ကျုပ်ကို ကွယ်လွန်သွားပြီဖြစ်တဲ့ ဘိုးဘေးဘီဘင် တစ်ယောက်လို ဆက်ဆံတာ မကြိုက်ဘူး။
_ မော့ဝ်၊ ၁၉၆၆ခုနှစ်။
ကျွန်မတို့ရဲ့ လေးစားမြတ်နိုးစရာ ဥက္ကဌကြီး မော့ဝ် ရှင့်၊
ခေတ်ကောင်းတဲ့ အချိန်တုန်းက ကျွန်မ ရှင် ပြောတာ ကြားမိတယ် ထင်ရဲ့
အရုဏ်တက်ချိန် နန်းတော် ခေါင်မိုးပေါ်က
ကောင်းကင်ကို လက်ယမ်းရင်း စကားလုံးတွေ မိန့်ခြွေ
တပ်နီတွေ သွေးရူးသွေးတမ်း အော်ဟစ်သံ ပဲ့တင်လို့။
ရှင့်ရဲ့ အခံရဆိုးတဲ့ အနိစ္စဟာ အချိန်မတိုင်မီ ဖြစ်ခဲ့
ငလျှင်နဲ့ နေကြတ်ချိန်ကြား ကာလမှာ
နေမင်းကြီး ကွယ်ပျောက်ပေါ့။ “ခွေးတစ်ကောင် စားပစ်လိုက်တာ။”
ရှင့် အတွေးအခေါ်တွေ လမ်းပေါ် ချီတက်ခဲ့
စာအုပ် အနီလေးတွေ စစ်ပြင်နေကြ။
ရှင့်ဇနီးက သူဟာ ရှင့်ခွေးတဲ့၊
ဘယ်သူ့ကိုပဲ ရှူးတိုက်တိုက် ပြတ်သွားအောင် ကိုက်ထည့်လိုက်မတဲ့။
ဂယောင်ခြောက်ခြားနဲ့ ဟောင်နေရင်း၊ လက်နဲ့
ဒူးရိုးတွေ သူကိုက်ဝါးပစ်ခဲ့။ ခုံရုံး အတင်ခံရမှ
သူ့လျှာက လွဲလို့ ဘာများ ကိုက်ဝါးခဲ့ဖြစ်သလဲ။
ကြွေးကြော်သံတွေ ဘာလဲလို့ ကျွန်မကို ရှင်းပြပါလား၊
စာသား အနက်က ဘာလဲ၊ ဒါတွေက ဘာဖြစ်လို့
ဝိဥာဉ်နဲ့ စိတ်ဓာတ်တွေကို အဆိပ်ခတ်ရတာလဲ။ ရှင်ကတော့
စာအုပ်တွေနဲ့ အဲဒိ စာအုပ်တွေ မြုတ်နေတဲ့ တိုင်းပြည်နဲ့အတူ အိပ်ပျော်နေခဲ့ပေမယ့်။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်မိရဲ့၊ ဘာဖြစ်လို့ ရှင့်ကို
စကားပြောဖြစ်နေရသလဲ သွားလေသူကြီးရေ။
ပါရီက ကြက်မြီးပါတီမှာ ရှင်ကတော့ ခေသူမဟုတ်
ဆွီဒင် ဂျာနယ်လစ်က ရှင့်ကဗျာကို ရွတ်တယ်
ရှင် ဘာဖြစ်လို့ သူရဲကောင်းတွေကို ချီးမြှောက်တာလဲတဲ့။
သမိုင်းမှာ ပွဲသိမ်း ဝေါဟာရ မရှိတာ ရှင်းလောက်ရဲ့
မိတ်ဆွေနဲ့ ရန်သူ အချိန်အဆက အဆုံးအဖြတ်ပေးလိုက်ပေါ့။
ရှင် တိုင်းပြည်ကို အနီရောင် ဆိုးခဲ့တာ ထောက်မပြကြပေမယ့်
တိုးရစ်တွေ မဟာရံ တံတိုင်းမှာ အသွားအလာ ရပ်မသွားအောင် ဖြစ်ခဲ့။
ငိုညည်းတဲ့ နိုင်ငံကို ကျွန်မ မယုံဘူး၊
ငိုကြွေးတဲ့ လူတွေကို ကျွန်မ မယုံဘူး။
ဝတ်ရုံဖြူတွေနဲ့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ ရှင်မြင်မိရဲ့လား။
သေနေတဲ့ လောကဘုံကို ရှင်အိပ်မက် မက်ဖြစ်သလား။
ဖျူနာ ဇဲ့ လောရိန်း
Cha: An Asian Literary Journal /
September 2010 (Issue 12)
Fiona Sze-Lorrain သည် တရုတ်လူမျိုး ဂီတ ပညာရှင်၊ စာရေးဆရာမနှင့် စာပေ
ဘာသာပြန်သူ။ Water the Moon (Marick Press, 2010) ကဗျာစာအုပ် ရေးသားခဲ့။
အင်္ဂလိပ်၊ ပြင်သစ်နှင့် တရုတ် ဘာသာများဖြင့် ကိုယ်တိုင် ရေးသား၊ ဘာသာပြန်။
သူမ၏ ဂီတလက်ရာ စီဒီချပ် In One Take အား လာမည့် ရွက်ကြွေရာသီ၌
တစ်ကမ္ဘာလုံးသို့ ဖြန့်ချီရန် စီစဉ်လျှက်ရှိ။ Cerise Press က အယ်ဒီတာ
အဖွဲ့ဝင် တစ်ဦး။ ပါရီမြို့ရှိ Vif E'ditions စာအုပ်တိုက်၌ လက်ရှိ
တာဝန်ထမ်းဆောင်လျှက်ရှိ။
A Talk with Mao Tze-tung
by Fiona Sze-Lorrain
I don’t like being treated as a
dead ancestor
— Mao, 1966
Our most esteemed Chairman Mao,
there are days when I thought I heard you
on the rooftop of a palace at dawn
waving to the sky and mouthing some words
echoed by Red Guards in hysterical chants.
Your painful death was not timely,
between an earthquake and an eclipse,
when the sun disappeared — "a dog ate it up!"
Your thoughts marched in the streets,
little red books going to war.
Your wife said she was your dog,
whoever you asked her to bite, she bit hard.
Fevered and barking, she devoured hands
and knees. Brought to trial, what
did she bite except her own tongue?
What are slogans, tell me the answer, what
are words and why do they poison
spirits and minds, though you slept with
books and the nation buried them?
I ask myself, why am I talking to you, dead man?
At a cocktail party in Paris, you are nowhere
till a Swedish journalist recites your poetry
and wonders why you praise heroes.
Clearly history has no last word,
they sweep it away by weighing pros and cons.
No one refutes you made the nation red, for
tourists never cease to swarm the Great Wall.
I do not believe in a weeping nation,
I do not believe in her mourning people.
Do you see immortals in white robes?
Do you dream of dead kingdoms?
--from Water the Moon.
