Monday, June 28, 2010

မြေခွေး ဈေးဝယ်ထွက်ခြင်း

(၁)

မြို့ပြယဉ်ကျေးမှုရဲ့ အသက်ဟာ ရောင်းဝယ် ဖောက်ကားခြင်းလို့ဆိုရင် ဘယ်သူကမျှ ငြင်းခုံကြမယ်မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ မြို့ဆိုတာကလည်း ဈေးကို ဗဟိုပြုပြီး လူနေ အိမ်ခြေတွေ ပွားများ စည်ပင်လာတဲ့ "Evolution"ဖြစ်စဉ်ပါ ။“ဒါမြို့၊ ဒါရွာ”ဆိုတဲ့ အမိန့်ပြန်တမ်းတွေကိုလည်း နာခံကြတတ်တာ မဟုတ်ပါဘူး ။ ဈေးကွက် စီးပွားရေးတစ်ခေတ်မှာ ဒီအချက်ဟာ တစ်ဖြည်းဖြည်း သိသာထင်ရှားစ ပြုလာပါပြီ ။ မြို့တစ်မြို့ ဘယ်လောက် စည် ပင်ဖွံ့ဖြိုးသလဲဆိုတာ ဈေးအတွင်း ရောင်းဝယ်ကြတဲ့ ၀ယ်လိုအားနဲ့ပဲ အကြမ်းဖျဉ်း တိုင်းတာရရှိမယ် ထင်ပါတယ် ။

ဈေး(သို့မဟုတ်) လူမှုနိုင်ငံရေးတစ်ခေတ်ရဲ့ ပြဒါးတိုင် ။

ကမ္ဘာ့သမိုင်းမှာ စီမံကိန်းစီးပွားရေးစနစ်ဆိုပြီး ဈေးကွက်ကို သင်းကွပ်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင် အများအပြား လည်း ပေါ်ထွန်းလာဖူးရဲ့ ။ ဒီစမ်းသပ်ကာလအတွင်းမှာပဲ ဧကအုပ်ချုပ်ရေးသရဖူတွေ တစ်ခုပြီး တစ်ခု လွင့်စဉ်ကုန် ကြ ။ ဆိုဗီယက် အင်ပါရာ အဟောင်းနဲ့ တခြား ကြယ်ရံနိုင်ငံတွေဟာ ထင်ရှားလှတဲ့ သာဓကတွေပါဘဲ ။ ဧက၀ါဒစွဲ ပြင်းပြလှတဲ့ ၊ လက်ချိုးလို့တောင် ရေတွက်နိုင်လောက်တော့တဲ့ နိုင်ငံတွေတောင် ကျယ်ကျယ်လောင်လောင် အော် နေကြပြန်ပြီ ။ “ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်”တဲ့ ။ ဥပမာဆောင်ရရင်တော့ တရုတ် ၊ ဗီယက်နမ်နဲ့ ကျူး ဘား ။

ယနေ့ခေတ် နိုင်ငံရေးဗေဒ ဝေါဟာရ infrastructure [မတ်ဝါဒီတွေကတော့ Economic base လို့ ပညတ်ရဲ့] ဆို တဲ့ အောက်ခြေ အဆောက်အအုံနဲ့ ဧကစနစ်တို့ရဲ့ ထိပ်တိုက်ဆောင့်မှုဟာ ကြာသပတေးဂြိုဟ်နဲ့ ရှူးမိတ်ကာ လီဗီ-၉ ကြယ်တံခွန်တို့ရဲ့ စီးချင်းထိုးပွဲလိုပဲ ကြည့်ကောင်းလှတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ် ။ ဘောဂဗေဒ ပေတံဟောင်း တွေ ၊ သီဝရီအဟောင်းတွေကို စွန့်ပစ်လိုက်ရမှာလား ။ ဖာထေးကော်ကပ် သုံးလို့ရဦးမှာလား ။ အနာဂတ် သမိုင်း တစ်ကွေ့မှာ အဖြေရှာတွေ့ကြမှာပါ ။ ဒါဆိုရင် ဈေးကွက်စီးပွားရေးစနစ် ကိုယ်တိုင်ကရော ပြီးပြည့်စုံသော အမှန်တ ရားလား ။ ဘယ်သူတွေကမျှ အာမ မခံရဲပါဘူး ထင်ပါတယ် ။ ဒါပေမယ့် ဈေးကွက်စီးပွားရေးစနစ်ကို ဖျက်သိမ်းပစ် လို့ မရဘူးဆိုတာတော့ အားလုံး လက်တွေ့ကျကျ သိရှိကုန်ကြပါပြီ ။ဈေးကွက်ကို ဘယ်အတိုင်းအတာအထိ ယဉ် ပါးအောင် လုပ်ဆောင်သင့်သလဲ ။ ဒီဲပြဿနာကတော့ နှစ်ဆယ့်တစ်ရာစု တံခါးကို တစ်ဒေါက်ဒေါက် ခေါက်နေပြီ ပေါ့ ။

