Saturday, April 24, 2010

၂၀၁၀ခုနှစ် ပူလစ်ဇာဆုရှင် ကဗျာဆရာမ ရေးအာမန်ထရော့ထ်

ရေးအာမန်ထရော့ထ် (Rae Armantrout)တစ်ယောက် သူရဲ့ ဒသမမြောက်ကဗျာပေါင်းချုပ် Versed (ရေးဖွဲ့သီကုံး) စာအုပ်နဲ့ ၂၀၁၀ခုနှစ် ပူလစ်ဇာဆုကို ဆွတ်ခူးရရှိသွားပါတယ်။ သူ့ရဲ့ ၆၃ နှစ်မြောက်မွေးနေ့ အခါသမယမှာ ဒီထူးမြတ်တဲ့ ကဗျာဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတာကြောင့် ကမ္ဘာတစ်ဝှမ်းက သူ့ကဗျာဖတ်ပရိသတ်တွေ အားရ၀မ်းသာ ဖြစ်ကြမှာမလွဲပါ။ ဒီဆုရကဗျာစာအုပ်ကို သူဟာ ကင်ဆာရောဂါ ခံစားအံတုရင်း ရေးဖွဲ့ခဲ့တာမို့ ကျွန်တော်ကိုယ်တိုင် ကရုဏာပွါးရုံသာမက ၀မ်းပန်းတသာလည်း ဖြစ်ရပါတယ်။ သူ့ရဲ့ ဆုရကဗျာစာအုပ်နဲ့ ပတ်သက်ပြီး “ကျွန်မဟာ ကျွန်မကြုံတွေ့ခံစားနေရတဲ့ ဝေဒနာအကြောင်း ကဗျာစာသားတွေကို ကျွန်မရဲ့အာဝဇ္ဇန်းနဲ့ ယက်ဖောက် သီကုံးစပ်ဆိုထားတာပါ” လို့မနှစ်က KPBS ရေဒီယို အသံလွှင့်ဌာနမှာ တင်ပြဆွေးနွေး သွားခဲ့ပါတယ်။

အာမန်ထရော့ထ်ဟာ အနောက်ဘက်ကမ်းရိုးတန်းက ကဗျာဖတ်ပရိသတ်တွေရဲ့ နှလုံးသားကို အနှစ် ၃၀ ကျော် သိမ်းပိုက်နိုင်သူလည်းဖြစ်တယ်။ ၂၀၀၇ ခုနှစ် Book Review စာစောင်မှာ Stephan Burt က အာမန်ထရော့ထ်ကို ဝေါဟာရ ကျစ်လျစ်အောင်ရေးဖွဲ့သူ ကဗျာဆရာမတစ်ယောက်အဖြစ် မှတ်ချက်ချပါတယ်။ သူ့ကဗျာတွေဟာ “လူသားတစ်ယောက်ချင်းစီမှာရှိတတ်တဲ့ စိတ်ဓာတ်ခိုင်ကျည်မှု၊ ယုံစားမှု၊ မျှော်လင့်ချက်၊ အားရပျော်ရွှင်မှု၊ ခွန်အား၊ ယုံကြည်ကိုးစားမှုတွေကို သံသယအမြင်နဲ့” ရေးဖွဲ့ထားတာတွေဖြစ်တယ်။

Publishers Weekly ကတော့ Versed ကဗျာပေါင်းချုပ်ဟာ “ကဗျာဆရာမရဲ့ရေးရိုးရေးစဉ် အကြောင်းအရာတွေ (ရုပ်ခန္ဓာ၊ ခေတ်ပြိုင်လူမှုအဖွဲ့အစည်း၊ ကာယကံမြောက်ကျူးလွန်ခြင်း) ကို ဝေဒနာနဲ့ အနိစ္စဓမ္မ ဆိုင်ရာ ပုဂ္ဂလ ရှာပုံတော် ဖွင့်ဆိုချက်တွေ ခပ်ပါးပါး ယက်ရှယ်ထားတဲ့ ကဗျာတွေရဲ့ အတွဲအစပ်နှစ်ရပ်” လို့ ဖော်ပြထားပါတယ်။ The Times Literary Supplement မှာ Jeremy Noel-Tod က အာမန်ထရော့ထ်ရဲ့နောက်ဆုံးထုတ် ကဗျာစာအုပ်ကို “တစ်သက်တာ လက်ရာမွန်အတွက် ထပ်ဆောင်းသကာလောင်းထားတဲ့ လုပ်ဆောင်ချက်” လို့ ညွှန်းဆိုထားပါတယ်။ BookForum စာစောင်မှာ Trin Griffin က အာမန်ထရော့ထ်ရဲ့ “ကျွတ်ကျွတ်ရွရွ ပေါ့ပ်ဆန်တဲ့ ဝေါဟာရ အသုံးအနှုံးတွေ” ကို ချီးမွန်း ထောပနာပြုထားလေရဲ့။

Versed ဟာ လွန်ခဲ့တဲ့မတ်လ အမျိုးသားစာအုပ်ဝေဖန်ရေးဆရာများ အသိုင်းအ၀ိုင်းကဗျာဆုကို ဆွတ်ခူးရရှိပြီး ဖြစ်တယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ စာဖတ်သူတို့ National Book Foundation ရဲ့ Web site မှာ အာမန်ထရော့ထ် အဲဒီစာအုပ်ဖတ်ပြတာကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုနားသောတဆင်နိုင်ပါတယ်။
အာမန်ထရော့ထ်ဟာ ၁၉၄၇ ခုနှစ် ဧပြီ ၁၃ ရက်ဖွား။ ခဲလိဖိုးနယပြည်နယ် Vallejo မြို့မှာ ကြီးပြင်းခဲ့။ တစ်ကိုယ်တော်ကဗျာပေါင်းချုပ် ၁၀ အုပ် ရေးသားပုံနှိပ်ခဲ့ပြီး။ အထင်ကရ ကဗျာပေါင်းချုပ် အတော်များများမှာလည်း ဖေါ်ပြခံရဖူးသူဖြစ်ပါတယ်။ Language ကဗျာဆရာတွေနဲ့ ဖက်လဲတကင်းရှိသူ။ လောလောဆယ်မှာတော့ ဆန်ဒိအေးဂိုမြို့က ခဲလိဖိုးနယ တက္ကသိုလ်မှာ ကဗျာနဲ့ ကဗျာဗေဒ ပါမောက္ခအဖြစ် စာသင်ကြား ပို့ချနေသူဖြစ်တယ်။

၁၉၇၀ ခုနှစ်မှာ ဘာခလီမြို့ရှိ ခဲလိဖိုးနိယတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး သီကုံးရေးဖွဲ့အတတ်ပညာ မဟာဘွဲ့ကို ဆန်ဖရန်ဆစ္စကို ပြည်နယ်တက္ကသိုလ်က ရခဲ့။ West Coast Language အုပ်စုရဲ့ မူလလက်ဟောင်း အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့တယ်။ Language ကဗျာဆရာတွေအနက် လင်္ကာသွား အကျွမ်းကျင်ဆုံးလို့ မှတ်ယူခံထားရသူလည်းဖြစ်တယ်။





သူ့ကဗျာတွေကို ကဗျာပေါင်းချုပ်အများအပြားမှာ ထည့်သွင်းပုံနှိပ်ဖေါ်ပြခံရတယ်။ ထင်ရှားတဲ့ စာအုပ်တွေကတော့ The American Tree ( National Poetry Foundation )၊ Language Poetries ( New Directions )၊ Postmodern American Poetry: A Norton Anthology: From the Other Side of the Century ( Sun & Moon ) ၊ Out of Everywhere ( Reality Street )၊ American Women Poets in the 21th Century: Where Language Meets the Lyric Tradition (Wesleyan,2002)၊ The Oxford Book of American Poetry (Oxford, UP, 2006 ) နဲ့ The Best American Poetry of 1988,2001,2002 and 2004 တို့ပါ။

အာမန်ထရော့ထ်ဟာ Fund for Poetry Grant ငွေကြေးထောက်ပံ့မှုနှစ်ကြိမ်လည်း ရရှိခဲ့။ ခဲလိဖိုးနိယ အနုပညာကောင်ဆယ်ရောင်းရင်း ( California Arts Council Fellowship ) ဘွဲ့ကို ၁၉၈၉ မှာ လက်ခံရရှိခဲ့။
၂၀၀၇ ခုနှစ်မှာ The Foundation for Contemporary Arts Grants to Artists Award ငွေကြေးထောက်ပံ့မှုကို ချီးမြှင့်ခံခဲ့ရပြန်တယ်။

လက်ရွေးစဉ် စာစုစာရင်း

ကဗျာ
*Extremities (The Figures, 1978)
*The Invention of Hunger (Tuumba, 1979)
*Precedence (Burning Deck, 1985)
*Necromance ( Sun and Moon Press, 1991)
*Couverture (Les Cashier de Royaumont, 1991) -ပြင်သစ်ဘာသာပြန်
*Made to Seem (Sun and Moon Press, 1995)
*Writing the Plot about Sets (Chax, 1998)
*Veil: New and Selected Poems (Wesleyan University Press, 2001)
*The Pretext (Green Integer, 2001)
*Up to Speed (Wesleyan University Press, 2004)
*Next Life (Wesleyan University Press, 2007)
*Versed ( Wesleyan University Press,2009)-၂၀၁၀ ပူလစ်ဇာဆု- ကဗျာ

ဘာသာပြန်
*Narrativ [ဂျာမန်၊အမေရိကန် နှစ်ဘာသာပူးတွဲပုံနှိပ်ခြင်း] (Luxbooks, 2009)

စကားပြေ
*True (Atelos, 1998 )-အမှတ်တရ မှတ်တမ်း၊ Collected Prose စာအုပ်မှာ ပြန်လည်ပုံနှိပ်
*The Grand Piano: An Experiment in Collective Autobiography (Bob Prelman ၊ Barrett Watten ၊ Steve Benson ၊ Carla Harryman ၊ Tom Mandel ၊ Ron Silliman ၊ Kit Robinson ၊ Lyn Hejinian၊ Ted Pearson တို့နဲ့ပူးတွဲ)
*Collected Prose (Singing Horse Press, 2007) ISBN 0-935162-37-2

စာကြွင်း အဖြစ် အာမန်ထရော့ထ်ရဲ့ စိတ်ကြိုက်ကဗျာ Money Talks ကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ ဒီကဗျာကို နဂိုက New Yorker မဂ္ဂဇင်း (August 3 ,2009) မှာ ပုံနှိပ်ဖော်ပြခဲ့ပြီး Washington Post သတင်းစာ (February 2 ,2010)ရဲ့ Poet’s Choice ဘလော့ဂ်မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။


ပိုက်ဆံက အခရာ ကျ တယ်


၁။
ပိုက်ဆံက သူ့ကိုယ်သူ
ဂုဏ်တင် နေပြန်ပေါ့၊

ဒီရာသီရဲ့
နှောင်ကြိုးရယ်
သားကောင် ချောင်းမြောင်းတာရယ်၊

ဒင်းရဲ့ အရောင်းမြှင့် ကိုယ်ရောင် ဖျောက်ခြင်း။


ရီဖရှက် ခလုတ်ကိုနှိပ်လိုက်
ဒါမင်းရမယ့်ဟာ၊

ပိုက်ဆံက မာယာများနေ
သူ့လက်ကို ချုပ်ထားတယ်လို့။

၂။

လမ်း ၈၈၀ နားကကြော်ငြာဘုတ်ပေါ်မှာ

ပိုက်ဆံက ဆုံးမတယ်၊
“ပါးစပ်ပိတ်ထားပြီး ဆက်လုပ်” တဲ့ ။

ရေးအာမန်ထရော့ထ်


T.S


Source URLs: washingtonpost.com
nytimes.com
wikipedia.org
epoetry.org

Monday, April 12, 2010

ဆေးလိပ်ဖြတ်လိုက်တယ်၊ဆံပင်ဖြတ်လိုက်တယ်၊နောက်အနုပညာကိုပါယောင်ပြီး ဖျက်လိုက်မိတယ်။

သက်တောင့်သက်သာဖြစ်စေရန်ကဗျာစာအုပ်တစ်အုပ်ကိုကောက်လှန်နေလိုက်တယ်။ဝါကျများ၊လိုင်းများစီစဉ်ထားပုံ၊ကဗျာတွေရွေ့
လျားစီးစင်းသွားပုံ၊မျက်နှာဖုံးပန်းချီ၊LayOut ဒီဇိုင်း၊တန်ဖိုး၊ခေတ်ကို ကိုယ်စားပြု၏/မပြု၏ ။လန့်ပြီး ဖတ်လက်စ ကဗျာစာအုပ်ကိုပြန်ချထားလိုက်တယ်။မနေ့ကမပြောဖြစ်ခဲ့သမျှစာသားတွေကအခုဒီစာမျက်နှာမှာ
ကဗျာရေးတော့မှကဗျာလိုင်းတွေထဲအစီအစဉ်မကျခုန်ဝင်လာကြတယ်။လိုင်းတွေကျဲသွားတယ်။ရှေ့နောက်နေရာအစီအစဉ်
တွေပျက်ပြားသွားတယ်။စကားလုံးတွေရောနှောပျံ့နှံ့သွားတယ်။စိုးရိမ်စိတ်ဝင်ပြီး နားထဲမှာလည်း
ထပ်တလဲလဲပဲ့တင်ထပ်နေတော့တယ်။“ဆေးလိပ်ဖြတ်လိုက်တယ်၊ဆံပင်ဖြတ်လိုက်တယ်၊နောက်အနုပညာကိုပါ
ယောင်ပြီးတော့ ဖျက်လိုက်မိတယ်”။အစီအစဉ်အတိုင်းမဖြစ်မြောက်ပေမယ့်ဒီဝါကျတွေကိုရေးနေတဲ့ကဗျာထဲ
ရောထည့်လိုက်တယ်။ဆက်ပြီး အရေးအသား၊ ၀ါကျဖွဲ့ထုံး၊ ကံ၊ ကတ္တား၊ နာမ်၊ နာမ်မ၀ိသေသန၊ ကြိယာ၊ ကြိယာဝိသေသန၊ ပုဒ်ထီး၊ပုဒ်မတွေကိုလိုအပ်နေပေမယ့် ဒီကဗျာထဲမှာတော့ ချန်ရစ်ခဲ့တော့မယ်။လိုသလို
ဖြည့်စွက်ဖတ်ရှု့နိုင်သည်ဆိုတဲ့အကြောင်းကိုလည်းတစ်ခါတည်းပြောခဲ့လိုက်မယ်။“ လမ်း/လန်း ချင်းတူရင် လူချင်းတွေ့မှာပါ”
လူချင်းမတွေ့နိုင်ပေမယ့်လမ်းတွေရှိနေပါသေးတယ်။လန်းလို့ရသေးတယ်၊လန်းနေချင်သေးတယ်။သေချာပါတယ်၊မေ့မေ့ပျောက်
ပျောက်မဟုတ်တောင်Gtalk ထဲမှာတွေ့ဖူးသလိုလို၊VZO နဲ့စကားပြောဖူးတော့ သလိုလို၊Facebook
ထဲမှာသူငယ်ချင်းဖြစ်နေသလိုလို၊ မင်္ဂလာပါ၊Hello! ၊တွေ့ရတာဝမ်းသာပါတယ်၊နေကောင်းလား၊
Long time no see. ၊နူတ်ဆက်ပါတယ်၊ နောက်ထပ်တွေ့ကြတာပေါ့၊ကောင်းသောနေ့/ည
ဖြစ်ပါစေ Bye Bye :) စသဖြင့် စသဖြင့် အချက်အလက်စုံလင်စွာအပြင်ဖက်ထွက်ရပ်ပြီး လက်ကိုင်ဖုန်းပြောသလို ပြောနေမိတယ်။

ကျေနပ်နေတယ်မဟုတ်လား၊၀မ်းမြောက်နေတယ်မဟုတ်လား။ဒီနေ့၊မနက်ဖြန်၊နောင်လာမယ့်နှစ်ပေါင်းများစွာ
ဘယ်လိုပဲပြောပြော၊ဘယ်လိုပဲဆိုဆို မင်းက အင်ဂျင်နီယာကြီး၊ဘာဆေးသောက်သောက်၊ဘာဆေးပဲထိုးထိုး ဘာမှမတိုးတော့တဲ့မင်းကဆရာဝန်ကြီးဘ၀ထဲကို ခုန်ဝင်လာတဲ့စူပါဖရိုက်ဒေး ဆိုလား၊ဘာလား။ အဲဒီနေ့မှလာခဲ့ကွာ။တွေ့ကြတာပေါ့၊အခုတော့
နေရစ်တော့။စကားတွေအမျှင်မပြတ်တမ်းပြောရင်းစိတ်တွေလွင့်လွင့်လွတ်မြောက်နေတာလေ။မနက်ဖြန်ထပ်လာခဲ့ရဦးမှာလား၊နောက်တစ်နေ့ထပ်မံချိန်းဆိုရဦးမှာလား၊ထပ်မတွေ့တော့တာပဲကောင်းမှာလား၊အဖြေမရှိတော့တဲ့မေးခွန်းတွေချည်းပဲဆက်တိုက်
၊မောနေပြီလား။လွမ်းနေသေးလား။မဖြေပေမယ့်မေးခွန်းတွေပဲထပ်မေးနေမိတယ်။ဒီလောက်ဆို ဖတ်ရတာအဆင်ပိုပြေမှာလား။ အပေါ့၊အငန်၊ အစပ် အတွဲအဆက်၊ အနက်အဓပ္ပါယ် ချိတ်ဆက်မိရဲ့လား။ လူလုပ်လောကကြီးထဲ
ပါဝင်သက်ရောက်နိုင်မှုရှိ/
မရှိ။အဆင်မပြေတာရှိရင်လည်းပြင်ဆင်ဖတ်ရှု့လိုက်ကွာ။ကိုကြည်ဇော်အေးကဗျာထဲမှာ(၃၃)လမ်းဟာ ခေတ်မရှိတော့ဘူးတဲ့။
မြိတ်ပီတာစဘတ်ကိုရွေ့ပြောင်းသွားတဲ့ ကိုပိုင်ကလည်း“ငါတို့ကအထက်တန်းစားကဗျာဆရာတွေ မဟုတ်ခဲ့ဘူး” ဆိုပြီးငြင်းဆန်သွားဖူးတယ်။ထပ်ပြောခဲ့မယ် (၃၃)လမ်းဟာ လမ်းတိုလေးပါ၊(၃၃)လမ်းဟာ လမ်းဖြောင့်ကလေးပါ၊
(၃၃)လမ်းဟာ အခုခေတ်မရှိတော့ပါဘူး။

အခုရေးနေတဲ့ကဗျာ ဟာ ဆိုလိုရင်း / လိုရင်းရောက်မရောက်။ရည်ရွယ်ထားတဲ့သက်မှတ်ချက်ပြည့်မှီနိုင်/ ပြည့်မ မှီနိုင်။အစကနေ နောက်တစ်ခေါက်လောက် ရွတ်ပြနိုင်ရင်ပိုပြီးကောင်းမလား။မန်ချက်စတာ ယူနိုက်တက် အသင်း
ဒီနှစ်ကာလင်းဖလားလေးတစ်လုံးပဲပိုင်ဆိုင်နိုင်မှာကိုရိပ်စားမိပါရဲ့။အိပ်လို့မရသေးဘူး၊အ၀တ်မလျှော်ရသေးဘူး၊အဆောင်ဖိုးမပေး
ရသေးဘူး၊ချစ်သူမရှိသေးဘူး၊လိုင်းလည်းကျနေတယ်၊ဘိုင်လည်းကျနေတယ်။အနာဂတ်ဆိုတာတိမ်တွေရွေ့လျားပုံသဏ္ဍာန်ပြောင်းနေသလိုမျိုးလေ။မင်းရယ်မောသံလေးထဲကို စက်ဘီးလေးစီးဝင်၊သစ်ကိုင်းခြောက်လေးပစ်ထည့် ကစလို့
“လမ်းပေါ်ထွက်ရပ်လိုက်တာနဲ့ ငါလည်းလက်လုပ်လက်စားပဲ”ကဗျာတစ်စနဲ့ပဲကိုဖီလာကိုသတိရ၊
ကဗျာပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ကဗျာယဉ်ကျေးမှုအဆင့်တိုးမြှင့်ပေးရေး၊မှတ်ပုံတင်ကြေးပေးသွင်းပြီးကဗျာဆရာပါတီထူထောင်ရေး၊ကဗျာဆရာများစည်းလုံးညီညွတ်ရေး၊ကဗျာဝါဒများတပြေးညီသက်မှတ်ရေး အစရှိသဖြင့် ကဗျာဟာအရှိန်အဟုန်နဲ့စီးဆင်းနေတုန်း
ညီလေးဒီညဘတ်(စ်)ကားခလေး/TAXI ဖိုးလေး မစခဲ့ပါဦးဆိုတာတွေ။
ကျေနပ်ပါတယ်၊စိတ်ထဲကသိကအောက်တော့ဖြစ်မိတယ်။ပါးရည်နပ်ရည်လူရည်လည်တဲ့ဆရာသမားလည်းနေရစ်ခဲ့တော့။ဒီမှာ
မုဆိုးကျော်ကြီးမြိုင်ရာဇာတွတ်ပီ“မရှောင်ရင်လွတ်တယ်”ဆိုတဲ့စကားတယ်မှန်ပါလားဗျ။ဒီလို ကျုံတိုင်းရွာတဲ့
မိုးဟာမစဲတမ်း ရွာနေတော့မှာလား။ကဗျာကိုဒီနေရာမှာတင်ရပ်တန့်လိုက်ဖို့ဆုံးဖြတ်မိတယ်။ဒီကဗျာဆုံးကာနီးတော့မှမေ့ကျန်နေရစ်တဲ့
အရသာရှိမှုလေးကို ကဗျာလိုရေးသားထားတဲ့ စာသားတွေ၊အရေးအသားတွေအပေါ်
အသာလေးကျဲချလိုက်တယ်။ဒီလိုဆိုပိုပြီး အဆင်ပြေမှာလား။ဒါမှမဟုတ်ဖတ်ပြီးတာနဲ့ပဲကဗျာကိုတစ်ခါတည်းဆုတ်ဖြဲပစ်လိုက်တာက
ပို၍ပို၍အဆင်ပြေစေမှာလား။ သင်္ကေတ၊နိမိတ်ပုံ၊၀ါဒ၊ဘာသာဗေဒတွေကိုအသုံးပြုပြီး ဖတ်လို့မကောင်းတဲ့ကဗျာကို ဒီစာမျက်နှာမှာတင်ခြေရာလက်ရာမပျက်အသေသတ်ပစ်လိုက်မယ်။ပြီးမှ Gtalk ထဲကနေ Sign Out လုပ်လိုက်သလို
ကဗျာဆရာဘ၀ထဲကနေ အခုပဲ Sign Out လုပ်ပြီးနူတ်ထွက်ခဲ့တော့မယ်။



အောင်ပိုင်စိုး
၁၂ ဧပရယ် ၂၀၁၀

Sunday, April 11, 2010

အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော ဘလော့နှင့်စပ်လျဉ်း၍

ကျွန်တော်တို့ ဒီကဗျာဘလော့လေးသည် ကဗျာဆိုင်ရာအကြောင်းအရာများကိုသာ အဓိကထားဖော်ပြမည်ဖြစ်ကြောင်း၊
ကဗျာဆရာ အောင်ပိုင်စိုးနှင့် ကဗျာဆရာ သူရနီတို့၏ကဗျာများ၊ ကဗျာကိုချဉ်းကပ်တို့ထိသောစာတမ်းများ၊အက်ဆေးများ၊ လစဉ်မဂ္ဂဇင်းများမှကဗျာနှင့်ပတ်သက်သောမည်သည့်ကဗျာအမျိုးအစားမဆှို ထူးခြားလတ်ဆတ်ပေါ်လွင်သောကဗျာများကိုသတိထား ဖော်ပြနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ သည်ဘလော့အားဝင်ရောက်ဖတ်ရှု့သောအနုပညာကိုချစ်ခင်မြတ်နိုးသူများ၊ကဗျာဆရာများ၊ဘလော့ကာများအား အသိပေးအကြောင်းကြားပါသည်ခင်ဗျား...။




ကျန်းမာပျော်ရွှင်လွတ်လပ်ပါစေ။
အောင်ပိုင်စိုး
၁၁ဧပရယ်၂၀၁၀

Friday, April 9, 2010

ဒီသတ္ထုဟာ အဖိုးတန်တယ်လို့ ဘယ်သူပြောခဲ့တာလဲ

ဒီသတ္ထုဟာအဖိုးတန်တယ်
ဘီယာဆိုင်ထိုင်ပြီးအိမ်ပြန်နောက်ကျတယ်
တစ်ခုခုတော့လုပ်ရမယ်လို့အချိန်ပြည့်စဉ်းစားတယ်
လက်တွေ့ဘာတစ်ခုမှ ရေရေရာရာမရှိသေးဘူး
အိပ်မက်တွေကိုပဲ ခဲရာခဲဆစ်ကျင်ယူနေမိတယ်။

ဒီသတ္ထ္တုဟာအဖိုးတန်တယ်
ကောင်းလွန်းအားကြီးတော့ပြောရခက်တယ်
ကန်းမာရေးချူချာတဲ့ အင်ဂျင်နီယာကြီး
သစ်ပင်ပန်းမာန်တွေကို စိုက်ပျိုးမွေးမြူသူ
ခူးယူရန်အသင့်ပန်းပွင့်လေးတွေကိုတိုင်းတစ်ပါးကိုတင်ပို့တယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
အစတုန်းကGTCတက်ပြီးအဆုံးမှာ ကွန်ပျူတာနဲ့ပြီးတယ်
စစ်တွေမြို့ကိုမြန်မာ့လေကြောင်းလိုင်းနဲ့သွားဖူးတယ်
နိုင်ငံခြားထွက်ကျောင်းတက်ဖို့ကြိုးစားနေတယ်
ဖုန်းဘေလ်သွင်းဖို့ ပုသိမ်ကိုခဏခဏပြန်တယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
တစ်ချိန်တုန်းက ကျော်ကြားတောက်ပတဲ့ ကျူရှင်ဆရာ
ကျောင်းတက်တော့ အတန်းထဲမှာ Roll No.1
ချစ်ခြင်းမေတ္တာကို အင်တိုက်အားတိုက်ဂရုမစိုက်ချင်ဘူး
နောက်ဆုံးရည်းစားလေးတစ်ယောက် ကောက်ရထားတယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
အချစ်ဆုံးလူနဲ့ အမုန်းဆုံးလူနှစ်ယောက်ရှိတယ်
ကဗာရေးတယ်၊ကားစီးတိုင်းခေါင်းမူးတယ်၊အားနည်းတယ်
ရုံးပိတ်ရက်တိုင်းလှည်းတန်းမှာ ဂျူတီစောင့်ရတယ်
ကျိုက်ဝိုင်းမှတ်တိုင်မှာ သိစိတ်မဲ့လမ်းကိုဖြတ်ကူးနေတယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
ဘုရင့်နောင်မှာနေတယ်၊စကားနည်းပြီးအားနာတယ်
ကျော်သူဆိုတဲ့ ညီအစ်ကိုသူငယ်ချင်းတစ်ယောက်ရှိတယ်
ရည်ရွယ်ထားတဲ့ ကျောင်းဆရာမလေး ပျောက်ကွယ်သွားတယ်
မရည်ရွယ်ပဲလိပ်ပြာလှလှလေးတစ်ကောင်ဖမ်းမိခဲ့တယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
ကမ္ဘာမှာလိုက်နာနိုင်စရာနှစ်မျိုးပဲရှိတယ်
“မီမီအပေါ်သစ္စာစောင့်သိခြင်းနဲ့ ကဗျာမရေးခြင်း”
ညနေခင်းလေးညှို့ရှင်၊မြေနီကုန်းကျောက်တုံးကမ္ဘာ
ရွှေမဟုတ်၊ကြေးမဟုတ်ကြယ်လေးတစ်လုံးဖြစ်နေတယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
နယ်မြို့လေးတစ်မြို့မှာအင်တာနက်ဆိုင်ဖွင့်ထားပြီး
အရာအားလုံးနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်
အဝေးကြီးကိုခရီးသွားပြီးဘယ်ကိုမှမရောက်ခဲ့ဘူး
ဘုရားသခင်နဲ့ချစ်သူတစ်စုံတစ်ရာရွေးရခက်နေတယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
ထားခဲ့တဲ့ ဆံပင်ရှည်ကိုဖြတ်ပစ်လိုက်တယ်
အမှန်တစ်ရားဟာ တစ်ခုမကဘူးလို့ ယုံကြည်ထားတယ်
အင်တာနက်ဆိုင်မှာ တစ်နေကုန်ထိုင်တယ်
တက္ကသိုလ်ပညာရေးကို စံချိန်တင်တက်ရောက်ထားတယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
နေ့ဖက်ဆိုတစ်ချိန်လုံးအိပ်နေတယ်
ချံပီယံဖြစ်ချင်လို့ချံပီယံလိဂ်ကြည့်တယ်
ဂလိုဘယ်ဆန်ဖို့ AUTO CAD တက်တယ်
ဖောင်ဖျက်ပြီး စင်္ကာပူဖက်ထွက်သွားတယ်။

ဒီသတ္ထုဟာအဖိုးတန်တယ်
ဒီသတ္ထုဟာ
ဘီယာဆိုင်ထိုင်ပြီး အိမ်ပြန်နောက်ကျတယ်
ဒီသတ္ထုဟာ
ကျန်းမာရေးချူချာတဲ့အင်ဂျီနီယာကြီး
ဒီသတ္တုဟာ
ဖုန်းဘေလ်သွင်းဖို့ ပုသိမ်ကိုခဏခဏပြန်တယ်
ဒီသတ္ထုဟာ
ချစ်ခြင်းမေတ္တာကိုအင်တုက်အားတိုက် ဂရုမစိုက်ချင်ဘူး
ဒီသတ္ထုဟာ
ကျိုက်ဝိုင်းမှတ်တိုင်မှာသိစိတ်မဲ့လမ်းကိုဖြတ်ကူးနေတယ်
ဒီသတ္ထုဟာ
မရည်ရွယ်ပဲလိပ်ပြာလှလှလေးတစ်ကောင်ဖမ်းမိခဲ့တယ်
ဒီသတ္ထုဟာ
ရွှေမဟုတ်၊ကြေးမဟုတ် ကြယ်လေးတစ်လုံးဖြစ်နေတယ်
ဒီသတ္ထုဟာ
ဘုရားသခင်နဲ့ချစ်သူ တစ်စုံတစ်ရာရွေးရခက်နေတယ်
ဒီသတ္ထုဟာ
တက္ကသိုလ်ပညာရေးကို စံချိန်တင်တက်ရောက်ထားတယ်
ဒီသတ္ထုဟာ
ချံပီယံဖြစ်ချင်လို့ ချံပီယံလိဂ်ကြည့်တယ်
ဒီသတ္ထုဟာအဖိုးတန်တယ်လို့ ဘယ်သူပြောခဲ့တာလဲ။ ။




အောင်ပိုင်စိုး
၉၊ဧပရယ်၊၂၀၁၀

Tuesday, April 6, 2010

နှစ်များ

ပေါ့ကျထဲက
လျှာထဲစိမ့်ဝင်သွားတဲ့ ကမ္ဘာကြီးနဲ့

အကြမ်းအိုးထဲက
နိုင်ငံတွေတစ်ခွက်ပြီးတစ်ခွက်နဲ့

မြို့တွေကို
တစ်လိပ်ပြီးတစ်လိပ် သောက်သွားတြ့ကောင်တွေပဲပေါ့။

နှလုံးသားတစ်ခုရဲ့
အတွင်းသားထဲကိုတိုးဝင်သွား
အမေ့အိမ်ထဲက
အခါခါ ပြန်ထွက်လာကြတာ။ ။


မောင်ကောက်

Monday, April 5, 2010

ငေးတဲ့စာ

တစ်နေ့မှာ
ပြန်လာကြမယ်လို့
သူတို့နူတ်ဆက်သွားခဲ့တယ်။
မျှော်လင့်သူ
သောင်ပြင်လေးပေါ် ငေး
ရသမျှအိပ်မက်တွေပို့ပေးနေမိ
နေ့စဉ်
လာရာလမ်းကလေးက စောင့်မျှော်နေမိ
ပြီးတော့ ကျွန်တော် ချရေးမိ။
"ကမ္ဘာကြီးဟာ
ဘယ်အခါမှာ ပြည့်ပြည့်၀၀လုံးဝန်းလာမှာလဲ"
တစ်နေ့မှာ ပြန်လာကြလိမ့်မယ်လို့
လှိုင်းကလေးတွေက
တခုတ်တရ လာလာနမ်းကြတယ်။ ။

မောင်ကောက်
မြားနတ်မောင်၊၂၀၀၀၊ဇွန်လ

နွားကျောင်းသား

တစ်မျှော်တစ်ခေါ်ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံပြန်မကြားရဘူး။

သီချင်းမသီဖြစ်ပါ
သစ်ရွက်မဲ့ သစ်ပင်အောက်မှာ
အိပ်မက်တွေလွှတ်ကျောင်းထားပေမယ့်
မိုးမကျသေးတာမို့ ။

အိုအောင်

နိုဝင်ဘာ

ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ်ဝတ်ဆင်ထားတဲ့ မိန်းမ။

မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကယိုနဲ့ လှလို့။

ငါ ... တစ်ပွင့်ပြီးတစ်ပွင့် ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင်ကြေကွဲခဲ့ရပေါ့။



တာရာမင်းဝေ
ဟန်သစ်မဂ္ဂဇင်း

မမြင်ရတဲ့ ဘ၀ကဗျာ

@မမြင်ရတဲ့
နဂါးတစ်ကောင်နဲ့
တိုက်နေရတာဆိုတော့
ဘယ်လိုပြောမလဲ

@အရှုံးအနိုင်က အရေးမပါ
လူဖြစ်ရခြင်းသတ္တိကိုက
လှပနေပြီ။



သူခမိန်လှိုင်
ပန်းဝေသီ၊၁၉၉၂၊ဇွန်

DISTANCE

Bricks laid close together
Storey after storey scrambling towards the sky.
Scorched pits
sinking depper and depper.

Maung Kauk
Trns; Cho Tun

အကွာအဝေး

အုတ်ခဲတွေ ကိုယ်ချင်းကပ်
အထပ်ထပ် မိုးပေါ်လုတက်
မီးပြင်းပြင်း အတိုက်ခံတဲ့
မြေကျင်းတွေကလည်း ထိုးထိုးနက်။



မောင်ကောက်
စာပေဂျာနယ်၊အောက်တိုဘာ၊၁၉၉၅

သဘာဝ သင်းကွဲ

စာခိုကျီးကန်း ပျံကျသမား
ရေအိုင်ဝမ်းဘဲ လှေထိုးသား
တီကောင်လယ်ထွန်စား။



မောင်လူမှိန်

သံသရာကြိုးဝိုင်း

-တီအသား
ငါးဝါးမြို
-ငါးအသား
လူဝါးမြို
-လူအသား
မြေ၀ါးမြို
-မြေကိုတော့
တီကောင်မြိုသတဲ့
-အို ...။


ခိုင်မြဲကျော်စွာ
ဒီရေစီးသံ၊အမှတ်(၅)

ဘလော့လေးနှင့်စပ်လျဉ်း၍

တန်ခူးလသည် မြန်မာလူမျိုးတို့၏နှစ်သစ်ကူးပြောင်းပွဲတော်အခါသမယပင်ဖြစ်လေသည်။
သင်္ကြန်ကျတော့မည်။နှစ်တစ်နှစ်ကတော့ ကူပြောင်းတော့မည်။ရန်ကုန်အခြေစိုက် ကျေးလက်(မြို့တော်ရန်ကုန်မှလွဲ၍)နေလူတော်တော်များများသည် ဇာတိဒေသသို့
ပြန်ကြဖို့ ပြင်ဆင်နေကြသည်။ထို့အတူ ကျွန်တော်တို့သည်လည်း ဇာတိမွေးရပ်မြေရှိရာ၊
မိဘဆွေမျိုး၊သူငယ်ချင်းများရှိရာကျေးလက်သို့ပြန်ကြရဦးမည်။
ဘာလိုလိုနဲ့ပင် အသက်တွေက ပိုပိုကြီးလာသည်။
အဝေးရောက်ကဗျာဆရာတစ်ယောက်ကပြောဖူးသည်။ ကြီးလာတော့ ကြောက်တက်လာသည်၊
နောက်တုံး(တုန်း)လည်းတုံးလာသည်ဆိုတော့ လူကြီး=ကျောက်တုံးဟု အဓိပ္ပါယ်ရလေသည်။
နှစ်သစ်ကူးရက်တွေရောက်လျင် အချိန်အတော်တော်များများ အွန်လိုင်းပေါ်တက်ဖို့က မသေချာ၊
မရေရာသောကြောင့်အခြားကဗျာဆရာများ၏ကဗျာများအား ဘလော့စာမျက်နှာထက်သို့တင်ပို့
လိုက်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

စီစဉ်တင်ဆက်သူများ

Saturday, April 3, 2010

အွန်လိုင်း မြန်မာကဗျာများရဲ့ ဖြစ်ပေါ်တိုးတက်မှု

နိဒါန်း
ကျွန်တော့်ဆောင်းပါးအမည်က သစ်တွေ များနေပါတယ်။ ရာစုသစ်မှာ ကဗျာ့နေရာသစ်။
ဒါပေမဲ့ ဘယ်အသစ်မှ တကယ် မသစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ပဲ ပညတ်သဘောအရသာ ဒီ
ရာစုသစ်၊ နေရာသစ် ဆိုတဲ့ စကားလုံးတွေကို သုံးပြီး ကျွန်တော်ရေးတာ
ဖြစ်ပါတယ်။ ရာစုသစ်ဆိုတာ ၂၁ ရာစုနှစ်ဖြစ်ပြီး နေရာသစ်ဆိုတာကတော့
စာတမ်းရဲ့ ခေါင်းစဉ်ငယ်ထဲကအတိုင်း အွန်လိုင်းဝက်ဘ်ဆိုက်တွေကို
ရည်ညွှန်းပါတယ်။ အဲဒီတော့ ကဗျာရဲ့ နေရာဟောင်း၊ သို့မဟုတ်
လက်ရှိတည်ရှိပြီး၊ တည်တံ့ပြီး နေရာဆိုတာက ပုံနှိပ်စာမျက်နှာတွေပါပဲ။ လစဉ်
ထွက်နေတဲ့ မြန်မာမဂ္ဂဇင်းတွေရဲ့ ကဗျာကဏ္ဍစာမျက်နှာတွေနဲ့ တစ်လ တစ်လ ပျမ်းမျှ
တစ်အုပ်ကနေ ရံဖန်ရံခါ နှစ်အုပ် သုံးအုပ် ထွက်ရှိနေတဲ့ ကဗျာစာအုပ်တွေရဲ့
ပုံနှိပ်စာမျက်နှာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကဗျာရဲ့ တကယ့် အစစ်အမှန်နေရာဟာ
ကဗျာဖတ်သူရဲ့ နှလုံးသားသာ အရင်းခံ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ
ယုတ်စွအဆုံး ကဗျာရေးသူရဲ့ ခေါင်းထဲ ဟဒယထဲမှာတောင် ကဗျာက ရှိချင်မှ
ရှိပါတော့မယ်။
၂၁ ရာစုမှာ လူတွေဟာ အစစ်အမှန် လောကထဲမှာသာ နေကြ အချိန်ကုန်ကြတော့တာ
မဟုတ်ဘဲ အိုင်စီတီ နည်းပညာရဲ့ အထောက်အခံနဲ့ ဆိုင်ဘာလောကထဲမှာလည်း
တစ်စိတ်တစ်ပိုင်းအားဖြင့် နေကြ ရှင်သန်ကြလာနေပြီ ဖြစ်လို့ အဲဒီ လောက
အဲဒီနေရာမှာလည်း ကဗျာ ရှိလာပါတယ်။ ကဗျာကို တွေ့နိုင်လာပါတယ်။ အဲဒီ
အွန်လိုင်း ၀က်ဘ်ဆိုက်တွေပေါ်မှာလည်း ကဗျာကို တွေ့ရ၊ ဖတ်ရနိုင်၊
ကဗျာဖတ်သံ၊ ကဗျာရွတ်သံတွေကို နားဆင်ရနိုင်ပါတယ်။ အဲဒီမှာ
မြန်မာကဗျာတွေကိုလည်း တွေ့ရ၊ ဖတ်ရနိုင်တာဖြစ်တဲ့အတွက်
အွန်လိုင်းဝက်ဘ်ဆိုက်တွေကို မြန်မာကဗျာရဲ့ နေရာသစ်အဖြစ် ကျွန်တော်
မိတ်ဆက်တင်ပြလိုရင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အသစ်ဆိုတာ ထူးခြားခြင်း၊
ကောင်းမွန်ခြင်း၊ အဟောင်းကို အစားထိုးရန် အလားအလာရှိခြင်း ဆိုတာတွေထိ
မရည်ညွှန်းပဲ မရှိဖူးသေးသော အခြားနေရာ အဖြစ်သာ ရိုးရိုးလေး
ညွှန်းဆိုလိုပါတယ်။

အွန်လိုင်းကဗျာများရဲ့ အစ
ပိုအက်ထရီဒေါ့အော့ အွန်လိုင်းမဂ္ဂဇင်း ဖေဖေါ်ဝါရီထုတ်မှာ အယ်ဒီတာအဖွဲ့က
စီစဉ်တင်ဆက်တဲ့ ဆောင်းပါးတစ်ပုဒ် ပါခဲ့ပြီး အဲဒီမှာ ၂၀၀၀ ကနေ ၂၀၀၉ အထိ
ဆယ်စုနှစ်အတွင်း ကဗျာဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ် ထင်ရှားတဲ့ ကဗျာဆရာများ
ဝေဖန်ရေးဆရာများရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို ဖော်ပြထားခဲ့ပါတယ်။
အဲဒီမှာ ဖစ်ရှ်ဟောက်စ်ဆီက (From the Fishouse)ဆိုတဲ့
အွန်လိုင်းမဂ္ဂဇင်းကို တည်ထောင်သူနဲ့ အယ်ဒီတာဖြစ်တဲ့ ကမ်မီလီ ဒန်ဂျီက
“ပြီးခဲ့တဲ့ ဆယ်စုအတွင်း အင်တာနက်က ကဗျာရှာဖွေ ဖတ်ရှုပုံကို တော်လှန်
ပြောင်းလဲပစ်ခဲ့ပါတယ်။ ၀ါရင့် စာဖတ်သူတွေနဲ့ ရည်ရွယ်ချက်ကြီးတဲ့
စာရေးဆရာတွေဟာ သူတို့ ဖတ်ချင်တဲ့ စာအုပ်တွေနဲ့ အသားတကျရှိနေခိုက်မှာပဲ
ဝက်ဘ်စာမျက်နှာတွေထဲ ရောက်လာပြီး ကဗျာအတွက် ကြွယ်ဝတဲ့
အရင်းအမြစ်တွေရှိနေတာကို ရှာတွေ့လာကြတယ်။ ထုတ်ဝေသူတွေအတွက်
တုန်လှုပ်စရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါဟာ အကောင်းဘက် အပြောင်းအလဲပဲလို့
ထင်တယ်။ များသထက် များလာတဲ့ လူတွေဟာ လွယ်လင့်တကူ ရှာဖွေ ဖတ်နိုင်တဲ့အတွက်
ကဗျာကို ပိုဖတ်လာကြတယ်။ မိမိရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ စာဖတ်သူတွေဟာ
သူတို့ အရင်က ၀ယ်နေကျအတိုင်း ကဗျာစာအုပ်တွေကိုလည်း ၀ယ်ဖတ်ကြတာ
တွေ့ရပါတယ်”လို့ ဆိုထားပါတယ်။
နှိုင်းယှဉ်ပြီး ပြောရရင် မြန်မာအွန်လိုင်းကဗျာတွေရဲ့ အစကို လိုက်ရင်လည်း
ကဗျာကို အထူးပြုတင်ဆက်နေတဲ့၊ အွန်လိုင်းမြန်မာကဗျာဖတ်သူများကြား
ထင်ရှားတဲ့ လမ်းအိုလေး ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ ၁၉၉၈မှာ
စခဲ့ကြောင်းတွေ့ရပါတယ်။ ဒီကဗျာဝက်ဘ်ဆိုက် သေးသေးလေးကို စတင်ခဲ့တဲ့သူဟာ
စိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်တွေ မတရားကျဆင်းညှိုးနွမ်းနေတဲ့
ဝေးတစ်မြေရောက် ကဗျာချစ်သူ မြန်မာတစ်ဦးဖြစ်ပြီး သူနှစ်သက်တဲ့
မြန်မာကဗျာတွေကို ရေးသားလွှင့်တင်ရင်းကနေ ဒီ ၀က်ဘ်ဆိုက်လေး
စတင်ရှင်သန်ခဲ့တာလို့ သိရပါတယ်။ ၂၀၀၈ နိုဝင်ဘာအထိ တခြား ၀တ္ထုတို၊
ဆောင်းပါး စတာတွေ အပါအ၀င် ကဗျာပုဒ်ရေ ၅၅၀ ဒီဝက်ဘ်ဆိုက်ထဲမှာ ရှိနေကြာင်း
သူ့ဝက်ဘ်ဆိုက်ရဲ့ ဟစ္စထရီဖိုင်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအီးဘုခ်ဝက်ဘ်ဆိုက်နှင့် အွန်လိုင်းကဗျာ
၂၀၀၃ ခုနှစ်မှာ ဖော်အဲဗာစပေ့စ်ဒေါ့ကွမ်ဒေါ့အမ်အမ်ကို ၀က်ဘ်ပေါ်တယ် (Web
Portal)အဖြစ် မြန်မာနိုင်ငံမှာ လွှင့်တင်ခဲ့ပြီး မြန်မာအီးဘုခ်များကို
တရားဝင် အွန်လိုင်းပေါ်တင် ရောင်းချခဲ့ပါတယ်။ မြန်မာ စာအုပ်စာပေနဲ့
အနုပညာဆိုင်ရာ သတင်းများ၊ အကြောင်းရပ်များကိုလည်း အွန်လိုင်းစာစောင်အဖြစ်
ပုံမှန်တင်ပေးခဲ့တာ တွေ့ရပါတယ်။ ယေဘုယျအားဖြင့် ထင်ရှားသော အခြား
ပြည်တွင်းဝက်ဘ်ဆိုက်များ ရှိနှင့်ပြီး ဖြစ်ပေမဲ့ ယခု ဖော်ပြပါ
ဝက်ဘ်ဆိုက်ထဲ အီးဘုခ် တင်ရောင်းချရာမှာ ပုံနှိပ်ထုတ်ဝေပြီးတဲ့
မြန်မာကဗျာစာအုပ်တွေကို (အခြား စာအုပ်အမျိုးအစားများနည်းတူပဲ)
အီးဘုခ်ပုံစံနဲ့ ၀ယ်ယူနိုင်ခြင်းနဲ့ ကဗျာကို အထူးပြုတဲ့ ကဏ္ဍများ
ထည့်သွင်းတင်ဆက်ခဲ့တဲ့အတွက် အချို့ အွန်လိုင်းစာဖတ်သူတွေ၊ အထူးသဖြင့်
ကဗျာချစ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ အဲဒီ ၀က်ဘ်ဆိုက်ပေါ်က
ပင်မရေစီးထဲက ကဗျာ၊ ကဗျာထဲက ပင်မရေစီး ဆိုတဲ့ ကဏ္ဍမှာ
ကဗျာဆရာများကိုယ်တိုင် ကဗျာဖတ် /ရွတ် ထားတဲ့ အသံဖိုင်များကို
တင်ပေးထဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါဟာ အွန်လိုင်းပေါ်က
မြန်မာကဗျာအသံဖိုင်တွေရဲ့ အစလို့လည်း အကြမ်းဖျင်းဆိုနိုင်ပြီး ကဗျာဆရာ ၉
ဦး သူတို့ရဲ့ ကဗျာတွေကို ကိုယ်တိုင် ရွတ်ဆိုထားတဲ့ အသံတွေပဲ ဖြစ်ပါတယ်။
“မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တစ်ပြက် ရုပ်ပုံလွှာ”ဆိုတဲ့
ကဗျာညွန့်ပေါင်းစာအုပ်ကိုလည်း အီးဘုခ်ပုံစံနဲ့ ထုတ်ဝေပေးခဲ့ပါတယ်။ ၂၀၀၇
ခုနှစ်ရဲ့ နောက်ဘက်ပိုင်းမှာတော့ ဒီအီးဘုခ်စတိုးရဲ့
အွန်လိုင်းစာစောင်ကဏ္ဍလည်း ရပ်ဆိုင်းသွားတာ တွေ့ရပြီး အီးဘုခ်လက်လီရောင်း
ဝက်ဘ်ဆိုက်အဖြစ်သာ ဆက်တည်ရှိနေပါတော့တယ်။

ဘလော့ဂ်များနှင့် မြန်မာကဗျာ
၁၉၉၉ ခုနှစ်ခန့်မှာ အင်တာနက်ဝက်ဘ်ဘလော့ဂ်များ စတင်ပေါ်ပေါက်လာခဲ့ပြီး
ဒီဘက် ရာစုသစ်ရောက်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ တွင်ကျယ်
အသုံးများလာခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ မြန်မာဘာသာနဲ့ ရေးတင်တဲ့
မြန်မာဘလော့ဂါများ ပေါ်ထွက်လာခဲ့ပြီး အဲဒီထဲမှာ ကဗျာဘလော့ဂ်များလည်း
ပါဝင်ခဲ့ပါတယ်။ စာပေအနုပညာ နဲ့ ဖန်တီးခြင်းကို စတင်စိတ်ဝင်စားတဲ့
လူငယ်များဟာ ကဗျာနဲ့ စလေ့ စမ်းလေ့ရှိတဲ့အတိုင်း ဘလော့ဂ်ရေးတဲ့
စာပေ၀ါသနာရှင် လူငယ်တွေလည်း သူတို့ အရေးအသားကို ထားဖို့ နေရာ
အွန်လိုင်းမှာ ရှာတွေ့သွားတယ်လို့ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။
သူတို့မတိုင်ခင်က အရင်မျိုးဆက် လူငယ်များ လက်ရေးစာစောင်၊ နံရံကပ်စာစောင်၊
စာကူးစက်ကဗျာတွေကို သူတို့ရဲ့ ကွင်းစမ်းတဲ့ နေရာအဖြစ် တွေ့ရှိသွားသလို
ဒီလူငယ်တွေဟာလည်း သူတို့ ခေတ် သူတို့အခါမှာ သူတို့ ကျင်လည်ကျက်စားရာ
လောကအသစ်ဖြစ်တဲ့ ဆိုင်ဘာလောကထဲမှာ သူတို့ကဗျာကို တင်ဖို့ နေရာ သူတို့
တွေ့ရှိသွားကြတာပါပဲ။ ထူးခြားချက်က သူတို့ရဲ့ လောကသစ် နေရာသစ်ဟာ
ဒီဂျစ်တဲလ်ပုံစံနဲ့ ဖန်တီးတည်ဆောက်ထားတာ ဖြစ်တဲ့အတွက် မူပွားနိုင်စွမ်း၊
ဖြန့်ဖြူးနိုင်စွမ်း ကြီးမားလှတဲ့ အချက် ဖြစ်ပါတယ်။ ဘလော့ဂ်ကဗျာရေးသူ
လူငယ်တွေဟာ သူတို့ ဖန်တီးရေးသားတဲ့ ကဗျာတွေကို သူတို့ရဲ့ ဘလော့ဂ်ပေါ်မှာ
တင်ရုံသာမက သူတို့ ဖတ်ဖူး၊ နှစ်သက်ဖူးတဲ့၊ ဖတ်ရ၊ နှစ်သက်ရတဲ့
ပုံနှိပ်မီဒီယာတွေက ကဗျာတွေကိုလည်း တင်ကြ မျှဝေကြပါတယ်။ ၂၀၀၇ ခုနှစ်
ကမ္ဘာ့ကဗျာနေ့မှာ မြန်မာအီးဘုခ်အွန်လိုင်းရဲ့ အယ်ဒီတာအနေနဲ့ အဲဒီ
အွန်လိုင်းမြန်မာကဗျာတွေရဲ့ အလားအလာကို ကြိုဆိုရေးသားခဲ့တဲ့ သ၀ဏ်လွှာမှာ
အဲဒီ အွန်လိုင်းကဗျာတွေရဲ့ လက္ခဏာကို ကျွန်တော် အကြမ်းဖျင်း ဒီလို သုံးသပ်
တင်ပြခဲ့ပါတယ်။
“… ဆိုင်ဘာလောကဟာ အခြားသော ဒိုင်မင်းရှင်းအနေနဲ့ တည်ရှိလာနိုင်မှာ
ဖြစ်ပြီး အဲဒီနေရာဟာ ကဗျာဖတ်သူနဲ့ ကဗျာရေးသူအတွက် ကဗျာကို ယင်းရဲ့
တန်ဖိုးနဲ့ လျော်ညီစွာ တူးဆွ စုပ်ယူနိုင်မယ့် နေရာ ဖြစ်လာနိုင်ဖွယ်
ရှိနေပါတယ်။
ဖလှယ်တန်ဖိုးများနဲ့ ဆက်ဆံခြင်းမရှိတဲ့ နေရာ၊ လိုရာ အနက်ကောက်ကာ
ကန့်သတ်လိုသည့် သူများနှင့် ဆက်ဆံရန် မရှိတဲ့နေရာ၊ ယုတ်စွအဆုံး
နာမည်ဂုဏ်သတင်းနဲ့ပင် (ကဗျာရေးသူ ဆန္ဒမရှိပါက) ဆက်နွှယ်ဖို့
မလိုအပ်တဲ့နေရာ၊ မနာယူလိုသူတွေအတွက် အနှောင့်အယှက်မပေး နာယူလိုသူအတွက်
အလှမ်းမဝေးတဲ့နေရာ ဒီနေရာမှာ ကဗျာဆရာအသစ်တို့ ကိုယ့်လိပ်ပြာကို
ကိုယ်တာဝန်ယူပြီး လောကနှင့် မိမိကိုယ်တိုင်ကို အနက်ရှိုင်းဆုံး တူးဆွ
ထွန်ယက်ကာ ကဗျာကို စိုက်ပျိုးနိုင်ကြပါလိမ့်မယ်။”
(၁)။ ဖလှယ်တန်ဖိုးတို့နဲ့ ဆက်ဆံခြင်းမရှိတဲ့ နေရာ။ အမှန်က
ပုံနှိပ်မီဒီယာမှာလည်း ကဗျာအတွက် စာမူခဟာ စာဖွဲ့လောက်တဲ့ တန်ဖိုးကို
ရနိုင်တာ မဟုတ်ပေမဲ့ ဖလှယ်တန်ဖိုး တစ်စုံတစ်ရာတော့ ရှိနေနိုင်ပါတယ်။
အွန်လိုင်းကဗျာကတော့ လုံးဝ အကျိုးအမြတ်မမျှော်ကိုတဲ့ ပုံစံလို့
ဆိုနိုင်ပါတယ်။
(၂)။ လိုရာ အနက်ကောက်ကာ ကန့်သတ်လိုသည့်သူများနှင့် ဆက်ဆံရန် မရှိတဲ့နေရာ။
သမားရိုးကျ မီဒီယာကနေ ကဗျာဟာ ကဗျာရေးသူဆီကနေ ကဗျာဖတ်သူဆီ သွားတဲ့
လမ်းခရီးမှာ အယ်ဒီတာ အစရှိသဖြင့် အခြားကိုယ့်ကဗျာကို အဆုံးအဖြတ်ပေးမယ့်
သူများနဲ့ မလွဲမသွေ ထိတွေ့ဆက်ဆံရပါလိမ့်မယ်။ အွန်လိုင်းကဗျာမှာတော့
လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ဆိုင်ဘာလောကရဲ့ အချင်းအရာအဖြစ် မူလကတည်းက
ရရှိထားပြီးသားလို့ ဆိုရပါမယ်။
(၃)။ ယုတ်စွအဆုံး နာမည်ဂုဏ်သတင်းနဲ့ပင် (ကဗျာရေးသူ ဆန္ဒမရှိပါက) ဆက်နွှယ်ဖို့
မလိုအပ်တဲ့နေရာ။ အွန်လိုင်းမှာ ကဗျာရေးသူ ဆန္ဒမရှိရင်
လူချင်းတွေ့ဆုံဆက်ဆံဖို့၊ လူလုံးပြဖို့ဆိုတဲ့ ကိစ္စရပ်တွေက ဘယ်လိုမှ
မရှိနိုင်ပါဘူး။ ပြင်ပလောကမှာသာ ရေးသူနဲ့ အယ်ဒီတာ တွေ့ဆုံဆက်ဆံမှု၊
မီဒီယာမှာ လူလုံးထွက်ပြကာ ကျော်စောထင်ရှားခြင်းကို ရယူခံစားနိုင်မှုတွေဟာ
ကာယကံရှင်ရဲ့ ဆန္ဒမရှိဘဲ၊ ဒါမှမဟုတ် ဆန္ဒ သပ်ပြင်းပြမှု မရှိဘဲလည်း
အကြောင်းအလှည့်သင့်ရင် ကြုံနိုင် ရနိုင်ပါတယ်။ ဆန္ဒရှိသူ၊
သာယာတတ်သူတွေဟာလည်း အမှတ် ၁ ဖလှယ်တန်ဖိုး (တည့်တည့်ဆိုရရင် ငွေကြေး)
ပြောပလောက်အောင် ကဗျာနဲ့ ရှာဖွေ မရနိုင်တာ မှန်ပေမဲ့
နာမည်ဂုဏ်သတင်းကိုတော့ ရနိုင်ပြီး အချို့ ကဗျာဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့
ကျော်ကြားတဲ့ ကဗျာဆရာအဖြစ်ကို နှစ်သက်တန်ဖိုးထားလွန်းကြတာ
တွေ့နိုင်ပါလိမ့်မယ်။ “ဒီထက် တော်တဲ့ ကဗျာဆရာ ဖြစ်ချင်ပါတယ်”ဆိုတဲ့
ကဗျာဆရာ အတော်များများ တွေ့ရနိုင်ပါလိမ့်မယ်။
(၄)။ မနာယူလိုသူအတွက် အနှောင့်အယှက်မပေး နာယူလိုသူအတွက် အလှမ်းမဝေးတဲ့
နေရာ။ အွန်လိုင်းမီဒီယာဟာ လိုသူအတွက် လိုရာကို ရွေးယူနိုင်တဲ့၊
တစ်နည်းအားဖြင့် မိမိစိတ်မ၀င်စားရာ ၀က်ဘ်စာမျက်နှာတွေကို
မောက်စ်ကလစ်မနှိပ်ရုံ (အပြုအမူကလေး)မျှနဲ့ ရှောင်လွှဲသွားနိုင်တဲ့ နေရာ
ဖြစ်ပါတယ်။ ပုံနှိပ်မီဒီယာမှာတော့ အများကို လွှမ်းခြုံပစ်မှတ်ထားတာ
ဖြစ်တဲ့အတွက် အလှအပနဲ့ အကျော်အမော်အနုပညာရှင်တွေ အကြောင်းကိုသာ သိချင်
ကြည့်ချင်တဲ့ အပျိုပေါက်မလေးဟာလည်း သူဖတ်တဲ့ မဂ္ဂဇင်းထဲမှာ
အပြင်းစားကဗျာတွေကို သုံးလေးငါးမျက်နှာ သုံးလေးငါးခါလောက်
ကျော်လှန်ပစ်လိုက်ရဖို့ လိုကောင်းလိုနိုင်တယ်။
ဖော်ပြပါ အချက်လေးချက်ဟာ အပြည့်အစုံနဲ့ အတိအကျ ဖြစ်ကောင်းမှ
ဖြစ်နိုင်ပေမဲ့ ပေါ်လွင်သိသာတဲ့ ခြားနားချက်များပဲ ဖြစ်ပါတယ်။

အွန်လိုင်း မြန်မာကဗျာများရဲ့ ဖြစ်ပေါ်တိုးတက်မှု
ဖော်ပြပါ သုံးသပ်ချက်များ ထုတ်မိခဲ့တဲ့ ၂၀၀၇ ခုနှစ်ကနေ ခုနောက်ပိုင်း ၃
နှစ်ခန့်အတွင်း မြန်မာအွန်လိုင်းကဗျာရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ
သိသာကြီးမားတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ပြောရရင်တော့
အွန်လိုင်းကဗျာအများစုမှာ လင်းပွင့်ခြင်း၊ လတ်ဆတ်ခြင်းတွေကို လူငယ်ဆန်ဆန်
တွေ့ရှိနိုင်ပါတယ်။ ဘာကြောင့်ဆို ခုချိန်မှာ အွန်လိုင်းကဗျာရေးသူ တင်သူ
အများစုက လူငယ်တွေ ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့လည်း လူငယ်လည်း လူငယ်မို့
သူ့အကြိုက်နဲ့ သူ အမျိုးမျိုးရှိတာမို့ ကာရန်နဲ့ အဖွဲ့အနွဲ့နဲ့
ကဗျာတွေလည်း တွေ့နိုင်ပါတယ်။ လက်သင်ပျိုနုတွေရဲ့ ကလေးဆန်ဆန်အတွေး
ကလေးဆန်ဆန်အရေးလေးတွေကိုလည်း ချစ်စဖွယ် တွေ့နိုင်ပါတယ်။
လက်သင်ကဗျာရေးသူအဖြစ် စတင်လာခဲ့တဲ့ ဘလော့ဂ်ကဗျာဆရာတွေဟာ လက်သင်ဘ၀မှာ
ကြာရှည်စွာ ဆက်မနေတာဟာ သဘာဝကျပါတယ်။ ဒါကြောင့် နောက်ပိုင်း နှစ်နှစ်
သုံးနှစ်အကြားမှာ တွေ့ရလာတဲ့ အွန်လိုင်းကဗျာတွေကို အသေအချာ
ထိတွေ့ဖတ်ရှုလာရတဲ့အခါ ဒီကဗျာတွေရဲ့ ရင့်ကျက်ပြည့်ဝလာပုံနဲ့
သစ်လွင်လတ်ဆတ်မှုများ၊ ကဗျာရဲ့ အပြောင်းအရွေ့များဟာ သိသာပြီး အားရဖွယ်ပဲ
ဖြစ်ပါတယ်။ အဲဒီ ဖွံ့ဖြိုးတိုးတက်မှုဟာ အကြောင်းခံ နှစ်ချက်ကြောင့်လို့
ယူဆမိပါတယ်။ တစ်ကြောင်းက ပြောခဲ့ပြီး ဖြစ်တဲ့ လက်သင်ကဗျာရေးသူအဖြစ်
စတင်ခဲ့တဲ့ ဘလော့ဂ်ကဗျာဆရာတွေဟာ ပုံနှိပ်မီဒီယာပေါ်မှာရော
အွန်လိုင်းမီဒီယာပေါ်မှာပါ အခြားသူများရဲ့ ကဗျာများ၊ ကဗျာဗေ
များကို ဖတ်ရှုပြီး မိမိကိုယ် မိမိ ရင့်ကျက်ပြည့်ဝလာအောင်
တည်ဆောက်နိုင်မှုပါ။ နောက်တစ်ကြောင်းက အွန်လိုင်းကဗျာနဲ့ ပုံနှိပ်ကဗျာ
အရောအယှက်ပါ။ ဘလော့ဂ်ကဗျာဆရာတွေက ပုံနှိပ်မီဒီယာပေါ် ချဲ့ထွင်ဖို့
ကြိုးပမ်းအောင်မြင်မှုတွေကို တွေ့လာရသလို ပုံနှိပ်မီဒီယာပေါ်က
ကဗျာဆရာတွေကလည်း ဘလော့ဂ်တင်ပြီး အွန်လိုင်းပေါ် ဖြန့်ကျက်လာကြတာကို
တွေ့ရပါတယ်။ အဲဒီ အကူးအယှက်ကလည်း မြန်မာအွန်လိုင်းကဗျာတွေရဲ့
ဖြစ်ပေါ်တိုးတက်မှုအတွက် အထောက်အပံ့အကြောင်း တစ်ချက်ပဲလို့ ယူဆလိုပါတယ်။
အထူးအားဖြင့် ဖော်ပြလိုတာက ဘလော့ဂါ ကဗျာဆရာတွေရော၊ ဘလော့ဂ်တင်လာတဲ့
ကဗျာဆရာတွေရော လူငယ်တွေ ဖြစ်ကြတာပါပဲ။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ပါ။
အင်တာနက်ကဖီးသွားပြီး အွန်လိုင်းပေါ်တက်၊ ဆိုင်ဘာလောကထဲမှာ သူတို့ရဲ့
လူမှုရေးဘ၀တည်ဆောက်ကြတဲ့ သူတွေဟာ အိုင်တီနဲ့ မစိမ်းတဲ့ အကျွမ်းတ၀င်ရှိတဲ့
လူငယ်တွေပဲ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်က မြန်မာကဗျာပုံစံတွေ
ပုံသဏ္ဌာန်တွေ ဖန်တီးထားတဲ့ ကွန်ကရိကဗျာတွေ၊ ဘာသာစကား ကစားနည်းတွေ
အသားပေးထားတဲ့ ကဗျာတွေကိုလည်း ၀က်ဘ်ကဗျာတွေထဲ တွေ့ရနိုင်ပါတယ်။
တချို့ကဗျာတွေထဲမှာ ဆိုရင် လှုပ်ရွပြီး ဒိုင်းနမစ်ဖြစ်နေတဲ့
အင်နီမေးရှင်းတွေပါ မြှုပ်ထည့်ထားတာ တွေ့နိုင်ပါတယ်။ ပြောရရင်
မြန်မာခေတ်ပြိုင်ကဗျာရဲ့ ပင်မရေစီးဖြစ်တဲ့ ပုံနှိပ်မီဒီယာပေါ်က
ကဗျာတွေလိုပဲ ဟန်ပန်မျိုးစုံကို ၀က်ဘ်စာမျက်နှာပေါ်က ကဗျာတွေမှာလည်း
မြင်ရနိုင်တာပါပဲ။ တချို့ကဗျာတွေက အင်တာနက်ထဲက ဘ၀တွေဖြစ်ပြီး
ပေါ့ပါးပုံရကာ အများစုမှာက အပြင်ဘ၀ရဲ့ ဖိအားတွေနဲ့
လေးလံညွတ်ကျနေတာကိုလည်း သတိထားမိပါတယ်။ ဒါပါပဲ။ ကျွန်တော်တို့အားလုံးဟာ
အရှိတရားကိုတော့ မလွဲမသွေ လက်ခံနေကြရတယ်။
နမူနာတချို့ကို ပြရရင် ခင်ဗျားနဲ့ စကားပြောရတာ ကျွန်တော် ပျော်ပါတယ်
ဆိုတဲ့ ကဗျာထဲမှာ မောင်ဖုန်းမြင့်ကတော့ ဒီလို ရေးထားတယ်။ မွေးကနည်းက
ကပ်ပါလာတာ ဆိုလို့ သေခြင်းတရားပဲ ရှိမယ်/ သားသတ်ရုံပို့မယ့် နွားတွေကို
တံဆိပ်ရိုက်ပေးလိုက်သလိုပဲပေါ့ဗျာ/ ဘ၀သံသရာ၊ ရထားတစ်စီးလို
တက်လိုက်ဆင်းလိုက် စတဲ့ ဥပမာတွေကတော့ ခင်ဗျားလည်း သိပြီးသားပဲ/ ဒါတွေ
ထားလိုက်ပါတော့/ နိုင်ငံရေး သုခမိန်ကအစ ရက်ပါအဆုံး/ အားလုံးက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာရှိ ဖြစ်နေတဲ့ ခေတ်ကြီးထဲ/ ခင်ဗျားလည်း
အဝေးပြေးလမ်းမပေါ်မှာ ခင်ဗျားယာဉ်ကို မောင်းချင်သလို မောင်း/
ကျွန်တော်လည်း ကျွန်တော့်လမ်းကြောင်း ကျွန်တော် ဆက်လျှောက်လိုက်ဦးမယ်။
အွန်လိုင်းကဗျာဆရာတွေထဲမှာ တချို့က အလွမ်းသမားတွေ။ စိုင်းလောင်ပိန်းက
သတိရခြင်းရန်ကုန်မှာ ဒီလို ရေးထားရဲ့။ ငါ့စိတ်အကိုင်းအဖျားလေးပေါ်
ရန်ကုန်မြို့ကြီးလာနားတော့/ သတိရစိတ်တွေ ကွေးညွတ်/ ငါ့တနင်္ဂနွေတွေ
မိုးအုံ့ခဲ့ပြန်တယ်// မြို့ထဲ လမ်းမတွေက အမှတ်တရ သိမ်းထုပ်ထားဖို့
ရှည်လျား/ မိုးရေထဲ လိမ်လိမ်မာမာနဲ့ နစ်မြုပ်နေမယ့် မြို့ကြီးပေါ့/
ငါ့ရဲ့ အိမ်လွမ်းနာမှာ မင်းက ဒဏ်ရာ စစ်စစ်ပါ ရန်ကုန်။//
ဖွဲဖို့ နွဲ့ဖို့ အားသန်နေတဲ့ သူတွေကိုလည်း အွန်လိုင်းကဗျာမှာ
တွေ့ရနိုင်ပါတယ်။ ကဗျာဆရာလေး တစ်ယောက်က အညမည ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး
ဒီလို အနွဲ့ကလေး ဖွဲ့တယ်။ အလွမ်းသင့်နွေ/ စမ်းရေ ခမ်းခြောက်။//
မကမ်းနှင့်မေ/ ပန်းလှေ လမ်းပျောက်။// အဲဒီ ကဗျာဆရာ ညိမ်းညိုကပဲ သူ့ရဲ့
တောင်ပူစာ ဆိုတဲ့ ကဗျာလေးထဲမှာ ဒီလို နူးနူးညံ့ညံ့နဲ့ ဖွဲ့နွဲ့ထားပါတယ်။
ဓာတ်ပြုပုံမှာ/ နေရောင်ခြည်ကို မစို့မပို့လေး မျှင်းသောက်ရုံနဲ့/
တစ်ကိုယ်လုံး ရွှေချနိုင်သူ။// ခမျာ/ အမြဲစိမ်းတောကြီးဘေးမှာ ထားပြီး
နွမ်းပါးရှာရဲ့/ မေ့လောက်ပြီ ဆိုတော့မှ/ အပင်ငယ်လေးတွေ ကျိုးတိုးကျဲတဲ
အဖော်ပြုလာ/ တစ်လျှောက်လုံး အထီးကျန်ခဲ့သူမို့/ ယောင်ယောင်လေး
အဖက်လုံးခံရတာကိုပဲ/ သူ့မှာ ပျော်မဆုံး ဖြစ်မိတာ။//
သိုးထိန်းရဲ့ “လူမျိုး ဘာသာမရွေး လက်ရွေးစင် ဖြစ်ချင်သူချည်း ဆိုတော့
ကိုယ့်ငါ့းချဉ် ကိုယ်ချဉ်တယ် ပြောလည်း ခံနေလိုက်ရုံ” ဆိုတဲ့ ကဗျာထဲမှာ
အသံတွေ တူပြီး အကြောင်းတွေ ကွဲလည်း/ ကဗျာသူ ကဗျာသားတို့အကြား ကျောသား
ရင်သား မခွဲခြားရေး/ အရာရာတိုင်းအတွက် အချိန်တစ်ချိန် ရှိနေခဲ့တော့ကာ/
ဒါဝင်ရဲ့ ဒါဒါ ၀င်ရိုးစွန်းမှာ/ ကဗျာလည်း လျှောက်သာ လူလည်း စွဲသာ/။

အကောင်းကို ရှာ၏
ရာစုသစ်ရဲ့ဗျာ့နေရာသစ်မှာ အကောင်းတွေ ရှာစရာမလိုအောင်
သိသိသာသာတွေ့ရနိုင်ပါတယ်။ ရေမှာ ကျက်စားတဲ့ ငါးဟာ သူ့ရဲ့
သဘာ၀၀န်းကျင်အခြေအနေ ရေရဲ့ စေးကပ်စွဲငြိခြင်းကို လွန်အောင် ကူးခတ်ဖို့
ရေယက်တွေ၊ ဆူးတောင်တွေနဲ့ အမြီးကို ခပ်သာသာ ဝှေ့ရမ်းပြီး ကွေ့လိုက်
တိမ်းလိုက် လုပ်သလို လေထဲ ပျံတဲ့ ငှက်ကလည်း လွတ်လပ်ပေါ့ပါးပုံရပေမဲ့
တောင်ပံကို လေဟုန်ရအောင် ခတ်ရတာ၊ လေပူစီးကြောင်းရှာ ပျံဝဲရတာမျိုး
ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော ဆိုင်ဘာလောကဟာ ၂၁ ရာစု လူငယ်တွေရဲ့
အချိန်တချို့ မြှုပ်နှံရာ၊ သူတို့ရဲ့ လူမှုဘ၀တစ်စိတ်တစ်ပိုင်း တည်ရှိရာ
နေရာ ဖြစ်လာနေတာ အရှိတရားဖြစ်ပါတယ်။ အဲဒီ ဆိုင်ဘာလောကထဲမှာ ကဗျာရှိနေတာ
ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာပါပဲ။ ဘယ်နေရာမှာပဲ ရှိရှိ ကဗျာဆိုတာ
ဘာသာစကားကို နက်ရှိုင်းမြင့်မားစွာ အခြေပြုရတဲ့ အနုပညာဖြစ်တာနဲ့
လျော်ညီစွာ ယဉ်ကျေးမှုထုံးဓလေ့မျိုးစုံရဲ့ ခြားနားတဲ့ ယုံကြည်ချက်၊
တန်ဖိုးထားမှုနဲ့ အတွေ့အကြုံများကို ကွဲပြားတဲ့အလှ၊ ဟန်ပန်၊
ထုံးဓလေ့များနဲ့ ဆောင်ယူလာမှာ ဖြစ်ပါတယ်။ မျိုးစုံမျိုးကွဲတို့
သည်းခံလိုက်လျော တည်ရှိခြင်းရဲ့ အလှကို ကောင်းစွာ လက်ခံနေမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် တစ်သွေးတစ်သံတစ်မိန့် ဆန်တဲ့၊ ပုံစံတူ တစ်ဆင်တည်းဖြင့်
စက်မှုဆန်တဲ့ သဘောများကို ကဗျာဓာတ်ဖြင့် အားကောင်းစွာ ဆန့်ကျင်တည်ရှိမှာ
ဖြစ်ပါတယ်။ အဲဒါဟာပဲ လူသားဝါဒ ဖြစ်ပါလိမ့်မယ်။ ဗဟုသဘော ဆောင်တဲ့
လူသားဝါဒကို ကဗျာနဲ့ အမြင့်မားဆုံး ဆောင်ကျဉ်းလင်းပြနိုင်ပါလိမ့်မယ်။
အွန်လိုင်းမီဒီယာဟာ စာသားသာမက မီဒီယာစုံတင်နိုင်တဲ့အတွက် ကဗျာရဲ့ စတင်ရာ
နှုတ်မှုအစဉ်အလာဆီကိုလည်း အသံဖိုင်တွေနဲ့ ပြန်သွားနိုင်ပါတယ်။
စာအုပ်ယဉ်ကျေးမှု ပေါ်လာကတည်းက ပုံနှိပ်စာလုံးများအဖြစ် အေးခဲသွားပြီး
စိတ်နားထဲကပဲ ကြားယောင်ရတဲ့ အသံတွေ ပြန်ရနိုင်တဲ့ အခွင့်အလမ်းကလည်း
အွန်လိုင်းပေါ်မှာ ရှိပါတယ်။ လက်ရှိကို မြန်မာကဗျာဝက်ဘ်ဆိုက်တချို့မှာ
အသံဖိုင်တွေ ရနိုင်နေပါပြီ။ အစောပိုင်းက ကျွန်တော် ကိုးကားခဲ့တဲ့
ဖစ်ရှိဟောက်စ်ပိုအမ်ဒေါ့အော့ဂ် (fishousepoem.org)မှာဆိုရင် သြဒီယိုကဗျာ
နှစ်ထောင်လောက် ရနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့
မြန်မာကဗျာဝက်ဘ်ဆိုက်တွေမှာကတော့ တစ်ပုဒ်စ နှစ်ပုဒ်စပေါ့။ ဒါပေမဲ့လည်း
တစ်ပုဒ်ရ တစ်ပုဒ်အမြတ်လို့ တွက်ရင် ဒါလည်း ကောင်းတာပါပဲ။
နောက်ပိုင်းမှာတော့ ၀က်ဘ်ဆိုက်တွေထဲမျာ ကဗျာဆရာတွေ၊ ဖတ်သူတွေ၊
လေ့လာသူတွေနဲ့ သင်ကြားတဲ့ဆရာတွေအတွက် ကိုးကားစရာ၊ ဆွဲယူစရာ
မြန်မာကဗျာအရင်းအမြစ်တွေ ပိုပြီး ဖြစ်တည်လာမယ်လို့ မှန်းဆရပါတယ်။ အခုကို
တချို့ ဘလော့ဂါ ကဗျာဆရာတွေနဲ့ ဘလော့ဂ်တင်လာတဲ့ ကဗျာဆရာတွေရဲ့
ကျေးဇူးကြောင့် ဘလော့ဂ်တွေထဲမှာာ မြန်မာကဗျာတော်တော်များများ
စုဆောင်းမိနေပါပြီ။ အပြင်မှာ ရှားပါးတဲ့ မြန်မာကဗျာစာအုပ်တချို့ကို
ဝက်ဘ်ဆိုက်တွေထဲမှာ ဖတ်ရနိုင်ပါတယ်။
အဲဒီအကြောင်း၊ အဲဒီအကြောင်းတွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲ
အိုင်တီနည်းပညာဆိုင်ရာ တည်ဆောက်ဖွံ့ဖြိုးမှု အသစ်အသစ်တွေကြောင့်
မြန်မာကဗျာဟာ ပို၍ ပို၍ များပြားလာနိုင်တဲ့ ကဗျာစိတ်ဝင်စားသူ၊
ကဗျာဖတ်သူတွေရဲ့ လက်လှမ်းတမီမှာ အွန်လိုင်းပုံစံနဲ့ ကောင်းစွာ
တည်ရှိလာနိုင်မယ်လို့ မှန်းဆရပါတယ်။ အဲဒီ ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အဓိက
မောင်းနှင်မယ့် သူတွေဟာ လူငယ်တွေ ဖြစ်နေတာလည်း အကောင်းတရားတစ်ခုပါပဲ။
ရာစုသစ်ရဲ့ ကဗျာ့နေရာသစ်က အွန်လိုင်းမြန်မာကဗျာနဲ့ ပတ်သက်ပြီး
အကောင်းကိုရှာရင် အကောင်းကို တွေ့နိုင်မယ်၊ အကောင်းကို တွေ့အောင်ရှာဖို့
သဘောထား ကျွန်တော်တို့ မြဲမြဲမြံမြံ ကိုင်စွဲထားကြဖို့ပဲ လိုလိမ့်မယ်လို့
ထင်မြင်မိကြောင်းပါ။



မောင်လင်းရိပ်

ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာရွတ်ဖတ်ခြင်းနှင့်ကဗျာဆိုင်ရာစာတမ်းများဖတ်ကြားခြင်းအစီအစဉ်
မတ်လ(၂၁)ရက်နေ့၊ပန်းဆိုးတန်း စာပေလောက(၅)တွင် ကဗျာဆရာမောင်လင်းရိပ် ဖတ်ကြားသောစာတမ်းအား ဆရာ့ခွင့်ပြုချက်ဖြင့်
ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။


စီစဉ်တင်ဆက်သူများ

Thursday, April 1, 2010

အခုတော့ သူဟာ သူမပါတဲ့ ကမ္ဘာလေးဖြစ်ကြောင်း သက်သေ

ကဗျာတစ်ပုဒ်ကို နားလည်ဖို့ လေ့လာမယ်ဆို ဘယ်လိုပါလိမ့် ဘားတိုက်လူသားများ
ကျွန်တော်တို့ အဝန်းအဝိုင်းမှာတော့ တိုင်းတပါးကစာတွေ အရောက်အပေါက် ရှားပါးမှု
လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု။ လူကြီးမင်းတို့ရဲ့ ဘက်လိုက်မှုတွေ နီးစပ်ရာ နီးစပ်ရာပျော်ရွှင်မှုတွေ
ဂိုဏ်းတွေ ဂိုင်းတွေ ခရင်းတွေ ဂွတွေ မွစိတက်နေတဲ့ သဘောတရားတွေ stupid တွေ ဘူးရှစ်တွေ
ကိုကြီးမြတ်တွေကလည်း လူသားချင်းသိပ်စာနာပါသတဲ့ ကောင်လေး မင်းဟာ နုနယ်ပါသတဲ့ စတာတွေကြောင့်
ကလေးလေးတွေ ဂျယ်လီပူတင်းစားချင်သလို မုန့်လေပွေလေးအရာမဝင်ဖြစ်ရပါပြီ
မဟာဘားတိုက်လူသားများ နားဆင်နိုင်ဖို့ တီးလုံးသံများ ထုတ်လွှင့်လိုက်ပါတယ် အခုအချိန်ကစပြီး
ဆိုင်ကယ်များကိုလည်း ဦးထုတ်သုံးပြီးမှစီးကြပါမယ် လမ်းများပေါ်မှာလဲ ဆက်လက်လျှောက်လှမ်းကြပါမယ်
အနမ်းတွေပေးသော်လည်း မယူရဲသေးတဲ့ ကမ္ဘာလေးဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။


အလျားလိုက်ဖွဲ့တည်နေတဲ့ အပူခိုးတွေထုတ်လွှင့်ရင်း အဝေးပြေးကားကြီးဟာ
ဆာဂုရုကြီးများဆီမှ ကုန်ပစ္စည်းများသယ်ဆောင်လာကြောင်း အဆင့်ဆင့်ပြောကြားစေပါတယ်
သူ့ကိုနားလည်ဖို့ဆိုတာ မလွယ်လှတဲ့ စိတ်ကူးဥာဏ်တွေ လိုင်းတွေ space တွေ စွဲလမ်းမှုတွေ
ယုံမှားသံသယတွေ စိတ်နှင့်ခန္ဓာ စိတ်ကူးစံဝါဒ အမူအရာ ဘာသာစကား သင်္ကေတ ဘာသာစကား
ဤကား ညောင်းညာကိုက်ခဲမှုအတွက် အကောင်းဆုံး ကုသပေးနိုင်သော အခြေအနေ
သူထွက်သွားသော်လည်း အရာရာဆက်လက်စီးမျောလျှက်ရှိကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။



အပိုကဒ်တွေ ဖြတ်ကပ်တွေ ပါဝါတင်ထားတဲ့ မဟာဘားတိုက်လူသားတွေ အဆောင်တွေ
အခန်းတွေ အခန်းတွေ ဖုန်မှုန့်တွေအောက်ကလူသားတွေ ချော်နေတဲ့လမ်းတွေ
နာဂစ်ဆိုတာတွေ ကျောင်းတွေပြန်ဖွင့်ပြီ အေးမိစံ ဆိုတာတွေ
ဟေတီက သန်းပေါင်းများစွာတွေ အလဲလဲ အပြိုပြို အဆောက်အဦးတွေ
အီရတ်တွေ အာဖဂန်တွေ တာလီဘန်တွေ ဆိုမာလီတွေ အကြမ်းဖက်တွေ
ပြန်လည်ထွက်ခွာဖို့ မစဉ်းစားသေးတဲ့ အမေရိကန်တပ်တွေ၊ နေတိုးတွေ
ဖက်ဆစ်တွေ နာဇီတွေ စစ်ဆိုတာတွေ ငြိမ်းချမ်းရေးဆိုတာတွေ အနိုင်ပဲလိုချင်တဲ့လူတွေ
စိတ်ကျန်းမာရေးဆေးရုံမှာ မရှိတဲ့ စိတ်ကျန်းမာရေး လူနာတွေ
မှာတဲ့သားရဲ့ အမေ ဆိုတာတွေ ပိတောက်တွေ စံပယ်တွေ သူငယ်ချင်းသတင်းတွေ
ကဗျာဆိုတာတွေ စကားပြေဆိုတာတွေ ပန်းချီကားတွေ Photo Essay တွေ မဂ္ဂဇင်းတွေ စာအုပ်တွေ
ခေတ်လူငယ်တွေ ငွေတွေ။



လူတွေအရမ်းပြောပြောနေတဲ့ မနီတွေ မနီတွေ
အသစ် အသစ်သော နည်းပညာတွေကြားထဲက အစာငတ်နေတဲ့ ကလေးငယ်တွေ
လူသားစက်ရုပ်တွေပေါ်လာတော့မယ့်အနာဂတ်ထဲက စန္ဒယားဆရာမလေးတွေ
တိုးတက်နေတဲ့ ကမ္ဘာထဲက လေထုညစ်ညမ်းမှုတွေ ဆေးလိမ်ငွေ့တွေ
ဆွေးမြေ့စရာတေးသွားထဲက အပေါ့စားစကားလုံးတွေအောက်မှာ အလွမ်းတွေ
ဆက်လက်နေထိုင်ရန် မဖြစ်သောအခြေအနေမှ သေကြောင်းကြံစည်မှု
ရက်လွန်သောအစားအသောက်များပေါ်တွင် ပျော်ပိုက်၍
နောက်ထပ်မွေးဖွားရန် အသစ်ရှာဖွေသူရွှေပိုးကောင်လေးဖြစ်ကြောင်း သက်သေ။
ဟိုးယခင်အရင်က အဖြစ်အပျက်တွေအကြောင်း စွဲလမ်းစိတ်
ဒီမျက်နှာလေးပေါ်မှာ အားငယ်မှုတွေ ချမ်းတုန်ပြီးဖျားတဲ့အခါ ဆေးရုံပေါ်မှာ
သူဟာ သူမပါတဲ့ ကမ္ဘာလေးဖြစ်ကြောင်း သက်သေအဖြစ် အဆုံးစီရင်သွားကြောင်းပါ
အာဂကဗျာ၊ ဆရာ့ ဆရာကြီးများခင်ဗျား။

မြတ်ဝေ



သက်ဆိုင်သောအရေးအသားများ
၁။ မြန်မာပြည်သား ဝတ္ထု ရန်ကုန်ဘဆွေ
၂။ ကျောင်းတွေပြန်ဖွင့်ပြီ အေးမိစံ ကဗျာ သူရနီ
၃။သူငယ်ချင်းသတင်း ကဗျာ လင်းဆက်နောင်
၎။မှားတဲ့သားရဲ့ အမေ ကဗျာ ခရမ်းသစ်အိမ်
၎။ဂလိုဘယ်ခြင်းပွဲ ဆောင်းပါး ခင်မောင်ဇော်
၅။ ကယ်တင်ရှင် ဆောင်းပါး ရဲကောင်းထက်



သက်ဆိုင်သော ဘာသာစကားများ
၆။စာတမ်းဖတ်ပွဲ(၂၇) နေသာစာကြည့်တိုက်၊ ကလေးမြို့။
၇။သုတရင်ခွင်စာကြည့်တိုက်ဖွင့်ပွဲ ရှားဖိုရွာ၊ ကလေးမြို့နယ်။
နှင့် ပထမအကြိမ် စာပေဟောပြောပွဲ
၈။ကမ္ဘာ့ကဗျာနေ့ အခမ်းအနား မင်္ဂလာဥယျာဉ်ကျောင်းတိုက်၊ ကလေးမြို့။