--
သစ်စိုး
Wednesday, October 20, 2010
Sunday, October 10, 2010
အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသော ကဗျာ ဘလော့တစ်နှစ်ပြည့်မြောက်ခြင်းအမှတ်တရစကား
အချိန်ကာလတွေကတော့တစ်နေရာပြီးတစ်နေရာ ရွေ့လျားပြောင်းလဲနေတက်တာဟာဓမ္မတာပါပဲ။
နောက်ကိုလှည့်ကြည့်လိုက်ရင်တော့ မြင်ကွင်းတစ်ချို့ဟာ မပီပြင်၊မပြတ်သား၊မထင်မရှားဖြစ်နေတက်ပါတယ်။
တစ်ချို့အဖြစ်အပျက်တွေကတော့ စိတ်ထဲမှာ စွဲထင်နေကျန်ရစ်လောက်အောင်ပင် ပြတ်ပြတ်ထင်ထင်မြင်နေမိပြန်ပါတယ်။
ဒါဟာဘာကြောင့်လဲဆိုတာကတော့ ထင်ရှားခိုင်လုံတဲ့သက်သေအထောက်အထားတွေနဲ့ ပြောဆိုလို့မရနိုင်အောင်
ထူးဆန်းနေခြင်းဖြစ်စဉ်တစ်ခုခုကြောင့်လို့ပြောဆိုနိုင်ပါတယ်။ ကဗျာ ဆိုတဲ့ဘာသာဗေဒ၊စကားလုံးများနဲ့
ပြုလုပ်တည်ဆောက်ထားတဲ့အကြောင်းအရာတစ်ခုဟာ ဘာကြောင့်လူ့ယဉ်ကျေးမှုအဖွဲ့
အစည်းတစ်ခုထဲမှာနေရာတစ်နေရာမရခဲ့တာလဲ?ကျွန်တော်တို့ ကဗျာဖန်တီးရေးသားနေတဲ့
ကဗျာဆရာဆိုသူတွေရော၊ကဗျာချစ်သူ လူတန်းစားအားလုံးကရော ကြိုးစားအဖြေရှာဖို့လိုနေတဲ့
အချိန်အခါကိုရောက်ရှိနေပါပြီ။တစ်ချို့ကလည်း အဟောင်းကိုစွဲလန်းတဲ့ စိတ်ရောဂါအခံတွေနဲ့
ကဗျာ၊ကဗျာ၊ကဗျာ ဆိုပြီး အသစ်တင်သွင်းလာတဲ့ ကဗျာနည်းနာနိသယတွေကိုအကြောက်အကန်ငြင်း
ဆန်တော်လှန်နေတာကိုတွေ့မြင်နေရပါတယ်။ဆိုလိုတာကတော့ အယူအဆ၊၀ါဒရေးရာတွေတိုင်းမှာခိုင်မာတဲ့
သက်သေ၊အကိုးအကားတွေတည်ရှိနေပါတယ်။ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြောင်းလဲခြင်းဆိုင်ရာဝါဒတွေကိုလည်း
မနှစ်သက်တဲ့သူတွေလဲရှိနေနိုင်ပါတယ်။ဒါပေမယ့် ဝါဒတစ်ခုကိုမနှစ်သက်၊အမြင်မကြည်လင်ဖူးဆိုလျင်တောင်
အဲဒီဝါဒကိုတော့ မကြိုက်နှစ်သက်ကြောင်းအကိုးအကားပြသနိုင်ဖို့ ဒီဝါဒကို ပြန်လည်ချေပနိုင်ဖို့ လေ့လာသင့်တာတော့အမှန်ပါပဲ။
မိတ်ဆွေကဗျာဆရာတစ်ဦးကတော့ စစ်အေးကာလရောက်နေတဲ့ ကဗျာဆိုင်ရာ အနေအထားလို့ပြောနေတာကို
လက်ခံချင်နေပါတယ်။ ဘယ်လိုပဲဖြစ်စေကာမူကျွန်တော်တို့ကတော့ ကဗျာကိုစွဲလန်းနှစ်သက်တဲ့စိတ်အခံတွေနဲ့
ကဗျာတွေကိုဆက်လက်ရေးသားနေမှာ အမှန်ပါပဲ။ ပရင့်ဖော်ပြခွင့်ရရှိနေကြတဲ့ ကဗျာဆရာတွေရော၊ဘလော့ပေါ်က
