ တစ်ယောက်တည်း
"အားလုံးကို သတိရနေပါတယ်"
မင်းက အဲဒီလို ပြောတော့
ငါက မေ့မရတဲ့ အတိတ်ကိုလွမ်းနေကြောင်း
ပြောပြချင်တယ်
ဆံတော်ရှင်ကျိုက်ထီးရိုးက စရမှာပေါ့
တောင်ဝိုင်းလမ်းမကြီးက စရမှာပေါ့
တက္ကသိုလ်ခြံဝင်း
ဆရာမတွေနေတဲ့ အဆောင်က စရမှာပေါ့
မော်လမြိုင် ကျိုက်ထိုအမြန်ရထားကြီးက
စရမှာပေါ့
အနီးစခန်းနဲ့ တောင်တက်လမ်းက စရမှာပေါ့
အဖြူရောင်ဆွယ်တာ ဦးထုပ်လေးက စရမှာပေါ့
Auto ကင်မရာလေးရဲ့ တဖျပ်ဖျပ်အလင်းက စရမှာပေါ့။
ဒီဇင်ဘာလား၊ ဇန်န၀ါရီလား။


အချိန်တွေကို အမှတ်အတေးမထားတတ်တဲ့ ငါက
ဆောင်းဆိုတာလောက်ပဲ မှတ်မိတော့တယ်
ညမွှေးပန်းနံ့က
လေပြည်ကို သယ်လာတာလောက်ပဲ
မှတ်မိတော့တယ်
"ပေါင်ပေါင်ချမ်း" ပေါ့
မင်းမောင်လေးနာမည်
ချစ်စရာကလေးရဲ့ အသံဟာ
ငါတို့နှစ်ယောက်ကြားတိုးဝင်လာတဲ့ လေပွေ
ချစ်စရာလေပွေလေးပေါ့
ရှည်လျားလွင့်ပျံလာတဲ့ ဆံပင်တွေကို
ငါအရမ်းလွမ်းတာပဲလို့ ပြောရမလား
ငါချစ်တဲ့ ဆံနွယ်မျှင်တွေကို
ခု မင်းက စွန့်ခွာထားခဲ့ပြီ
ခေတ်ကို ငါက မခုခံနိုင်ခဲ့သလို
ရန်ကုန်ရဲ့ ပေါ်ပင်ဖြစ်မှုကိုလည်း
မင်း မလွန်ဆန်နိုင်ခဲ့ဘူး။

နှင်းတွေဟာ ငါတို့နှစ်ယောက်ကိုရွှဲလို့
ဆည်းလည်းသံတွေ
ဆံတော်ရှင်ရဲ့ ဆည်းလည်းသံတွေဟာ ငြိမ်းချမ်းနှစ်လိုဖွယ်
မနှိုင်းကောင်း နှိုင်းကောင်းပါပဲ
မွန်သံဝဲနေတဲ့ မင်းစကားသံဟာလည်း
ငါ့အတွက် ဆည်းလည်းသံ
အဒေါ်ဆရာမတွေရဲ့ နှောင်တည်းမှုနောက်က
ပွင့်လင်းလာတဲ့စကား
ငါတို့ပြောခဲ့တာ အားလုံးရိုးရိုးသားသားပါပဲ
မရိုးသားခဲ့တာက ငါ့မျက်ဝန်း၊ ငါ့အကြည့်
မင်းမျက်ဝန်း၊ မင်းအကြည့်
ငါတကယ် ပြန်သတိရမိတယ်
ရန်ကုန်ရဲ့ နှစ်နှစ်တာဟာ
မင်း မွန်သံဝဲတာကို မပြောင်းလဲစေခဲ့ဘူး
ငါ့ရဲ့ ရခိုင်သံကိုရော
မင်း သတိတရရှိသေးရဲ့လား
ဒါဟာ မသေချာဘူး။
ကိုညီဆိုတာ မင်းခေါ်တဲ့ ငါ့နာမည်
မင်းကိုတော့ ငါဘယ်လိုခေါ်ခဲ့မိသလဲ
အများခေါ်သလို ပို့ပို့ ပဲလား
နာမည်အရင်းကိုတော့ ငါ မသိခဲ့တာအမှန်ပဲ
ဒါဟာ ငါ့အတွက် အရေးမကြီးခဲ့ဘူးလေ
မင်းကို ချစ်ခဲ့တယ်ဆိုတာက လွဲလို့ပေါ့။

