Thursday, December 31, 2009

ဘီယာခွက်ပေါ်တက်လာတဲ့ မုသားများ

ထောင်ပေါင်းများစွာသော မုသားတွေကိုအမြဲပဲ ကျုးလွန်နေကြရတယ်
လမ်းမပေါ် ကားတွေဖြတ်မောင်းသွားကြတော့
မိန်းမတွေက အဲဒီကားပေါ်မှာ လိုက်ပါသွားကြတယ်
အဲဒီလိုပါပဲ
သစ်ရွက်တွေနဲ့ အမှိုက်များကင်းစင်အောင် တံမြက်လှည်းထားပေမယ့်
နေပူဒဏ်ကြောင့်စိတ်တိုလာကြသလို
သစ်ရွက်တွေက ဘယ်ကမှန်းမသိရောက်လာတက်ကြတယ်
ဘော့စ်ခိုင်းတဲ့အလုပ်ကလည်း မပြီးသေးဘူး
အမေသိပ်မြတ်နိုးတဲ့ ရှေးဟောင်းကြွေခရားလေးလည်း လက်က လွတ်ကျကွဲသွားပြီ
သူငယ်ချင်းနဲ့လည်း တရုတ်တန်းမှာချိန်းထားတယ်
နေ့လယ်စာလည်း မစားရသေးဘူး
စန္ဒရားပြင်ဆရာလည်း ခေါ်ရဦးမယ်
ကောင်မလေးကလည်း မှဲ့ခြောက်တွေ မျက်နှာမှာပေါက်နေလို့ တကျီကျီ
စကားထစ်တဲ့သူတွေက ဘယ်သို့ဘယ်ပုံ ပြောကြတယ်မသိ
တစ်ချို့က ဘီယာခွက်ပေါ်တက်လာတဲ့ အမြှုပ်တွေကို ဖယ်သောက်ကြတယ်
တစ်ချို့လည်း ဒီအတိုင်းသောက်ချလိုက်တာတွေ့တာပဲ။

သူရနီ

Tuesday, December 29, 2009

ထပ်မေးမနေနဲ့တော့ ဒါဟာမေးခွန်းမဟုတ်တာသေချာတယ်။

ဒီနေ့ဟာ ရွေ့လာတယ်
ဒီနေ့ဟာ တဖြည်းဖြည်းလှုပ်လာတယ်၊ရွေ့လာတယ်၊လျော့ကျလာတယ်
တွားသွားပြီး တစ်ရွေ့ရွေ့ ဒီနေ့ဟာ ရွေ့လာတယ်
သေချာပါတယ် ဒီနေ့ဟာ ရှေ့ကိုဆက်ရွေ့လာနေတယ်
ရှေ့ကိုရောက်တာသေချာစေဖို့ ဒီနေ့ဟာရွေ့လာတယ်
တိကျသေချာတဲ့ အဖြေတစ်ခုခုကိုပေးဖို့ ဒီနေ့ဟာ ရွေ့လာတယ်
ချစ်တယ်၊မုန်းတယ် တိကျသေချာစေဖို့ ဒီနေ့ဟာ ရွေ့လာနေတယ်
သွေးကြောထဲ သွေးတွေ စီးလျှက်၊ စမ်းချောင်းထဲ ရေတွေ စီးလျှက်
ခံစားမှုနံရံ တစ်လျှောက်လုံး ဒီနေ့တွေချည်း လိုက်ကပ်နေမိတယ်
သေချာပါတယ် ဒီနေ့ဟာ ရွေ့ရွေ့လာတယ်
နုတ်ခမ်းဖျားလေးကို ဖိကပ် နမ်းရှိုက်ဖို့ ဒီနေ့ဟာ ရှေ့ကိုတိုးလာတယ်
ညနက်တွေထဲ ကြယ်ပွင့်လေးတွေလို တောက်ပဖို့ ဒီနေ့ဟာ ရွေ့လာတယ်
ငွေကြေးစေညွှန်ရာထဲ ကိန်းဂဏာန်းတွေနစ်ဝင်လာစေဖို့ ဒီနေ့ဟာ ရွေ့လာတယ်
ဗေဒင်၊နက္ခတ်၊သိပ္ပံ ပညာရှင်တွေ ဟောကိန်းထုတ်ထားတဲ့ အဖြေကိုသေချာစေဖို့
ဒီနေ့ဟာ တဖြည်းဖြည်းလှုပ်လာတယ်၊ရွေ့လာတယ်၊လျော့ကျလာတယ်
ရေးလက်စ ကဗျာတစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားရအောင်
ဒီနေ့ဟာ တိုးဝင်လာတယ်၊ ရွေ့ရွေ့လာနေတယ်
ဒီကစားနည်းဟာ အန္တရာယ်ရှိကြောင်း တားမြစ်ဖို့ ဒီနေ့ဟာ တိုးဝင်လာတယ်
အမှန်တရားဟာ တစ်ခုထက်မကရှိနိုင်ကြောင်း သတိပေးဖို့ ဒီနေ့ဟာ ရွေ့လာနေတယ်
သေချာပါတယ် ဒီနေ့ဟာ လှုပ်ရှားလာတယ်
နစ်ရှေးရဲ့စကားအတိုင်း
Second-hand thought, Second-hand learning, Second-hand action..;
တစ်ပတ်ရစ် အတွေးအခေါ်အကြောင်းအရာမှန်သမျှ စွန့်ပစ်လိုက်ဖို့
ဒီနေ့ဟာ ရှေ့ကိုရွေ့လာတယ်
ကဗျာ ပုံသဏ္ဍာန်၊အကြောင်းအရာ၊ပင်မရေစီးက ခွဲထွက်ဖို့
ဒီနေ့ဟာ တဖြည်းဖြည်းရွေ့လာတယ်
စကားလုံးတွေကိုနေရာရွေ့ကြည့်ဖို့ ဒီနေ့ဟာ ရှေ့ကိုတိုးလာတယ်
`` ခင်ဗျားလက်ညှိုးထိုးထိုး ပြမနေနဲ့ ကျွန်တော်ဘာမှ မမြင်ရဘူး´´
အငြင်းခံ ၀ါကျတွေ တည်တံ့သေချာဖို့
ဒီနေ့ဟာ ရွေ့လာနေတယ်၊တိုးဝင်လာတယ်၊လျော့ကျလာတယ်
ဟုတ်ပါတယ် ဒီနေ့ဟာ ရွေ့လာနေတယ်
ပကတိ ဟင်းလင်းပြင်အသိတရားကိုတည်ဆောက်ဖို့
ဒီတစ်နေ့ဟာ ရှေ့ကိုရွေ့ရွေ့လာနေတာ အသေအချာ။

အောင်ပိုင်စိုး

Tuesday, December 22, 2009

ညီလေး

တစ်ကိုယ်တော်မီးတောက်ကလေးနဲ့
ဂစ်တာအစုတ်ကလေးကိုထမ်းပြီး အရင်လို
လမ်းလျှောက်ပြန်နေတုန်းပဲလား ညီလေး
လူဟာ လူလို တွေးတာပဲကောင်းတယ်။ လူလိုနေစမ်းပါကွာလို့ ပြောလို့
ကွဲကြေနေရသတဲ့လား ညီလေး
အဲဒီဒဏ်ရာက စွေနေလိုက်တာဟာ အခုထိမတိတ်သေးဘူးလား ညီလေး
အဲဒါဟာ ဒဏ်ရာမဟုတ်ဘဲ နှင်းဆီပွင့်စစ်စစ်တစ်ပွင့်ပါလို့
ငါတို့ ပြန်စဉ်းစားရင် ကောင်းမလား ညီလေး
အသံတစ်သံ ဖြုတ်ချလိုက်ဖို့
ရင်ထဲကဆဲလ်တစ်ခု သေနေတုန်းပဲလား ညီလေး
ညီမလေးတွေချည်း အန်ချနေတဲ့သူငယ်ချင်းကို ရီရီဝေေ၀နဲ့
ဗိုလ်အောင်ဒင်လို တဟဲဟဲလုပ်ပစ်လိုက်ချင်နေသလား ညီလေး
ဒီအထိ ညီညီညာညာလေးစိုက်ခဲ့ပြီးကာမှ
ကွေ့ချလိုက်ချင်သလား ညီလေး
ကွေ့ချပြီးကာမှ လမ်းမပေါ် ပြန်တက်ချင်နေတာလား ညီလေး
မင်းလက်ချောင်းတွေဟာ ငါ့လက်ချောင်းတွေမဟုတ်ဘူး ညီလေး
မင်းစာမျက်နှာတွေဟာ ငါ့စာမျက်နှာတွေနဲ့ မတူဘူး ညီလေး
မင်းစာမျက်နှာတွေကို မင်းဘာသာမင်း ရေးရမှာပါ ညီလေး
မင်းရဲ့  ကဗျာကို မင်းရေးချင်သလိုရေးလို့ရနေတာပဲ ညီလေး
ပညာသင်မယ်၊ စီးပွားရှာမယ်၊ အိမ်ထောင်ပြုမယ်၊ သားသမီးပွားစီးမယ်
သူ့ဆီသိပ်မသွားနဲ့တော့ပေါ့ ညီလေး
လူလို...နဲ့လည်း ကွဲကြေမသွားပါနဲ့ ညီလေး
၁၉၉၀ခုနှစ်တွေတုန်းကပေါ့ကွာ..လို့
ပြန်ပြောဖို့မလိုအပ်ပါဘူး ညီလေး
ခု ၂၀၀၀ ခုနှစ်များ လမ်းပေါ်မှာ
မင်းစီးတဲ့ဖိနပ်နဲ့ ငါစီးတဲ့ဖိနပ်လည်း မတူပါဘူး ညီလေး
မင်းမီးတောက်ဟာ ငါ့မီးတောက်ပါပဲ ညီလေး
မင်းရဲ့  အကွေ့ဟာ ငါ့ရဲ့ အကွေ့ပါ ညီလေး
လက်တွေ့ကျကျဘ၀မှာ လက်တွေကျကျမသွားဖို့ပဲ ညီလေး
မဝေးတော့တဲ့ ကာလတစ်ခုမှာ လက်ဖက်ရည်ဆိုင်လေးအနီးက
အဝေးပြေးလမ်းမကြီးဟာ
ပိုပြီးကျယ်ဝန်းနက်ရှိုင်းလာတော့မှာပါ ညီလေး။ ။

လင်းတည်ဦး

ပိတောက်ပွင့်သစ်မဂ္ဂဇင်း

(ပုသိမ်မြို့မှာနေထိုင်ခင်မင်ခဲ့သော ညီငယ်ကဗျာဆရာ ၀ီရထက်နောင်အား သတိတရခြင်းအားဖြင့် ဒီကဗျာလေးကို ဒီဘလော့လေးပေါ်လွှတ်တင်မိပါတယ်။ ကဗျာဆရာ ကိုလင်းတည်ဦး ကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း။)

Monday, December 21, 2009

ဘိုဟီးမီးယန်းများ

ငယ်တော့ ပိုပြီးမှားလို့ကောင်းတယ်
အင်္ကျီလက်ကိုပင့်တင်
လူမိုက်ကို ဂစ်တာနဲ့ရိုက်ပစ်လိုက်တုန်းက
သူ့သူရဲကောင်းဟာ တော်တီလာဖလက်ရပ်ကွက်ထဲက‘ဒင်နီ’
ဘီယာအမြှုပ်တွေလို သူ့သွေးက ပွက်ပွက်ဆူလို့
ခင်ဗျားအသက်အရွယ်ရောက်ရင်
ခင်ဗျားထက်ပိုကောင်းတဲ့ ပန်းချီကားတွေ ကျွန်တော်ရေးမယ်
စိတ်ထဲက ‘ဂေါ်ဒွင်’ကို ဒီလိုကြိမ်းမိတယ်
ပျော့ညံ့ဖို့ဘယ်ကိစ္စမှ ငါတို့ဆီလာမသန်စွမ်းနဲ့
ငါတို့ခေါင်းထဲ အဆိပ်ပြင်းတဲ့မြွေတွေ အထွေးလိုက်ခွေလို့
ငါတို့ဆီ ဂျင်းဘောင်းဘီ
ငါတို့ဆီ စကေဘာ
ငါတို့ဆီ အရိုးခေါင်းခါးပတ်နဲ့လာခဲ့
‘ဂျွန်ဖောက်(စ်)’ဆိုတဲ့ လူတစ်ယောက်ဟာ
လူငယ်စိတ်နဲ့ မစ္စစ္စပီမြစ်ကြီးကို ဖြတ်ကူးခဲ့တာ ငါပြောပြမယ်
ကိုချောနွယ်ဟာ လူငယ်စိတ်နဲ့ ဖျံဖမ်းသမားကဗျာကို ရေးခဲ့တဲ့အကြောင်း ငါပြောပြမယ်
လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ
ခလုတ်တိုက်မိရင် တိုက်မိတဲ့အုတ်ခဲကို ဆဲထည့်လိုက်မယ်
‘မက်ဒေါနား’လို အမယ်အိုကြီးကို ခေါက်ထားပြီး
‘ဘရစ်တနီစပီးယား’ဆီသွားဖို့လည်း သူတို့ သိတာပဲ
ဒုက္ခ၊ နေရောင်၊ အမှောင်နဲ့ ဂစ်တာကြိုး
ဇွတ်တိုးဝင်လာတဲ့ လောကဓံဆိုလည်း
ခေါင်းရှစ်စိတ်ကွဲသွားဖို့ပဲ ရှိတယ်
သူတို့ဆီမှာ မီးညှိပါ
သူတို့အသံကို ဆုပ်ကိုင်ပါ
သူတို့အရောင်ကို နားစွင့်ပါ
‘အသက်၄၀ကျော်မှ ကဗျာဆရာဗျ’ ဆိုလည်း
လကမ္ဘာဆိုတာ လူညံ့တွေအတွက်
အမြဲနောက်ကျတတ်တဲ့ အိပ်မက်ပဲ
လရောင်ဟာ ကင်းဗတ်စပေါ်မှာထက်
အပြင်မှာပိုပြီး ရွေ့လျားလှပပါတယ်။

(ပိတောက်မြေ မဂ္ဂဇင်း၊ ၂၀၀၃)

(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)
မောင်ဖီလာ

Sunday, December 20, 2009

သစ္စာတရားရဲ့ နာမည်ကို အော်ခေါ်မိတဲ့ စိတ္တဇ

ငါ တစ်ခုခုပြောချင်နေတယ်
ရုတ်တရက် အမှောင်ထဲ ကြောင်နဲ့ပက်ပင်းတိုးတဲ့ကြွက်လို
အဲဒီစိတ်
အထီးကျန် ငါ့အခန်းထဲ လှည့်ပတ်ပြေးလွှား
ငါ ဘာပြောချင်နေမလဲ
ငါ စဉ်းစားတယ်
ဘာမှမရှိခြင်းဟာ ငါ့အတွေးထဲဟင်းလင်း
အဲဒီခဏ ငါ့ကိုယ်ငါ ရုပ်နာမ်အစုံအလင် ဖမ်းဆုပ်မိ
လျှပ်တစ်ပြက် ငါမရှိတော့
ငါဟာ အသံတိတ်နေတဲ့သုည
ငါဟာ ဘ၀တစ်ခုလုံး မှောင်မိုက်နေတဲ့မျက်ကန်း
အာရုံမှာ
ငါ့အနုပညာကို အသက်နှုတ်ယူသွားတဲ့မိန်းမ
နိမိတ်ပုံသင်္ကေတ
ငါချစ်တဲ့စကားလုံးတွေ ငါမမြင်ရတော့
ငါ တစ်ခုခုပြောချင်နေတယ်
အဲဒီစိတ်ဟာ စာရွက်ပေါ်သေဆုံးနေတဲ့ ကဗျာကိုကျောခိုင်း
ငါ့အိပ်မက်ထဲ စကားလုံးတွေနဲ့ တိုးဝင်သွား
ဘာမှမရှိခြင်ဟာ ငါ့အတွေးမှာ ဟင်းလင်းပွင့်လို့
အိပ်မက်ထဲ
ငါ ပျောက်ဆုံးခဲ့တဲ့ နိမိတ်ပုံသင်္ကေတများ
စကားလုံးတွေ စီထားတဲ့ ဓားမြှောင်တစ်လက်
ငါ့အနုပညာကို သတ်သွားတဲ့ မိန်းမရဲ့ သွေးသံရဲရဲ
ရုပ်အလောင်း
ကျိန်စာသီချင်းဆိုနေတဲ့ ငါ့ဝမ်းနည်းမှု
ငါ့မသိစိတ်မှာ ရစ်ခွေနေတဲ့ အဆိပ်ပြင်းမြွေ
အိပ်မက်က လိင်စိတ်ကြွအ၀ါရောင်
အိပ်မက်မှာ
ငါ့ အတိတ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်လို့
ငါထွက်ပြေးတယ်
သစ္စာတရားရဲ့ နာမည်ကို
အသံကုန်အော်ဟစ်ခေါ်ရင်း ငါထွက်ပြေးတယ်
စကားလုံးတွေ
အဓိပ္ပာယ်ကလွဲပြီး ဘာအဓိပ္ပာယ်မှမရှိတဲ့ စကားလုံးတွေ
ငါ့ခံစားမှုကို ရုပ်ပျက်ပြာနှမ်းစေတဲ့ ငါချစ်တဲ့စကားလုံးတွေ
အိပ်မက်အပြင်ရောက်ပေမယ့် ငါ့ပြေးလမ်းကို ပိတ်ဆို့ထားကြ
ဟယ်လို သစ္စာတရား
ငါ တစ်ခုခုပြောချင်နေတယ် ငါ ဘာမှမပြောရသေးဘူး
အဲဒီစိတ်
အထီးကျန် ငါ့အိပ်မက်ထဲ အဓိပ္ပာယ်မဲ့ လှည့်ပတ်ပြေးလွှား
ဘာမှမရှိခြင်းဟာ ငါ့အတွေးမှာ ဟင်းလင်းပွင့်လို့။

(Beauty – ဇွန်၊ ၂၀၀၄)
အောင်ရင်ငြိမ်း

အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသော ကဗျာ၊အနုပညာဆိုင်ရာ ဘလော့လေးနှင့်စပ်လျဉ်း၍

ကျွန်တော်သည် လက်ရှိ အနုပညာလောက(စာပေ ရပ်ဝန်း) တွင် ကဗျာများ ရေးသားနေသော ကဗျာဆရာလေး
တစ်ယောက်ဖြစ်ကြောင်းဝန်ခံလိုပါသည်။
ကဗျာနှင့်ပတ်သက်သော ဘလော့လေးတစ်ခု လုပ်ဖို့ အိပ်မက်မက်နေသည်မှာ ကာလအတန်ကြာခဲ့ပါပြီ။ဒါပေမယ့် လေ့လာသင်ယူဖန်တီးမှုစွမ်းအင်နည်းပါးသော ကျွန်တော်၏ ပင်ကိုယ်ညံ့ဖျင်းမှုကြောင့် စိတ်ကူးများ မကြာခဏ အငွေ့ပျံ
ပျောက်ရှ ပေါင်းများနေလေသည်။
ဒါပေမယ့် ကဗျာ၊ အနုပညာဆိုင်ရာ ဘလော့လေးကို တက်သလောက်မှတ်သလောက်ဖန်းတီးတင်ဆက်နိုင်ခဲ့ပါသည်။

ဤသည်မှာလည်း ကဗျာဆိုင်ရာ အရေးအသားများပုံစံပြောင်းလဲလာမှုများကြောင့်ယနေ့ မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် နေရာမပေးနိုင်သော( ကျွန်တော်တစ်ကိုယ်ရည် စိတ်ခံစားမှုအရ ကြိုက်နှစ်သက်သော) ကဗျာများ၊ အခြား ကဗျာဆရာများ ၏ မဂ္ဂဇင်းစာမျက်နှာများတွင် နေရာမရနိုင်သော ယနေ့ကဗျာများ၊ မဂ္ဂဇင်းစာမျက်နှာများတွင် ပါဝင်မရေးသားသော်လည်း ကဗျာကို ချစ်မြတ်နိုးနေသော ဘလော့ဂါကဗျာဆရာများ၏ ရဲရဲတောက် ကဗျာများကိုကျွန်တော်၏ ကဗျာ(အနုပညာ ဆိုင်ရာ)ဘလော့လေး
အနေဖြင့် တစ်ထောင့်တစ်နေရာမှ ကူညီဖေးမ ပေးနိုင်ခဲ့သည်ဆိုပါလျင် ကျွန်တော် အတွက်ဖန်တီးတင်ဆက်ရကြိုးနပ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။

အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသော ကဗျာ၊အနုပညာဆိုင်ရာ ဘလော့ဖန်တီးသူများ

Thursday, December 17, 2009

နောက်ဆက်တွဲအစွန်းအထင်းများ

သူဟာရူးသွပ်နေသောလူတစ်ယောက်အဖြစ်တိတိကျကျဖော်ညွှန်းသော
ဇာတ်ဝင်ခန်းရဲ့ အခြားတစ်ဖက် သူ့ကမ္ဘာဟာပျက်သုန်းလျက်
သူတပ်မက်သော သူ့ဆံနွယ်များ သူပြန်ဖျက်သိမ်းလိုက်ရတဲ့နေ့
သူဟာ သေဆုံးလျက် တိတိပပ စိတ်နဲ့ကိုယ်ကင်းကွာလျော့ကျလျက်
အိပ်မက်မဟုတ်ခြင်း၊နာကြည်းလွင့်ပျယ်နေခြင်းများ စူးဝင်လျက်
သူ့ခန္ဓာကိုယ်ထဲကနေ သူ့ဝိဥာဉ်ကို ဖဲ့ထုတ်ပစ်လိုက်ရတဲ့ ဒီနေ့ပေါ့
ချွေးစေးတွေတစ်စက်ပြီးတစ်စက် သူဟာအဆက်မပြတ် ရူးသွပ်နေရခြင်း
သူမက်မောသော သူ့ဆံနွယ်များ သူကိုယ်တိုင်ဖျက်သိမ်းလိုက်ရခြင်း
တုန်ယင်ဖိုလှိုက်လို့ သူ့အရေပြားကို ဖောက်ထွက်နေတဲ့ ဆူးများလို သူ့အတ္တ
အလှမွေး ငါးကန်လေးထဲ သူ့မှာကျဉ်းကျပ်ကူးခပ်နေရတာ ဒီဘ၀ ဒီကမ္ဘာ
သူကတော့ပျော်ရွှင်နေသလို အောင်မြင်လိုမှုကို ကြောင်းလေးတစ်ကောင်ပမာ
ယုယ၊ကျွေးမွေး၊ပွတ်သပ်ချော့မြူလို့ သူ့မှာကြေကွဲရ
သူ့ရှည်လျားတဲ့ ဆံနွယ် ဆံသားများ သူ့နှလုံးသားကို ရစ်ပတ်တုပ်နှောင်
သူ့မှာ မွန်းကျပ်၊ပိတ်လှောင်၊အကျဉ်းအကျပ် ကျခံရ
ငြင်းမရတဲ့ ၀ါကျအမှားများ သူ့အပေါ်မိုးစက်များလို တဖွဲဖွဲရွာကျ
ဖဲ့ထုတ်မရတဲ့အမှားများ၊ အစိတ်အပိုင်းများ တစ်စစီ
ပြိုပျက်စ အဆောက်အဦများလို တစ်နေ့နေ့ တရွေ့ရွေ့
ပလက်ဖောင်းပေါ်ဖြတ်လျောက်သွားနေသော မိန်းမလှလေးတွေကို ငေးမောတပ်မက်လို့
မီးညှိလက်စ စီးကရက်ကို ဖိနပ်အောက်ထိုးချေ ကြေမွစေလိုက်တယ်
တစ်ချိန် သူမက်မောသော ဆံနွယ်များကို သူကိုယ်တိုင် ငြင်းပယ်ခဲ့ရ
တစ်ချိန် သူရူးသွပ်ခဲ့သော အနုပညာကို သူကိုယ်တိုင် လမ်းခွဲခဲ့ရ
တစ်ချိန် သူစွဲလန်းခဲ့သော မိန်းကလေးတစ်ယောက်ကို သူကိုယ်တိုင် ကျောခိုင်းခဲ့ရ
သူ့ခန္ဓာကိုယ်ထဲကနေ သူမက်လက်စ အိပ်မက်လေးကို သူကိုယ်တိုင်ဖဲ့ထုတ်ပစ်လိုက်ရ
သူဟာရူးသွပ်နေသော လူတစ်ယောက်အဖြစ် တိတိကျကျ ဖော်ညွှန်းသော
ဇာတ်ဝင်ခန်းရဲ့ အခြားတစ်ဖက် သူ့ကမ္ဘာဟာပျက်သုန်းလျက်။

အောင်ပိုင်စိုး

Tuesday, December 15, 2009

ဘွဲ့နှင်းသဘင်ခန်းမ

သူ့ဆီရောက်အောင်လာခဲ့ပြီးမှ
သူနဲ့ခွဲခွာဖို့ကြိုးစားကြရပြန်တယ်
သံသားတွေ ဓားဖြစ်ဖို့

တင်မင်းထက်

ကိုတင်မင်းထက် ၏ ဘလော့မှ ကူးယူဖော်ပြပါသည်။

တံတားဖြူ

ကြည်နူးခြေရာတွေ တွက်ရေရင်း
နာကြည်းဒဏ်ရာတွေ ဆူညံလာခဲ့
မျက်ရည်နဲ့ဆေးလည်း မဖြူ

တင်မင်းထက်

ကိုတင်မင်းထက် ၏ ဘလော့မှ ကူယူဖော်ပြပါသည်။

လွမ်းစေတီ

တို့ထိခွင့်လည်းမရှိတော့
ဆုပ်ကိုင်ခွင့်လည်းမရှိတော့
မင်းရင်ခုန်သံကိုလုံအောင် ဖုံးပေးပိုင်ခွင့်လည်းမရှိတော့
မင်းလည်းမေ့လျော့လိုက်ရုံ
ပုံပြင်ကိုပုံပြင်အတိုင်းထားလိုက်ရုံ
ဒီလောက်ပဲတို့တတ်နိုင်ခဲ့..။

သူ့ကိုမင်း မချစ်ပဲနဲ့
မင်းကိုသူ ဘာလို့သိမ်းပိုက်ခဲ့တာလည်း
မင်းနဲ့ငါနဲ့ ချစ်ရက်သားနဲ့ ငါတို့ဘာလို့ ဝေးကွာခဲ့တာလည်း
ရာဇ၀င်ခေတ်
ပဒေသရာဇ်တို့ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ္ထုမှာ
ချစ်ရသူတို့ ဇာတ်နာခဲ့ရဖူးပါပြီ။

အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်
အငွေ့အသက်တွေ ကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့အလွမ်းတွေငါပွေ့ရင်း
တောင်ကုန်းလေးပေါ် ငါတက်ခဲ့တယ်။

ညောင်ပင်က
ဓမ္မတေးကိုဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာငိုနေရဲ့
ငါ့နှလုံးသားက လူ့သမိုင်းထဲ လဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကိုပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ငရဲကို..။

မိုဃ်းဇော်

. နိုင်းနိုင်းစနေ ၏ ဘလော့မှ ကူးယူဖော်ပြပါသည်။

အမှိုက်မြစ်

စိမ်းလန်းခြင်းသရဖူနဲ့ အရှင်သခင်ရေစီးကြောင်းများရဲ့နေရာ
ပတ်ကြားအက်နဲ့ အမှိုက်သရိုက်များ အပြည့်အနှက်သောင်ထွန်းလာကြ။

ပလတ်စတစ်ဗူးခွံ၊
ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးဆေးထိုးအပ်၊
မိကျောင်းအရိုးစုနဲ့ ရာဘာဖိနပ်အစုတ်အပြတ်များ၊
ခြောက်သွေ့ခြင်းမြစ်ထဲ တသွင်သွင်စီးဝင်ကြ။

နေကတော့ ထွက်နေကျအတိုင်းထွက်နေတာပဲ
ရာစုများစွာထက် ပိုပူနေရဲ့
လကလည်း သာနေကျအတိုင်း အသာမပျက်
ဒါပေမဲ့ မရွှန်းစို မအေးမြနိုင်ခဲ့ပါ။

ဒီနေရာမှာ တစ်ခါက ပန်းပွင့်သက္ကရာဇ်နဲ့ သန်မာသောမြစ်တစ်စင်းရှိခဲ့ကြောင်း၊
အဲဒီမြစ်ဟာ အသေအချာရွှေထီးဆောင်းခဲ့ကြောင်း၊
ပင်လယ်ဆီကို စိတ်ကူးယာဉ်မဆန်တဲ့ချစ်ခြင်းမေတ္တာတွေ အရောက်ပို့ပေးနိုင်ခဲ့ကြောင်း
ဒီနေ့မှာ သာမန်အရူးတစ်ယောက်ကိုတောင်မှ ဖြောင်းဖြယုံကြည်ခိုင်းလို့ မရတော့ဘူး။

နိုင်မွန်အောင်သွင်

(လရောင်လမ်း ဘလော့မှ ကူးယူဖော်ပြပါသည်။)

အရူးစကား

အရိပ်မှာစိုက်နေတဲ့ဓားကို ဆွဲနှုတ်လိုက်

သွေးဟာ

ပွင့်အားကောင်းတဲ့ စံပယ်တစ်ခင်းလို

အမှောင်မှာလင်းတယ်။

ကိုယ်နဲ့မတည့်တိုင်း ထောင်ထောင်ထချင်တဲ့စိတ်

အဆိပ်မပြင်းနိုင်တော့တဲ့အတူတူ

ကိုယ့်အစွယ်ကိုယ် ချော့မြှူရုံပေါ့။

ဒီလိုတစ်ယောက်တည်း လမ်းလျှောက်တဲ့အခါ

အသက်ဝဝရှူဖို့ရယ်

လမ်းဖြောင့်ဖြောင့်လျှောက်ဖို့ရယ်

အဓိပ္ပာယ်တစ်ခုဆီရောက်အောင်သွားဖို့

မစဉ်းစားတတ်အောင်ဘဲ ဖြစ်ရပါတယ်။

အစီအစဉ်အရ

ပေးစရာရှိတာအကုန်ပေးပြီး

ရစရာတွေ မရသေးတဲ့ဘဝမှာ

မြေပုံကို ဆွဲဆုတ်ပြီးပြန်ခဲ့တယ်

ခြေထောက်မှာ ဒဏ်ရာနဲ့

ကိုယ့်ကံကြမ္မာ အတုကြီးနဲ့။ ။

မင်းစိုးရာ

သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း၊၂၀၀၄

Friday, December 11, 2009

အနီတစ်ခြမ်းအနက်တစ်ခြမ်း/တစ်ခြမ်းအနီတစ်ခြမ်းအနက်

အနီတစ်ခြမ်းအနက်တစ်ခြမ်း/တစ်ခြမ်းအနီတစ်ခြမ်းအနက်


ပြည်လမ်းပေါ် တိုးနေတဲ့သွေးနဲ့ဖိနင်းပစ်ခဲ့တယ်
ယဉ်ကျေးဖို့ခွင့်ပြုမထားတဲ့ လူ့အဖွဲ့အစည်းမှာ သေအောင်အတာလည်းငါ
ဒီမှာ ဒီမှာ ၊ ဒီလို ဒီလိုနဲ့ သွေးအေးခဲ့ပြီ အရူးစိတ်တစ်ဝက်နဲ့လမ်းဖြတ်ကူးခဲ့ပြီ
ကွေ့ဝင်သွားတဲ့အချိုးအကွေ့မှာ အခိုးအငွေ့လိုလွတ်မြောက်ဖို့ ညဉ်းတွားနေတဲ့သူငယ်ချင်းကို တောက်ထုတ်မိမယ်
ပါဒတွေရှည် ၊ ဘဝတွေရှည် ၊ သံသယာကလည်းအပြန်တစ်ရာမကဘဲရှည်
ရချင်နေတဲ့အရသာဆိုတာ ဘယ်သူရခဲ့ဖူးတဲ့အရသာလဲ
စာသားကလျှာယားစရာကောင်းလွန်းလို့ စာသားကိုလျှာဖျားနဲ့တောင်မတို့ရဲ
အခု တစ်ခုခုဖြစ်နေပြီ အခုတစ်ခုခုတော့ ခုနေပြန်ပြီ
ပြင်ထား ဖျက်ထား စီထားတာတွေနဲ့ဆက်ကြည့်တယ် ဟိုးတုန်းကလား မနေ့ကလား မနက်ဖြန်ကလား လာနေတာ
တစ်နေ့ပြီးတစ်နေ့ ရွေ့ ရွေ့ နေတာလည်း တစ်နေ့ပြီးတစ်နေ့ ရွှေ့ ရွှေ့ နေလို့ပါပဲ
ပိုက်ဆံမရှိလို့လား ရည်းစားနဲ့အဆက်အသွယ်မရလို့လား အိမ်လွမ်းလို့လား အလုပ်မှာအဆင်မပြေလို့လား ဒါမှမဟုတ်လား
ရောက်ရောက်နေတာ သစ်ရွက်ခြောက်လေး
လွင့်နေအောင် လွှင့်ထားတယ် ထီးထီးကြီးကျန်လို့ တစ်ယောက်တည်းမနက်ဖြန် တစ်ယောက်တည်းဒီနေ့ တစ်ယောက်တည်းမနေ့က
အိပ်မရပြုမရည ငယ်ငယ်ကလွယ်လွယ်တွေးခဲ့တာတွေလည်းခုလေးလေးတွဲ့တွဲ့ရယ်
မေ့ခဲ့တယ် တစ်မေ့ပြီးတစ်မေ့ ရှိတယ်ဆိုတာတွေ ရှိနေလျှက်နဲ့ ပျောက်ပျောက်သွားတဲ့အရှိတရား
သိတယ်ဆိုတာတွေ သိနေလျှက်နဲ့ လွတ်လွတ်သွားတဲ့အသိတရား
လူဆိုတာ တစ်ခုခုကိုအမြဲမျှော်နေတတ်တဲ့သတ္တဝါမျိုးလား ချန်ခဲ့ရမှာတွေ ကျန်ခဲ့ရမှာတွေ
ဒေါသအစ သံဝေဂအဆုံး ပလက်ဖောင်းဘေးလမ်းလျှောက်ရင်း ကားဘီးကြီးတွေလှလိုက်တာလို့တွေးနေတယ်
ဘာမှမရနိုင်တော့ဘူးလို့ သိနေတော့သလိုလို ဘာမှမမျှော်လင့်တော့တာလည်း ဘာရယ်မဟုတ်
ပိုးမွေးသလိုမွေးတယ် သက်ဆိုးမရှည်တဲ့ပိုးကောင်လေး။ ။


မင်းစိုးရာ
11.12.09( 5:12PM)

Thursday, December 10, 2009

ချူးချူးကိုချစ်ဖို့အရေး

အိဖြူကို ဘယ်သွားထားမလဲ၊ လှည့်ဖျားလိမ်ညာထားလို့ရသည်ထားဦး
ချူးချူးကို ဖွင့်ပြောရဲပြီလား၊ ညီမလေးလိုချစ်ကြောင်းပြောပြီးပြီ၊ နှုတ်ခမ်းနီမလေးအကြိုက်တွေ
အများကြီးပြောပြီးပြီ၊ ယောင်္ကျားဘက်ကမာယာတွေလည်းကုန်သလောက်ရှိသွားပြီ၊ ရိုးရှာတယ်ပြောမလား
လည်လွန်းအားကြီးတယ်ဆိုမလား၊ ဟုတ်ကဲ့ ဟုတ်ကဲ့ပါနဲ့ အင်းနဲ့ အဲပဲလုပ်တယ်၊ အဲဒါက
လူကိုဆယ်ကျော်သက်လို ပြန်ရူးစေတယ်၊ ရှေ့ဆက်မတက်ရဲတဲ့ အကြောင်းအရင်းတွေထဲမှာ
ဒီမြို့အနေအထားမှာ လုပ်ငန်းရှင်အကြီးကြီးမဟုတ်တောင် လူငယ်ဓနရှင်လောက်မှ မဟုတ်ရင်
ယောင်္ကျားတစ်ယောက်ကိုချစ်ခင်တယ်ဆိုတာ ချယ်တီထဲမှာပဲဖြစ်မှာ၊ ဂျီတွဒ်ထဲက စကားလုံးတွေအပေါ်မှာ
သာယာမလို့လား အယ်လ်ပီကဗျာဆရာ၊ ဟားဟား၊ ငါငိုချင်လာတယ်၊ ငါ့ဇာတ်လမ်းကလည်းကွာ
ပဒေသရာဇ်ခေတ်ကမတက်သေးပါလား မိုက်ရိုင်းရိုးစင်းလှချည်လား၊ ငါသိပြီ၊ ငါ့လုံးချင်းကဗျာစာအုပ်နှစ်အုပ်က
ကုတ်နဲ့ဘာဂါတစ်တွဲလောက် သူမ ဟာ့တ်ကို မထိရောက်စေတာ အံ့ဖွယ်သုတ ငါသိရပြီ၊ ဒီနေ့ချစ်တယ်ပြောပြီးရင်
မနက်ဖြန်ရရာအလုပ်ဝင်လုပ်ပေတော့၊ ဂိုဂဲလ်က ငါ့နာမည်ကိုသိနေတာအသာထား၊ စာအုပ်ပေါ်ပုံနှိပ်ဖေါ်ပြပြီးရင်
အီးဘွတ်ဘလော့တွေပေါ်ရောက်ပြီးသားဖြစ်နေတဲ့ ငါ့အောင်မြင်မှုတွေ ခဏဘေးချိပ်ထား၊ ငါ့လုပ်ငန်းအတွေ့အကြုံကို
မေးနေတာ ငါ့အရည်အချင်းကိုသိချင်နေတာ ငါ့ရာထူးအဆင့်အတန်းကို စိတ်ဝင်စားနေတာ၊ ဘာတဲ့
လက်ရှိအလုပ်အကိုင်ရှိမရှိသိချင်တာ ဟုတ်လား၊ ဟားဟား ရတာပေါ့၊ သိပ်ရတာပေါ့၊ ဘယ်ကုမ္ပဏီမှာ လစာဘယ်လောက်နဲ့
ဘလာဘလာဘလာပေါ့၊ ဖုတ်ပူမီးတိုက် မျက်နှာလေး လေးငါးထောင်ဖိုးပြေးသစ်၊ ဒိုက်အကြိမ်လေးဆယ်လောက်ကောက်ထိုး၊ (ခပ်ပေါ့ပေါ့ပေါ့ပ်မြူးမြူးမြူးဇစ်ဆောင်းဘောက်နဲ့ဖွင့်မုဒ်သွင်းထား)
ရေမိုးချိုး မီးကြွေအိုးထိုးပြီး ဈေးလည်းကြီးသစ်လည်းသစ်မှတော့ ဆွဲဆောင်မှုမရှိမှာ စိတ်ပူစရာမလိုတဲ့
ရှိစုမဲ့စုအ၀တ်တစ်စုံကောက်ဆင်ပြီး တမင်တကာအကွက်ချကြံစည်ပြီး တိုက်တိုက်ဆိုင်ဆိုင်အင်တာနက်ဆိုင်လာချိန်
မျက်နှာချင်းဆိုင် တွေ့ကြသလိုလိုဘာလိုလို “ဟယ်” “ဟာ” မာယာသုံးနှုတ်ဆက်၊ သူပြုံးပြီဆို ကိုယ့်ဖက်
၇၀ရာခိုင်နှုန်းပဲ၊ ဆိုင်ထဲအတူတူဝင် နံရံကာတစ်ချပ်ခြား ရှေ့မျက်နှာနောက်ထားပြီး “ဟိုင်း နေကောင်းလား”ကပဲ
စကြတာပေါ့၊ “နင့်နဲ့တွေ့ရတိုင်း ငါကြည်နူး(သို့)ပျော်ရွင်(သို့)ကျေနပ်တယ်ဟာ”က မပါမပြီး၊ “ပြန်ဦးမယ်နော် ”
“အိမ်မှာလုပ်စရာလေးရှိသေးလို့ ဂွဒ်နိုက်နော်”နဲ့ အဆုံးသတ်ပေါ့၊ သိပ်ရတာပေါ့၊ ဟားဟား၊ ‘ဒါပေမယ့် ဒါပေမယ့်
သိပ်မရယ်နိုင်၊ အရင်းအနှီးကြီးသလောက် လိုရင်းမှမရောက်ဘဲ၊ အိမ်ရောက်တော့ မင်းသားခေါင်းစွပ်ကြီးချွတ်ပြီး
ဦးကျောက်လုံးတစ်ယောက် ကြည်ကြည်ဌေးလိုကြွေတာပေါ့၊ အိဖြူ ! မင်းလောက်ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး၊
သခင့်ဆီ အပြေးပြန်လာပြီ အချစ်ကလေးဆီ။ ။

မောင်ယုပိုင်
၂၀၀၉ခုနှစ် နိုဝင်ဘာလ။

တောကျောင်းဆရာ ဘလော့မှ ကူးယူဖော်ပြပါသည်။

ဓာတ်တိုင်မှာကပ်ထားတဲ့ ကြောင်ပျောက်ကြော်ငြာ

ငါ့ကလောင်နာမည်ဟာ ငါ့ဇာတ်ကောင်
ငါ့ကဗျာထဲမှာ ငါ့ဘ၀ဟာ နေရာအနှံ့အပြား
သေးသေးတင်လေးတစ်လုံးအစမှာ
ငါ့ဘ၀ကို တွေ့ရမယ် ငါ့ဇာတ်ကောင်ကထမ်းပေးတယ်
ဒါပေမဲ့ ငါဟာထူးခြား
ဝါကျတစ်ကြောင်းကို တည်ဆောက်နေတာ
မဟုတ်ပါလား အများသူငါလိုပါပဲ
အရာရာနဲ့ကင်းကွာခြင်းဟာ ငါ့ကိုအင်အားတစ်ခုပေးလာတယ်
ငါ့ဇာတ်ကောင်ဟာလည်း သူ့ဟာကွက်နဲ့ ငါ့ကိုပြန်ပြီးတိုင်းထွာတယ်
တိကျသေချာတဲ့ အဆိုအမိန့်တွေပါပဲလားလို့ ပြောရလောက်အောင် ဘ၀တွေ
ဒီထဲမှာ ငါ့ကြောင်လေး တွေ့မိသလား
”တကယ့်ဘ၀အတွေ့အကြုံ” ပေါ်မှာ သီအိုရီအစင်းတွေနဲ့
”ကဗျာရေ၊ ကဗျာ၊ ကဗျာ” လို့ ခေါ်လိုက်ရင် သူရောက်လာမလား
စကားလုံးနဲ့ပေါက်လည်း နာတတ်ကြတယ်မဟုတ်လား
ငါ့ဘ၀ရဲ့ အဓိပ္ပာယ်ထဲမှာ မပါရှိတာဟာလည်း ငါ့အစိတ်အပိုင်း
အဲဒါ သူ့မှာရှိတယ်လို့ ငါ့ဇာတ်ကောင်က ပြောလာတယ်
ငါ့ဇာတ်ကောင်က ပြောလာတယ်
သူ့မှာ သူထွင်ထားတဲ့ အခြားဇာတ်ကောင်တွေ ရှိသေးသတဲ့
ဇာတ်ကောင်တစ်ကောင်ဟာ (အလိုလေး) ငါပဲတဲ့
ငါဟာ သူ့ဇာတ်ကောင်တစ်ကောင်မွေးထားတဲ့ ကြောင်လေးတဲ့
သူ့အရှိတရားအစွန်းအစပ်မှာ ငါ့ကို ဘေးမဲ့ပေးထားတာတဲ့
အသိတရားရဲ့ အရွယ်အစားအတိုင်းအတာ
ရှိကြရတဲ့ အရှိတရားတွေထဲမှာ
ပြန်ပြောပြတတ်သမျှ ပုံတွေဟာ …
သူ့အသိတရားထက် ကြီးထွားသွားတဲ့ အရှိတရားကြီးထဲမှာ
သူ နေလို့ထိုင်လို့တတ်ပါစ အထားအသိုပြေပါစ
မိုးမည်းကြီးတွေအောက်မှာ မိုးခိုစရာလေးရှိပါစ
မရှိတာတွေထဲက မရှိခြင်းတစ်ခုဟာ
ငါ့သိမှုအစွန်းအစပ်မှာ လာပွတ်သပ်နေတယ်
စာလုံးတစ်လုံးနဲ့တစ်လုံးကြား ကွက်လပ်တွေဟာလည်း
ငါ့ဘ၀ရဲ့ သမ္ဗန္ဓတွေ (သင့်ရဲ့ဆိုလည်း ဟုတ်ပါတယ်)
အဲဒီထဲမှာ ကျွန်တော့်ကြောင်လေး တွေ့မိပါရဲ့လား။ ။

ဇေယျာလင်း
၃၀-ဇူလိုင်-၀၈

AD 1965 ကပေါ်တဲ့ တစ္ဆေမီးရထားစက်ခေါင်း

ကျွန်တော်ဟာ မီးခိုးတအူအူထွက်နေတဲ့ မီးရထားပေါ်
ခုန်တက်လိုက်ပြီးမှ
ထိုင်ခုံအမှတ်က “၀” ဖြစ်နေတဲ့လူ။
ကိုယ်သွားရမယ့်မြို့ကို မေ့ကျန်ရစ်တဲ့လူ။
ကိုယ့်ရဲ့ ဘိုင်အိုဂရပ်ဖီကို မေ့ကျန်ရစ်တဲ့လူ။
ကျွန်တော့်မှာ လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်
ကလွဲပြီး တစ်ခြားဘာမှ ပါမလာခဲ့ဘူး။
ဒါပေမဲ့ မီးရထားက ထွက်ခဲ့ပြီ။
အဲဒီမီးရထားကလည်း
ကျွန်တော်စီးမယ့်မီးရထား ဟုတ်မဟုတ် သံသယ
ဖြစ်လာမိ။
မီးရထားက သူ့အမည်ကိုအော်ပြီး ထွက်ခဲ့ပြီ။
မီးရထားမောင်းသမားဟာ သေနတ်တစ်လက်ကို တိုက်ချွတ်နေပြီး
မီးရထားစီးသမားအချို့ဟာ ဖဲကစားနေကြတယ်။
ကျွန်တော်ဟာ ကုတ်အင်္ကျီနဲ့ ဦးထုပ်ဆောင်းထားတဲ့
သူတို့ကို၊ နောက်ကျောဘက်ကပဲ မြင်နေရ။
ကျွန်တော့် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့
ကျွန်တော်ထွက်လာတဲ့အချိန်မှာပဲ ရပ်တန့်လို့။
မီးရထားကကော …
မီးရထားအပြင်ဘက်မှာ မီးရထားကလွဲ ဘာမှမရှိပါလား
ကောင်းကင်၊ မြေပြင်၊ ရှုခင်းမြို့၊ ဘူတာရုံ
ရာသီဥတု ဘာတစ်ခုမှ မရှိပါလား။
ဘုရားသခင်… ဒီမီးရထားကြီးမှာ
အချိန်၊ နေရာဆိုတဲ့ သတ်မှတ်ချက်ကြီးတောင်
မရှိတော့ဘူးလား
ဒါတွေတစ်ခုမှမရှိဘဲ ဒီမီးရထားကြီးက သွားနေတယ်
လို့ကော ပြောနိုင်ပါ့မလား။
မီးရထားကိုယ်တိုင်က ဒီခြောက်ကပ်ကပ်ကမ္ဘာကြီးထဲက
လွတ်မြောက်ဖို့ အော်ဟစ်ရုန်းထွက်နေပုံ။
ဒါပေမဲ့ မီးရထားမောင်းသမားက သေနတ်ကို
အေးတိအေးစက် တိုက်ချွတ်နေဆဲ။
မီးရထားကို ထပ်လေ့လာလိုက်တော့
ဘုရားရေ… အတွဲတွေလည်း တစ်ခုမှပါမလာခဲ့။
လတ်စသတ်တော့ ကျွန်တော်ဟာ မီးရထားယောင်ဆောင်ထားတဲ့
မီးရထားစက်ခေါင်းကြီးတစ်ခုရဲ့ လှည့်ဖြားမှုကို ခံလိုက်ရသူ။
ကျွန်တော်ဟာ အရေးတကြီးလေသံနဲ့
“ကျွန်တော်တို့ စက်ခေါင်းကြီးတစ်ခုထဲ ထွက်လာမိပြီဗျ”
လို့ အော်ပြောပေမဲ့
မီးရထားမောင်းသမားက
သေနတ်ကိုပ တိုက်ချွတ်နေဆဲ
မီးရထားစီးသမားများကလည်း ဖဲကစားနေဆဲ။
သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒါတွေလုပ်နေကြတယ်ဆိုတာ
ကျွန်တော် တွေးလို့မရဘူး။
ကျွန်တော့်အတွက် မီးရထားအပြင်ဘက်က
သတ်မှတ်ချက်မဲ့ ခြောက်ကပ်ကပ်ကမ္ဘာကြီးထဲ
ခုန်ချလိုက်ဖို့ကလည်း မဖြစ်နိုင်ဘူး။
ဒါကြောင့် ကျွန်တော်ဟာ ဒီစက်ခေါင်းကြီးကိုပဲ
သေသေချာချာ ပြန်လေ့လာမိခဲ့။
ကျွန်တော် ဘုရားသခင်ကို နောက်တစ်ကြိမ်တလိုက်မိတာ
ဖဲဝိုင်းကြောင့်ပဲ။
ဖဲဝိုင်းဟာ နှစ်ယောက်တစ်ပွဲ ကစားရပြီး
နိုင်တဲ့လူက ရှုံးတဲ့လူကိုစားပစ်လိုက်တဲ့ စနစ်ကြီးပါလား။
ဖဲဝိုင်းမှာ တစ်ယောက်ထဲကျန်တဲ့လူဟာ
ဖဲထုပ်ကြီးကိုင်ပြီး ကျွန်တော့်ကိုလှည့်ကြည့်လိုက်တော့
ဝံပုလွေမျက်နှာကြီး။
ကျွန်တော်ဟာ သူကမ်းပေးတဲ့ နောက်ဖဲတစ်ချပ်ကို ယူဖို့ငြင်းဆန်နေဆဲမှာ
မီးရထားမောင်းသမားကလည်း သူ့သေနတ်ကြီးနဲ့
ကျွန်တော့်ကို ချိန်လိုက်တယ်၊ “၀ံပုလွေ”။
ဒီလိုပါ
ဘ၀ဆိုတာ ကောက်ကျစ်တဲ့မီးရထားစက်ခေါင်းကြီးထဲ
ဉာဏ်များတဲ့ ဖဲသမားနဲ့
လက်ဖြောင့်တဲ့ သေနတ်သမားကြား
ရောက်ရှိနေရတဲ့ အခြေအနေတစ်ရပ်ပဲ မဟုတ်လားမိတ်ဆွေ ။ ။