ကဗျာဆရာတွေပါ ဘယ်သူဘယ်ဝါကတော့ ဘာဖြစ်တယ်ဆိုပြီးအငြင်းပွားနေကြတဲ့အချိန်ကာလတစ်ခုကိုလည်း
ကျွန်တော်တို့ အတော်အသင့်ကျော်ဖြတ်ပြီးပြီလို့လည်း ယုံကြည်နေမိပါတယ်။
ကျွန်တော်တို့ကလည်း (အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော ကဗျာ)ကဗျာဘလော့လေးတစ်ခုကို လွှင့်တင်ဖြစ်ခဲ့တာ
ဒီOctober 16 ရက်နေ့ဆို ဒီကဗျာဘလော့လေး တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။
ဒီကဗျာဘလော့လေးတစ်နှစ်ပြည့်မြောက်တဲ့ အမှတ်တရအနေနဲ့ ကျွန်တော်တို့ရဲ့ နောင်တော်ကဗျာဆရာ(ကို)ခင်အောင်အေးရဲ့
ကဗျာထဲက ကဗျာဗေဒ ဆိုတဲ့ ကဗျာဆိုင်ရာ သဘောထားတခုနဲ့ သူ့ကဗျာ ၂ ပုဒ်ကိုတင်ဆက်လိုက်ပါတယ်
အမှားပြောသူများရော၊အမှန်မြင်သူများပါမကျန် ကျေးဇူးတင်ထိုက်သူများအားလုံးကို ဒီစာမျက်နှာလေးကနေ အထူးကျေးဇူးတင်ရှိကြောင်း တစ်ဆက်တည်းပြောကြားလိုပါတယ်။
သူရနီ၊အောင်ပိုင်စိုး
(အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသောကဗျာ)

ကဗျာထဲက ကဗျာဗေဒ
ဒီဘက်ပိုင်းမှာ ကဗျာပြန်ရေးဖြစ်တော့ အရသာကော ကဗျာကိုကိုင်တွယ်ပုံကော သိသိသာသာ ပြောင်းလာခဲ့တယ်။ သိသိသာသာဆိုတာ ခုမှ ပြန်ကြည့်ပြီးပြောရတာပါ။ ပြောင်းနေတုန်းကတော့
ပြောင်းမှန်းမသိ တအိအိလေး ပြောင်းလာတာ။ အဲ ခုနောက်ပိုင်း ကဗျာရေးတဲ့ အခါ (ကဗျာရေးတယ်
ပြောပြော ကဗျာတပုဒ် ဖန်တီးထုတ်လုပ်တယ်ပြောပြော making a poem ပဲပြောပြော စိတ်မဆတ်
တော့ပါဘူး) စကားလုံးတွေ ဝေါဟာရတွေ စာကြောင်းတွေအပေါ်မှာ အများဆုံးအားပြုတာမို့ ကိုယ့်
အဖို့ကတော့ ကဗျာရေးတယ် ဆိုတာကိုပဲ အာတွေ့တယ်။ခု နောက်ပိုင်း သုံးတဲ့ နည်းအသစ်တချို့ကို ဇေယျာလင်းရဲ့ မေးခွန်း ၃ ခု ကိုဖြေတုန်းက ခေါင်းထဲ အမြန်ရောက်လာတာတွေ ပြောခဲ့ဖူးတယ်။
အရင်က မလုပ်ဖူးပဲ ခုမှ အရသာတွေ့တဲ့ နောက်တနည်းကတော့ ကဗျာဗေဒ ကို ကိုယ်ရေးတဲ့ကဗျာထဲ ထည့်ရေးတယ် ဆိုတဲ့ သဘောတရားကို အခြေခံထားတဲ့ နည်းတနည်းပါပဲ။ ကိုယ့် အမူအကျင့်အတိုင်းပဲ
ဘယ်နည်းကိုမှ သိသိသာသာ ထူထူထဲထဲ မသုံးချင်တာကြောင့် အရသာတွေ့ရုံကလေးပဲ ဆွဲသုံးလိုက်
တယ်။ တခြားနည်းတွေလည်း ရောနှောပါနေမှာပဲ။ ယုတ်စွ အဆုံး မော်ဒန်တုန်းက ကောင်းခဲ့တာလေး
တွေလဲ အကွက်ကြုံရင် ကြုံသလို ထည့်သုံးလိုက်တာပဲ။ ကဗျာအသစ်နဲ့ ပတ်သက်လို့ အင်္ဂလိပ်လို တိုက်ရိုက်လေ့လာနိုင်စွမ်း မရှိပါဘူး။ တာဝန်သိတတ်သူတွေ ဘာသာပြန်တဲ့ အထဲက (ဇေယျာလင်း
အများဆုံး) ကိုယ့်စိတ်အခံနဲ့ ကိုက်တာတွေကို လကံ္ခရယူ သုံးစွဲပါတယ်။ ကိုယ်ပိုင်တီထွင်မှု နည်းနည်း
ကို အဲဒီထဲ လောင်းထည့်လိုက်တာပါပဲ။
ခင်အောင်အေး
ခုကဗျာ ၂ ပုဒ်ကို နမူနာအဖြစ် အောင်ပိုင်စိုးရဲ့ ဘလောက်မှာ post လုပ်လိုက်ပါတယ်။
(ကဗျာအကြောင်း ကဗျာထဲထည့်ရေးတယ်ဆိုတာ ထင်ရှားစေချင်လို့ကို ကဗျာ ဆိုတဲ့ စကားလုံးကို
ခေါင်းစဉ်မှာ ပါအောင် တမင်ထည့်ထားတာ)

ကဗျာ မကောင်း ကောင်းအောင် ရေးနည်း နိဿရည်း
ထောပတ်နံ့ နည်းနည်းရတယ် အဲဒီဟင်းလျာက ဈေးအကြီးဆုံးဟင်းပွဲ ဂုဏ်ပြုအစီအစဉ်
အကယ်ဒမီ ပွဲလောက်နဲ့ တန်းညှိလို့ရတယ် ကန်စွန်းပလိန်းဆိုပိုကောင်းမယ် အဲဒါဆို ကွန်ပလိန်း
တက်လို့လဲရတာမို့ ချစ်သူရဲ့စိမ်းကားစကားကြောင့် ပင်လယ်သွားမယ် ဒါပဲ မပိုချင် မလိုချင် ဒီ ခွကျကျ
ဆန္ဒ ရည်မှန်းချက် အလိုမတူပဲ ပေါင်းရတဲ့ လင်သားလို မင်းဆက်ဆံရေး ဒီထက်ပိုရေးလဲ ဒီထက်
မပိုတော့ပါဘူး ရှင်သန်ရေး နည်းဗျူဟာ လူအုပ်ထဲ ကျည်ဆံတွေ မွှေ့ယမ်း ပစ်သွင်းလိုက်ရုံနဲ့ အနှစ်
နှစ်ဆယ် သုံးဆယ် ဒီလိုလဲ အဓမ္မတွေ မိုးကောင်းခွင့်ရပုံ မှိုပွင့်တွေလို နောက်ထပ် အမျိုးအမည်မသိ
မှိုတွေ အထပ်ထပ်ပွင့် မညီတာတွေ disorder ပုံပျက်ပန်းပျက် မဟန်တော့တဲ့ ဟန်ချက် ဖျစ်ဖျစ်မြည်
နေတဲ့ လဲမကျသွားအောင် ထိန်းထားရမှုတွေ ကုန်ပါပြီ လက်ကျန်ကို ကွက်ကျန်နဲ့တည်းဖြတ်ြပီး
ခွက်ကျန် ကိုပါ တရှိန်ထိုးမော့ချလိုက်ပြီ ရုပ်ဝါဒီကျကျ ဘလက်ကော်ဖီကျကျ အပေါ်ယံအရေပြားကျကျ
ဒီနေ့တိတိကျကျမှာ သင့်အယူ မှန်ကန်ဘို့ သတင်းစာအဟောင်းတွေ ပလတ်စတစ် အိမ်သုံးပစ္စည်းနဲ့
လဲလှယ်ရေး အစီအစဉ် ဈေးကွက်စီးပွားရေးကော ဇီးကွက်စီးပွားရေးကော ဇီးကပ်စီးပွားရေးပါမကျန်
တိုရန်တို မက်ဆိုပိုတေးမီးယန်း သင့်လျှာတွေ့ရာ အာတွေ့ရာ အမည်နာမ ဘာကမှ ဘာကိုမှ ဘာတွေ
ဖြစ်စေ ဘာတွေရစေ စေလိုရာစေနိုင် တန်ခိုး ဒါကြောင့် ညေးမူ သဇင်ပန်းရောင်းရတယ် ခေါင်ရည်ရောင်း
ရတယ် အဲဒီမှာ ကဗျာက ပိုကောင်းသွားပါတယ်။ ။
ခင်အောင်အေး
၁၁၊ ဧပြီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၃၈ နာရီ

ကဗျာအကြောင်း ရေးကြီးခွင်ကျယ်လုပ်ပြီး ရေးလိုက်တဲ့ ကဗျာ
ဘာမှမပါဘူး ကျီးကန်း ဆက်ရက်နဲ့ သာလိကာ ဇာတ်ကောင်သုံးကောင်ထဲ
ဘလော့ဂ် ဖိုးအိုနိုင်း တင်းန်ပနီးဇ် စထရိ ဖော်တီဝမ်း အိတ်တင်းန် ဖစ်ဖ်တီတူး
သဲပြင် အခက်အခဲကျော် ကစားကွင်း ဆေးရောင်စုံ သန့်ရှင်းရေးသမား တဒီဒီ
စက်မောင်းလျက် ငါ ဖုံးဆက်လိုက်တိုင်း အပြင်မှာ ချည့်ပဲ ဖိလစ်ပိုင် ရွေးကောက်ပွဲ
နယူးယောက် ဗုံးပေါက်ကွဲ ဘာမှမပါဘူး ဇာတ်ကောင် ဘယ်နှစ်ကောင်လဲ ခရစ်စတင်း
အွန်းဂ် ဆိုင်ကယ်မော်ဒယ်နှင့် ကြံ့ခိုင်မှု ပုံစံ ၁၇၅၉ ခုနှစ် ပဲခူးတွင် မွန်တို့ ပုန်ကန်ထကြွ
သောအခါ မုန်လာဥဝါလိုလား ကြက်ဥလိုလား အမှောင်ထဲမှာ ပိုမှောင်နေပြန်ပြီ ကမ္ဘာလိပ်
မကြီးပုံပြင် မအိပ်နိုင်သောညများ ဘာမှ မပါဘူး ကံနှစ်မျိုးစလုံးကောင်းသည် စားပွဲပေါ်မှာ
ကြည့် အတိုးအဆုတ် ငြင်သာ ညက်ညော သူ့ပါးပြင် သနပ်ခါးညိုညက် တောပိုင်းကျကျ
မျက်စေ့သူငယ်အိမ် မိုး တဖျောက်ဖျောက် ရွာနေတာကို တွေ့လိုက်တော့ ဘာမှ မပါဘူး
လိုင်းတွေကိုလည်း မညီ ညီအောင်ညှိရသေးတာ လက်ဝင်တယ် စင်မြင့်ပေါ်သူ့ကိုတွေ့တာ
ဘာမှမဆန်း အိမ်ဖြူတော်မှ အိမ်ဖြူတော်မှ အပ်ကြောင်းထပ် မြစ်လား ရေစီးကြောင်းလား
ပင်မရေစီးလား အပ်ကြောင်းထပ် ရွေ့အောင်တွန်းနေရင်း ချွေးတဒီးဒီး တဒီဒီ သန့်ရှင်းရေး
သမား စက်မောင်းလျက် ဆေးရောင်စုံ ဆိုင်ကယ်မော်ဒယ်နှင့် ပုံစံ ကြံ့ခိုင်မှု ဘာမှ မပါဘူး
ဇာတ်ကောင် ခရစ်စတင်း အွန်းဂ် မုန်လာဥအဝါလိုလို ကြက်ဥလိုလို ကံနှစ်မျိုးစလုံးကောင်း
တိုင်းစကွဲ ဗုံးကွဲနဲ့ ဖိလစ်ပိုင် ရွေးကောက်ပွဲ ရဟတ်လို လည်နေတာ မွှတ်မွှတ် သူ့ကိုယုံလို့
နောက်တယောက်ဆီ ပုံလိုက်တာပေါ့ အီရတ်မှာတော့ မဲတွေ ပြန်ရေသတဲ့ ကဲ ဘယ်မှာလဲ
ကဗျာအကြောင်း ဘာမှလဲမပါဘူး ။ ။
ခင်အောင်အေး
၎၊ မေ၊ ၂၀၁၀ စင်္ကာပူစံတော်ချိန် ၁၁း၁၆ နာရီ

Subscribe to:
Posts (Atom)