Thursday, July 29, 2010

ကြိုက်နှစ်သက်သောစာသားဖြင့်ခေါင်းစဉ်ကို အမည်ပေးပါရန်

အကြောင်းအရာကင်းမဲ့ခြင်း၊ဆိတ်ငြိမ်ခြင်းတို့ဖြင့်ဒီနေရာတွင် ငါရပ်နေသည်
အိပ်မက်အသေ၊တစ်ကိုယ်ရည်စာဗလာကမ္ဘာ၊လိုအပ်ချက်အတိုင်းမပြည့်မီခြင်း
ပေါင်မုန့်တစ်ချပ်၊အသံထွက်ရန်ကျန်ရှိသောနာမဝိသေသန၊ဆိုရှယ်နက်ဝပ်(ခ်)
ဘလက်ကော်ဖီ၊ထော်လာဂျီ၊မြေအိုးမြီးရှည်၊မာလာဟင်း၊အန္တရာယ်ရှိသောအနု
ပညာ၊မြောက်ဥက္ကလာ၊ပုဂ္ဂလိကစာသင်ကျောင်းများနောက် ငါရပ်နေသည်
စိတ်အရမ်းလှုပ်ရှားနေသည်၊ဖြတ်လက်စ စီးကရက်ကိုပြန်သောက်မိသည်
လစ်လပ်နေသောအကြောင်းအရာ၊အရာဝတ္ထု၊သက်ရှိသက်မဲ့စာမျက်နှာများသည်
ငါမဖန်တီး၊မဖွဲ့နွဲ့လိုသောအနုပညာသာဖြစ်လေသည်၊ ဖြေဆိုရန်မလွယ်ကူသော
အင်တာဗျူးများကို လူကြီးလူကောင်းများဖြေဆိုသင့်သည်၊အိမ်အမှတ်(၂၃)၊
ခြောက်လွှာ၊သံလမ်း၊လှိုင်မြို့ နယ်တွင် ငါရပ်နေပါသည်၊ဖုန်းမခေါ်ဆိုဖြစ်ဘူး
သတိမရဘူး၊သစ်ရွက်ကြွေနေသောပြူတင်းပေါက်ကိုပိတ်လိုက်သည်၊အိမ်ကို
လွမ်းနေသည်၊ခံစားချက်၊အိပ်ကပ်ထဲပိုက်ဆံပျက်နေသည်၊တစ်ခါသုံးဆေးထိုးအပ်
၊တစ်ခါသုံးကွန်ဒုံး၊တစ်ခါသုံးဆပ်ပြာ၊တစ်ခါသုံးဘောလ်ပင်၊တစ်ခါသုံးဝါးတူ၊
တစ်ခါသုံးစက္ကူ၊တစ်ခါသုံးဖုံးကဒ်၊တစ်ခါသုံးတို့နောက်မှာ ငါရပ်နေပါသည်
စပိန်ဘောလုံးအသင်းရုန်းကန် ချံပီယံဖြစ်သောအချိန်တွင် ငါအိပ်စက်နေသည်
ပါရာဂွေးရှုံးနိမ့်ခဲ့လည်း မော်ဒယ်ရီကွယ်လ်မီ၏အလှကိုအမှန်ပင်ရှုစားရတော့မည်
နံရံမှာချိတ်ထားသောအခါတော်ပေးပြက္ခဒိန်ထဲပြဿဒါးနေ့စွဲတွေခုန်ပေါက်နေ
သည်ဖြစ်သမျှအကြောင်းမကောင်းချည်းပဲတွေးနေသင့်သည်၊ပျင်းရိစိတ်ပျက်ခြင်းကို
ခွေးတစ်ကောင်လို လျှာနဲ့လျက်နေမိသည်၊မနက်ဖြန်သည် တစ်စုံတစ်ရာကို ဖျက်
ဆီးလိုတဲ့ မာရ်နတ်ပဲ၊လွတ်မြောက်ခြင်းဟာအဖြူရောင်လို့ စိတ်ထဲထင်ထားမိသမျှ
လီယိုရာသီဖွား တနင်္ဂနွေသားသည်ပစ်မှတ်တွေလွဲချော်နေပေမယ့် ရပ်နေပါသည်
ကျောက်ခေတ်၊သမိုင်းဦးဘုံမြေခေတ်၊မြေရှင်ပဒေသရာဇ်ခေတ်၊ဖက်ရှင်ခေတ် မှ
ဈေးကွက်စီးပွားရေးစနစ်၊ငွေကြေးပညာရေးစနစ်၊တစ်လင်တစ်မယားစနစ် အထိ
ပွင့်လင်းသော သစ္စာတရားဟုခေါ်ဆိုနိုင်သောစာသားတွေအနီးမှာ ငါရပ်နေပါသည်
လိုင်းတွေ၊ဘာသာစကားတွေ၊စာသားတွေ၊သင်္ကေတတွေ၊မတ်ဆေ့ခ်ျတွေသုံးပြီး
ဆက်တိုက်၊ဆက်တိုက်စာမျက်နှာပေါ်တောက်လျှောက်စကားပြေလို၊အက်ဆေးလို
ဆောင်းပါးလို၊အင်တာဗျူးလို၊ကဗျာလို၊ပန်းချီလိုအလွယ်တကူနာမည်တပ်ရခက်နေလို့
ဒီစာမျက်နှာလေးပေါ်မှာ ငါမတ်တပ်ရပ်နေပါတယ်။


အောင်ပိုင်စိုး
၂၉၊ဂျူလိုင်၊၂၀၁၀

Thursday, July 22, 2010

ကုလားအုတ် (A Camel)

ကုလားအုတ်



သီချင်းက မဆုံးသေးဘူး။
စည်သွပ်ဗူးတင် ရထားကြီးက
ကျည်ဆံသယ် ရထားကြီးဖြစ်။
ကလေးက
ဘီးတစ်ဘက်ပြုတ်နေတဲ့ ထရပ်ကားကြီးထဲမှာ
အဖေက
မီးစွဲနေတဲ့ ဂျုံခင်းထဲမှာ
ခြေထောက်တစ်ဘက် မရှိတော့ဘူး။
တိုက်ပျက်နံရံကို
ကျည်ဆံခွံနဲ့
ကက်ခြေခတ် ဆွဲချလိုက်တယ်။
ပိုင်သူမဲ့ ကုတ်အင်္ကျီ
ကိုးတန်းပေါ်မှာ
တွဲ...လျား...ကျ။


သူရနီ



A Camel


The song hasn't ended yet!
The luggage van stuffed with tinned foods
becomes that with ammunition.
The child
in a truck detached off a wheel,
whose one-legged dad
in an ignited wheat field.
The wall of a building gunned-down
is marked a cross
with shells.
On the line
no one's coat
is being hung in air.


_translated by TS


ပိတောက်ပွင့်သစ် စာပေမဂ္ဂဇင်း
အမှတ် (၃၂) ဇူလိုင်၊ ၂၀၁၀ခုနှစ်။

Saturday, July 17, 2010

အရူးရောက်ရှိသွားတဲ့  စနေထောင့်

အရူးဟာ
ကောင်းကင်ပေါ်မော့ကြည့်ပြီး
လက်ခုပ်လက်ဝါးတီးတယ်
နတ်သမီးတွေ၊ နတ်သမီးတွေ

သိုးအုပ်တွေ၊ သိုးအုပ်တွေ
ကြက်ဆင်ရုပ်ကြီး၊ နဂါးကြီး
ရေခဲတောင်ကမုတ်ဆိတ်ဖြူသိုင်းဆရာကြီး
ရဟန်းတစ်ပါး၊ ရဟန်းတစ်ပါး
တိမ်အုပ်တွေကိုကြည့်ပြီးပြောနေတယ်။
လူတချို့က လိုက်မော့ကြည့်တယ်
လူတချို့က စောင်ပေပေကြည့်သွားတယ်
လူတချို့က သတိမထားကြဘူး။
အရက်မမူးဘဲ
တိမ်တွေကိုအော်ဆဲနေပြန်တယ်။



ဖန်ခွက်ချင်းထိခတ်လို့
အသံထွက်တဲ့ကိစ္စကို
ရင်ခုန်တာလို့ပြောဦးမလား
သွားစမ်းပါ
မင်းခြေထောက်ပေါ်ဆောင့်နင်းတဲ့... ဒင်း(သင်း)
မြားဦးမှာ နှုတ်ခမ်းနီတွေသုတ်ပြီး
မျက်မမြင်ပုဏ္ဏားများကို လက်တည့်စမ်းတဲ့... ဒင်း(သင်း)
အနမ်းတွေကိုတန်းလန်းထားပြီး
ဘိလပ်ရည်သွားသောက်နေတဲ့... ဒင်း(သင်း)
တသင်းသင်းနဲ့... ဒင်း(သင်း)
ခင်သန်းနုပြီး ခင်သန်းနုတော့
ထပ်မလာဘူးပေါ့
ဒေစီကျော်ဝင်းပြီးတော့
ပုလဲဝင်း ထပ်လာတာပဲလေ။

ငါလည်း မင်းလိုပဲ
စစ်ရှုံးခဲ့ဖူးတယ်။

သံသယဆိုတာ
မီးလောင်လွယ်တဲ့ပစ္စည်း
ရှေ့မီးတစ်ဖက်ပျက်ရာကလည်း စတတ်တယ်
ချစ်ခြင်းအမှုဆိုတာ
အိမ်နံပါတ်လို အပြီးရိုက်ချနိုင်သလို
မျက်နှာကိုလက်နဲ့အုပ်
ငုတ်တုတ်မေ့နေတဲ့
လင်ပစ်မအလွမ်းတွေလည်းဖြစ်တယ်
ချစ်သူတွေ တစ်တိုင်တည်းကိုကျောချင်းကပ်
တငွေ့ငွေ့ကြွေ တဖွဲဖွဲလွမ်း
ဒီလိုပဲ ဝေး၍ဝေး၍သွားရမတဲ့လား
ကမ္ဘာအရပ်ရပ်မှာ ...
မင်းကလည်း သူမကို ထိအောင်မပစ်နိုင်
သူမကလည်း မင်းကို မှန်အောင်မပစ်ခတ်တတ်
တစ်စုံတစ်ယောက်ရဲ့
ရေတိမ်မှာ အကြိမ်ကြိမ်နစ်ပျော်နေခဲ့
နှုတ်ခမ်းသားထောင့်ကွေးတစ်ဖက်ကိုသွားနဲ့ကိုက်
လက်ဖျောက်တစ်ချက်တီးပြီး
ဒီပွဲမှာငါနိုင်တယ်လို့
အရှက်မရှိတဲ့မျက်နှာနဲ့ 

ကြိုးသိုင်းဖိနပ်စီးပြီး လှနိုင်ပါစေတော့...
သူမရဲ့အောင်မြင်ခြင်းဟာ
ရှေ့တိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်တာမဟုတ်ဘူး
နောက်ဆုတ်မယ့်ဆင် ရှေ့တစ်လှမ်းတိုးလိုက်တဲ့သဘောပါ။
မျက်ခွံမှာတော့ မျက်ရစ်တွေမသုံးဘဲ
စကားတွေထဲမှာ လှည့်သုံးသွားပုံက
သိပ်ပြီးတော်လှပါပေရဲ့
ကျိန်စာတွေကိုလည်း
စရွေးကိုက်
အလိုက်သင့်ရွတ်ဆိုနိုင်တယ်။
မျက်နှာကြက်က ကြမ်းပြင်နဲ့ဝေးလွန်းတော့
လှည့်မွှေ့ပေးတဲ့လေက မရောက်
နောင်တကသာ အနောက်ကနေ
ငေါက်တောက်ပန်းထွက်
သေချာရဲ့။

သပိတ်ကြိုဘုရားဘေးက
ဗေဒင်ဆရာတစ်ဦးစကားလုံးထည့်သုံးလိုက်ရင်
မေထုန်ရာသီနဲ့ ကန်ရာသီမှာမိန်းကလေးလဂ်စန်းဟာ
သောကြာတိံသင်းမှာတည်တော့
တွေ့တဲ့ယောက်ျားနဲ့ရည်ငံပြီပေါ့
ကောင်မ...
ဂဂျီဂဂျောင်မ...
ပဋိသန္ဓေတားဆေးလောက်မှ
ယုံကြည်လို့မရတဲ့
ကောင်မ
ဟော... ဟိုမှာ
သူ့မာနဆိုပြီး
မင်းက ငါ့ကို လက်ညှိုးထိုးထိုးမပြနဲ့
ငါ မမြင်ရဘူး
ဘာမာနလဲ
ထွီ... ရွံစရာကောင်းလိုက်တာ
ပါရီမှာ
ပန်းချီဆရာ
ပီကာဗီးယားက
ကျောက်သင်ပုန်းမှာ
မြေဖြူနဲ့ အရုပ်တွေရေးခြစ်ပြီး
ပြန်ဖျက်ပစ်လိုက်တာ
အရုပ်တွေရဲ့သက်တမ်း နှစ်နာရီသာခံခဲ့ရတယ်။
အလကား
နာရီပိုင်းသာခံတဲ့
ဒါဒါမာနများ။

ကဗျာတွေကလည်း
နားမလည်ဘူးကွာ
ကြယ်တို့ရဲ့အလင်္ကာဟာ
ကျွဲပျိုမညကြောင့်သာ လှပရတာပါ
မင်းအင်္ကျီလက်ပေါ်
တံတွေးနဲ့ထွေးတဲ့ပြစ်မှုကို
သူ့ပါးသားပေါ်တင်ခဲ့တဲ့အနမ်းတွေနဲ့
အကျေတင်ထားလိုက်တာလား
မင်းလည်း အလကားပဲ
ငါးကင် ကြောင်ချီတာများ ချီသွားပါစေ
ဖန်ပုတီးလည်ဆွဲကြိုး
သူ့လင်သားငုတ်တုတ်က
သူ့လည်တိုင်ကိုချည်နှောင်လိမ့်မယ်
မင်း ယောက်ျားပီသရမှာက
အမူးလွန်ပြီးထိုးအန်သလို
လက်ထိုးအန်ချလိုက်။

ဗရုတ်သုတ်ခမက
ဓားမြှောင်မှာ ဖားပြုပ်စေးသုတ်ပြီး
သံပရာသီးကို သွေးထွက်အောင်လှီးပြတာကိုတော့
အလမ္ပာယ်ပွဲတစ်ခုလို ငေးစိုက်လို့... မင်းက...
ငါက...
လင်းယုန်ဆီကို ဖယောင်းတိုင်မှာသုတ်ပြီး
ပြဒါးငုံမှုတ်တော့
မီးထတောက်တဲ့အခါ
ရယ်ကျဲကျဲနဲ့ ပခုံးတွန့်ပြီး
ဖတ်လက်စစာအုပ်ကို ပြန်ဖတ်နေလိုက်တယ်
ပြကွက်က ဒီလောက်
ပျင်းရိခြောက်သွေ့စရာကောင်းလို့လား။

ညည်းခြေကျင်းဝတ်က ရွှေကြိုးလေးဟာ
ညည်းသမီးနားပေါက်ထဲ
ရောက်သွားပြီဆို
ညည်းလင်သားက ညည်းဆံနွယ်စကို
ဝါယာကြိုးလုပ်ပစ်တယ်ဆို
ညည်းပေါင်တစ်ဖက်ကို
လင်သားက ခေါင်းအုံးပြီး
ကျန်တစ်ဖက်မှာ သမီးလေးက အိပ်ပျော်လို့နေတယ်ဆို
မိုးသားတွေက အရင်လိုမဟုတ်ဘဲ
အမြဲအုံ့နေတယ်ဆို
ပြောသလောက်တော့ မကြားပါဘူး
ကြားရသလောက်ပြောကြည့်တာပါ
တစ်စုံတစ်ယောက်က သူမနာမည်ခေါ်သံကို
မင်းက ဘာကြောင့်သွားထူးရတာလဲ
ပြောသလိုပဲထား
ရိုးတံနာနေတဲ့သစ်ရွက်လေးဆိုရင်
သိပ်ပြီးငြိမ့်လွန်းနေမလား
ကျည်ဆံတစ်တောင့်လောက်
သုံးကြည့်ဖို့လိုမယ်
လောင်းကစားဝိုင်းအနီးက
ကလေးငယ်များဆိုရင်
မိုနာလီဇာနှုတ်ခမ်းပေါက်နေရာမှာ
ချေဂွေဗားရာမျက်စိပေါက်
ပြောင်းတပ်လိုက်မယ်ဆိုရင်...
ဘုရားကျောင်းဝိုင်းတွင်း
ဖိနပ်စီးဝင်သလိုများဖြစ်သွားမလား...။

အရင်တုန်းကဒီဇင်ဘာဟာ နင့်ဒီဇင်ဘာ
အခုဖေဖော်ဝါရီက ငါ့ဖေဖော်ဝါရီ

လွှတ်ထားမှလှတယ်ဆိုတဲ့တိမ်တွေကို
ပိုက်မထားလိုနဲ့။
အလှမွေးငါးလေးဟာ
အမွေးကြမ်းမြက်ရိုင်းပင်တွေရှည်ထွက်လို့
အရင်လောက်မလှတော့ပေမယ့်
ညည်းလင်သားက ခါတိုင်းထက်ပိုချစ်တယ်ဆို။
မာနကို အင်္ဂလိပ်လိုပြောပြီး
ဒဏ်ရာရအကျဉ်းလမ်းမှာ
တိတ်တိတ်ကျိတ်ငိုနေသလား မ... ဘယ်သူ
ဒီမြေသားပေါ်မတ်တတ်ရပ်နေပေမယ့်
ဒီဝဋ်ယိုင်လာတဲ့တစ်နေ့
မင်း ရယ်နိုင်ပါစေတော့ မ... ဘယ်သူ
ညည်းဘ၀ အဆင်ပြေပျော်ရွှင်ပါစေ
ညည်းလျှောက်တဲ့လမ်း အဖြောင့်အတိုင်းရှိပါစေ
သူ့ဆုတောင်းမှာ
ညည်း အကောင်းအတိုင်းရှိပါစေ
မ... ဘယ်သူ
အရက်မမူးဘဲ
တိမ်တွေကိုအော်ဆဲမိတဲ့ငါ့ကိုတော့
ခွင့်လွှတ်ပါ
ကျေးဇူးပြုပြီး မရယ်လိုက်ပါနဲ့
(ကဗျာဖတ်သူ)
ရုပ်ရှင်ရုံလေးတစ်ရုံနဲ့
အလိုက်ကန်းဆိုးမသိဘဲပြန်ထွက်သွားတဲ့
လူဖြူမလေးတစ်ဦးရဲ့
တကယ့်အဖြစ်အပျက်ပါ။
နွေကျောင်းပိတ်ရက်
မြို့လေးဆီ မင်းပြန်တဲ့အခါ
သစ်စက်နဲ့တူပြီး သစ်တုံးတွေမတွေ့ရဘဲ
စာကြည့်တိုက်နဲ့မတူဘဲ စာအုပ်တွေပဲတွေ့ရတဲ့
ကိုမျိုးနိုင်ရဲ့
ဂူတင်ဘတ်အိမ်လေးဆီ ရောက်ဦးမလား
ရင်ဆမ်းရာလေးတွေ့ရင်လည်း
ပြောလိုက်ပါတော့
ငါဟာ ပန်းဆိုးတန်းမှာ
တစ္ဆေတစ်ကောင်ဖြစ်နေတဲ့အကြောင်း...
အိမ်လေးကိုလည်း
လူသတ်ကုန်းဘက်လှည့်ဆောက်ထားတဲ့ အကြောင်း...
ကျွန်တော်ချည်ခဲ့တဲ့ ကြိုးထုံးလေးကိုလည်း
ဆက်ဆက်ကြည့်ခဲ့ပါဦး
အနာဂတ်ကိုထိပ်ချွန်ပြီးတာနဲ့
အတိတ်ရေ ပြန်ခဲ့မှာပါ
ပြန်လာခဲ့မှာပါ...
ခေါ်နေပြီ...
ပန်းစည်းထုံးတွေကို
တောစီးဖိနပ်ရှည်ရှည်ကြီးတွေနဲ့နင်းပြီး
ခေါ်နေကြပြီ...
မိုးလင်းလို့ လူတွေနိုးလာရင်
မလိုတဲ့ဆုတွေ တောင်းဆိုရဦးမယ်ထင်တယ်။

အရူးဟာ
ရေကန်ထဲကျသေနေတဲ့
တိမ်တွေကိုငုံ့ကြည့်ပြီး
ပြုံးစိစိနဲ့
အရင်အတိုင်းပဲ
ဆက်ရူးနေလိုက်တယ်။ ။

သူရနီ

လွန်ခဲ့သောနှစ်ကာလများကို လည်ပြန်လှည့်ငေးနေမိလောက်အောင်ပင်
အချိန်တို့သည် မြန်ဆန်စွာရွေ့လျားနေကြသည်။ချစ်ခြင်းမေတ္တာ၊ အရူးအနှမ်း၊
ကျောင်းတော်ရာ၊အထက်တန်းကျောင်းသားဘဝ၊ ဇာတိမြေ၊အိပ်မက်၊ကဗျာ
အစစအရာရာ တွယ်ညှိနေသောလှုပ်ရှားပျံ့ လွင့်သောစိတ်တို့သည် ဤကဗျာ
အားကိုယ်စားပြုနေပါလိမ့်မည်။ငယ်သောစိတ်နဲ့ စွဲလန်းခဲ့ရသော ချစ်ခြင်းမေတ္တာ
သည် ဟိုးအဝေး၌ မှုန်ရီဝေနေပါသည်။ အဲဒီအချိန်တွေကိုတော့ လွမ်း၍နေကြောင်း
ဝန်ခံစိတ်သက်သက်ဖြင့် ဤပို့စ်လေးကိုလွှတ်တင်မိပါသည်။ဤကဗျာလေးအား
ရေးသားသော ကိုသူရနီကိုလည်း ကျေးဇူးတင်ပါကြောင်း။

အောင်ပိုင်စိုး
၁၇၊ ဇူလိုင်၊ ၂၀၁၀

Thursday, July 8, 2010

မွန်ရိုးသို့တမ်းချင်း

အဲဒါ “ပြာမလော့” လေ
ဘီယာဗူးခွံတွေ မြစ်ရေထဲ ပစ်ပေါက်
လှိုင်းတွေ ခွက်ကပ်နဲ့ မူးကြ
ဟောဒီ ချစ်ကံခေလွန်းလှတဲ့ကောင်
အောင်ပြီးမှ ဝေးရတဲ့ ငါပါ မာရီလင်ရယ် ။

ရေဆန်ခရီးဟာ အထီးကျန် မီးအိမ်လေးတစ်လုံးနဲ့ပဲ
ကြယ်ရောင် ပါးကွက်ကျား
ကောင်းကင် ရင်သား ဟင်းလင်း
အသည်းနှလုံးကွဲတွေ ဂျင်းဘောင်းဘီ အိတ်တစ်လုံး အပြည့်
အဲလို နှင်းတွေ ပိနေတဲ့ည
မျှော်လင့်ရင်းနဲ့ သေဆုံးသွားရမယ့် ငါပါပဲ မာရီလင် ။

ငါစိတ်နာတယ်
ထူးအိမ်သင်ရဲ့ အမေ့ရဲ့ ဒုက္ခအိုးကြီး
တစ်ဘ၀လုံး ငါ့ကို ထမ်းပိုးခဲ့တဲ့ မြေကြီး
မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့ ဟောဒီ ခေတ်ကြီးလေ
မာရီလင်ရေ... မင်းလိုပဲ
ဒါတွေကို ငါမေ့ပစ်လိုက်ချင်ပါရဲ့ ။

ဘ၀ဆိုတာ လှပစွာ ဆင်းရဲတတ်ရုံပဲလား
ငါ့ကိုယ်ငါ ပြန်မေးနေရတဲ့ သွေးရူးသွေးတန်း ည
အဲဒါ ပြာမလော့လေ ၊
ဘီယာဗူးခွံတွေ မြစ်ရေထဲ ပစ်ပေါက်
လှိုင်းတွေ ခွက်ကပ်နဲ့ မူးကြ
နောက်ဆုံး ငါရောက်ရမယ့် ရင်ခွင်ဆီ
“ဖြိုး”ဆိုတဲ့ ပဲ့ထောင်ကလေးက
ပြေးဆဲ...

မာရီလင်ရေ
မာရီလင်ရေ
မာရီလင်ရေ

မင်း အိပ်စက်ရာ
လဲလျှောင်းဖို့ငါလာပြီ။


ဖေဖော်ဝါရီ ၇၊ ၁၉၉၄ခုနှစ်။
အောင် ဝေး

Wednesday, July 7, 2010

အဖေတွေ သားတွေ

သူတို့ပြောကြရဲ့၊ ဒါ မရေးသင့်တဲ့

အကြောင်းတဲ့၊ အဖေ့ကို

အိမ်သာမှာ နေရာချဖို့

ငါ လုံးပန်းနေရပေါ့၊ ခါးပတ်ကို

ဖြည်ဖို့၊ ဘောင်းဘီကို

လျှောချပြီး ထိုင်ချဖို့

သူကတော့ ခေါင်းမာမာနဲ့ မတ်တတ်ရပ်လို့

ဒူးတောင်မကွေး။

ငါ နောက်ထပ် အားစိုက်

သူ့ကတော့ ခေါင်းမာမာနဲ့ မတ်တတ်ရပ်လို့

ဒူးတောင်မကွေး။

ငါ နောက်ထပ်အားစိုက်

သူ့ကို ကမုတ်ပေါ်ကွေးချဖို့။



၂၀၀၄ခုနှစ်သည် ကျွန်တော့်အတွက် တော်တော်ကံခေသော နှစ်တစ်နှစ်ဟု ဆိုရမည်။ လုပ်သမျှကိုင်သမျှ အတော် များများမှာ အံချော်လျက်။ ဇူလိုင်၃၁ရက်နေ့တွင် အိမ်မှာအတူနေသူ အသက်၈၈နှစ်အရွယ်အဖေ တရားမှတ်နေခိုက် ရုတ်တရက် ထိုးလဲသွား၏။ အကြောဆွဲ၊ တက်ချက်။ လေဖြတ်သလိုဖြစ်ကာ သတိလည်းမရ။ မိတ်ဆွေဆရာဝန်ကို အိမ်ပင့် ဆေးကုပေးရသည်။ ပထမတစ်ရက်က အခြေအနေတိုးတက်မလာ။ နှစ်ရက်ကြာမှ အဖေသတိပြန်လည်လာ သည်။ သို့သော် နဂိုပုံမှန် အခြေအနေတော့မဟုတ်။ အထူးသဖြင့် အဖေစိတ်ကျန်းမာရေးမှာ အားရစရာ မကောင်းလှ ပါ။ တစ်သက်လုံး စိတ်ထားနူးညံ့သူဖြစ်လျက် ရုတ်တရက် ဒေါသဖြစ်လွယ်တာ။ ခေါင်းပိုမာလာတာ။ ပို၍ ဆိုးရွား သည်ကတော့ ဆေးအကုသမခံတော့ခြင်း။ မိတ်ဆွေဆရာဝန်ကိုယ်တိုင် ဖြောင်းဖြပြောဆိုသော်လည်း မရ။ အစာအ နည်းအကျဉ်း ၀င်နေသည်ကိုပဲ သူ့ကို ကျေးဇူးတင်နေရသည်။

အဖေ့ကျန်းမာရေးနှင့် ကျွန်တော်လုံးထွေးရှုပ်ပွနေစဉ် ဇနီးသည်က သူ့အထည်ဆိုင်ရှေ့မှာ ချော်လဲပြီး ညာဘက်ဒူး ကောက်ခွက် အကြောပြတ်သွား၏။ ရန်ကုန်သို့ အရေးပေါ်ဆေးကုရန် လွှတ်လိုက်ရ၏။ ကျွန်တော်လည်း မလိုက်နိုင်။ ရန်ကုန်၌ ကျောင်းတက်နေသူ သားတော်မောင်က သူ့ဆေးရုံစောင့်။ ပုဂ္ဂလိက ဆေးရုံတစ်ရုံ၌ ခွဲစိတ်ကုသရာ အဆင်မပြေ။ ခွဲခန်းမသန့်၍ ပိုးဝင်ကာ နောက်ထပ် ပုဂ္ဂလိကဆေးရုံတစ်ရုံသို့ ပြောင်းရွှေ့ရပြန်သည်။ တစ်မြို့တည်း နေသူ အိမ်ထောင်ကျသမီးက ကျွန်တော့်ကို လာကူပေးနေသောကြောင့် ကျွှန်တော်၏ နိစ္စဓူဝ အသက်မွေးကြောင်း အလုပ်ကို ပုံမှန်လုပ်ခွင့်ရနေသည်ဖြစ်၏။ အဖေက နလံမထူနိုင်တော့ပါ။ ထထိုင်ရုံကလွဲ၍ မတ်တတ်ပင် မရပ်နိုင် တော့။

အိပ်ယာထဲမှာ ဆိးပါချသည်။ ပုဆိုးနှင့် စောင်များ စိုရွှဲကုန်ကြသည်။ မိုးတွင်းအခါမို့ လျှော်ဖွပ်၊ အခြောက်လှမ်းရန် လည်း မလွယ်လှ။ ထိုစဉ်က ကျွန်တော့်ဖြစ်ရပ်ကို ပြန်ပြောလျှင် နားထောင်သူ မူးနောက်ယစ်ဝေ သွားပေလိမ့်မည်။ အဖေ ပုံမှန် ၀မ်းမသွားတော့။ တစ်ပတ်ကျော်ကြာသောအခါ ကျွန်တော် စိတ်ပူစပြုလာသည်။ ၀မ်းနှုတ်ဆေးလည်း မတိုက်ရဲ။ ဆရာဝန် အကြံပေးချက်ဖြင့် ၀မ်းချူဘောလုံး စမ်းသုံးကြည့်သည်။ အစာဟောင်းအိမ်ထဲမှာ စမြင်းလုံးများ ခြောက်ကပ်ပိတ်ဆို့လျက်။ ဘယ်လိုမျှ ကြံရာမရသည့်အဆုံး လက်ကိုဆပ်ပြာသုတ်ကာ ထိုးနှိုက် ကော်ထုတ်ရ၏။ စမြင်းလုံးအခြောက်များ ထွက်သွားမှ ပုံမှန်ဝမ်းက ပန်းထွက်လာသည်။ မိလ္လာခွက်နှင့်က တစ်ခြားစီ။ တည့်အောင် ထိုင်ခိုင်းလည်းမရ။ ကျွန်တော့်တစ်ကိုယ်လုံး ပေကျံကုန်၏။ အော်ဂလီဆံစရာ မစင်နံ့များ။ ကျွန်တော် ပျို့အံချမိလိုက် ၏။



