Wednesday, March 24, 2010

ခြင်္သေ့

တောသုံးတောင်သို့အ၀င်မှာ
ခြင်္သေ့က
သမင်မ မျက်လုံးကို
ပုခုံးပေါ် ပစ်တင်လိုက်တယ်။

ဒီကောင်လွမ်းခဲ့ပါတယ်
ညီမလေးရယ်
ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
မင်းခူးယူဖို့ပါ။

ကန္တာရမဆန်ခဲ့ပါဘူး
ငါ ဒဏ်ရာရခဲ့တာပါ။

ညညတွေမှာ
မျက်ရည်နဲ့ ငါ့ကိုသိပ်လေ
မြေ၀သုန်ရေ
လင်းယုန်ငှက်တွေ
ငါဂုဏ်ပြုပါရဲ့ ။

ကောင်းကင်အိပ်ရာမှာ
ငါ မအိပ်ချင်ပါဘူး။

လရောင်ကို
ငါ မမေ့ချင်ပါဘူး။

ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ ခေါ်သံ
ငါ ကြားနေရဦးမယ်။

ကွဲကြေတဲ့ အပြုံးများသာ
နောက်ဆုံးကဗျာ တစ်ပုဒ်
ချစ်သူဖတ်ဖို့ ဟုတ်ပေလိမ့်မယ်။

ရာဇ၀င်အုတ်ဂူမှာ
မြှုပ်ကူသူမရှိ
လွမ်းသူ့ပန်းခွေချသူမရှိ
ညီမလေးရယ်
မရှိခြင်းတွေပဲ ဒီကောင့်ဘ၀လေ။

ဗျာပါဒနှင်းဆီရေ ...
နေရစ်ပေတော့
ပြီးပါပြီ။

ဆည်းဆာရီမှောင်
အနောက်တောင်မှာ
ဒီကောင်
ခြင်္သေ့ယောင်ဆောင်တဲ့တိမ်တွေ
တစ်ညနေလုံး ထိုင်ကြည့်ခဲ့တယ်။ ။

AW

Tuesday, March 16, 2010

အောင်အောင်ဟိန်း(သို့မဟုတ်) ကမ္ဘာမြေရဲ့ကျောက်စိမ်း

အောင်အောင်ဟိန်းရေ
မင်းအတွေးဟာ ကမ္ဘာတစ်ဖက်ခြားဖူးပွင့်နေ
မင်းအတိတ်က လေးဖက်လေးတန် နံရံတံတိုင်းဆိုတော့
မင်းစိတ်က ဘယ်တော့မှ သွေးမတိတ်တဲ့ဝေဒနာ
မျက်ရည်နဲ့သာချက်လုပ်ခဲ့တဲ့ မင်းအသက်ရှုသံ
တစ်နေ့
မင်းဘ၀ထံ အလင်းပြန်လာမှာပါ။

သစ်ရွက်တွေ ကြွေသောနေ့ရက်တွေမှာ
မင်းနဲ့ မချိန်းဆိုပဲ တွေ့ဆုံခဲ့ ကြတာ
မိုးတိမ်ပြာပြာနေ့ရက်တွေမှာ
မင်းနဲ့ မယုံနိုင်စရာ ခွဲခွာခဲ့ရတာ
မင်းရဲ့ သယံဇာတပေါများမှုဟာ
ကမ္ဘာမြေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်းရိုင်း
မင်းရဲ့ ကျော်ကြားတောက်ပမှုဟာ အနုပညာ
မင်းကိုယ်တိုင်ငြင်းဆန်ခွင့်မရတဲ့ ဘ၀ဆိုတာ
ဒဏ်ရာတွေကြားကအစွမ်းကုန်လှပနေတဲ့ပန်းလေးတစ်ပွင့်ပေါ့ကွာ။

ငါတို့အသွေးအသားထဲမှာ ... မင်းက
ဖျက်လို့မရတဲ့ အစွန်းအထင်း
မင်းပုံရိပ်က နှလုံးသားကိုထောင်ကြည့်မှ မြင်ရမယ့် အရိပ်
မင်းစကားသံကို ဓာတ်ခွဲကြည့်မှ မင်းအနုပညာကို ခံစားရမယ်
မင်းက မြစ်ဖြစ်နေရင်တောင် အထက်ကိုဆန်တက်မယ့်မြစ်
ဒီလိုအဖြစ်အပျက်မှာ ...
နာကျင်မှုအရှိန်နဲ့ မင်းကတိုးထွက်ဖို့အသင့်ဖြစ်နေတဲ့ ဒုံးပျံ
ခံစားမှုကို အရောင်ဆိုးမိတာနဲ့
မင်းစိတ်ထဲ မြုံနေတဲ့မီးတောင် ထပေါက်ကွဲတယ်
မင်းမြင်ကွင်းထဲကသစ်ပင် ထက်ပိုင်းလဲကျတယ်
စိတ်ခံစားမှုရဲ့အနာတရ ငွေကြေးကို ရယူဖို့
မင်းနှလုံးသားတစ်ခုလုံး စတေးခံတော့မှာလား အောင်အောင်ဟိန်း။

ငါတို့ခင်မင်မှုဟာ တစ်ကယ့်ကိုကျောက်သား သစ္စာ
အနုပညာက ပုခုံးမှာ ၊ လက်ဖျံမှာ
ဂစ်တာတစ်လက်နဲ့ပဲ ခံတပ်ကိုတည်ဆောက်ထားတော့
ငါတို့ဘက်က အကျအဆုံးများတယ်
ကဗျာဆိုတာ အလွယ်တကူဘယ်တော့မှ မသေဘူး
မင်းမုန်းတဲ့ ငွေကြေးသာ ပိုမိုလတ်ဆတ်ကျန်းမာလာ
ငါတို့
လောင်ကျွမ်းရင်းနဲ့သာ အစွမ်းကုန်တောက်ပကြစို့ရဲ့ ။

အနုပညာစင်စစ်ကို ထူထောင်ဖို့ ငါတို့ရှေ့ဆက်ရမယ့်ခရီးမှာ
သူလိုကိုယ်လို အဆက်မပြတ်ကြွေကျနေသော ဘ၀တွေအတွက်
လိုအပ်နေသော ငြိမ်းချမ်းရေး
ငါတို့ တစ်သက်လုံးအရှုံးမပေးဘူး အောင်အောင်ဟိန်း ။


ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ မတ်လ၊၂၀၀၆

အောင်ပိုင်စိုး

Friday, March 12, 2010

နာဂစ်အတွက်ဝမ်းနည်းကဗျာရွတ်ပွဲနှင့်ကဗျာဆိုင်ရာ အခမ်းအနားများ၊ကဗျာရက်သတ္တပါတ် နှင့် မတ်လ(၁၉၊၂၀၊၂၁၊၂၂)ရက်၊၂၀၁၀ခုနှစ်၊ရန်ကုန်မြို့

မတ်လ(၁၅)ရက်၊မြန်မာနိုင်ငံဆရာဝန်အသင်းရန်ကုန်မြို့။

နာဂစ်အထိမ်းအမှတ်စာအုပ်ဖြန့်ချီခြင်းအထိမ်းအမှတ်နှင့်
နာဂစ်ဒေသမုန်တိုင်းဒဏ်ခံနေရာများသို့ ငွေကြေးလှူဒါန်းခြင်းအခမ်းအနားများ၊
ကဗျာဆရာများ နာဂစ်အမှတ်တရ ၀မ်းနည်းခြင်းကဗျာရွတ်ဆိုခြင်းများကို
မတ်လ(၁၅)ရက်နေ့၊တနင်္လာနေ့၌ မြန်မာနိုင်ငံဆရာဝန်အသင်း(MMA)၊
တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း။မေရဲ့ပန်းပွင့်(သို့မဟုတ်) ကမ်းပါးပေါ်က ကျွံကျသွားသော
နာဂစ်ကဗျာစာအုပ်ကို ကိုရွေး၊ပန်းချီသန်းမြင့်အောင်၊ဒီဇိုင်းအံ့ဘွယ်ဇင်တို့စီစဉ်ကြောင်း၊
ကဗျာစာအုပ်တစ်အုပ်လျှင် (၂၅၀၀)ကျပ်ဖြင့်ဝယ်ယူလှူဒါန်းနိုင်ကြောင်း။
ကဗျာစာအုပ်ထဲတွင် ကဗျာဆရာများ ကိုယ်တိုင်ရွတ်ဆိုထားသော
Audio MP3 CD တစ်ချပ်ပါ ပါဝင်ကြောင်းသိရှိရပါသည်။

မတ်လ (၁၉၊၂၀၊၂၁၊၂၂)ရက်၊ စာပေလောက(၅)၊ရန်ကုန်။

ကမ္ဘာကဗျာနေ့ အထိမ်းအမှတ် ကဗျာဆရာလက်ရေးများ ပြသခြင်း၊
(၁၀)စုနှစ်အတွင်းထွက်ရှိသောကဗျာစာအုပ်များပြသခြင်းနှင့်၊
ရှားပါးကဗျာစာအုပ်များပြသပွဲ၊ကဗျာဆိုင်ရာဆောင်းပါးများ၊
စာတမ်းများဖတ်ပွဲများ၊ကို ရန်ကုန်မြို့ပေါ်အခြေစိုက်ကဗျာဆရာများနှင့်
ဆရာသစ္စာနီ၊ဆရာမောင်လင်းရိပ်၊ပန်းချီသန်းမြင့်အောင်(ဆရာ မင်းဝေအောင်)၊
ဆရာမင်းထက်မောင်တို့ ဦးစီးပြီးကျင်းပြပြုလုပ်မည်ဖြစ်ကြောင်း။
ကဗျာဆရာလက်ရေးများ ပြသခြင်းကို ပန်းဆိုးတန်း ဂယ်လာရီတွင်ပြသပြီး၊ (၁၀)စုနှစ်အတွင်းထွက်ရှိသောကဗျာစာအုပ်များပြသခြင်းနှင့်၊
ရှားပါးကဗျာစာအုပ်များပြသပွဲကို စာပေလာက(၅) တွင်ကျင်းပပြုလုပ်၍
ကဗျာဆိုင်ရာဆောင်းပါးများ၊စာတမ်းများဖတ်ပွဲများကို လောကနတ်
ဂယ်လာရီတွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

စီစဉ်တင်ဆက်သူ
အောင်ပိုင်စိုး

Thursday, March 11, 2010

အရသာလိုက် မုဆိုးတစ်သိုက်

နစ်ရှေး (Nietzsche) ကပြောခဲ့တယ်။ “God is dead” ဘုရားသခင် သေပြီဟုဆိုလေတယ်။ ကျွန်တော်တို့ဘာသာမှာလည်း ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသွားတော့ ရဟန်းကြီးတစ်ပါးက ဘုရားမရှိတော့ဘူး၊ အဲဒီတော့ ဘုရားရှင်ပညတ် ထားတဲ့ ၀ိနည်းတွေကို လက်ခံစရာ လိုက်နာစရာမရှိတော့ဘူး၊ မလိုတော့ဘူး၊ ငါတို့ထင်သလို နေလို့ရပြီ လို့ တခြားရဟန်းတွေကို ပြောဆိုစည်းရုံးတာကိုမြင်လို့ ရှင်အာနန္ဒာ၊ ရှင်မဟာကဿပတို့က ပထမသင်္ဂါယနာ တင်ခဲ့ကြတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး Barcamp ပွဲမှာ ဆရာသစ္စာနီက “Poetry is dead” လို့ပြောခဲ့တာ ကြားခဲ့ရတယ်။ ဒီလိုဆို ရှေးအရင်က ထားရှိအပ်တဲ့ ကဗျာနိဿရည်းတွေကို ငြင်းပယ်ပြီး ကဗျာကို လိုအပ်သလို ရေးဖွဲ့ ထုံးမွှမ်း သုံးစွဲကြမယ်။ ယခင်ရှိရင်းစွဲများကို ချဲ့ထွင်ပစ်ကြမယ်ဆိုတဲ့သဘောသကာယလား။ ဘာသာစကား ကို စနစ်တကျထိန်းချုပ်မှုကနေ လွှတ်ပေးလိုက်ကြမယ်။ ဘာသာစကားကို ဆောင်ရွက်မှု Making ပြုလုပ်မယ်။ သိမှုနယ်ပယ်ကိုကျော် ဖြတ်ပြီး လူလုပ် (ဖန်တီးတည်ဆောက်) တဲ့ လောကတစ်ခုကို တည်ထောင်ခဲ့ကြမယ် ဆိုရင် …..?
ဒါမှမဟုတ် သိမှုနယ်ပယ်ကို မကျော်ဖြတ်ဘဲ လက်ရှိလောကရဲ့ စိတ်ခံစားချက်သက်သက်နဲ့ ကျွန်တော်တို့အကျွမ်းဝင်ရှိလှတဲ့ လောကတစ်ခုကို တည်ဆောက်ကြမယ်ဆိုရင် ….?
ဘာပဲဖြစ်ဖြစ် လူတိုင်း ကိုယ်စီကိုယ်စီကတော့ ကိုယ်ပိုင်မျှော်လင့်ချက်၊ ကိုယ်ပိုင်အယူအဆများ နဲ့ ကိုက်ညီမှုရှိတဲ့ အရသာတစ်ခုခုကိုတော့ လိုအပ်နေမှာ အမှန်ပါပဲ။ အဲဒီအရသာကလည်း လူတို့လိုအပ်ချက်ကို ဖြည့်စွက်နိုင်စွမ်းရှိတဲ့ အရသာတစ်ခုခုဖြစ်ဖို့တော့ လိုအပ်နေပါလိမ့်မယ်။
ရေတွေကိုသိုလှောင်ထားတဲ့ အုတ်ရေကန်လေးမှာလည်း အရသာတစ်ခုခုတော့ ရှိလိမ့်မယ်။ အဆင့်အတန်းရှိတယ်လို့ သူတို့ကိုယ်သူတို့ ယူဆနေတဲ့ လူကြီးသူကောင်းတွေမှာလည်း အရသာ တစ်ခုခုတော့ ရှိလိမ့်မယ်။ အဆင့်အတန်းနိမ့်ပါးတဲ့ ဖက်ခွက်စားဆိုသူတွေမှာလည်း သူ့အရသာနဲ့သူ ရှိနေပါလိမ့်မယ်။ ပြန်အမ်းဖို့ လက်ကျန်ငွေကို တမင်မေ့လျော့ထားတဲ့ ကားစပယ်ယာမှာလည်း အရသာ တစ်ခုတော့ ရှိလိမ့်မယ်။ အေးမြမြအရိပ်တွေပေးတဲ့ သစ်ပင်မှာလည်း အရသာတစ်ခုခုတော့ ရှိလိမ့်မယ်။ အေးမြမြသစ်ပင်ရဲ့အောက်မှာ လာရောက်ခိုနားကြသူတွေမှာလည်း သူ့အရသာနဲ့သူ။ အလှူပေးသူမှာ လည်း သူ့အရသာနဲ့သူ။ ဒါဆို အလှူခံသူမှာလည်း သူ့အရသာနဲ့သူပေါ့။ ဘုရားကို အကြိမ်ကြိမ် တ,နေသူတွေမှာလည်း သူ့အရသာနဲ့သူ။ ပြစ်ပြစ်နှစ်နှစ် ဆဲရေးတိုင်းထွာနေသူများမှာလည်း အရသာ တစ်ခုတော့ သေချာပေါက် ရှိပါလိမ့်မယ်။ ကော်ဖီမှာလည်း သူ့အရသာနဲ့သူ။ ပေါင်မုန့်မီးကင်မှာလည်း သူ့အရသာနဲ့သူ။ ခွက်ထဲကအရက်မှာလည်း သူ့အရသာနဲ့သူ။ စိတ်ဆိုးပြီး အိမ်ကဆင်းသွားတဲ့ မိန်းမနောက်လိုက်ချင်တဲ့ ယောက်ျားမှာလည်း သူ့အရသာနဲ့သူ။ ဒုစရိုက်တရားကို ရှောင်ဖယ်နေသူအတွက်လည်း သူ့အရသာနဲ့သူ။ စမ်းရေစီးသံမှာလည်း အရသာတစ်ခုရှိလိမ့်မယ်။ ထမင်းဝိုင်းမှာလည်း သူ့အရသာနဲ့သူ ရှိပါလိမ့်မယ်။ အရက်ခွက်၊ ကော်ဖီခွက်တွေကို သိစိတ်နဲ့သော်လည်းကောင်း၊ မသိစိတ်နဲ့သော်လည်းကောင်း၊ ထိုးမှောက်ပစ်လိုက်တဲ့ စားပွဲမှာလည်း အရသာတစ်ခုခုရှိလိမ့်မယ်။ ပုံပြင်၊ လရောင်၊ မီးခိုးများ၊ ရထားဥသြသံ၊ လက်ဆောင်ပစ္စည်းပစ္စယ၊ ကြက်ဟင်းခါးသီး၊ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ခရစ်ယာန်ဘာသာ၊ လူ့ဘ၀မှာမနေလိုတော့ခြင်း၊ အာဆင်နယ်အသင်း၊ မင်နီအ၀ိုင်း၊ အိပ်မက်၊ ပန်းအိုးကို ပေါက်ခွဲပစ်လိုက်တဲ့အရသာ၊ မျက်နှာကိုဖြတ်ရိုက်ချလိုက်တဲ့အရသာ၊ စကားစဖြတ်လိုက်တဲ့ အရသာ၊ ဝေါဟာရသစ်တီထွင်ခြင်း၊ မိသားစုနဲ့ခွဲနေရခြင်း၊ အောက်မေ့ခြင်း၊ ကုသိုလ်ပြုရခြင်း၊ လမ်းဖယ်ပေးခြင်း …etc…အားလုံး အားလုံးမှာ သူ့အရသာနဲ့သူ ရှိလိမ့်မယ်/ရှိကြတယ်။
အထက်မှာ အရသာအမျိုးမျိုးရဲ့အကြောင်း ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ သူ့အရသာ သူ့တဏှာတွေ အကြောင်း ပြောခဲ့ပြီးတဲ့အခါ အရသာတစ်ခုနဲ့တစ်ခု မတူညီတဲ့အကြောင်း ဆက်လက်ပြောရပါလျှင် သူ့အရသာကို ကိုယ့်အရသာအဖြစ် ရုတ်ချည်း အပြည့်အ၀ခံစားနိုင်လိမ့်မှာမဟုတ်တဲ့အကြောင်းတော့ ယုံကြည်မိပါတယ်။ သူနင်တာကို ကိုယ်မျိုချလို့မှမရတာ ကဗျာတစ်ပုဒ်လိုပေါ့။ ကော်ဖီအရသာနဲ့ အရက်ရဲ့အရသာ မတူညီနိုင်ပါ။ ပန်းအိုးကို ပေါက်ခွဲပစ်ချလိုက်တဲ့ အရသာနဲ့ ကုသိုလ်ပြုရခြင်းအရသာ၊ လမ်းဖယ်ပေးခြင်းအရသာနဲ့ ကြက်ဟင်းခါးသီးအရသာ တူညီစရာအကြောင်း မရှိနိုင်ပါ။ ပန်းသီးအရသာ ကို ကျွန်တော်သိလိုက်ပြီ။ အရက်မူးတဲ့အရသာကို ကျွန်တော်တို့ သိပြီ။ လရောင်ရဲ့အရသာကို ကျွန်တော်တို့ သိပြီ။ သီချင်းနားထောင်တဲ့အရသာကို ကျွန်တော်တို့ သိပြီ။ သူများတိုက်တဲ့ လက်ဖက်ရည်ရဲ့အရသာ၊ ကျွန်တော်တို့ သိပြီ၊ ကန်စွန်းရွက်ရဲ့အရသာကို ကျွန်တော်တို့ သိပြီ။ တညင်းသီးအရသာကိုသိပြီ။ အိပ်စက်ခြင်း အရသာကို ကျွန်တော်တို့ သိပြီ။ ဘဲဥရဲ့အရသာကိုသိပြီ။ ခေတ်စမ်းကဗျာရဲ့အရသာကိုသိပြီ။ ခေတ်ပေါ် ကဗျာရဲ့အရသာကို သိသင့်သလောက်သိပြီ။ ဘာသာစကားကဗျာရဲ့အရသာကို စုံမက်စွာ မသိရှိသေး။ conceptual poetry, slam poetry ကိုယ့်ကိုကိုယ် သတ်သေတဲ့အရသာကို ကျွန်တော်တို့ မသိသေး။ ကောင်းကင်ဘုံရဲ့အရသာကို မသိသေး။ နိဗ္ဗာန်ရဲ့အရသာကို မသိသေး။ အစ္စလာမ်မစ်တစ်ယောက်ရဲ့ အရသာများကို မသိသေး။ အခြားသူရဲ့ ပိုက်ဆံများကို ခိုးယူပြီး ထွက်ပြေးတဲ့အရသာကို မသိသေး။ အဖေတစ်ယောက်ရဲ့အရသာကို မသိသေး။ ၂၀၄၂ ခုနှစ်ရဲ့အရသာများကို မသိသေး။ ပါရီမြို့ ရဲ့အရသာကို မသိသေး။ စိန့်ပီတာစဘာ့စ်ရဲ့အရသာကို မသိသေး။ ဦးခေါင်းကို အုတ်နံရံနဲ့ တမင်ပြေးဆောင့်တဲ့အရသာကို မသိသေး။ ငွေကြေးချမ်းသာခြင်းရဲ့အရသာကို မသိသေး အစရှိသည်ဖြင့် အထက်ပါ အချို့ အချို့သော အရသာများကို သိခဲ့ပြီး/သိပြီးဖြစ်ပါသော်လည်း အချို့သော အရသာများကိုကား စိတ်ကူး အတွေးပုံစံဖြင့် (အကူသဘောဖြင့်) သာ နားလည်သိရှိနိုင်ပါသေးတယ်။ ၄င်းတို့မှာ မိမိမတွေ့ထိဖူးသေ။ မိမိတွင် မရှိဖူးသေး။ မဖမ်းဆုပ်နိုင်သေးတဲ့ အရသာများသာလျှင် ဖြစ်ပါတယ်။ မသိနိုင်သေး။ မမှီနိုင်သေး၊ မရှိသေးတဲ့ အရသာများကို စပျစ်သီးချဉ်ပါတယ်ဆိုတဲ့ မြေခွေးစကားကဲ့သို့ ပြောရန်မသင့်ဟု ယူဆမိပါတယ်။
ပင်မရေစီးခေတ်ပေါ်ကဗျာရဲ့ အရသာများကို သိသင့်သလောက် ကျွန်တော်သိခဲ့ပါပြီ။ ဘာသာ စကားကဗျာရဲ့ အရသာကိုကား သိသင့်သလောက်ပင် မသိသေး။ မမြင်နိုင်သေးပါ။ ဘာသာစကား ကဗျာရဲ့ အရသာမှာ မှီလုမှီခင်ပုံစံကဲ့သို့ လွတ်ထွက်သွားတာမျိုး၊ ရတယ်လို့ထင်ပြီး ဘာတစ်ခုမှ မရလိုက်တာမျိုးလား။ သိသလိုလိုနဲ့ မသိတာလည်း ဖြစ်နိုင်တယ်။ မသိသလိုလို သိနေတာလည်း ဖြစ်နိုင်ပါ့မလား။ မသိသလိုလိုနဲ့ ဘာလိုလိုနဲ့ ဘာတစ်ခုမှမသိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကလည်း ကျွန်တော်တို့အထင်တော့ မိမိအပေါ် သို့မဟုတ် ကဗျာအပေါ် အများကြီး (အများကြီး) မျှော်လင့်ထားလို့လည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်နဲ့ တစ်ချို့သောသူတွေလည်း ဘာသာစကားကဗျာရဲ့အရသာကို မမြင်နိုင်ဘူးလား။ မတွေ့နိုင်ဘူးလား ဆိုတော့ မဟုတ်ပါ။ မြင်အောင်လုပ်က မြင်နိုင်ပါလိမ့်မယ်။ တွေ့အောင်လုပ်က တွေ့နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ ဆရာအောင်ခင်မြင့်စကား ငှားပြောရလျှင် ၄င်း ၄င်းသောအရာများမှာ ကျွန်တော်တို့ ထိုးဖောက်လို့မရနိုင်တဲ့ ခံတပ်တစ်ခုမှမဟုတ်ဘဲ။ ဖြည်းဖြည်းချင်းစိမ့်ဝင်နိုင်တဲ့ အမြှေးပါးတစ်မျိုးသာဖြစ်တယ်။ မတွေ့ထိဘူးတဲ့၊ မတွေ့ထိဘူးသေးတဲ့ အရသာများဆီသို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ချဉ်းကပ်ကြရပါဦးမယ်။
ဘာသာစကားကဗျာရဲ့အရသာများကို တွေ့ထိမှိုင်းမိနေသူများမှာ သူတို့ရဲ့ ဦးခေါင်းကို မဖော်တမ်း၊ မဆုပ်တမ်း မှီဝဲနေကြတယ်။ ထိကပ်နေကြတယ်။ အရသာတစ်ခုခုမရှိဘဲနဲ့တော့ သူတို့ အရသာခံကြမှာ မဟုတ်ပါဘူး။ (သူတို့က ကျုပ်တို့မှာ ဘာအရသာမှ မရှိပါဟု ဆိုခဲ့ရင်တောင် ၄င်းကား အရသာလို့ မှတ်ယူလိုက်ပါတယ်။)
အရသာတစ်ခုခုတော့ ရှိပါလိမ့်မယ်။ ၄င်းအရသာကဘာလဲ။ ဘယ်လို သဘောလဲ။ ဘယ်သို့ရှိပါသလဲ။ ဒါပေမယ့် ဘာသာစကားကဗျာရဲ့ အရသာကို ကြိုက်ကောင်းလည်း ကြိုက်သွားနိုင်ပါတယ်။ ကြိုက်ချင်မှလည်း ကြိုက်ဖြစ်ပါလိမ့်မယ်။ အရက်အရသာကို နှစ်ခြိုက်စွာ ကြိုက်မိတယ်။ ၀ိုင်အရသာကိုတော့ မကြိုက်။ နန်းကြီးသုတ်အရသာကို မကြိုက်ပါ။ ငါးကြော်ရဲ့အရသာကို မနှစ်ခြိုက်ပါ။ ဒါပေမယ့် …..
ကိုယ့်ကိုယ်ကို သတ်သေတဲ့အရသာကို တွေ့ထိဖူးချင်ပါသေးတယ်။
ခရစ်ယာန်ဘာသာဝင်တစ်ယောက်ရဲ့အရသာကို တွေ့ထိချင်ပါသေးတယ်။
အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့အရသာကို တွေ့ထိချင်ပါသေးတယ်။
အသေခံဗုံးခွဲသူတစ်ယောက်ရဲ့အရသာကို တွေ့ထိချင်ပါသေးတယ်။
မြို့ဝန်တစ်ယောက် ရဲ့အရသာကို တွေ့ထိချင်ပါသေးတယ်။
အီဖယ်မျှော်စင်ပေါ်ကနေ အောက်သို့ငုံ့ကြည့်တဲ့ အရသာကို တွေ့ထိချင်ပါသေးတယ်။
ထေရ၀ါဒတစ်ဦးပီသစွာ နိဗ္ဗာန် ရဲ့အရသာကို အကျွမ်းတ၀င် တွေ့ထိချင်ပါသေးတယ်။
ခင်ဗျားတို့ပြောနေကြတဲ့ ဘာသာစကားကဗျာရဲ့အရသာကို ဆုပ်ကိုင်စူးအက်သွားသည်အထိ တွေ့ထိချင်ပါသေးတယ်။

သူရနီ၊ အောင်ပိုင်စိုး
မတ် ၂၀၁၀

Wednesday, March 10, 2010

မြန်မာကဗျာ ရေစီးကြောင်းထဲ အားကောင်းမောင်းသန် စီးဝင်လာသော မြန်နှုန်းမြင့် ဘလော့ကဗျာများ

အနုပညာဆိုတာ သူများအပေါ်မှီခိုပြီး အလွယ်လမ်းလိုက်တဲ့ကိစ္စမဟုတ်ဘူး၊ ကိုယ်ပိုင်၊ ကိုယ့်အသွေးအသား ညှစ်ထုတ်ဖန်တီးယူတဲ့ကိစ္စ၊ လမ်းရိုးလမ်းဟောင်းထဲမှာနေပြီး အလွယ်ကြိုက်တဲ့သူတွေက သမိုင်းထဲမှာနေတဲ့ လူတွေဖြစ်တယ်။ အသစ်ထွင်ချင်တဲ့သူတွေ၊ လမ်းသစ်ဖောက်ချင်တဲ့သူတွေက သမိုင်းထဲမှာ မနေတဲ့သူတွေလို့ ကျွန်တော် သဘောရပါတယ်။
ဆရာဇော်ဇော်အောင်

တိတ်ဆိတ်ခြင်းဟာ သီးခြားရပ်တည်နေသလား၊ ဘာသာစကားကိုအသုံးပြုပြီး ကဗျာနဲ့ အခြားသိမှု နယ်ပယ်တွေကို ချဲ့ထွင်လို့ရသလား။ အနုပညာကိုအသုံးချပြီး ကဗျာနယ်ပယ်ကို အသစ်ပြုပြင်တည်ဆောက်လို့ ရသလား။ ကဗျာဆိုတာ စာမျက်နှာတွေပေါ်မှာသာ နေရာရနိုင်သလား။ သတင်းနည်းပညာနဲ့ အိုင်တီပညာရပ် တွေက ကဗျာနဲ့ ကဗျာဆရာအကြား ပိုမိုဝေးကွာသွားစေနိုင်သလား။ သတင်းနည်းပညာနဲ့ အိုင်တီပညာရပ်တွေ သာ မရှိခဲ့ရင် ကဗျာဖန်တီးလို့ မရနိုင်တော့ဘူးလား။ စိတ်ထဲ လှုပ်ရှားနေမိသည်။ မေးခွန်းတွေက အဖြေတွေကို တိတိပပ သယ်ဆောင်လာနိုင်မည်ဟု ယုံကြည်နေမိပါသည်။
ဆရာသစ္စာနီကတော့ အလင်္ကာဝတ်ရည်ဂျာနယ်မှာ စားပွဲ၊ ကုလားထိုင်နဲ့ ကဗျာရေးတဲ့ခေတ်ကုန်ပြီဟု ရေးခဲ့သည်။ လွမ်းမိပါသည်။ လွန်ခဲ့သောနှစ်ကာလများက ကဗျာကို စွဲလမ်းရင်ခုန်တပ်မက်ခဲ့သည်။ လစဉ်ထုတ် မဂ္ဂဇင်းများမှ ကဗျာများကို စောင့်ဖတ်ရင်း ကဗျာသည် အသွေးအသားထဲ စိမ့်ဝင်ပျံ့ နှံ့လာသည်။ ကဗျာကို ဗလာစာမျက်နှာများပေါ်တွင် ရေးသားပြီး ၀ါသနာတူရာ သူငယ်ချင်းများ ကဗျာစာအုပ်လေးများစုထုတ်ရင်း ကဗျာပေါ် တိမ်းမူးခဲ့ကြသည်။ နောက်ပိုင်းတော့ မဂ္ဂဇင်းစာမျက်နှာများထက်တွင် ကဗျာများကို အစဉ်တစိုက် ရေးဖွဲ့ ခဲ့သည်။ အဲဒီနှစ်ပိုင်းတွေကတော့ လူသားတစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေ၊ လူသားချင်းစာနာမှုတွေ၊ သဘာဝပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းလိုမှုတွေ၊ မတရားကို တုံ့ပြန်ရဲသော တရားဓမ္ဓတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို စာမျက်နှာများကိုအသုံးပြုပြီး ကဗျာအနေနဲ့ အလေးပေး ရေးဖွဲ့ ခဲ့သည်။
ခေတ်ရဲ့ရေစီးကြောင်းသည် လျင်မြန်စွာဖြတ်သန်းစီးဆင်း၍ နေပေသည်။ နှစ်တစ်နှစ်နှင့် အခြား နှစ်တစ်နှစ်သည် များစွာကွာခြားသွားခဲ့သည်။ နည်းစနစ်၊ ၀ါဒ၊ အယူအဆရေးရာပေါင်း မြောက်များစွာနှင့်အတူ ကဗျာသည် ရင့်ကျက်၍လာပေသည်။ အရင်သိမှတ်နားလည်ခဲ့ကြတဲ့ အနုပညာစံနှုန်းတွေ၊ တန်ဖိုးတွေ၊ ဂုဏ်ရည်တွေ၊ နည်းဥပဒေသတွေ၊ အကဲဖြတ်မှုတွေအားလုံးကို ကျောခိုင်းစွန့်ခွာ ထားခဲ့ရတော့မည်။ အမှန်တကယ် ပြောကြစတမ်းဆိုရင် ဖြတ်သန်းလွန်မြောက်သွားရမည့်လမ်းခရီးကား အမျိုးမျိုးအစားစား ရှိနေနိုင် ပါသည်။ ပင်လယ်ပြင်ကြီးကိုဖြတ်သန်း၍ဖြစ်စေ၊ တောင်တန်းကြီးတွေကို ကျော်လွန်ဖြတ်သန်း၍ဖြစ်စေ၊ လေယာဉ်ပျံကြီးကိုစီး၍ဖြစ်စေ ရည်ရွယ်သောခရီးပန်းတိုင်ဆီသို့ ဆိုက်ရောက်နိုင်ရေးသည်သာ အဓိက လိုအပ်ချက်ဖြစ်သည်။ ကဗျာဆိုတာ ခံစားမှုဥာဏ်မြင့်မားတဲ့သူတွေသာ ဖတ်ရှုခံစားနိုင်၊ ဖန်တီးရေးသားနိုင်တဲ့ အနုပညာတစ်ရပ်လို့ပဲ ကျွန်တော်က ထင်မြင်မိပါသည်။
သတင်းနည်းပညာခေတ်ကြီးသည် ကမ္ဘာကြီး၏မြန်နှုန်းကို မြှင့်တင်နိုင်ခဲ့သည်။ မိုင်ပေါင်းရာချီဝေးကွာ သော ခရီးအကွာအဝေးများ၊ ဆက်သွယ်မှုများကို အလျင်အမြန် ချုံ့ပစ်နိုင်ခဲ့သည်။ ကမ္ဘာကြီးသည် အိုင်တီနည်း ပညာအစွမ်းကြောင့် ရွာကြီးတစ်ရွာအသွင် ဖြစ်ခဲ့သည်။ ကလစ်တစ်ချက်နှိပ်လိုက်ရုံ၊ အန်းတားတစ်ချက် ခေါက်လိုက်ရုံမျှနှင့်ပင် ကမ္ဘာတစ်ဖက်ခြားကို ဆက်သွယ်နိုင်သည်။ လိုအပ်နေသော အချက်အလက်၊ သတင်း၊ နည်းပညာ၊ ဗဟုသုတ အချက်အလက်များစွာကို အင်တာနက်စာမျက်နှာများပေါ်မှ ရှာဖွေလာနိုင်သည်။ နည်းပညာ၊ အတတ်ပညာ၊ အနုပညာတို့ ပေါင်းစည်းဆက်စပ်ခြင်းရလာဒ်အဖြစ် Web Blog စာမျက်နှာများမှ တစ်ဆင့် မြန်နှုန်းမြင့် ဘလော့ကဗျာ များကို ဖန်တီးနိုင်ခဲ့သည်။
ကဗျာဆိုင်ရာ အနုပညာဘလော့များသည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင်မှ အများအပြား ပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်။ ၄င်းတို့အထဲတွင် လမ်းအိုလေး ဘလော့၊ http://lanolay.wordpress.com သည် မြန်မာကဗျာဆရာအများစု၏ ကဗျာများ၊ ၀တ္ထုများ၊ အက်ဆေးများကို စုစည်းတင်ပြထားသည့် နာမည်ကြီး အနုပညာဘလော့ပင်ဖြစ်သည်။ ၁၉၉၈ ခုနှစ်တစ်ဝိုက်စတင်ခဲ့သော ဘလော့တစ်ခုလည်းဖြစ်ပြီးအခြားသောဘလော့များကို အောက်ပါလိပ်စာပေးထားသည့်အတိုင်း ဖတ်ရှုနိုင်သည်။
တောကျောင်းဆရာဘလော့
http://www. openmindblog.info
On Blogger Since – About 2008

Tin Min Htet (ရွှေဝါပြည်) ဘလော့
http://tinminhtet.blogspot.com
On Blogger Since – June 2009

မနော်ဟရီဘလော့
http://manorhary.blogspot.com
On Blogger Since –

အိန္ဒြာဘလော့
http://eaindrar.blogspot.com
On Blogger Since – October 2008

မိုးလှိုင်ည (နှစ်ချို့ ကော်ဖီတစ်ခွက်နဲ့ ငါ့မြို့ ပျက်ညတွေ) ဘလော့
http://www.moehlaingnya.net
On Blogger Since – About 2007

အောင်ပိုင်စိုး (အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော ကဗျာ) ဘလော့
http://aungpaingsoemyint.blogspot.com
On Blogger Since – October 2009

အဝေးရောက်ပင်လယ်ဘလော့
http://theexilesea.blogspot.com
On Blogger Since – July 2009

Burmese Poetry Foundation Blog.
http://www.burmesepoetryfoundation.org
On Blogger Since – About 2009

အထက်ဖော်ပြပါ ဘလော့အများစုမှာ မြန်မာကဗျာဆရာများ ဖန်တီပြုလုပ်ထားသော ဘလော့များ ဖြစ်ပါသည်။ ဖော်ပြရန် ကျန်ရှိသေးသည့်အခြားဘလော့များ ကျန်နေပါက ကျွန်တော်၏လိုအပ်ချက်သာဖြစ်ပါသည်။ ထင်သာမြင်သာရှိစေရန် ဖော်ပြခြင်းဖြစ်သောကြောင့် အခြားအမည်ဖော်ပြရန် ကျန်ရှိသော အနုပညာဘလော့ များကို ဖော်ပြနိုင်ခြင်းမရှိသည့်အတွက် အနူးအညွတ်တောင်းပန်ပါကြောင်း ဤစာမျက်နှာမှ ပြောကြားလိုပါ သည်။
ယနေ့ခေတ် ကဗျာဆိုင်ရာရေစီးကြောင်းထဲ ဘလော့ဂါ ကဗျာဆရာများ အားကောင်းမောင်းသန် စီးဝင် လာခဲ့ကြသည်။ ထို့အတူ နည်းပညာကို အသုံးပြုပြီး မြန်မာကဗျာဆရာများသည်လည်း အင်တာနက်စာမျက်နှာ များပေါ်မှတစ်ဆင့် မြန်နှုန်းမြင့်ဘလော့ဆိုဒ်များကို ထူထောင်လာခဲ့ကြသည်။ ကြိုဆိုထိုက်သူများကို ကြိုဆိုခြင်း သည် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။ ဘလော့ကဗျာဆရာများ၊ ကဗျာဆရာ ဘလော့ဂါများ၊ အွန်လိုင်းစာဖတ် ပရိသတ်များ၊သဘောတူသူများ၊ကွဲလွဲလိုသူများအား ကြိုဆိုအပ်ပါကြောင်း ၂၀၁၀ ကမ္ဘာ့ကဗျာနေ့အမှတ်တရ စာစုမှတစ်ဆင့် ပြောကြားလိုက်ပါသည်။

အောင်ပိုင်စိုး
မတ်လ ၂၀၁၀

Thursday, March 4, 2010

စိတ်ကူးယဉ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကော်ဖီတစ်ခွက်၊ စီးကရက်လက်ကြားညှပ်ပြီး
မှန်တံခါးရဲ့ အပြင်ဘက်ကိုငေးနေတယ်
ငေးနေတဲ့ ရှုခင်းထဲမှာ သစ်ပင်တစ်ပင်မှ မပါဘူး
သစ်သားပွတ်လုံးထိုင်ခုံမှာထိုင်လို့
ပြောင်လက်နေတဲ့ သစ်သားပရိဘောကျွန်းစားပွဲပေါ်မှာ
ကော်ဖီခွက်ဟာ အငွေ့ထောင်းထောင်းထ
ညဆယ့်နှစ်နာရီတိတိကို 12:00 pm လို့ချရေးလိုက်တယ်
တွေးနေတဲ့အတွေးထဲမှာ
သစ်ပင်တွေဘယ်ရောက်သွားပြီလဲ ဆိုတာလည်း ပါချင်ပါမှာပေါ့
ဒီနေရာမှာ သကြားအစား
စကားတစ်ခွန်းနှစ်ခွန်း ထည့်မွှေလိုက်ရင် ပိုလို့ချိုသွားမယ့်ည
ညောင်းညာလွန်း၊ ငြီးငွေ့လွန်း
အစားအသောက်ရဲ့အရသာဟာ အပြင်ထွက်လမ်းလျောက်နေရရှာတယ်
အံ့သြဖွယ်၊အံ့သြဖွယ်၊အံ့သြဖွယ်
အံ့သြဖွယ်ကောင်းလောက်အောင် အံ့သြဖွယ်တွေထပ်နေပြီ
အံ့သြဖွယ်ကောင်းလောက်အောင် နာကျင်မှုကိုမဖွဲ့ဆိုဖူးဘူးတဲ့
ခင်ဗျားပြောပြောနေတဲ့ လူလုပ်လောကကြီးမှာ
ခင်ဗျားပြောပြောနေတာ လူလုပ်စကားတွေပေါ့
အံ့သြဖွယ်ကောင်းလောက်အောင် ခံစားမှုမရှိဘူးလား
အရင်ဘဝကကျခဲ့တဲ့မျက်ရည်ဟာ ခုခင်ဗျားခေါင်းအုံးမှာ စိုစွတ်နေမလားဘဲ
အံ့သြဖွယ်ကောင်းလောက်အောင် အမှန်တရားကြီး မရင့်သီးလွန်းဘူးလား
အရင်ဘဝက ကြည့်ခဲ့တဲ့မှန်ထဲမှာ
အရင်ဘဝက ခင်ဗျားမျက်နှာကိုတွေ့ရမယ်
အရင်ဘဝက ရိုက်ခဲ့တဲ့ဓာတ်ပုံထဲမှာ
အရင်ဘဝက ရှုခင်းဟာ စိမ်းလို့မှောင်လို့
သစ်ပင်ကို ခင်ဗျားခုတ်ပစ်လိုက်ပြီ။ ။.


မင်းစိုးရာ
19.2.2010