လမ်းပေါ်မှာ
လူအုပ်ကြီး ရှုပ်ပွလို့။
လူအုပ်ထဲက ဖြတ်ပြီး
သူမ လမ်းလျှောက်လာတယ်။
သူမ ဝတ်ဆင်ထားတဲ့ ဝတ်စုံဟာ
ငြိမ်းအေးတဲ့ အပြာရောင်။
အပြာရောင် နောက်ခံပေါ်မှာက
အဖြူရောင် ပန်းပွင့်များ။
ပန်းပွင့်တိုင်းရဲ့ အလယ်ဗဟိုဆီမှာ
အဝါရောင် ဝတ်ဆံတွေ တောက်ပလျှက်။
မင်းထက်မောင်
(အသစ်ထွက်ရှိထားသော -ကဗျာပြောင်းပြန်/၂၀၀၆ ကဗျာစာအုပ်မှ)
Friday, January 29, 2010
Friday, January 22, 2010
ပျင်းနေပြီမဟုတ်လားပျင်းနေပြီမဟုတ်လား
စောင့်မျှော်နေတဲ့နေကြာတွေ ပျင်းနေပြီမဟုတ်လား
ပျောက်နေတဲ့အပိုင်းအစတွေ မလိုအပ်ရင်ရောက်ရောက်လာပြီး လိုအပ်ရင်ပျောက်မြဲပျောက်လို့
အရေးတကြီးတိုက်ဆိုင်စစ်ဆေးမှုမှန်သမျှ လွဲမှားကွာခြားချက်တွေ
မပြောဖြစ်တော့သောစကားများလို ရောဂါဘယတွေ၊ မမေးဖြစ်တော့သောမေးခွန်းများလို မွတ်သိပ်မှုတွေ
ပျင်းနေပြီမဟုတ်လား သေနေတဲ့ပုံစံအတိုင်းစောင့်နေတယ်လေ. . .ရောက်မလာတာတွေကို
ကိုယ့်ကိုယ်ကိုယ်အရိုးစုဆိုတာ မမေ့အောင် ခဏခဏဓာတ်မှန်ရိုက်ကြည့်နေတယ်
ရိုးသားရတာကိုငြီးငွေ့သွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေတယ်
ပင်မရေစီးကို ငြီးငွေ့သွားပြီလား၊အဖြူအမဲ တီဗွီလေးကို ငြီးငွေ့သွားပြီလား၊ရည်မှန်းချက်တွေကို၊ပျော်စရာတွေကို၊
လိမ္မာယဉ်ကျေး ချိုသားအေးကို၊ ဘီယာနဲ့အရက်ကို ၊ နေ့စဉ်ဘဝကို၊သူကလွဲတဲ့ဖွဲဆန်ကွဲကို၊ချောင်ပိတ်ရိုက်တဲ့မေးခွန်းတွေကို၊
ကောင်းကျိုးမပေးတဲ့ကောင်မကို၊အိပ်ယာစောစောထရတာကို၊ပတ်ဝန်းကျင်ကို၊အသက်ရှင်နေရတာကို ငြီးငွေ့သွားပြီလား
တစ်နေ့လုံးစားလို့မရ သွားလို့မရ ဘာများဖြစ်နေပြီလဲ ဘယ်များရောက်နေပြီလဲ မျှော်နေရတဲ့စိုးရိမ်စိတ်ကြီး ငြီးငွေ့သွားပြီလား
ရောက်တဲ့အရပ်ကဖုန်းဆက်လိုက်ပါလား မင်းမျက်ရည်တွေ. . .၊ပျော်အောင်နေ အရင်ကညနေခင်းတွေလည်း ခုပျော်ကျနေပြီ
ပျင်းနေပြီမဟုတ်လား ဒီလိုတီတီတာတာကနေ တဝါးဝါးသမ်းဝေ ငါ့ပခုံးပေါ်မင်းပါးလေးလာမှီတဲ့အခါ ငါ့မှာသွေးနဲ့သားနဲ့
သွေးသားရဲ့အငြိမ်းဆုံးတရားလို့ အေးအေးလူလူ အေးအေးဆေးဆေး ကော်ဖီခွက်ရှေ့ကမင်းအပြုံးလေးငေးရင်း အိပ်ပျော်သွားချင်တယ်. . .
ဒီလိုငါကချော့မော့တော့ မျက်ရည်တွေကြားထဲကအပူမီးကို ငါတို့အလောတကြီးကူးခတ်
ကတိတွေအထပ်ထပ်နဲ့ပါကွယ် . . .ပြန်လာခဲ့မယ် မင်းပျင်းနေတဲ့အချိန် တိမ်တွေလိုငါပြန်လာမယ်
ငါတို့နှစ်ယောက်ကြားက ဖြူစင်မှုလေးကိုတော့ မင်းတစ်ယောက်တည်းအတွက်သိမ်းထားပါ့မယ်။
တောစပ်မှာမိုက်ရူးရဲလေပွေ နွေလယ်ဆိုရောက်ရောက်လာ နေကြာပန်းတွေလည်းအနေကြာခဲ့ပါပြီ။သစ်ရွက်ကြွေကိုဖွဲ့နွဲ့ဖို့
စကားလုံးတွေ နိမိတ်ပုံတွေ အသံသွားအသံလာတွေ၊ အသွားအလာများလှတဲ့ရန်ကုန်မြို့ကြီးဟာလည်း တဒီးဒီးညောင်းညာ
ဘီယာဆိုင်မှာဖန်ခွက်ချင်းတိုက်သလို ငါတို့မျှော်လင့်ချင်တွေအသံထွက်ရဲ့လား။
မောက်စ်ပေါ်မင်းလက်ချောင်းလေးတွေ တကလစ်ကလစ် ၊ကီးဘုတ်ပေါ်မင်းလက်ချောင်းလေးတွေ တဂျောက်ဂျောက်
နည်းပညာတောက်နေတဲ့ ကမ္ဘာ ချစ်ဖြင်းမေတ္တာဆိုတာ ဖုန်မှုန့်လေးနောက်မှာကွယ်နေရတဲ့ငှက်ပျောရွက်ဖါးဖါးကြီးပေါ့
ကိန်းဂဏန်းတွေရဲ့ ကိန်ကြီးခန်းကြီးတွေကလည်း သွားလေရာ Laptop အိတ်ကြီးလွယ်ရသလိုလေးလို့ ၊ ပျင်းနေပြီမဟုတ်လား
2012 ရုပ်ရှင်ကားနဲ့ ကမ္ဘာကြီးကိုတိုက်ချလည်း ငယ်ငယ်ကဖတ်ခဲ့ရတဲ့ရုပ်ပြဇာတ်လမ်းတွေလောက်ပါပဲလို့
စတီရီယိုခေတ်ဦးတီးလုံးလေး အတွေးနဲ့အိမ်ပြန်လာခဲ့တယ်
ပျင်းနေပြီမဟုတ်လား လက်. . .ကိုင်. . .ဖုန်း. . .များ. . .မြို့ထဲဝင်လာပါပြီ။ ။
မင်းစိုးရာ
21.1.2010
2009 ဆောင်းလယ်လောက်က ပုသိမ်ပြန်ရင်း လမ်းမှာဒီကဗျာနဲ့ပတ်သက်တဲ့အတွေးစရခဲ့တယ်
ပြီးတော့ ခေါင်းစဉ်ရယ် စာသားအပိုင်းအစတွေရယ်ရထားခဲ့တယ် ဒါပေမယ့်အဲဒီတစ်နှစ်လုံးအဆုံးမသတ်နိုင်ခဲ့ဘူး
ခုဆောင်းလယ်လောက်မှာ ပုသိမ်ပြန်ရင်းဒီကဗျာကိုပြန်ဆက်ကြည့်တယ် မနေ့ကတော့လက်စသတ်နိုင်ခဲ့တယ်
ဒါပေမယ့်အရင် ချထားတဲ့ လက်စအတိုင်းမဟုတ်ဘဲရွေ့သွားတာရေးပြီးမှတွေ့ရတယ်။ကြာမြင့်ခဲ့တဲ့ကြားကာလကို
ကျေဇူးတင်ရမလား အပြစ်တင်ရမလားပဲ

Sunday, January 17, 2010
A Jilted Lover
Have you gone away?
Or been deserted?
There may be a certainly
that we all would be kissing your sabre.
Thura Ne
Trs:by T.S

ကျန်ရစ်သူ
ထွက်ခွာသွားတာလား
ကျန်ခဲ့တာလား
သေချာတာတစ်ခုကတော့
ငါတို့အားလုံး
သင့်ရဲ့ဓါးကိုနမ်းနေကြမှာပါ။
သူရနီ
ကျန်ခဲ့တာလား
သေချာတာတစ်ခုကတော့
ငါတို့အားလုံး
သင့်ရဲ့ဓါးကိုနမ်းနေကြမှာပါ။
သူရနီ
Monday, January 11, 2010
နှစ်ကာလများကဖော်ညွှန်းပြသသော အနုပညာဆိုင်ရာမျဉ်းဂရပ်များ
ရုပ်ရှင်-၁၉၆၆
နှမလက်လျော့နေလေတော့ (ခင်မောင်ရင်၊မောင်သိန်းတန်)
ကဗျာ-၁၉၆၈
ထင်းရူးပင်ရိပ် (မောင်သာနိုး)
ကဗျာ-၁၉၆၉-၁၉၇၀
မိုးဝေကဗျာစု (မောင်လေးအောင်)
ဝတ္တု-၁၉၇၀
နွေတည (နိုင်ဝင်းဆွေ)
ဂီတ-၁၉၇၀
မင်းမင်းလတ်၏မဟာဗျူဟာ (မင်းမင်းလတ်)
ကဗျာ-၁၉၇၁
မန္တလေးမြို့၏မနက်ခင်း မော်ဒန်ကဗျာစု (မောင်စွမ်းရည်)
ကဗျာ-၁၉၇၂
နာရီ (အောင်ချိမ့်)
ပန်းချီ-၁၉၇၂
မျက်နှာစိမ်း (ခင်ဝမ်း)
ကဗျာ-၁၉၇၄
သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ (အောင်ချိမ့်၊ဖော်ဝေး၊မောင်ချောနွယ်)
ရုပ်ရှင်-၁၉၇၄
ခြေဖ၀ါးတော်နုနု (မောင်ဝဏ္ဏ ရိုက်ချက်များ)
ဂီတ-၁၉၇၄
ကွဲနေသောမှန်စများ အယ်လ်ဘန် (စိုင်းခမ်းလိတ်၊စိုင်းထီးဆိုင်)
ဂီတ-၁၉၇၆
အားလုံးကိုကျော်ဖြတ်ရမယ် (မောင်နေ၀င်း)
အထက်ဖော်ပြပါ ခုနှစ်သက္ကရာဇ်များ၊ရည်ညွှန်းချက်များအား မောင်သစ်မင်း၏ တေးမြုံငှက်
ဝတ္တုမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။တစ်စုံတရာ မှားယွင်းချွတ်ချော်ခဲ့ပါက ပြန်လည်ဖော်ပြ
သော ကျွန်တော်တို့၏ တာဝန်သာဖြစ်ကြောင်း။
(အောင်ပိုင်စိုး၊သူရနီ)

Friday, January 1, 2010
ငွေကြေးကိုသုံး၍ ရပိုင်ခွင့်များကိုပြန်လည်ယူငင်ခြင်း
မရွေ့လျားလိုပဲ ရွေ့လျားနေရခြင်းနေ့တစ်နေ့
နောက်ဆုံးဟုခေါ်ဆိုရနိုင်သော မျှော်လင့်ချက်လေးကို ကောက်ရမိတယ်
ပျော်သလိုလို ၀မ်းနည်းနေရတယ်
မျက်ရည်တစ်စက်တစ်ပေါက် ရောက်တက်ရာရာ
မျက်ဝန်းတံခါးမှာတွယ်ကပ်ချိတ်ပါနေလျှက် ပျော်ရွှင်နေပါတယ်
ငါမဖန်တီးလိုသော ရှေ့ဘ၀၊ရှေ့ ကမ္ဘာ
ငါဟာအဖော်မင်သော လူညံ့၊ တစ်ကိုယ်တည်း မရပ်တည်ရဲသော မိုက်မှောင်ခြင်း
ရည်ညွှန်းချက်မဲ့နေသော မနက်ဖြန်၊မာတိကာပါဝင်ခြင်းမရှိသော black book
ဝမ်းနည်းလွယ်ခြင်းများ အရပ်လေးမျက်နှာမှာ အုံ့ဆိုင်းညှို့မှိုင်းလို့
ရယ်မောသံလေး တစ်စတစ်လေ ရှင်သန်နေနိုင်ရင်ကောင်းမယ်လို့ တွေးတယ်
ဒီနေရာလေးကနေ ဘယ်ကိုမှမရွေ့လျားလိုခြင်း စိတ္တဇ
ထုံကျင်နေတယ်၊မှိုင်းမိနေတယ်၊အရွက် အခက် အလက် ပဲ့ကျစွန်းထင်းနေတယ်
ဆက်ဆက်လာခဲ့မယ် ကတိပျက်ရခြင်းနေ့များ ဆက်တိုက်
အလေ့ကျပေါက်ရောက်နေသလို နေထိုင်ခြင်းများပိုးစိုးပက်စက်
ဘယ်ကိုမှဆက်သွယ်လို့မရဘူး၊အင်တာနက်မသုံးဖြစ်ဘူး
ကဗျာ လည်းရေးလို့မရတော့တာ လွန်ခဲ့သော လပေါင်းများစွာ
စိတ်ပျက်နေတယ်၊စိတ်လေနေတယ်၊စိတ်ကျနေတယ်
ဒီမမြင်အာရုံကိုမှ ဘာလို့ လာလာပိတ်ဆို့နေရတာလည်းကွာ
မင်းရှိနေမှာလားလို့ တယ်လီဖုန်းကို မယူလိုက်တယ်
ခဏအကြာ တယ်လီဖုန်းကို လာကိုင်ဟန်ပြတယ်
ကံကောင်းခြင်း နံပါတ်(၇) လက်ဖက်ရည်ဆိုင်မှာထိုင်မိတယ်
ငါအလုပ်ရမှဖြစ်မယ်လို့ တစ်ယောက်မက ပြောချင်ပြောနေမိလိမ့်မယ်
အဆင်ပြေမှာလားလို့ အဝေးကြီးကတိမ်ကို မြေကြီးနဲ့တူတဲ့ ငါကမေးမိတယ်
ချစ်ခြင်းမေတ္တာကလည်း မကြာခဏ မီးညှိ့နေရသော ဆေးပေါ့လိပ်အပိုင်းအစများ
နောက်တစ်ခါများ လူ့ဘ၀ကို မတော်တဆရောက်မိခဲ့မယ်ဆို
``မလွယ်ကူသော ခက်ခဲခြင်းကိုပဲ ရရှိလိုပါတယ်´´ ဆုကိုပဲ ရွေးချယ်တောင်းယူဖြစ်မယ်
ဒီနေ့လည်း အရင်နေ့တွေလို
ပေါ့ပေါ့ပျက်ပျက် အိပ်စက်အနားယူဖြစ်မယ်ထင်ပါတယ်။
အောင်ပိုင်စိုး

Subscribe to:
Posts (Atom)