အိမ်နံပါတ် ၄၉၊ ပထပ်
သတိရရင် ဖုန်း ၃၇၅...ကို ဆက်လိုက်ပါတဲ့
"ကိုညီကော ဘယ်မှာနေလဲ" သိပ်အရေးမကြီးတဲ့ပုံနဲ့
မင်း လာမလည်နိုင်မှန်းသိပေမယ့်
အတိအကျမရှိတဲ့ ငါ့လိပ်စာကိုတော့ ပေးထားခဲ့ပါမယ်
အိမ်နံပါတ် ၄၂၊
စမ်းချောင်းမှာနေတယ်
မကြာသေးခင်ကပဲ မင်းအကြောင်းဟာ
ငါ့ခေါင်းထဲ မိုးရေလျှံသလိုလျှံလို့
ငါ့ရဲ့ မပွင်လင်းခဲ့ပုံ
မင်းရဲ့ အကြောက်တရား
မင်းဘေးနားမှာ အသင့်ဝန်းရံထားတဲ့ ဂုဏ်ပကာသန
ကွန်ဆာဗေးတစ်ဆန်တဲ့
မင်းတို့ရဲ့ အသိုက်အ၀န်း
ငါတို့ ရိုးရိုးလေးပဲ ဝေးခဲ့ကြရတယ်။


ပျော့ပျောင်းတဲ့ ဆံနွယ်များလည်း
ပျော့ပျောင်းတဲ့ အတိတ်မှာ ထားခဲ့
ရန်ကုန်ဟာ မျက်လှည့်ဆန်တယ်
ဒီနေ့တွေ့ပြီး မနက်ဖြန် ဝေးခဲ့ရ။
ကျောပိုးအိတ်ဟာ ငါ့ရဲ့အဖော်
ကျောပိုးအိတ်ဟာ ငါ့ရဲ့ဒီဇိုင်း
ရန်ကုန်လမ်းတွေပေါ် ငါဆိုတဲ့သီချင်းက
ရွေ့လျားခြင်း မြစ်
မနားတဲ့မှတ်တိုင်
ငါ့ကိုယ်ငါ ခရီးသွားခြင်း
တစ်နည်းအားဖြင့် ငါဟာ ဇက်မခွံ့ရသေးတဲ့
မြင်းရိုင်းတစ်ကောင်။


ဟုတ်ပါတယ်
ငါကဘ၀မှာ ဘယ်အရာမှ မသေချာတဲ့ကောင်
မင်းကိုချစ်ခဲ့တယ်ဆိုတာက လွဲလို့ပေါ့
မိဘကျေးဇူး
မဆပ်ဖူးသေးဘူးဆိုတာက လွဲလို့ပေါ့။
လောကမှာ
မသေချာတဲ့လမ်းကို စမ်းတ၀ါးဝါးလျှောက်နေတာထက်
သေချာမယ့်လမ်းကို မင်းရွေးလိုက်တာ သဘာဝကျပါတယ်
"ကိုညီ အိမ်လာလည်မလား"
မင်းနဲ့တွေ့ပြီး
စကားတွေ အများကြီး ပြောချင်ပါတယ်
မပြောဖြစ်ခဲ့တဲ့ တစ်ခွန်းနှစ်ခွန်းကစ
မအောင်မြင်သေးတဲ့ ငါ့အနုပညာအကြောင်း
မအောင်မြင်သေးတဲ့ ငါ့တစ်ကိုယ်ရေတစ်ကာယအကြောင်း
မပျော်ရွှင်ခဲ့တဲ့ နွေလို၊ မိုးလို၊ ဆောင်းလို
အထီးကျန်ဆန်တဲ့ နေ့ရက်တွေအကြောင်းပေါ့။
ဘယ်တော့လာခဲ့ရမလဲမေးတော့
"ဒီညနေလေ... မနက်ဖြန် Flight နဲ့
စလုံးကို Go တော့မှာ"
ငါ ဘယ်လိုအဖြေပေးရမလဲ
မင်းကတော့
လေယာဉ်ကြီးစီးပြီး တခြားကမ္ဘာ ဟိုအဝေး... ။ ။

လင်းသဏ်ညီ

No comments: