Thursday, August 5, 2010

ငါ့ရဲ့အခင်းအကျင်း

ငါ့အရိုးတွေအကြောင်း ငါမပြောနိုင်
ငါ စိတ်လိုလက်ရရှိတုန်းကတော့
ငါ့ကိုယ်ထဲ ငါစမ်းကြည့်
ငါ့သွေးကြောထဲမှာ ချောက်နက်နက်တစ်ခုရှိတယ်
အဲဒီချောက်ထဲသို့ ငါလွှတ်လိုက်တဲ့ စာပို့ခိုတွေ
ငါ့ဆီတစ်ကောင်မှ ပြန်ရောက်မလာဖူးဘူး
တကယ်တော့ ငါ့အကြောင်းဟာ ပျင်းရိဖွယ်ပါ
ငါ့စိုက်ခင်းမှာ ထူးဆန်းတာဘာမှမရှိ
ငါ့မသိမှုတွေသာ ကိုင်းဆက် အသီးမြန်ခဲ့ရ
မျက်လုံးဝင်းဝင်းများနဲ့ မင်းကိုငါချစ်တယ်ဆိုပြီး
ကြာသပတေးညတွေမှာ ငါ ထထယောင်မယ်
ခေတ်နဲ့ ရင်းရင်းနှီးနှီးရှိတဲ့ ငါ့မီးတွေ
မြန်နှုန်းမြင့်မြင့် ထထလောင်မယ်
ဘီယာဆိုင်သွားရင်း ကေတီဗွီထိုင်ရင်း
ငါ လှလှပပ အရွယ်ရောက်လာတာဟာ
ငါ့ကိုဖမ်းမယ့် ငါ့ထောင်ချောက် ပိရိသေသပ်တာလို့ခေါ်တယ်
ဘွဲ့တွေရ လခတွေရ ဘယ်လောက်သေသပ်သလဲ
ဟိုဟာတွေငါပိုင် ဒီဟာတွေငါဆိုင်
ငါ့ဖြတ်လျှောက်ဇာတ်ဝင်ခန်းဟာ ကြေးကြီးလာခဲ့
ငါဟာမိန်းမော ငါဟာမျော ဒီလိုဆို
မဖြစ်သေးဘူး ငါအချီကြီးခုတ်ပိုင်းမိတော့မယ်
ငါ့ကြောက်စိတ်တစ်ပတ်ပြန်လည် ငါ့ကြေးစည်သံငါကြားမိ
ငါ့မွေးနေ့မှာ ငါ့ကိုယ်ငါ သွေးအေးအေး ဖြုတ်ပစ်တယ်
ငါဟာ ငါ့ပြုတ်ထွက်လက်နှစ်ဖက်ကို ကြည့်ပြီး ရယ်တယ်
ငါ့ပဲ့ကွာခြေထောက်နှစ်ချောင်းကို ကြည့်ပြီး မောတယ်
အခု ငါ့ကိုယ်ကောင်ဟာ ငါ့ညစာ
ငါ့ဦးခေါင်းက ၀ါးလုံးကွဲဟာသပဲ
ငါ့မျက်လုံးနဲ့ငါ့နားရွက်တွေကို ကိုင်ကြည့်နေတဲ့
ငါ သို့မဟုတ် ငါး
(ယနေ့ထိ) ငါ့ကိုဘာနဲ့မျှားမျှား
ငါတို့ မိမြဲမိတယ်။

ပိုင်မင်းဆွေ
( ၂၀ ဂျူလိုင် ၂၀၁၀)
၎း၁၁-၅း၀၀-၅း၂၄ မနက်။



လူ့အဖြစ်ဟာ ထိလွယ် ခိုက်လွယ်ပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က လမ်းပန်းဆက်သွယ်ရေး အဆင်ပြေကြီးမဟုတ်တဲ့ နယ်မြို့လေးတစ်မြို့ရဲ့ညတစ်ညမှာ
လက်ကောက်ဝတ်သွေးလွှတ်ကြော ပြတ်တောက်ဒဏ်ရာနဲ့ ဆေးရုံပေါ်ေ၇ာက်ခဲ့တယ်။ ဝေဒနာကိုအန်တုရင်း လက်ဖျံကိုဖြတ်စီးပြီး ပွက်ပွက်ထလာနေတဲ့
သွေးတွေကိုအနံ့ခံရင်း.....ကဗျာတစ်ပုဒ်အတွက် အချက်အလက်တွေလည်း မြစ်ဖျားခံရင်းပေါ့။ မေ့လွယ်ပျောက်လွယ်ကမ္ဘာကြီးပေါ်က မေ့လွယ်ပျောက်လွယ်
လူတစ်ယောက်... နောက်တော့လည်း ဘီယာပုလင်းတွေဖောက်သောက်လိုက်... အမွှေးနံ့သာတွေ ဆွတ်ဖျန်းလိုက်နဲ့... လူ့အဖြစ်ဟာ နာပျော်ဖွယ်ရာ။
ကျည်အနေသော မြေဖြူတောင့်တွေထည့်ပစ်ရတဲ့သေနတ်တစ်လက်.... အိပ်နေရင်းလမ်းထလျှောက်သူ.... ခေတ်ရဲ့ ချောင်းရေမြောင်းရေတွေကြား လူငယ်ပီပီ
တောက်စားဆန်တက်ခဲ့။ ၂၀၀၈ သင်္ကြန်တွင်းရောက်တော့ သင်္ကန်းစည်းဖြစ် ၇-ရက် တရားစခန်းဝင်ဖြစ်ခဲ့တယ်။ပေါင်းလိုက်တော့ အစွန်းထွက်ဖြစ်ပျက်ခဲ့မှုများနဲ့
တရားဓမ္မဆီသို့ အမှတ်ရချက်များပါပဲ။ တကယ်ချရေးဖြစ်တဲ့အခါမှာ တစ်စုံတစ်ယောက်ရဲ့ ပုဂ္ဂလိကခံစားချက်အားဖော့ပြောပြီး အများဆိုင်နာမ်တစ်ခုအဖြစ်
ရည်ရွယ်ရင်းရှိခဲ့မိပါတယ်။

ပိုင်မင်းဆွေ
(၃၁ ဂျူလိုင် ၂၀၁၀)

No comments: