Monday, August 30, 2010

ဆန္ဒအလျောက်ဖြစ်လာသော မျက်ရည်များဖြင့်သာ

အခန်းအပြင်ဖက်မှာ မိုးကသည်းသည်းမဲမဲရွာနေသည်
ဒီအဖြေပဲဆက်တိုက်ထွက်နေတဲ့ ကမ္ဘာကြီးကို ရပ်လိုက်သည်
ညတစ်နာရီဆယ့်ငါးမိနစ် စပေါ့ချန်နယ်ကလာမယ့် မန်စီးတီး Vs လီဗာပူး
ပြူတင်းတံခါးပေါက်ကို ခုပဲပိတ်လိုက်တော့ တစ်ကယ်ပဲဖျားနေပြီ
တစ်ကိုယ်လုံးကိုက်ခဲနေတဲ့ ပိန်းကြာရွက်ပေါ်ရေမတင်သော ဒီကိုဂျင်
နာကျင်ဖျင်းစပ်နေခြင်းမှာဒီမျက်နှာကြီးကိုထပ်မံဖြည့်စွက်လိုက်သည်
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ
စာတွေ့ဗဟုသုတအပြင် ကဗျာ, ဖတ်ကျင့်ကိုပါ ပြင်ဆင်ထားသင့်သည်
ထွက်သွားစမ်းကွာ၊ တံစက်မြိတ်ကနေ ရေတွေစီးကျနေသည်
အဝေးတစ်နေရာကနေ တကူးတက လာလာနေရတာ မမောဘူးလား
တယ်လီဖုန်းကေဘယ်ကြိုးတွေဆီ တွားတက်ခဲ့မိသည်
ကဗျာရေးသူသာမက ကဗျာဖတ်သူပါ ပါဝင်ပတ်သက်ခွင့်ရှိသော
ပျော်စရာမကောင်းဘူးလား၊ အပျော်ဖတ်ဝတ္ထုများကိုကြိုဆိုပါ
ပုံသဏ္ဍာန်မပျက် ပါးစပ်မှာ အပြုံးပွင့်လေးကပ်ထားသည်
အချိန်ကုန်မြန်ဆန်လွယ်ကူသော နံရံကပ်နာရီများ ရောင်းရန်ရှိသည်
အများကြိုက် DVD ကားထဲကဇာတ်လိုက်ကိုလက်ပြန်ဖြတ်ရိုက်လိုက်သည်
မေးခွန်းတွေထဲပိတ်မိနေသော အမှန်ဖြေဆိုလိုမှုကို ကလော်ထုတ်လိုက်မိသည်
တစ်စုံတရာ တန်ဖိုးသတ်မှတ်မထားသောမျှော်လင့်ခြင်းများစွာဖြင့်
ဒီစာမျက်နှာလေးကို ဂတ်စ်မီးခြစ်လေးနဲ့ မီးကူးစက်လိုက်တယ်။


အောင်ပိုင်စိုး
၂၅၊ သြဂတ်စ်၊ ၂၀၁၀

Saturday, August 28, 2010

ဒါကြောင့်ပြောတာ မင်းက, ကလေးလေးပဲလို့

ပြောမယ့် စကားအသုံးအနှုန်းကအစ ရွေးချယ်ယူငင်သုံးစွဲတယ်
ဒီနေ့ကစပြီး နောက်ထပ်(၃)ရက်တိတိမခေါ်တော့ဘူး
စကားပြောလို့မနိုင်တာနဲ့ စကားကိုအတင်းရပ်ပစ်တာ
ပြောနော်၊ ဆက်ပြော၊ အခုပြော၊ ရှင်းအောင်ပြော၊ လာမရစ်နဲ့နော်
ဒါကြောင့်ပြောတာ မင်းက, ကလေးလေးပဲလို့ ...
ရိုရိုသေသေကြီးပြောရတာ အကျင့်မပါသေးဘူး
အသက်လေးနဲနဲကြီးတယ်ဆိုပြီး ဆရာမလုပ်နဲ့နော်
စိတ်ဆိုးနေလား၊ နည်းနည်းလွန်သွားတယ်၊ ဆောရီး
ဒါပဲပြောနေတာပဲ၊ ကလေးပဲ ကလေးစိတ်ရှိတာဆန်းလား
ဒါကြောင့်ပြောတာ မင်းက, ကလေးလေးပဲလို့ ...
အဆင်ပြေသလို ကတိတွေ ခဏခဏမပေးတက်ဘူး
ပေးပြီးရင်လည်းတည်တယ်၊ လုပ်နိုင်မှပဲပေးတယ်
ခင်းထားတဲ့ ပရိယာယ်လမ်းအတိုင်း လျှောက်ဝင်လာတယ်
တော်ပြီထပ်မပြောတော့ဘူး၊ ထပ်ပြောရင်ရန်ဖြစ်ရတော့မယ်
ဒါကြောင့်ပြောတာ မင်းက, ကလေးလေးပဲလို့ ...
အဆုံးသတ်ပေးတာလား၊ကျေးဇူးတင်တယ်ပြောဦးလေ
ဘယ်လိုလူလည်း ဆက်ဆံရေးကမကောင်းလိုက်တာ
ကလေးမဟုတ်ဘူးနော်၊ အတည်ပြောတာ ကလေးမဟုတ်ဘူး
ဟာ ၊တော်ပြီ၊ ဘယ်လိုဖြစ်နေလည်း၊ သည်းမခံနိုင်ရင်မခေါ်နဲ့
ဒါကြောင့်မို့ ပြောတာ မင်းက, ကလေးလေးပဲလို့ ။