ထားတော့ ။ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အမေရိကန် ကဗျာတစ်ပုဒ်အပေါ် ထင်ဟပ်ချက်တစ်ရပ်ကို လေ့လာကြရ အောင် ။



(၂)

A Fox

Down in the Jersey woods
a fox considered our progress.
A shopping center cleared its throat,
a truck buckled and evaporated.
Several tree frogs leapt out
of a thirteen-century monastery
but were not injured.
A salesperson declared that
everything must go : the fox
said, "Never."The clerk
started sweeping the aisles.
On the road to the beyond
the inhabitants are at
our disposal, cooking and cooking.

James Tate
(The New Yorker, June 14, 1993.)



(၃)

ဈေးကွက်နဲ့ ဈေးဝယ်ထွက်ခြင်း ဆိုတာကလည်း ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းပါ ။ ရောင်းလိုအားနဲ့ ၀ယ်လိုအားတို့ ညီညွတ်မျှတမှသာ နိုင်ငံတစ်နိုင်ငံ စည်ပင်ဝပြောတယ်လို့ အဆိုရှိပါတယ် ။ မ၀ယ်နိုင်သူတွေက ခြေအေးဝမ်းရောင် ၊ ထရံကွာ သံစူးလောက်အောင် မမြင်ဖူးတာတွေ လှည့်လည်ကြည့်ရှုကြ ။ တျွန်တော်တို့နိုင်ငံက လူချမ်းသာ စာရင်း ၀င်သူတွေ ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး ဥရောပကို မဟုတ်တာတောင် ထိုင်းနဲ့ စင်္ကာပူမှာ ဈေးဝယ်ထွက်ကြပြီ ။ Shopping ဆိုတာ ယနေ့ခေတ်ရဲ့ ဖက်ရှင်တစ်ရပ်ပါဘဲ ။ သွားလေသူ ဖိလစ်ပိုင် သမ္မတ ကတော်ဟောင်း အီမယ် လ်ဒါ မားကို့စ် တောင် ဘုန်းမီးနေလ တောက်ပစဉ်က လေယာဉ် စင်းလုံးငှားပြီး ဈေးဝယ်ထွက်သတဲ့ ။

ကျွန်တော် မြေခွေးတစ်ကောင် ဈေးဝယ်ထွက်ဖို့ စဉ်းစားတဲ့ ကဗျာကို ဖတ်မိတော့ အိန္ဒိယ ၀တ္ထုရှည်တစ်ပုဒ်ကို အ မှတ်ရမိတယ် ။ Christian Chandra ရဲ့ "Mr. Ass Comes to Town" ။ မြိုကပြရဲ့ မာယာ ။ အရင်းရှင်စနစ်ရဲ့ အဆီ အငေါ်မတည့်တာကို သရော်ထားတဲ့ စာတစ်ပုဒ်ပါ ။ ဖတ်ခဲ့ရတာ ဆယ်စုကာလကျော်လောက်တောင် ရှိနေပေါ့ ။

ဂျိမ်းစ် တိတ် ရဲ့ လေ့လာရေးခရီးသည်ဟာ မြေခွေးပါ ။ ဘာကြောင့် အခြားတောရိုင်း တိရ စ္ဆာန်တစ်ကောင်ကို ဇာတ် ဆောင်မထားပဲ မြေခွေးကို ရွေးခဲ့တာလဲ ။ အကြောင်းရှိတယ် ။ မြေခွေးဆိုတာ အရိုင်းပါ ။ စဉ်းလဲကောက်ကျစ်မှုရဲ့ သင်္ကေတတစ်ရပ်ပါ ။ ဒါဟာ လူမျိုးတစ်မျိုး ၊ နိုင်ငံတစ်နိုင်ငံတည်းက သတ်မှတ်ထားတဲ့ နိမိတ်ပုံ မဟုတ်ပါဘူး ။ နိုင်ငံ တကာ သတ်မှတ်ချက် ။

ကဗျာမှာ နယူးဂျာဆီပြည်နယ် တောအုပ်ထဲက မြေခွေးတစ်ကောင် လူ့ယဉ်ကျေးမှု တိုးတက်ပုံအကြောင်း စဉ်းစား တာနဲ့ စထားပါတယ် ။ မြေခွေးဟာ အိမ်ယာတိုက်တာတွေ ခမ်းနားထယ်ဝါပုံအကြောင်း မတွေးဘူး ။ ဟိုတယ်တွေ ၊ အင်းတွေမှာ ၀င်ထွက်သွားလာနေကြတဲ့ နိုင်ငံခြားသားတွေအကြောင်း မတွေးဘူး ။ လမ်း တံတားတွေ တည် ဆောက်ပြုပြင်နေတဲ့ အကြောင်းလည်း မတွေးဘူး ။ ပန်းခြံတွေ စည်ကားစိမ်းလန်းနေတာကိုလည်း မတွေးမိပါဘူး ။ အရိုင်းဆိုပေမယ့် ဈေးကိုပဲ အတွေးဖြန့်ကြက်လိုက်တယ် ။

အဲဒိအခါ ဈေးတစ်ဈေး လည်ချောင်းရှင်းသံကို ကြားလိုက်ရတယ် ။ ဘာတွေထွက်လာကြမလဲ ။ ချွဲသလိပ်တွေ ၊ တံ တွေးတွေ ၊ ရောဂါပိုးမွှားတွေ ထွက်မလာကြပါဘူး ။ ကုန်စည် ပစ္စည်းတွေပါဘဲ ။ ကုန်စည် စီးဆင်းလည်ပတ်မြန်ဆန် တာဟာ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အပေါင်းလက္ခဏာပါ ။ ကုန်ကားတွေ မောင်းထွက်သွားကြတယ် ။ အမြန်နှုန်း တစ်ခုနဲ့ ။ ပြီးတော့ လှစ်ကနဲ ပျောက်သွား ။ လျှင်မြန်စွာ ပျောက်ကွယ်သွားတာကိုတောင် evaporated ဆိုတဲ့ စ ကားလုံး သုံးပြသွားတယ် ။ စကားလုံး ပဉ္စလက်ကိုက ချစ်စရာ ။

ဈေးကွက်စီးပွားရေးစနစ်မှာတော့ အားလုံးဟာ (လူတွေအပါအ၀င်) ကုန်စည်တွေပါဘဲ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်လောက်က ဘုန်းကြီးကျောင်းနဲ့ အဲဒိကျောင်းထဲက ခုန်ထွက်လာကြတဲ့ ဖားပျံကလေးတွေတောင် ရောင်းကုန် ဖြစ်သွားကြပါပြီ ။ စားလို့ရတာ ၊ သုံးလို့ရတာ ၊ ၀ယ်လို့ရတာ အကုန်ရောင်းကြ ။

ဈေးသည်ကတော့ sale promotion လုပ်နေတယ် ။ လူသုံးကုန်ပစ္စည်းအားလုံး အရောင်းသွက်စေရမယ်တဲ့ ။ မေ တ္တာလက်ဆောင် ၊ ကံစမ်းမဲများနဲ့ နိုင်ငံခြား ခရီးစဉ် မက်လုံးများစွာနဲ့ ။ ဥာဏ်များကောက်ကျစ်လှတဲ့ မြေခွေး တောင် အူကြောင်ကြောင် ဖြစ်သွားမိတယ် ။ အရိုင်းဆိုတော့ ခေတ်မမီဘူး ထင်ပ ။ “မဖြစ်နိုင်တာတဲ့။”

အရောင်းစာရေးတစ်ယောက်ကတော့ ဆိုင်ကောင်တာ ချောင်ကြိုချောင်ကြားမကျန် လှည်းကျင်းရောင်းထုတ်လိုက် ပြီလေ ။ ဒီတစ်ခါတော့ ဥာဏ်များ ကောက်ကျစ်တယ်ဆိုတဲ့ မြေခွေးတောင် ခံစားသွားရရှာပါပြီ ။ အရောင်းသွက် လာ လေလေ ၊ အမှိုက်ပုံတွေလည်း မြင့်တက် မို့မောက် လာလေလေပါဘဲ ။ စည်သွပ်ဘူးခွံတွေ ၊ ကြွပ်ကြွပ်အိတ်ခွံတွေ ၊ ကဒ်စက္ကူဘူးခွံတွေ ၊ ဘက်ထီးရီးယားပိုး ပွားသလို စုပုံများလာကြ ။ အမှိုက်တွေ ။ ပစ္စည်းအမှိုက်တင်မက လူ့အမှိုက် တွေ ။

အမှိုက်ရှိရာကို အမှိုက်တွေပဲ လာတတ်စမြဲပါ ။ အမှိုက်ပုံထဲက စားကြွင်းစားကျန်တွေကို ထိုးဆွ ရှာဖွေ စားသောက် ကြ ။ ဒါကို မျက်ကွယ်ပြုထားလို့ ရနိုင်ပါမလား ။ လမ်းရဲ့ ခတ်လှမ်းလှမ်း အခြားဘက်မှာ ဈေးထဲက စွန့်ပစ်ထားတဲ့ အမှိုက်တွေနဲ့ လူတစ်သိုက် ။ အိမ်ခြေမဲ့ သူတွေ ။ ဈေးကွက်စီးပွားရေးရဲ့ အနိဌာရုံတွေ ။ ချက်ကြ ပြုတ်ကြ စားသောက်ကြနဲ့ ။

ဒါကို ချားလ်စ် ဒါဝင် မိန့်ဆိုသလို survival of the fittest ဆိုပြီး “တော်သူနေ ၊ မတော်သူသွား” သဘောမျိုး ထားရက်နိုင်ကြမလား ။ ဒါကြောင့် ဈေးကွက်ကို ဘယ်လိုလုပ်ကြမလဲဆိုတာဟာ နောင်လာမယ့် နှစ်ဆယ့်တစ်ရာစု ရဲ့ အကြီးမားဆုံး ပြဿနာလို့ ညွှန်းဆိုမိပါကြောင်း ။




(၄)

မြေခွေး

ဂျာဆီတောအုပ်က ဆင်းလာ
မြေခွေးတစ်ကောင်က ငါတို့ တိုးတက်မှုကို တွေးလေရဲ့
ဈေးတစ်ဈေး လည်ချောင်းရှင်းလိုက်တယ်
ကုန်ကားတစ်စင်း မောင်းထွက် ပျောက်ကွယ်သွား ။
ဖားပျံတွေ ခုန်ပေါက် ထွက်လာကြ
တစ်ဆယ့်သုံးရာစု ဘုန်းကြီးကျောင်းထဲက
ဘာမျှ နာစရာမရှိ ။
ဈေးသည်က ဖွင့်ပြောတယ်
အားလုံး အရောင်းရ စွံရမယ်တဲ့ ။ မြေခွေးက
“မဖြစ်နိုင်တာ ။” အရောင်းစာရေးတစ်ယောက်
ချောင်ကြိုချောင်ကြားတွေ စလှည်းတယ် ။
လမ်းရဲ့ ခတ်လှမ်းလှမ်း
အိမ်ခြေမဲ့သူတို့
အမှိုက်ပုံမှာ ချက်လိုက်ကြ ၊ ပြုတ်လိုက်ကြ ။


ဂျိမ်းမ်စ် တိတ်

TS

ရနံ့သစ် မဂ္ဂဇင်း ၊ အမှတ် ၃၅
ဇူလိုင်လ ၊ ၁၉၉၅ ခုနှစ် ။


--

Saturday, June 19, 2010

မေမေ့ကို ပြောစရာစကားတွေ ကျန်နေဦးမှာလားလို့

ကြေကွဲစရာတွေပြောစရာကျန်နေဦးမှာလားလို့ စဉ်းစားနေမိတယ်
ကျွန်တော့်ကိုထားပြီး အဝေးကမြို့ကလေးဆီ မေမေကပြန်တော့မှာ
လူနေထူထပ်ပြီးသစ်ရွက်တွေမရှိပဲနေပျောက်လည်းမထိုးတဲ့ကွန်ကရိတောနက်ထဲ
ရုပ်ဝတ္ထုဝါဒီမြို့ပြကို လက်ချည်းသက်သက်ရင်ဆိုင်ယှဉ်ပြိုင်ဖို့
ကျွန်တော်အလုပ်တစ်ခုခု ရမှဖြစ်မယ် မေမေ
ကျွန်တော်ရေးနေတဲ့ ကဗျာတွေနဲ့လည်း
ကမ္ဘာမြေကြီးကိုလည်း မကယ်တင်အား ကျွန်တော်ငွေလိုနေပါတယ်
ကျွန်တော်မက်နေတဲ့ အိပ်မက်တွေနဲ့လည်း
သဘာဝပတ်ဝန်းကျင်ကြီးကိုလည်း မထိန်းသိမ်းအား ကျွန်တော်ငွေလိုနေပါတယ်
တိုက်ခန်းငှားထားတဲ့စာချုပ်ကလည်း နောက်တစ်လဆိုပြည့်ပြီ မေမေ
ချစ်သူပူဆာနေတဲ့ ဒေါက်မြင့်ဖိနပ်လှလှကလေးလည်း ဝယ်မပေးရသေးဘူး
IELTS, AUTO CAD သင်တန်းကြေးတွေလည်းပေးရဦးမယ် မေမေ
ဂလိုဘယ်ဆန်ဖို့၊ နိုင်ငံခြားသွားဖို့ VISA သက်တမ်းတိုးထားရဦးမယ်
မဖြစ်ဖူးမေမေ ကျွန်တော်အမှန်တစ်ကယ် ငွေလိုနေပါတယ်
အပေါင်းအသင်းတွေဆုံတိုင်း ငွေသံကြေးသံညီးငြူသံတွေဆူညံလို့
ဇာတိမြို့က ကုန်သည်ပွဲစားသူငယ်ချင်းတွေလည်း ငွေလိုနေတယ်
ရေမြေခြားနေတဲ့ အင်ဂျင်နီယာသူငယ်ချင်းတွေလည်း ငွေလိုနေတယ်
တစ်မြေထဲနေတစ်ေ၇ထဲသောက် အင်ဂျင်နီယာ၊ပရိုဂရမ်မာ၊ဆရာဝန်၊ကဗျာဆရာ
သူငယ်ချင်းတွေအားလုံးလိုအပ်နေတာကလည်း ငွေပါပဲ မေမေ
ကျွန်တော်ကိုထားခဲ့ပြီး မေမေက ဝေးဝေးက မြို့လေးဆီပြန်တော့မှာ
မေမေကို ပြောစရာစကား ကျ န်ေ န ဦး မှာ လား လို့ ။

အောင်ပိုင်စိုး

Thursday, June 17, 2010

ပလပ်စတစ်အရေခွံ

သူမရဲ့ ခန္ဓာကိုယ်ပေါ်က အ၀တ်အားလုံး ကြမ်းပြင်ပေါ်ပုံကျသွားကြပြီ
ရုပ်ဖျက်ထားတဲ့မုန်တိုင်းတစ်ခုလို တိတ်ဆိတ်တဲ့ခြေလှမ်းတွေနဲ့ သူမ
ငါဆီ ချဉ်းကပ်လာနေရဲ့
အဲ့ဒီခဏ၊ ငါ့ကိုငါ မေ့လျော့သွားခဲ့တယ်
သူမ ပြုံးလိုက်ရဲ့
နှင်းဆီပွင့်ဖက်လေးတစ်ခုကို မနက်ခင်းလေပြည်က နိုးထစေသလိုမျိုး
ငါ့နှလုံးသားထဲမတော့ တောမီးလောင်သွားစေမယ့် မုန်တိုင်းတစ်ခုလိုမျိုး
ထားလိုက်၊ ဘယ်သူမှ မငြိမ်းသတ်လိုက်ကြပါနဲ့ ။
သူမရဲ့ အနမ်းတွေကို ငါယုံကြည်တယ်
ကောင်းကင်ဘုံရဲ့ အိပ်မက်တချို့ကို ငါ့နှလုံးသားထဲမှာ စိုက်ပျိုးခဲ့လိမ့်မယ်လို့
ငါ မျှော်လင့်ထားခဲ့တယ်
ရေခဲတောင်တစ်ခုကိုတောင် အရည်ပျော်သွားစေမယ့် နှုတ်ခမ်းတစ်စုံနဲ့
သူမ ငါ့ကိုနမ်းပစ်လိမ့်မယ်လို့ ။
တကယ်တော့ ငါထင်သလိုမဟုတ်ခဲ့ပါဘူး
ငါ့နှုတ်ခမ်းတွေက ငါ့ကို ပြန်ပြောနေရဲ့
သူတို့ တကယ်နမ်းရှိုက်လိုက်မိတာက
ပလပ်စတစ်အရေခံတတ်ထားတဲ့ အေးစက်စက်နှုတ်ခမ်းတစ်စုံကိုတဲ့ ။
ရုတ်တရက် တွန်းဖယ်ပစ်လိုက်တဲ့ ငါ့လက်ချောင်းတွေကို
သူမ တအံ့တသြကြည့်နေရဲ့
ပြီးတော့၊ အဖျားတက်တုန်ရီနေတဲ့ မေးခွန်းတွေ
သူမရဲ့ နှုတ်ခမ်းဖျားကနေ ထွက်ကျလာတော့တယ် ။
မြစ်တွေထက်ရှည်လျားတဲ့ စကားလုံးတွေနဲ့ ငါ ရှင်းပြနေသေးရဲ့
သူမရဲ့ ခန္ဓာကိုယ်ပေါ်ရောက်နေတဲ့
အဲ့ဒီ အေးစက်စက် ပလပ်စတစ်အရေခွံတစ်ခုအကြောင်း
ဒါပေမယ့်၊ သူမကတော့ အခိုင်အမာယုံကြည်နေဆဲပေါ့
ဒါတွေဟာ သူမခန္ဓာကိုယ်ရဲ့ တောက်ပတဲ့အသားစတွေလို့ ။
အဲ့ဒီနောက်တော့ သူမရဲ့ကိုယ်ပေါ်က ပလပ်စတစ်အရေခွံတစ်ခုက
သူမနဲ့ ငါ့ကြားမှာ မိုင်ပေါင်းများစွာ ဝေးကွာစေတော့တာပါပဲ။
နောက်ထပ်လည်း နှလုံးသားပေါင်းများစွာ ။
မှန်တစ်ချပ်ရဲ့ ရှေ့မှာ သူမရပ်နေရဲ့
သူမကိုယ်သူမ စူးစမ်းနေပုံပါပဲ
မျက်နှာပေါ်က အညစ်အကြေးတချို့ကို ရေနဲ့သန့်စင်လိုက်တယ်
ဒါပေမယ့် ဒါဟာ သူမရဲ့ ပလပ်စတစ်အရေခွံကိုတော့
ကွာကျမသွားစေနိုင်ဘူးပေါ့
စိတ်ရှုပ်ထွေးစွာနဲ့ ငါ့ကို တစ်ချက်လှမ်းကြည့်လိုက်ရဲ့
အဲ့ဒီနောက် အရင်နေ့များစွာအတိုင်း အခန်းအပြင်ကို ထွက်သွားတော့တယ် ။
သူမ ဘယ်ကိုသွားလိမ့်မယ်ဆိုတာ ငါ မသိဘူး
စာသင်ကျောင်းတွေဆီကိုလား၊ ဒါမှမဟုတ် ဘုရားကျောင်းတွေဆီကိုလား
ရုပ်ရှင်ရုံတွေ၊ ဒါမှမဟုတ် ယဉ်ကျေးမှုအခမ်းအနားတစ်ခုခုဆီ
သူမ ရောက်ရှိနေမှာလား ။
သေချာတာတစ်ခုတော့ ငါသိနေရဲ့
သူမပြန်ရောက်လာတဲ့အခါ၊ ပိုပြီးထူထပ်ရှုပ်ထွေးတဲ့ ပလပ်စတစ်အရေခွံတွေ
သူမကိုယ်ပေါ် ကပ်ပါလာမယ်ဆိုတာပါပဲ ။
အခန်းတံခါးဖွင့်သံကြားလိုက်ရတယ်၊ သူမပြန်ရောက်လာပြီထင်ရဲ့
မဟုတ်ဘူး၊ သူမပြန်ရောက်လာတာမဟုတ်ဘူး
ဒါ အေးစက်တဲ့ ပလပ်စတစ်အရေခွံတစ်ခု ပြန်ရောက်လာတာ
နောက်ဆုံးတော့ ငါ ရွံရှာဖူးတဲ့ တခြားသောသူတွေအတိုင်းပေါ့
သူမကိုယ်ပေါ်မှာလည်း ထူထပ်တဲ့ ပလပ်စတစ်အရေခွံတစ်ခုက
အခိုင်အမာရောက်ရှိနေခဲ့ပြီ ။
သူမလျှောက်လာတယ်။ အိပ်ရာပေါ် လဲကျနေတဲ့ ငါဆီ
သူမပြောနေရဲ့ ၊ပလပ်စတစ်အရေခွံတတ်ထားတဲ့ စကားလုံးတချို့နဲ့
သူမနမ်းလိုက်ရဲ့ ၊ ပလပ်စတစ်အရေခွံတတ်ထားတဲ့ နှုတ်ခမ်းအစုံနဲ့
သူမဖတ်ထားရဲ့
ပလပ်စတစ်အရေခွံတတ်ထားတဲ့ အေးစက်စက်လက်ချောင်းရှည်တွေနဲ့
ပြီးတော့ ငါ့ကိုချစ်နေရဲ့ ၊ ပလပ်စတစ်အရေခွံတတ်ထားတဲ့ နှလုံးသားတစ်ခုနဲ့ ။
ငါလိုချင်တာ မိတ်ကပ်လိမ်းထားတဲ့ နှင်းဆီပွင့်တွေ မဟုတ်ဘူးလို့
သူမကို အော်ပြောလိုက်မိရဲ့
ပြီးတော့ သူမကိုယ်ပေါ်က ပလပ်စတစ်အရေခွံကို ငါ့လက်ချောင်းတွေနဲ့
ဆုတ်ဖြဲပစ်လိုက်တယ် ။
ဘယ်မှာလဲ
သူမယုံကြည်ထားသလို လူ့ခန္ဓာကိုယ်ရဲ့ သွေးတစ်စက်မှ ထွက်ကျမလာဘူး
ဒါပေမယ့် သူမကတော့
အသားစတွေစုတ်ပြဲသွားသလို နာကျင်စွာအော်ဟစ်နေလေရဲ့ ။
ပြီးတော့ ငါ့ကိုအတင်းအကျပ် ဖက်တွယ်ထားရင်းက သူမ ငိုကြွေးနေ
နောက်တော့ ငါ့ပုခုံးပေါ် သူမရဲ့ မျက်ရည်တချို့ လိမ့်ဆင်းလာတော့တယ်
ဘယ်လောက် စိတ်ရှုပ်ထွေးစရာပါလဲ
အဲ့ဒီမျက်ရည်စက်တွေကတော့ ပလပ်စတစ်အရေခွံမဲ့တဲ့
လူသားရဲ့ အစစ်အမှန် မျက်ရည်စက်တွေ ဖြစ်နေပြန်ရဲ့ ။


(အမဲလိုက် အက ကဗျာစာအုပ်မှ )
မြင့်မိုးအောင်

ရန်ကုန်မြို့ မှာ မိုးတွေရွာနေတဲ့ရက်တွေဆို အပြင်ကို မထွက်ဖြစ်သလောက်
အခန်းထဲမှာ ကျဉ်းကြပ်လှောင်ပိတ်
နံရံတွေရဲ့ အခြားတစ်ဖက်ဘာတွေများရှိနေနိုင်မလည်းဆိုတဲ့ အတွေးကို
အဓိပ္ပါယ်မဲ့တွေးနေမိတယ်။
ဘယ်ကိုမှလည်း မဆက်သွယ်ဖြစ် တစ်စုံတရာကို မျှော်လင့်နေမိတဲ့ အတွေးတွေ
၊တစ်စုံတရာကိုတောင့်တနေတဲ့ရှင်သန်နေခြင်းတွေ အေးစက်နေပြီလား။
အတုအယောင်မြတ်နိုးမှုအယောင်ဆောင်ထားတဲ့ အေးစက်ခြင်းတွေ ကျွန်တော်တို့ရဲ့
နာကျင်ခြင်းတွေပေါ်တဖွဲဖွဲရွာကျနေချိန်မှာပဲဆရာမြင့်မိုးအောင်ရေးသားသော“ပလပ်စတစ်အရေခွံ”ကဗျာကိုရေရွတ်နေမိတယ်။
ဒီရက်ထဲ နေထိုင်ခြင်းမှာ အဆင်မပြေမှုတွေများလာတယ်။
လိုအပ်ချက်တွေများစွာနဲ့ပိုမိုကျဉ်းမြောင်းလာနေတဲ့ နေ့စဉ်ဘဝရဲ့
ရှင်သန်ခြင်း၊
အောင်မြင်လိုမှု၊အလိုမကျခြင်း၊အဆင်မပြေခြင်းတွေကို အမှတ်ရချက်များအနေနဲ့
ဆရာမြင့်မိုးအောင်ရေးသားသော “ပလပ်စတစ်အရေခွံ”ကဗျာကို
ပြန်လည်ဖော်ပြလိုက်ပါတယ်။




အောင်ပိုင်စိုး

Friday, June 11, 2010

မြစ်အ

မြစ်အ

အနားသပ်ခံဘ၀နဲ့
ကမ်းရှိချင်ယောင်ဆောင်ထားပေမဲ့
မြို့တော်တစ်ဝိုက်မှာတော့
စိတ်ကြိုက် စီးဆင်းခွင့်မရရှာဘူး။
ညိမ်းညို
(အရိုင်းတေးကဗျာစာအုပ်မှ...........)

Saturday, June 5, 2010

အချစ်စစ်ကို နှလုံးသားနှင့်ဆက်၍ ဖော်ပြနိုင်ပါစေ

A, B, C, D တွေ အလွတ်ကျက် လာလာရွတ်မပြနဲ့တော့
အားလုံးနားလည်သလောက်တော့ သနားတယ်
အနုပညာ၊ အတတ်ပညာ၊ အလုပ်အကိုင် အခွင့်အလမ်း
ဘယ်လောက်ထိ ပိတ်ဆို့ကာရန်ထားနိုင်မှာလဲ
Keyboard ပေါ် Enter တစ်ချက်ခေါက်လိုက်ရင်
မော်နီတာမျက်နှာပြင်ကနေ
အခြားကမ္ဘာတစ်ဖက် အရောက်လှမ်းနိုင်မယ့် ခြေလှမ်းတွေ
အင်တာနက်၊ chat-room တွေကနေ
ရင်ခုန်သံကို ပုံတူမျိုးပွားလို့ရကြောင်း သက်သေပြချက်တွေ
မြန်နှုန်းမြင့် အင်ဂျီနီယာဘ၀ကနေ
စပါးဝယ်ရောင်းပွဲစားအဖြစ် ပြောင်းလဲ ချင်မိတဲ့ ရူးသွပ်မှုတွေ
http://www.blogspot.com တွေကနေ
အလင်းပြန်လာမယ့် ယုံကြည်ချက်သက်သက် မနက်ဖြန်တွေ
ဒါတွေနဲ့မှမလုံလောက်ရင်
ဆက်ပြောနေချင်သေးတဲ့ ငါ့လျှာကို လာဖြတ်ပစ်လိုက်ပေါ့
ဆက်လျှောက်နေချင်သေးတဲ့ ငါ့ခြေထောက်ကို လာရိုက်ချိုးပစ်လိုက်ပေါ့
ပျော်သလိုနေလို့မရလည်း ပျော်အောင်နေမယ်လို့ စိတ်ထဲတွေးထားတယ်
``တစ်နေ့ကရဲ့မနက်ဖြန်ဟာ ကြာသပတေးနေ့ဖြစ်ပြီး
သဘက်ခါရဲ့ မနေ့က စနေနေ့ဖြစ်ရင်
ဒီနေ့ဟာ ဘာနေ့လဲ ဆိုတဲ့´´
အဓိပ္ပါယ်မဲ့ ကြော်ငြာဘုတ်ပေါ်က စာသားတစ်ချို့ကို ဖတ်မိရဲ့
သြော် သံသယစိတ်ဟာ
လမ်းတွေပေါ်မှာ၊ ဆင်းရဲသားရပ်ကွက်တွေမှာ
စိုက်ပျိုးထွန်ယက်လို့မရတဲ့ မြေလွတ်၊ မြေရိုင်းတွေပေါ်မှာ
သိန်းထောင်ချီတန်ကြေးရှိတဲ့ လူကုံတန်ခြံဝန်းတွေထဲမှာ
အလေ့ကျပေါက်ရောက်နိုင်တဲ့ မြက်ပင်လိုမျိုးပဲ . . .
မနိုင်ဝန်တွေ မတန်တဆ သယ်ရွက်ထမ်းပိုးနေရတဲ့
ဘ၀ ၀န်ထမ်းတစ်ယောက်လိုပေါ့
နာကျင်စရာတွေကြုံလာတိုင်း
ငယ်ဘ၀အိပ်မက် အကျိုးအကြေလေးကို
သံသေတ္တာဟောင်းလေးထဲ တရိုတသေခေါက်သိမ်းထားမိရဲ့
မေ့လို့ မဖြစ်တာကို မေ့ပစ်လိုက်ဖို့
တွေးလို့ မရတာကို ဆက်ဆက်တွေးနေမိပါတယ်
ကမ္ဘာကြီးအကြောင်း မစဉ်းစားအား
မနက်ဖြန် အတိအကျရောက်လာမယ့် လမ်းတွေ အကြောင်းပဲ စဉ်းစားမိရဲ့
အမှန်တရားဟာ တစ်ခုထက် ပိုနေမလားဆိုပြီး
သွားနေကျလမ်းကလေးကို ကျောခိုင်းပစ်လိုက်တယ်
လုံခြုံမှု မရှိတော့တ့ေဲ နာက်ပိုင်း
လူငယ်ဘ၀ ဒီဇိုင်းကို ဒီအတိုင်းပဲ ထားခဲ့လိုက်မိတယ်။ ။



*ကိုကျော်ကျော်ထိုက်သို့ . . .

အောင်ပိုင်စိုး

ှဆားချက်တာတော့ မဟုတ်ပါဘူး။ ကဗျာဟောင်းလေးတစ်ပုဒ် ပြန်တင်မိတာပါ။