ဒါနဲ့ ငါ မတော်မတဲ့ဖြစ်ပုံ

ရယ်မိခဲ့။ အဇေတွေ သားတွေ

အဖေ ငါ့ကို ဘယ်လို အီးအီးကုန်းပေးခဲ့သလဲ

လွန်ခဲ့တဲ့ ရာစုဝက်တုန်းက၊ ငါဘယ်လို

ဒိအကြွေး ပြန်ပေးဆပ်ရမလဲ

သူသာ ထိုင်ချလိုက်မယ် ဆိုရင်ပေါ့။



နောက်တော့ အဖေ အစာပင်မ၀င်တော့။ ဘစ်စ်ကစ်စ်၊ ကိတ်၊ ကွက်ကီး၊ ဝေဖာတို့ဖြင့် အသက်ဆက်နေရာမှ ကွေ ကာအုတ်၊ နို့၊ ဖျော်ရည်တို့ကို ပြောင်းသောက်သည်။ သူ အလွန်ကြိုက်သော၊ အလွန်တောင့်တသော လက်ဘက် ရည်ကိုတော့ မတိုက်ရဲ။ နောက်ထပ် ဆယ်ရက်မျှကြာသောအခါ ရေတောင် တိုက်၍မရ။ တစ်ငုံမျှ သောက်ပြီး ထွေး ပစ်သည်။ ကျွန်တော်နှင့် သမီးတို့ မျက်နှာအထွေးခံရတာ အကြိမ်ကြိမ်။ ရေခွက်ကို သွန်ပစ်သည်။ သွန်ပစ်၍ မရ သောအခါ ခွက်ကိုင်ထားသောလက်ကို တွန်းဖယ်ပစ်သည်။ လေသံဟဟမျှပင် စကားလည်းမပြောတော့။ ကျွန်တော့် မျက်လုံးများကို အကဲခတ်သည့် အဖေ့ရဲ့ ရီဝေမှိုင်းမှုံသော မျက်လုံးများ။



မလုပ်နဲ့

ငါ့ကို တုန်တုန်ယင်ယင် ဖမ်းဆုတ်ရင်း၊ ငါ့မျက်လုံးကို အကဲခတ်နေ

မလုပ်နဲ့၊ ဒီစကားသံ

လွှတ်ခနဲ ထွက်သွား။ သိက္ခာရှိတဲ့ လူတစ်ယောက်

ဘယ့်နှယ် ရယ်သွမ်းအသွေးခံနိုင်မှာလဲ။

သူမမြင်ရတာ

ဒီ ကယိမ်းကယိုင်ဖြစ်ပုံ

ငါ ရယ်ချင်ပက်ကျိဖြစ်မိ၊

သူမတ်တပ်ရပ်ဖို့ အလုပ်မှာ

ငါက သူ့ကိုထိုင်ဖို့ ဇွတ်တရွတ်။

ဒေးဗိဒ် မေးဆင်



ကျွန်တော့်အဖေမှာ ဤကဗျာရေးသူ ဒေးဗိဒ် မေးဆင်ရဲ့ အဖေလောက် ကံရေးမလှရှာပါ။ သြဂုတ်လ ၃၀ရက်နေ့ည ကျွန်တော်နှင့်အတူ လဲလျောင်းရင်း ဘုရားဂုဏ်တော်ကိုးပါး ရွတ်နေစဉ် တစ်ဖြည်းဖြည်း အသံတိမ်ဝင်လျက် ဘ၀ တစ်ပါးသို့ တည်ငြိမ်စွာ ကူးပြောင်းသွားရှုာသည်။ ဒေးဗိဒ်မေဆင် ဖခင်မှာ (သူ့ကဗျာဖော်ပြချက်အရ) ကျွန်တော့် အဖေလောက် အခြေအနေ ဆိုးဟန်မတူ။ သို့သော် ကျွန်တော်နှင့် ထိုဒေးဗိဒ်မေးဆင်တို့မှာ ကံတူအကျိုးပေးတူသူ တွေ ဖြစ်ဟန်တူ၏။ အိုကြီးအိုမ ဖခင်ကို ပြုစုစောင့်ရှောက်ခွင့်ရသူတွေ။ ကျွန်တော်တို့ကို ချေးသေးသုတ်သင်ပေးခဲ့သူ ဖခင်များအား တဖန်ပြန်၍ ချေးသေးသုတ်သင်၊ ကျေးဇူး(တတ်နိုင်သမျှ) ဆပ်ခွင့်ရကြသည်ကတော့ ကျွန်တော်တို့နှစ် ယောက်ရဲ့ ကုသိုလ်ထူး။ အဖေဖြစ်လိုက်၊ သားဖြစ်လိုက်နဲ့။ ဒီ ဒွန္နယာကြီးမှာ၊ ကျွန်တော်တို့တတွေ။



Fathers and Sons



Some things, they say,

one should not write about. I tried

to help my father comprend

the toilet, how one needs

to undo one's belt, to slide

one's trousers down and sit,

but he stubbornly stood

and would not bend his knees.

I tried again

to bend him toward the seat,



and then I laughed

at the absurdity. Fathers and sons.