ရည်ညွှန်း -Gtalk မှစာသားများ

အောင်ပိုင်စိုး
၂၄၊ သြဂတ်စ်၊၂၀၁၀

Tuesday, August 24, 2010

Poet's Choice By NAETHIT( နေ့သစ် )

ဒီကဏ္ဍလေးရဲ့ နောက်ထပ်စာမူရှင်ကတော့ လက်ရှိ ကဗျာတွေရေးသားနေတဲ့လူငယ်ကဗျာဆရာ
လေး နေ့သစ်ပဲဖြစ်ပါတယ်။နောက်ထပ် ကျွန်တော်နဲ့ ထနောင်းပင်များဆိုတဲ့ ကဗျာဘလော့လေးကို
ရေးသားဖန်တီးတည်ဆောက်ထားတဲ့
ကျောက်ပန်းတောင်းနယ်သား(အညာသား)လူငယ်ကဗျာဆရာလေး ဖြစ်ပါတယ်။ ကဗျာဆရာ
နေ့သစ် က ဒီဘက်ခေတ် လူငယ်တစ်ယောက်ရဲ့ စိတ္တဇကိုအထူးပြုထားတဲ့
လူငယ်တစ်ယောက်ရဲ့ အချစ်အကြောင်းဖွဲ့ဆိုခြင်း ကဗျာတစ်ပုဒ်၊ဒီကဗျာထဲမှာ ...
မာနကို ခုခံကာကွယ်ထားတဲ့ကဗျာဆရာရဲ့ အတ္တ နဲ့တစ်ဖက်ကလည်း အဲ့ဒီ့မာနကြောင့်
ခံစားရတဲ့ကျဆုံးမှုတွေကို
တုန်လှုပ်ပျံ့လွင့်ခံစားနေရတဲ့ကဗျာလေးတစ်ပုဒ်ကို ကဗျာဆရာ နေ့သစ် က
ဘယ်လိုအချိန်၊ဘယ်လိုပတ်ဝန်းကျင်၊ဘယ်လိုခံစားချက်တွေနဲ့ရေးဖွဲ့ဖန်တီးဖြစ်ခဲ့ကြောင်းကို
အပြည့်အစုံမဟုတ်တောင်
အနီးစပ်ဆုံး ချဉ်းကပ်ခံစားဖတ်ရှုနိုင်စေရန် ရည်ရွယ်တင်ဆက်ခြင်းမျှသာ
ဖြစ်ပါတယ်။ Poet's Choice ကဏ္ဍအတွက် ကဗျာဆရာများရွေးချယ်ခြင်းကတော့
ဒီဘလော့လေးကို ရေးသားတင်ဆက်သော ကျွန်တော် အောင်ပိုင်စိုး၏
တစ်ကိုယ်ရည်စိတ်ခံစားချက်သာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကဗျာဆရာများရဲ့ ရွေးချယ်ကြိုက်နှစ်သက်သော စာမူများကိုလည်း
ဆက်ကာဆက်ကာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
ဘလော့ဂါများ၊ကဗျာဆရာများ၊ ဘလော့စာဖတ်ပရိသတ်များအားအသိပေးအပ်ပါသည်ခင်ဗျား...။
သည်ကဗျာဆရာအကြိုက်(Poet's Choice)ကဏ္ဍလေးဖြစ်ပေါ်လာစေရန် စာမူပေးပို့ပေးသော
ကဗျာဆရာ နေ့သစ် အားကျေးဇူးအထူးတင်ရှိပါကြောင်း
သည်ဘလော့စာမျက်နှာလေးမှတစ်ဆင့်ပြောကြားအပ်ပါသည်။

အိပ်မက်ဟာ ပါရီမြို့ ကြီးဆီ ခရီးထွက်သွားခဲ့ပြီ

မျက်နှာကျက်က ပန်ကာအိုကြီးဟာ တ၀ီဝီလည်လို့ 
လူတွေက ကားမှတ်တိုင်မှာ တစ်စုံတစ်ရာကို ငေးမောစောင့်ဆိုင်းလို့ 
တိကျတဲ့ချိန်းဆိုမှုတစ်ခုရဲ့ ၊နေ၀င်ချိန်၊ဆေးရုံအပျက်၊
ကျွန်တော့်စိတ်ဟာ လက်နှိပ်စက်ရိုက်သံတွေလို
အမှောင်ထဲကနေမိုက်မိုက်မဲမဲထွက်ပေါ်လာခဲ့တယ်။
ကျွန်တော့် သူငယ်ချင်းတွေ၊ကျွန်တော့်မိတ်ဆွေတွေ
သက်တမ်းရှည်အဆောက်အအုံဟောင်းတွေ၊ခိုအသေတွေ
ဇီးကွက်တစ်ကောင်ရဲ့ အော်သံက ညကိုလှန့် နှိုးသွားတယ်
အရာခပ်သိမ်းဟာ ဆေးလိပ်ငွေ့ လို မေ့လွယ်ပျောက်လွယ်၊
တစ်ချက်တစ်ချက် တိုးဝင်လာတဲ့ဂစ်တာသံသဲ့သဲ့က
နားစည်အမှေးပါးကို တဆစ်ဆစ်ကုတ်ဖဲ့
မော်တော်ကားတွေ တစ်စီးပြီးတစ်စီး၊
ကြွေကျလာတဲ့သစ်ရွက်ခြောက်တွေက မီးခိုးကျိန်စာတွေလို
ပြက္ခဒိန်အဟောင်း၊ပင်လယ်အဟောင်း၊မိုးရာသီအဟောင်း
ရထားဟာ ကာလတရားကို တရိပ်ရိပ်ဖြတ်ကျော်လာခဲ့ပြီ၊
လေပြင်းတစ်ချက်အဝေ့မှာ လွင့်ထွက်သွားတဲ့ကျွန်တော့်တည်ငြိမ်မှုက
လက်ဖျံရိုးထဲကို ကြမ္မာဆိုးတွေ ရိုက်သွင်းထည့်လိုက်တယ်၊
မဂ္ဂဇင်းစာမျက်နှာတွေ၊အပေါစားမိန်းမတွေ၊အောင်မြင်ကျော်ကြားမှုတွေ
မျက်နှာပြင်ပေါ်လိမ့်ဆင်းလာတဲ့ ချော်ရည်ပူတွေ
"နင် အဆင်ပြေရဲ့ လား အောင်မျိုးသန့် "
ညဟာ ကတ္တရာလမ်းမပေါ်ကို လှပသေသပ်စွာထိုးဆင်းသွားတယ်
ကျွန်တော့် တိတ်ဆိတ်မှုပေါ်မှာ လမ်းလျှောက်နေတာက အနက်ရောင်လူငယ်တစ်ယောက်၊
ရန်ကုန်မြို့ ရဲ့ ဆိတ်ငြိမ်ခြောက်ခြားမှုက ကြောက်ခမန်းလိလိ
နာရီစင်အိုကြီး ဓာတ်တိုင်ထိပ်ဖျားမှာ ငြိနေခဲ့တယ်၊
"ငါ သိပ်အဆင်ပြေတာပေါ့ တည်ကြည်ခင်
နင်သိပါတယ်၊ ငါက အလိုလိုနေရင်းကို အဆင်ပြေနေတဲ့ကောင်"
အိပ်မက်ထဲမှာ နှင်းဆီပွင့်တွေ သွေးသံရဲရဲနဲ့ ပွင့်လို့ ၊
ရပ်(ပ်)သီချင်းတွေ၊နာရေးကြော်ငြာတွေ၊နောင်တနဲ့ မိုက်မဲမှုတွေ
ကျွန်တော့်ခန္ဓာကိုယ်ပေါ် ဒလဟောပြိုဆင်းလာတယ်
မိန်းမတစ်ယောက်အတွက်နဲ့ 
သေနတ်ချင်းယှဉ်ပစ်ခဲ့တဲ့ ကဗျာဆရာပွတ်ရှ်ကင်အကြောင်းကိုတွေးရင်း
နာနာကျည်းကျည်း အော်ရယ်ပစ်မိတယ်၊
သံဆူးကြိုးနဲ့ တူတဲ့စရိုက်က
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်မိုက်လို့ ကောင်းတုန်း၊
"ငါ ဟိုကို ဧပရယ်လဆန်းပိုင်းလောက် သွားဖြစ်မယ်ထင်တယ်"
ဘာကိုမှ ဂရုမစိုက်ဘဲ ကျွန်တော် အခမ်းနားဆုံး ကျရှုံးခဲ့တယ်
ရွှေတိဂုံမြောက်ဘက်မုခ် ဓာတ်လှေကားထဲ၊
ဘယ်တော့မှ အိပ်ရေးမ၀တဲ့အစ်ကိုတစ်ယောက်ရဲ့ မချိုမချဉ်အပြုံးထဲ၊
ကျွန်တော့်နောက်ဆုံးတွေ့ ရှိမှုက နောင်တရဲ့ နာနာကျင်ကျင်ရှိုက်ငင်သံ
ငွေစက္ကူတွေ တစ်ရွက်ပြီးတစ်ရွက်၊
ဆီးနှင့်မိုးစက်တွေက တဖွဲဖွဲကျဆင်းလျက်၊
လက်နဲ့ စမ်းကြည့်မိလိုက်တဲ့ ကျွန်တော့်အသိစိတ်က
အေးစက်စိုစွတ်နေတဲ့ကတ္တရာလမ်းကို အကြိမ်ကြိမ်ဖြတ်ကူးလို့ ၊
"အစစ အရာရာ အဆင်ပြေပါစေ တည်ကြည်ခင်
ကျန်းမာရေးလည်း ဂရုစိုက်ပါ"
သေသပ်လှပစွာထွက်ခွါသွားတဲ့ဝေးကွာခြင်းက မီးခိုးတွေ အူထွက်လာတယ်
ဟန်ဆောင်ဝတ်ဆင်ထားတဲ့ မာကျောခြင်းဟာ
ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းဖြစ်ကြောင်း ကျွန်တော်သိခဲ့ရတယ်၊
ပင့်ကူမျှင်တွေ၊၀ါယာကြိုးတွေ၊လေထဲမှာ ပျံဝဲနေတဲ့ပြာမှုန်တွေ
နောက်ဆုံးတော့ အရာအားလုံးဟာ မီးသဂြိုဟ်စက်ထဲမှာ၊
မီးရထားတွေ တစ်စီးပြီင်္းတစ်စီး၊
လူတွေက တစ်ယောက်ပြီးတစ်ယောက်၊
ဒီလိုနဲ့  မာရီယာနာချောက်နက်ကြီးဟာ
သူ့ နက်ရှိုင်းမှုသူ ပြန်လည်တိုင်းတာလို့ နေခဲ့တယ်။

-နေ့ သစ်

လသာညတွေ၊ယိမ်းထိုးနေတဲ့ အုန်းလက်မဲမဲတွေ၊ငွေကြေးရဲ့ အရေးပါပုံတွေ၊စိတ်တိုင်းကျ
ရွေးချယ်လျှောက်ခဲ့တဲ့ လမ်းတွေ၊ လူငယ်ဘ၀မှာ အရာအားလုံးဟာ နူးညံ့ညင်သာစွာ လှပနေခဲ့တယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ ထပ်တူမကျတဲ့ဘ၀မှာ နှုတ်ခမ်းတွန့် ရုံလေး ပြုံးလိုက်ခြင်းအားဖြင့်
ကျွန်တော်က ကိုယ့်ကိုယ်ကို နှစ်သိမ့်ကျေနပ်နိုင်ခဲ့ပါတယ်။ သီချင်းတစ်ပုဒ်ကို တိုးတိုးညည်းဖို့ ရန်
လုံလောက်သော အကြောင်းပြချက် ရှိသင့်သည်ဟု ကျွန်တော်က ယူဆ၏။
မလိုအပ်သော စကားလုံးများကို ပြုံးပြနှုတ်ဆက်လိုက်ခြင်းအားဖြင့် ထိုသူများကို
ကျွန်တော် အရှုံးပေးလိုက်ပါသည်။ထိုနည်းဖြင့် ကြယ်တွေ ပြုံးနေကြောင်းကို
ကျွန်တော် သတိပြုမိလာခဲ့သည်။ယုံကြည်ချက်နှင့် လွတ်လပ်ခွင့်အား ကျူးကျော်ဝင်ရောက်လာသော
စကားလုံးများကို ပြတင်းတံခါးပိတ်၍ မတားဆီးတော့ပါ။ကြိုးကြာငှက်တွေ ပျံပုံက အလွန်လှပါသည်။
ဘ၀ဟာ တိုတောင်းလှကြောင်း ခင်ဗျားတို့ ကို သိစေချင်မိ၏။

ကျွန်တော် လျှောက်နေသော မြက်ခင်းပြင်ကြီး၏အဆုံး၌ ဘာတွေ ရှိနိုင်သလဲ။
လက်ပတ်နာရီမပတ်တတ်သေးသော အလေ့အကျင့်က ကျွန်တော့် ဘယ်ဘက်လက်ပေါ်မှာ
တည်မြဲလျက် ရှိဆဲပင်။ဘ၀တစ်လျှောက်လုံး ဖိနပ်ပါးပါးကိုပဲ စီးချင်မိသည်။လူတစ်ယောက်ဟာ
တစ်သက်မှာ တစ်ခါတော့ ရူးသွပ်ခဲ့ဖူးကြောင်း ကျွန်တော်က မာယာကော့ဖ်စကီးကို
အကြွင်းမဲ့ ထောက်ခံပါသည်။ကောင်းကင်ကြီးအား မည်သူမှ မပိုင်ဆိုင်ကြောင်း ကျွန်တော်ပြောလျှင်
ခင်ဗျားတို့  လက်ခံရပါလိမ့်မည်။ကဗျာတစ်ပုဒ်၏ လွတ်လပ်ခြင်းထဲ၌ ကျွန်တော်က တိုးဝင်ပျံသန်းသည်။
ဝူးခနဲ ဖြတ်မောင်းသွားသော ဗင်ကားအဖြူလေးကို ကြည့်ပြီး တစ်စုံတစ်ယောက်အား
တစ်စုံတစ်ခုသော တိုက်ဆိုင်မှုဖြင့် သတိရမိသည်။မီးပွိုင့်နီသွားသောကြောင့် လမ်းလျှောက်ခြင်းကို
ကျွန်တော် ရပ်လိုက်သည်။နက်(စ်)ကော်ဖီတစ်ခွက်၏ ခါးသက်ခြင်းက ညနေခင်းကို မလွှမ်းခြုံနိုင်တော့ပေ။
ကျွန်တောက် စည်းကမ်းတကျ ယုံကြည်လွတ်လပ်ချင်မိသည်။အဆိုပါအတ္တကြောင့်
မည်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်အောင်လည်း ကျွန်တော်အစွမ်းကုန် ကြိုးစားရပါမည်။
ကျွန်တော့်တစ်ယောက်တည်းအတွက်တော့ ကဗျာဆိုတာ တိမ်လိပ်ကင်းစင်သော
ညချမ်းအေးအေးတစ်ခုပင်ဖြစ်သည်။ထို့ နောက် စိတ်၏စေစားမှုကြောင့်ကဗျာတစ်ပုဒ်ကို
ကျွန်တော် ရေးဖွဲ့ မိပါသည်။လူငယ်ဘ၀ရဲ့ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ထင်ကျန်ခဲ့သော ခြေရာများက
ဆန်းကြယ်လှပ၏။အခွင့်ကြုံလျှင် ချေဂွေဗားရား၏ အထုပတ္တိကို နောက်တစ်ကြိမ် ဖတ်ချင်ပါသေးသည်။
ကျွန်တော့် မာနထဲမှ ထွက်ကျလာသော မာနတရားကိုလည်း တည်တံ့အောင်ထိမ်းသိမ်းဖို့ ရန်
ကျွန်တော် လေ့ကျင့်ရပါဦးမည်။ နောင်နှစ်များစွာ ကြာသည့်တိုင် နိုင်းမြစ်ဟာ အီဂျစ်ပြည်ကြီးထဲ၌
လှပစွာစီးဆင်းနေဦးမည်မှာ အသေအချာပင်။ကျွန်တော်က မြစ်တစ်မြစ်ထဲတွင် ရေနှစ်ခါချိုးချင်သော
လူမိုက်တစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသည်။ အချစ်အတွက် အသက်ပေးရဲခဲ့သော
ကဗျာဆရာတစ်ယောက်အကြောင်းကို တွေးရင်း ကျွန်တော်ဆံပင်တွေကို လက်နှင့်ထိုးဖွပစ်လိုက်သည်။
မျက်လုံးတွေက ခပ်ဟဟရယ်လျက်။
တိမ်တွေ အနောက်ဖက်သို့ ဦးတည်ရွေ့ လျားနေကြသည်။
မြက်ခင်းပြင်ကြီး၏ စိမ်းလန်းမှုကိုကျွန်တော် အပြည့်အ၀ ဆွဲကိုင်လိုက်သည်။
ခင်ဗျားတို့ အားလုံးလည်း စိမ်းလန်းကြပါစေ။

-နေ့ သစ်
(၁၆.၈.၂၀၁၀)

Thursday, August 12, 2010

မျက်မှန်နှစ်လက်

ကျွန်တော့်မှာမျက်မှန်နှစ်လက်ထားတယ်

တစ်လက်က ချစ်သူကို ကြည့်ဖို့
တစ်လက်က ရန်သူကို ကြည့်ဖို့
ချစ်သူကြည့်မျက်မှန်နဲ့ ရန်သူကိုကြည့်မိတော့
ဓားကောက်ကြီးက သက်တန့်ကိုင်းဖြစ်သွား
အပြစ်ဒဏ်က ပုံတော်ဖိနပ်ကလေးဖြစ်သွား
ကျော့ကွင်းက ကျစ်ဆံမြီးလေးဖြစ်သွား....။

ရန်သူကြည့်မျက်မှန်နဲ့ ချစ်သူကိုကြည့်မိတော့
သက်တန့်ကိုင်းက ဓားကောက်ကြီးဖြစ်သွား
ပုံတော်ဖိနပ်ကလေးက အပြစ်ဒဏ်ဖြစ်သွား
ကျစ်ဆံမြီးလေးက ကျော့ကွင်းဖြစ်သွား.......။

အခုတော့
ချစ်သူကြည့်မျက်မှန်တစ်လက်ပဲထားတော့တယ်
ရန်သူတွေက ရေပိုက်ပြင်ပြီး ထွက်သွားတဲ့အခါ
ချစ်သူက...
သဲပေနေတဲ့ခြေထောက်နဲ့အိပ်ယာပေါ်တက်လာတယ်...။



သူရနီ

Saturday, August 7, 2010

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူတစ်ယောက်ရဲ့ မှာတမ်းစာ

ဖိနပ်ချွတ်မှာ တစ်ညလုံး ဟစ်အော်နေတဲ့ ဖားအတွက်
ညလုံးပေါက် မိုးတစ်လင်းနေပြီး အရုဏ်တက်ချိန်မှာ အိပ်စက်ဖို့ ပျက်ကွက်တဲ့
ပုစဉ်းရင်ကွဲတွေအတွက်
ပွင့်အံထွက်လာတဲ့အထိ အောင့်အီးထားခဲ့တဲ့ မိုးတိမ်တွေအတွက်
ဒီနှစ် စောစောစီးစီး ဖူးပွင့်တဲ့ အရိုင်းစံပယ် ပန်းခြုံတွေအတွက်
ငါ့ကို လိုသလောက် မီးရောင်ပေးတဲ့ ပိုးစုန်းကြူးတွေအတွက်

ပိုးဖလံတောင်ပံနဲ့ လိပ်ပြာအချစ် အနံ့စွဲနေတဲ့ ရေရွှဲရွှဲ မြက်ဖုတ်တွေအတွက်
ငါ့ပြူတင်းပေါက် လက်တစ်ကမ်းအလိုမှာ ရစ်သီရစ်သီလုပ်နေတဲ့ ရွှေသမင်လေးအတွက်
ငါ့စိတ်ကြည်နူးဖို့ ကပြနေတဲ့ ခန်းဆီးဖြူဖြူတွေအတွက်
ဒီနေ့ထူးရဲ့ လက်ကျန် ဆူဆူညံညံ အသံပလံတွေအတွက်
အနားကလူတွေရဲ့ ပြောင်လက်လက် မီးခြစ်တွေနဲ့ နောက်ဆုံးပိတ် ပြာကျသွားတဲ့
စီးကရက်တွေအတွက်

သူစိမ်းတွေသွားတဲ့ လမ်းကို ညွှန်းပြမယ့် မှန်ကွဲစ စွပ်ကြောင်းတွေအတွက်
ငါ့အံ့ဖွယ် နှလုံးရဲ့ တိုးညှင်းညှင်း ခုန်သံအတွက်
ငါ့တုန်ယင်ယင် လက်နှစ်ဘက်အတွက်
ပျောက်ချင်ပျောက်မယ် မပျောက်ချင်လည်းနေမယ့် အညိုအမည်းတွေနဲ့ ခြစ်ရှရာတွေအတွက်
ဖူးဖူးယောင်လာမယ့် မြစ်တွေနဲ့ ရွေ့တော့မယ့် ကုန်းမြေတိုက်တွေအတွက်
နွေတွေ၊ မုတ်သုန်တွေနဲ့ စိတ်ဆန္ဒကို ပစ်ချမယ့် အပြင်းတကာ့ထိပ်ခေါင်
မိုးကြိုးသွားတွေအတွက်

တစ်ရက်ပဲ အသက်ရှင်တဲ့ ပုစဉ်းရင်ကွဲတွေနဲ့ ဖိနပ်ချွတ်မှာ ပိုးစိုးပက်စက်
အိပ်မောကျနေတဲ့ ဖားကလေးအတွက်

အနုရုဒ္ဓါ ၀ိဇယခရစ်ရှနန်
 Cha ၊ “အာရှ စာပေဂျာနယ်”
 ဖေဖော်ဝါရီ ၂၀၁၀ (စာစောင်အမှတ် ၁၀)

Suicide Note

by Anuradha Vijayakrishnan

To the frog at my doorstep that sang all night
To the cicadas that held unbroken vigil and would not sleep at dawn
To the rain clouds that held back till they burst
To gardens of wild jasmine that bloomed early this year
To glow worms that gave me fire for as long
as it was needed

To the drenched clumps of grass that smell of moth wings
and butterfly love
To the golden deer that lingered just beyond
my window
To the white curtains that danced for my pleasure
To the leftover noisiness of this marvellous day
To the shining lights of the neighbours and their last
ashen cigarettes

To broken glass trails that will show the way to strangers
To the quiet beating of my amazing heart
To my shaking hands
To blue ink and black and bruises that may or may not heal
To rivers that will swell and continents that will shift
To summers and monsoons and climactic
thunderbolts that will strike at will

To cicadas that live for a day and to the frog at my doorstep
that sleeps now exhausted

Cha: An Asian Literary Journal
Feburary 2010 (Issue 10)


အနုရုဒ္ဓါ ၀ိဇယခရစ်ရှနန်သည် အိန္ဒိယနိုင်ငံ ကိုချင်မြို့ဇာတိ။ ကာလီကပ်
တက္ကသိုလ်မှ ဓာတုအင်ဂျင်နီယာဘွဲ့ရ။ အိန္ဒိယနှင့် ယူအေ အီးနိုင်ငံတို့မှာ
ကော်ပိုရိတ် ၀န်ထမ်းအဖြစ် အမှုထမ်းရင်း ၀တ္ထုနှင့် ကဗျာများရေးသားလျက်ရှိ။
TS
သြဂုတ်လ ၀၂၊ ၂၀၁၀ခုနှစ်။

Thursday, August 5, 2010

Poet's Choice By Pi Min Swe

Poet's Choice ကဗျာကဏ္ဍလေးအဆက်ပြတ်နေတာတော့ ကြာနေခဲ့ပါပြီ။ကဗျာဆရာတွေကလည်း
အဆင်မသင့်တဲ့အတွက် စာမူများတောင်းသော်လည်း ကဗျာဆရာများမအားမလပ်ရှိနေတာကြောင့်
ဒီကဏ္ဍလေးခေတ္တရပ်တန့်သွားရခြင်းကို နားလည်ပေးစေနိုင်ကြောင်းနဲ့
ဆက်တိုက် Poet's Choice ကဏ္ဍလေးနှင့်အတူ ကဗျာရေးရာ၊ အာရှကဗျာ ကဗျာခံစားမှု၊
ကဗျာဆရာသူရနီ၏ ကဗျာခံစားမှုများကို ဆက်လက်တင်ဆက်သွားနိုင်
အောင်ကြိုးစားနေကြောင်းပြောကြားလိုပါတယ်။

ဒီကဏ္ဍလေးရဲ့ နောက်ထပ်စာမူရှင်ကတော့ လက်ရှိဘလော့စာမျက်နှာများပေါ်မှာ
မော်ဒန်ကဗျာများအား အစဉ်တစ်စိုက်ရေးဖွဲ့နေသူ၊မဂ္ဂဇင်းစာမျက်နှာများပေါ်မှာလည်း
ကဗျာများအစဉ်တစိုက်ရေးဖွဲ့နေသူ ကဗျာဆရာဘလော့ဂါ ပိုင်မင်းဆွေ ဖြစ်ပါတယ်။
“ခေတ်ပေါ်ကဗျာလမ်း” ဘလော့လေးကိုရေးသားဖန်တီးနေတဲ့
ဘလော့ဖန်တီးရှင်လည်းဖြစ်ပါတယ်။ကဗျာဆရာ ပိုင်မင်းဆွေ ရေးပြီး
ကဗျာဆရာအကြိုက်ဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ကို ကဗျာဆရာပိုင်မင်းဆွေ က
ဘယ်လိုအချိန်၊ဘယ်လိုပတ်ဝန်းကျင်၊ဘယ်လိုခံစားချက်တွေနဲ့ရေးဖွဲ့ဖန်တီးဖြစ်ခဲ့ကြောင်းကို
အပြည့်အစုံမဟုတ်တောင်အနီးစပ်ဆုံး ချဉ်းကပ်ခံစားဖတ်ရှုနိုင်စေရန်
ရည်ရွယ်တင်ဆက်ခြင်းမျှသာ ဖြစ်ပါတယ်။ ကဗျာဆရာများကိုရွေးချယ်ခြင်းကတော့
ဒီဘလော့လေးကို ရေးသားတင်ဆက်နေသော ကျွန်တော် အောင်ပိုင်စိုး၏
တစ်ကိုယ်ရည်တစ်ကာယစိတ်ခံစားချက်သာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကဗျာဆရာများရဲ့ ရွေးချယ်ကြိုက်နှစ်သက်သော စာမူများကိုလည်း
ဆက်ကာဆက်ကာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
ဘလော့ဂါများ၊ကဗျာဆရာများ၊ ဘလော့စာဖတ်ပရိသတ်များအားအသိပေးအပ်ပါသည်ခင်ဗျား...။
သည်ကဗျာဆရာအကြိုက်(Poet's Choice)ကဏ္ဍလေးဖြစ်ပေါ်လာစေရန် စာမူပေးပို့ပေးသော
ကဗျာဆရာ ပိုင်မင်းဆွေအား ကျေးဇူးအထူးတင်ရှိပါကြောင်း
သည်ဘလော့စာမျက်နှာလေးမှတစ်ဆင့်ပြောကြားအပ်ပါသည်။

ငါ့ရဲ့အခင်းအကျင်း

ငါ့အရိုးတွေအကြောင်း ငါမပြောနိုင်
ငါ စိတ်လိုလက်ရရှိတုန်းကတော့
ငါ့ကိုယ်ထဲ ငါစမ်းကြည့်
ငါ့သွေးကြောထဲမှာ ချောက်နက်နက်တစ်ခုရှိတယ်
အဲဒီချောက်ထဲသို့ ငါလွှတ်လိုက်တဲ့ စာပို့ခိုတွေ
ငါ့ဆီတစ်ကောင်မှ ပြန်ရောက်မလာဖူးဘူး
တကယ်တော့ ငါ့အကြောင်းဟာ ပျင်းရိဖွယ်ပါ
ငါ့စိုက်ခင်းမှာ ထူးဆန်းတာဘာမှမရှိ
ငါ့မသိမှုတွေသာ ကိုင်းဆက် အသီးမြန်ခဲ့ရ
မျက်လုံးဝင်းဝင်းများနဲ့ မင်းကိုငါချစ်တယ်ဆိုပြီး
ကြာသပတေးညတွေမှာ ငါ ထထယောင်မယ်
ခေတ်နဲ့ ရင်းရင်းနှီးနှီးရှိတဲ့ ငါ့မီးတွေ
မြန်နှုန်းမြင့်မြင့် ထထလောင်မယ်
ဘီယာဆိုင်သွားရင်း ကေတီဗွီထိုင်ရင်း
ငါ လှလှပပ အရွယ်ရောက်လာတာဟာ
ငါ့ကိုဖမ်းမယ့် ငါ့ထောင်ချောက် ပိရိသေသပ်တာလို့ခေါ်တယ်
ဘွဲ့တွေရ လခတွေရ ဘယ်လောက်သေသပ်သလဲ
ဟိုဟာတွေငါပိုင် ဒီဟာတွေငါဆိုင်
ငါ့ဖြတ်လျှောက်ဇာတ်ဝင်ခန်းဟာ ကြေးကြီးလာခဲ့
ငါဟာမိန်းမော ငါဟာမျော ဒီလိုဆို
မဖြစ်သေးဘူး ငါအချီကြီးခုတ်ပိုင်းမိတော့မယ်
ငါ့ကြောက်စိတ်တစ်ပတ်ပြန်လည် ငါ့ကြေးစည်သံငါကြားမိ
ငါ့မွေးနေ့မှာ ငါ့ကိုယ်ငါ သွေးအေးအေး ဖြုတ်ပစ်တယ်
ငါဟာ ငါ့ပြုတ်ထွက်လက်နှစ်ဖက်ကို ကြည့်ပြီး ရယ်တယ်
ငါ့ပဲ့ကွာခြေထောက်နှစ်ချောင်းကို ကြည့်ပြီး မောတယ်
အခု ငါ့ကိုယ်ကောင်ဟာ ငါ့ညစာ
ငါ့ဦးခေါင်းက ၀ါးလုံးကွဲဟာသပဲ
ငါ့မျက်လုံးနဲ့ငါ့နားရွက်တွေကို ကိုင်ကြည့်နေတဲ့
ငါ သို့မဟုတ် ငါး
(ယနေ့ထိ) ငါ့ကိုဘာနဲ့မျှားမျှား
ငါတို့ မိမြဲမိတယ်။

ပိုင်မင်းဆွေ
( ၂၀ ဂျူလိုင် ၂၀၁၀)
၎း၁၁-၅း၀၀-၅း၂၄ မနက်။



လူ့အဖြစ်ဟာ ထိလွယ် ခိုက်လွယ်ပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က လမ်းပန်းဆက်သွယ်ရေး အဆင်ပြေကြီးမဟုတ်တဲ့ နယ်မြို့လေးတစ်မြို့ရဲ့ညတစ်ညမှာ
လက်ကောက်ဝတ်သွေးလွှတ်ကြော ပြတ်တောက်ဒဏ်ရာနဲ့ ဆေးရုံပေါ်ေ၇ာက်ခဲ့တယ်။ ဝေဒနာကိုအန်တုရင်း လက်ဖျံကိုဖြတ်စီးပြီး ပွက်ပွက်ထလာနေတဲ့
သွေးတွေကိုအနံ့ခံရင်း.....ကဗျာတစ်ပုဒ်အတွက် အချက်အလက်တွေလည်း မြစ်ဖျားခံရင်းပေါ့။ မေ့လွယ်ပျောက်လွယ်ကမ္ဘာကြီးပေါ်က မေ့လွယ်ပျောက်လွယ်
လူတစ်ယောက်... နောက်တော့လည်း ဘီယာပုလင်းတွေဖောက်သောက်လိုက်... အမွှေးနံ့သာတွေ ဆွတ်ဖျန်းလိုက်နဲ့... လူ့အဖြစ်ဟာ နာပျော်ဖွယ်ရာ။
ကျည်အနေသော မြေဖြူတောင့်တွေထည့်ပစ်ရတဲ့သေနတ်တစ်လက်.... အိပ်နေရင်းလမ်းထလျှောက်သူ.... ခေတ်ရဲ့ ချောင်းရေမြောင်းရေတွေကြား လူငယ်ပီပီ
တောက်စားဆန်တက်ခဲ့။ ၂၀၀၈ သင်္ကြန်တွင်းရောက်တော့ သင်္ကန်းစည်းဖြစ် ၇-ရက် တရားစခန်းဝင်ဖြစ်ခဲ့တယ်။ပေါင်းလိုက်တော့ အစွန်းထွက်ဖြစ်ပျက်ခဲ့မှုများနဲ့
တရားဓမ္မဆီသို့ အမှတ်ရချက်များပါပဲ။ တကယ်ချရေးဖြစ်တဲ့အခါမှာ တစ်စုံတစ်ယောက်ရဲ့ ပုဂ္ဂလိကခံစားချက်အားဖော့ပြောပြီး အများဆိုင်နာမ်တစ်ခုအဖြစ်
ရည်ရွယ်ရင်းရှိခဲ့မိပါတယ်။

