Tuesday, July 26, 2011

ငါနဲ့လွဲပေမယ့် ကျန်တာတွေအကောင်းအတိုင်းပဲရှိနေပါစေ


ဘာသာစကားခေတ် ဘုန်းမီးနေလတောက်ပတဲ့ အခါသမယ
(ကိုရီးယား၊ ဂျပန်၊ တရုတ်၊ မလေးရှား၊ အင်္ဂလိပ်၊ ပြင်သစ် အစရှိတာတွေမပါဝင်)
ဘာသာစကားကဗျာ၊ ပို့စ်မော်ဒန်၊ ပို့စ် ပို့စ်မော်ဒန်၊ ဗန်းစကားကဗျာ
ဒေါ့ကူမန်ထရီကဗျာ၊ ပါဖောမန့်ကဗျာ၊ ပေါ့အက်အနုပညာတွေထွန်းကားတဲ့ကာလ
ဘုရားသခင်နူတ်တိုက်ချပေးတဲ့ ကဗျာသရုပ်တူရန် ဘန်ကောက်စံတော်ချိန်ကဗျာ
ဆူရီယလ်လစ်ဇင်မ်၊ ရှေးရိုးစွဲ မော်ဒန်၊ ကဗျာသေပြီ အစရှိသဖြင့်
ဘာတွေမှန်းမသိပါဘူးလို့ ပြောလိုက်မိရင် ဘေးရောက်သွားတော့မှာ
အပြောင်းအလဲအကြီးအကျယ်ကာလလို့သာဆိုနေ ကဗျာတွေကနေမြဲအတိုင်း
အခေါ်အဝေါ်တွေလည်း စစ်တုရင်ရွေ့ကွက်တွေအတိုင်း အဖြူ မဟုတ် အမည်း
အလုပ်အကိုင်အဆင်မပြေ ကဗျာလည်းမရေးတော့ဘူးဆိုတဲ့ ကောလဟာလ
ငြိမ်းချမ်းရေးကို အလေးထားသင့်ကြောင်း သီတဂူဆရာတော် မိန့်ကြား
ဟောင်းလောင်းပွင့်နေတဲ့ အရေးအသားအဟောင်း အခန်းတံခါးကိုလော့ခ်ချထားတယ်
ကဗျာဆိုတာပြုလုပ်ခြင်းဇေယျာလင်း၊ နှစ်ကာလများစာပေနှင့် မိုးဝေး
ကဗျာ၊ အရေးအသားများ၊ ရုပ်ရှင်ဝေဖန်ရေးနှင့် ဘလော့ဂါတောကျောင်းဆရာ
မြိတ်ပီတာစဘတ်မြို့သား၊ ခြူးခြူးကိုချစ်ဖို့အရေးကဗျာနှင့် မောင်ယုပိုင်
ဖလပ်ခ်ကဗျာမိတ်ဆက်၊ သိုးထိန်း(အန္တိမ)၊ မောင်ဖုန်းမြင့်၊ ကြက်သွန် စသဖြင့်
အချိန်နှင့်တပြေးညီ ချိန်သားကိုက်အမီလိုက် ဖော်ပြတင်ဆက်မှုတွေကိုလည်း
မလစ်ဟင်းရအောင် ကျင့်ကြံအားထုတ်၊ ဖတ်ရှု့လေ့လာ အတုယူနေရသေးသည်
ငါနဲ့မတူ ငါ့ရန်သူ အယူဝါဒရေးရာပိုင်းနှင့် အခြားကဗျာရေးသူများအတွက်
အရေးအသားချည်းသက်သက်၊ အေဖိုးစက္ကူသပ်သပ်၊ သရုပ်ဖော်ပုံသက်သက်
ဘာသာစကားပျံ့နှံ့စေပြီး မှတ်မိလွယ်ကူစေရန် အလွတ်ကျက်မှတ်သင်ယူပြီးပါက
အိပ်မက်ရိပ်စာပေ၊ အောင်ဇေယျလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ မြေညီထပ်သို့ပေးပို့ပေးပါရန်။



အောင်ပိုင်စိုး
၁၊ဂျူလိုင်၊၂၀၁၁

Saturday, July 23, 2011

ဂျူလိုင်

အမေ့လျော့ခံ မိုးသားတိမ်တိုက်တွေအရည်ပျော်ကျခဲ့ရတဲ့ မာတိကာများ
နံရံမှာချိတ်တွယ်ခံထားရတဲ့ အချိန်ကာလရဲ့လက်တံတွေရွေ့လျားနေကြ
လက်လျော့လိုက်ရတဲ့မျက်ဝန်းစိုလဲ့လေးကိုလည်း အမှတ်တရ
လက်ကြားထဲညှပ်ထားရတဲ့ စီးကရက်က လောင်ကျွမ်းပြာကျ
အဝေးရောက် တယောကလေးဆီက သင်္ကေတနားလည်မှုပေးသောချစ်ခြင်း
မျက်မှန်ကို စာကြည့်စားပွဲပေါ်ကစာအုပ်တွေပေါ်မှာ တင်ထားလိုက်တဲ့ အတ္တ
ကြည်လင်တောက်ပသော ငယ်ဘဝရဲ့ယူနီဖောင်းလေးကိုလည်း ပြန်တမ်းတ
မှတ်မှတ်ရရမိုးရေစက်တွေ ဘဝနောက်ကို ပြေးလိုက်နေကြတယ်
လီယိုရာသီဖွား အမှားများများနဲ့ဇာတိမွေးရပ်နဲ့ဝေးကွာနေသောကောင်လေး
လူ့ဘဝကို စတင်ရောက်ရှိခြင်း(၂၈)နှစ်တင်းတင်းပြည့်တဲ့လပေါ့
ကိုယ့်ကိုသတိရလို့ ဆိုသော အများသုံးပီစီအိုဖုန်းထဲက စကားသံတစ်ပိုင်းတစ်စ
အဆောင်ဆောင်အခန်းခန်းရွေ့လျားနေပျော်သော ၂၀၀၉-၂၀၁၀
အိမ်အမှတ်(၃၈/၄)ဆိပ်ကမ်းသာလမ်းက အမေ့အိမ်ကိုလွမ်းနေတယ်
အပင်နှစ်ဆယ်၊ဒဏ်ရာရအခန်းလေးဆီ ပြန်မရောက်ဖြစ်တော့ဘူး
မိုးတွေရွာနေချိန်ခဏ ငယ်ဘဝဟာ ရေးလက်စပန်းချီကားထဲဝင်ရောက်သွား
ချစ်သူရယ်သံတိုးဖွဖွက နားစည်နံရံမှာ ပဲ့တင်ထပ်လို့
ထွက်သွားစမ်းကွာ၊ရန်ကုန်-လပွတ္တာခက်ခဲကြမ်းတမ်းဝေးကွာလွန်းနေရ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအခြေခံစိတ် ကြွပ်ကြွပ်အိတ်မသုံးစွဲရ
တမြန်နေ့က ပန်းကန်ပြားပျံတစ်စီးကောင်းကင်ထဲပျံဝဲနေသည်
လန်ဒန်ရွေမြို့တော်ကြီးမှသည် လာ့စ်ဗီးဂတ်သို့ အပြောင်းအလဲကာလ
ဆေးလိပ်မသောက်ရ၊ဘာဆိုဘာမျှမလုပ်ရန် အထူးတားမြစ်ထားသည်
သတိ၊မေတ္တာတရားကြီးများကျယ်ပြန့်သူများသာ ဝင်ရောက်ရန်
ဘာသာစကားအခြေပြုဝါဒီများလက်ရေးလှရေးကျင့်ရန်
ကဗျာပြည်သူများ ရသင့်ရထိုက်သော အခွင့်အရေးများကိုတောင်းဆိုပါ
မသေထမင်း၊မသေဟင်းများနှင့် ထမင်းစားပြီးက ပန်းကန်ဆေးရန်
အောင်ပန်း၊ကလော၊ပျဉ်းမနား ခရီးစဉ် ဘာဘွန်းသောက်ပြီးပြန်ခဲ့တယ်
ငါ့ဖက်ကမှားတာပါ၊ငါ့ဖက်ကမှားတာပါ အားလုံးကအမှန်တွေပါပဲ
သူရနီပူးတွဲဇော်လူစိမ်း ကဗျာစာအုပ်အမည် အမှုတွဲကဗျာ
မိုးတဖွဲဖွဲရွာသွန်းနေခိုက် ထီးဆောင်းပြီးကန်လမ်းထဲဖြတ်သန်းမိသည်
သစ္စာတရားမဲ့လို့ ဝါးဘလောက်သောက်မြစ်ကြီး တိမ်ကောခဲ့ရသည်
အစိမ်းရောင်ကန်စွန်းခင်းထဲနေရောင်ခြည် ညိနေသော အောင်ဟိတ်ချောင်း
တစ်ရာထဲကနေ တစ်ကိုနူတ်တော့ သုညသာကျန်ရစ်လေတယ်
ဆိုက်ဘာလောက၊ဖိုက်ဘာအော့ပ်တစ်ကြိုးများနှင့် အင်တာနက်ဆိုင်များ
နင့်ကိုမြင်ရင် နင် နင် နေတယ်ကဗျာစာသားများနှင့် ကိုလှိုင်းထက်
အထက်အောက်ဖိစီးမှုများ၊အရင်းကျမ်း၊မက်(စ်)ဝါဒနှင့် အနီရောင်
ကောင်းကင်တစ်ခုလုံးပြိုလဲတဲ့နေ့ပေါ့၊ ယမ်းနံ့တွေ မွှန်ထူသွားသည်
မင်းမရှိရင် အသက်မရှင်ချင်ဘူးအချစ်ရယ် မနေ့က ငါသေဆုံးသွားတယ်
ရန်ကုန်တက္ကသိုလ်နောက်ခံကားချပ်များနှင့် ကျောင်းဖွင့်ချိန်ကဗျာ
မထူးမမြန်ဘတ်(စ်)ကားများခေတ်စားလာသော မြို့တော်ရန်ကုန်
ဆိုက်ရောက်ထွက်ခွာ လက်ထဲကနာရီကိုကြည့်တော့ ညဟာလင်းနေတယ်
ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသော ရာသီဥတုအား ကျေးဇူးတင်လျက်
အထက်ပါအကြောင်းအရာစာသားများနှင့် ဘယ်လိုမှ မသက်ဆိုင်သော ဂျူလိုင်
နှစ်ဆယ့်လေးရက်၊တစ်ထောင်ကိုးရာရှစ်ဆယ့်သုံးခုနှစ်၊အောက်မြန်မာပြည်။
အောင်ပိုင်စိုး
၂၀၊မေလ၊၂၀၁၁