How he had wiped my bottom

half a century ago, and how

I would repay the favor

if he would only sit.



Don't you

he gripped me, trembling, searching for my eyes.

Don't you but the word

was lost to him. Somewhere

a man of dignity would not be laughed.

He could not see

it was the crazy dance

that made me laugh,

trying to make him sit

when he wanted to stand.



David Mason

New Yorker magazine

September 28, 2009

David Mason : ၁၉၅၄ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့မွေး။ Bellingham, Washington ဇာတိ။ ငါးဖမ်းအလုပ်သ မား၊ ခြံစိုက်သူ၊ မအောင်မြင်သော ရုပ်ရှင်ဇာတ်ညွှန်းဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူး။ The University of Rochesterမှ ပါရဂူဘွဲ့ရရှိ။ The Buried Houses (Nicholas Roerich ကဗျာဆုရ)နှင့် The Country I Remember(Alice Fay Di Castagnola ဆုရ)တို့ကို ရေးခဲ့။ ကဗျာ၊ အက်ဆေး။ သုံးသပ်ချက်၊ ဘာသာပြန်၊ ၀တ္ထုနှင့် အမှတ်တရစာတမ်းများ ရေးဖြစ်။ The Harper's၊ The Nation၊ The New Republic၊ The New York Times၊ The Times Literary Supplement၊ Poetry၊ Agenda၊ Modern Poetry in Translation၊ The New Criterion၊ Yale Review၊ The Huston Review၊ The American Scholar၊ The Irish Timesနှင့် The Southern Review တို့တွင် သူ့လက်ရာများ ကို ဖတ်ရှုနိုင်။ Colorado Coolege တွင် The Creative Writing Programကို ပူးတွဲကြီးကြပ်လျက်ရှိ။ Colorado Springs, Colorado မြို့ပြင် တောင်ကုန်းပေါ်၌ သူ့ဒုတိယအိမ်ထောင် Anne Lennoxနှင့် နေထိုင်။



အကိုးအကား။ Wikipedia အွန်လိုင်း စွယ်စုံကျမ်း။

TS



ပိတောက်ပွင့်သစ် စာပေ အနုပညာမဂ္ဂဇင်း

အမှတ်(၂၉)၊ ဒီဇင်ဘာလ၊ ၂၀၀၉

Thursday, July 1, 2010

ခွန်အားနှင့် လန်းဆန်းမှုအတွက် ခေတ်ပြိုင်ကဗျာအားဆေး

ကဗျာအတွက် မရှိမဖြစ်လိုအပ်သောစာသားနှင့်
ကဗျာသက်စောင့်ဓါတ်များပါရှိသည့် တစ်မျိုးတည်းသောအားဆေး
ကဗျာဓါတ်နှင့် ကဗျာနယ်ပယ်ချဲ့ ထွင်ရေး အမြင်၊ခံစားမှု၊ရသ
အမှန်တရား၊ဥာဏ်ပညာ၊အသုံးအနှုန်း ဟန်ပန်များဖြင့်အချိုးမကျဖေါ်စပ်ထားခြင်းကြောင့်
လွတ်လပ်သောခွန်အားနှင့် လန်းဆန်းမှုကိုဖြစ်ပေါ်စေသည့် တစ်မျိုးတည်းသောအားဆေး
နားဝေတိမ်တောင်ဖြင့် အပြင်လူလောကဌာနအတွင်း လုံးလုံးအသုံးမတည့်သည့်
အရာများပါဝင်သောကြောင့် လူ့အဖွဲ့အစည်းကြီးအတွင်း၌ လွန်စွာလူကြိုက်နည်းလှသည့်
တစ်မျိုးတည်းသောအားဆေး
အကြောင်းအရာ၊ ဘဝအမြင်များကို အချိုးဖျက်ပစ်ခြင်း၊ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို
ဝေဖန်စောကြာခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲမှုမြင်ကွင်းများဖြင့်
ချိတ်ဆက်ထားသည့် တစ်မျိုးတည်းသောအားဆေး၊
ကိုယ်သန်ရာကိုယ်ချည်းကပ်တည်ဆောက်ထားပြီး အမြတ်အစွန်းကို စိုးစဉ်းမှအလျဉ်း
ထည့်မတွက်ထားသည့် တစ်မျိုးတည်းသောအားဆေး၊
အခြားသူတစ်ဦး၏အမြင်များ၊ ဆန်းသစ်ခြင်းများ၊ဒီဇိုင်းစုံ
ဘဝအခင်းစုံရောနှောပါဝင်သဖြင့်
တစ်မျိုးမက အဓိပ္ပါယ်ထွက်နိုင်သည့် တစ်မျိုးတည်းသောအားဆေး၊
ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှင်များပါ အခါမလင့်
ဖတ်ရှုနိုင်သည့် တစ်မျိုးတည်းသောအားဆေး၊
အချစ်၊ ဟာသ၊ လိင်ပညာပေး၊ ဖက်ရှင်၊ သမိုင်း၊ နိုင်င့တကာရေးရာ ဘက်စုံ
ထောင့်စုံ အရသာစုံ ပါဝင်၍ စာကြောက်တက်သောကလေးများလည်း
အထူးနှစ်ခြိုက်စေပါသည်။


သူရနီ
၉၊ မေ၊ ၂၀၁၀