ပိုင်မင်းဆွေ
(၃၁ ဂျူလိုင် ၂၀၁၀)

Sunday, August 1, 2010

...........................................................................

ခင်ဗျားဘာကိုရှာနေတာလဲ။ ဘယ်အရာပျောက်ရှသွားလို့လဲ။ ပြူးတူးပြဲတဲ။
ခင်ဗျားကိုကျွန်တော်ကမေးနေတာလေ။ ဘာတွေ ဝေနေတာလဲ။
ဧကန္တ ကဗျာခေါင်းစဉ်ပျောက်နေလို့လား။ ထင်ပါတယ်။
မတွေ့ရင်လည်းမပါလို့နေမှာပါ။ ခင်ဗျားထင်တာတစ်ခုခု ရှာထည့်လိုက်ပေါ့။
ဧကန္တ ကဗျာဆရာမေ့သွားလို့လား။ ဒါမှမဟုတ်။ တမင်ချန်ထားခဲ့တာလား။
တကူတကန့်တော့ ရှာမနေပါနဲ့။
ကဗျာအကြောင်းအရာပျောက်နေပြန်ပြီလား။ ခက်ပြီ ... မိသိန်းကြည် ... ခက်ပြီ။
ခင်ဗျားအခုဖတ်နေတဲ့ ဘာသာစကားထဲမှာ မွှေနှောက်ရှာကြည့်ပါဦး။ မတွေ့ဘူးလား။
အမှန်တရားဆိုတာကလည်း ... အမှားတရံပဲလေ။ ကဗျာကင်းစင်နယ်မြေဆိုတာရှိလို့လား။
ဘာကိုမြည်တွန်တောက်တီးနေပြန်တာလဲ။ခံစားမှုမပါဘူးထင်လို့လား။
ခက်ပြန်ပြီ ... မိသိန်းကြည် ... ခက်ပြန်ပြီ။
ခင်ဗျားအခုဖတ်နေတာ ကဗျာမဟုတ်ပြန်ဘူးတဲ့လား။
ကဗျာဆိုတာ ရင်သားလို တွဲကျဖို့လိုလို့လား?
စံပယ်ပန်းလို ဖြူစင်ဖို့လိုလို့လား?
နားဝင်ပီယံဖြစ်ဖို့လိုလို့လား?
ဟိုးရှေးရှေးတုန်းကလိုလို့လား?
တံတားတစ်စင်းဖြစ်ဖို့လိုလို့လား?
အဆိပ်အတောက်ကင်းစင်ဖို့လိုလို့လား?
စိတ်ဒုက္ခကျဉ်းကြပ်မှု၊ လေးလံဖိစီးမှု၊ ပဋိပက္ခ၊ ထိန်းချုပ်မှုသက်သက်၊
ထုံးတမ်းဓလေ့၊ မွန်းကြပ်အနေခက်မှုတွေကြားထဲက ထွက်ပြေးခြင်းပဲ။
အခု ကျုပ်နဲ့အတူ ခင်ဗျားထွက်ပြေးနေတာပဲလေ။
ဗုဒ္ဓေါ ! ကဗျာရေးသူအမည်လည်း မတွေ့ပြန်ဘူးတဲ့လား။ သေချာလို့လား။
ဖေါ်ပြပါလိုင်းတွေထဲမှာရှာကြံကြည့်ပါဦး။ စာမျက်နှာတစ်နေရာရာမှာတော့ရှိမှာပါ။
ရှာဖွေလေပျောက်ဆုံးလေလား။သတင်းစာထဲမှာ“ကဗျာဆရာအမြန်ပြန်လာပါ။စိတ်ပူနေသည်”
ကြော်ငြာထည့်လိုက်ပါလား။ အကြောင်းအမျိုးမျိုးတော့ရှိမှာပါ။
ကဗျာဆိုတာကလည်းနားမလည်ခြင်းအနုပညာတစ်ရပ်ပဲ။ကဗျာရေးသူဆိုတာလည်း
ကဗျာလောက်အရေးမကြီးဘူးထင်တာပဲလေ။ခင်ဗျားသိပ်ပြီးဘဝင်မကျဖြစ်နေရင်လည်း
အမည်မသိနောက်စာဆိုလို့ ထည့်ရင်ထည့်လိုက်ပါ။ ... သဘောပဲ ...။
ခင်ဗျားအဆင်ပြေရင်ပြီးတာပဲလေ။

..............................................

၂၊သြဂုတ်၊၂၀၁၀

အောက်ခြေမှတ်စု
ကဗျာအမည် - အမည်မဲ့
ကဗျာရေးသူအမည် - သူရနီ