◄ ပိုင် ►
စတိုင်သစ်၊ ဒီဇင်ဘာ၊ ၂၀၀၄

Tuesday, December 8, 2009

ကမ်းခြေည

လှိုင်းခေါင်းဖြူဖြူတွေ

မဟူရာထဲ

မြွေဆိုးတွေလို

ကမ်းခြေပေါ် အလျားလိုက်ပြေးပြေးတက်

စိတ်ဓာတ်မပြည့်စုံသူရဲ့  ညချမ်းမှာ

ပင်လယ်ဟာ ကြောက်စရာမမြင်မစမ်း

အကန်းတစ်ယောက်လို

ရေနက်ထဲ ဆင်းဆင်းသေမိတယ်။ ။



မင်းစိုးရာ

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊၂၀၀၆

Thursday, December 3, 2009

ပြန်လည်ရောက်ရှိမလာနိုင်တော့သော…..

ညနေက ကမ္ဘာတစ်ဖက်ဆီသို့ ထွက်ခွါတော့မည်။ အဝေးမှ ပဲ့တင်ပြန်လာသော အလွမ်းများသည် ရင်ကို လာထိမှန်သောအခါ ပွင့်ဖတ်ပွင့်ချပ်တွေအဖြစ် တစ်လွှာချင်းပဲ့ကြွေကျလို့လာသည်။ ငှက်တွေ အိပ်တန်းပြန်ကြတော့မှာလား။ ပြန်စရာအိမ်မရှိသော တိမ်စိုင်အစအနတွေကရော ဘယ်ဆီဘယ်ပုံ ခရီးဆက်ကြဦးမည်လဲ။ စိတ်မှတ်မဲ့စွာ ကောင်းကင်ကို မော့ကြည့်မိတော့ တမ်းတစိတ်က မီးတောက်မီးလျှံလို ရင်ကို ပူပြင်းစွာ လာဟပ်လေသည်။ အတူတူပျော်ရွှင်ခဲ့ဘူးသော နေ့စွဲများ၊ တစ်ယောက်ဒဏ်ရာကို တစ်ယောက် သွေးတိတ်နှစ်သိမ့်ခဲ့သော နေ့စွဲများ၊ မြစ်ကို ဖြတ်တိုက်လာသော လေပြည်နုနု၊ ညနေနေရောင်၊ ဟိုတစ်ပွင့်သည်တစ်ပွင့် လင်းလာသော နီယွန်မီးများ ၊ ပြီးတော့ အတူတူဖြတ်သန်းခဲ့သော မြို့ ပြရဲ့ လမ်းမများ ။ တစ်ချိန်တုန်းကတော့ လမ်းဘေးကဖေးဆိုင်အိုအိုလေးထဲက ညနေသည် အချစ်ဖွဲ့ကဗျာတစ်ပုဒ်လို နူးညံ့သိမ်မွေ့စွာ လှပလို့နေခဲ့သည်။ အခု…အခုကျတော့ရော။ အာရုံက ရုတ်ချည်းမွန်းကျပ်လာတော့ စိတ်မှတ်မဲ့စွာ လက်က စီးကရက်ဘူးဆီလှမ်းမိပြန်သည်။ ပြီးတော့ ဘဝဆိုတာ အခိုးအငွေ့ဆန်ဆန်ပဲ ဆိုတာကိုလည်း ဖျတ်ကနဲ သတိထားမိပြန်သည်။ တကယ်တော့ မနက်ဖြန်ဆိုတာ မရေရာသော တံခါးတစ်ချပ်သာဖြစ်ပြီး ဘဝဆိုတာကလည်း မသေချာမရေရာမှုတွေနဲ့ မွန်းကျပ်လေးလံနေရတဲ့ အစိုင်အခဲတစ်ခုပဲမဟုတ်လား။


စီးကရက်မီးခိုးငွေ့တွေက လေမှာ ယိမ်းနွဲ့လွင့်ဖြာလို့နေသည်။ တစ်နေ့တစ်နေ့ ဒီလိုပဲ အဓိပ္ပါယ်မဲ့စွာ ရှူရှိုက်နေရတဲ့ ဆေးလိပ်ငွေ့တွေအကြောင်းဆီ စိတ်ရောက်သွားမိပြန်သည်။ တစ်လိပ်ပြီး တစ်လိပ် မီးကူးဖွာရှိုက်နေခဲ့သော မီးခိုးငွေ့တွေကြားမှာ ဘဝထဲက အရာရာသည်လည်း ဝေဝါးလို့နေခဲ့သည်။ ယုတ်စွအဆုံး လျှောက်နေတဲ့ ဘဝရဲ့ လမ်းတွေကအစပေါ့….။ ဒီလိုနဲ့ပဲ အသက် တွေ တစ်ရက်ပြီးတစ်ရက်ကြီးလာခဲ့သည်။ ဒီလိုနဲ့ပဲ ဘဝရဲ့ လမ်းတွေ တဖြည်းဖြည်း ကွေ့ကောက်ကြမ်းတမ်းလာခဲ့သည်။ ဒီလိုနဲ့ပဲ လူမှုဆက်ဆံရေးတွေမှာ တသီးတခြား ငေါထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ရဲ့ ကြည့်တဲ့အကြည့်တွေကို၌က သူစိမ်းဆန်ဆန်။ သူစိမ်းသက်သက်။ အရာရာသည် အစကတည်းက စနစ်တကျ မှားယွင်းနေခဲ့ကြောင်း အချိန်တွေအတော်ကြာမှ သိရှိခဲ့ရသည်ပဲ။


အဝေးဆီကို လှမ်းမျှော်ကြည့်လိုက်ရင် မပီဝိုးဝါး မှုန်ပြာပြာရီသော ညနေမြူခိုးပြာပြာတွေကို ငေးရီလှမ်းမြင်နေရသည်။ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးဆိုချင်သည်။ နံရံကို ကျောမှီပြီး ခဏဖြစ်ဖြစ် ငြိမ်သက်နေချင်သည်။ ဘယ်သူနဲ့မှလည်းစကားမပြောဘဲ တံခါးတွေအားလုံးပိတ်ပြီး အခန်းရဲ့ ထောင့်ကျဉ်းကျဉ်းတစ်ခုထဲမှာ ထိုင်နေချင်သည်။ မတွေးချင်သော ဘဝ၏အကြောင်းများကို တွေးမိပြန်တော့ ဘဝထဲက အရာရာသည် ခါးသီးလေးလံစွာ အာရုံပေါ် ပြိုပိကျလာပြန်သည်။ ဘယ်သူ့အပေါ်မှာမှ တာဝန်မကျေခဲ့သော လူငယ်တစ်ယောက်၏ စိတ်ပျက်အားငယ်မှုများသည် ညနေရီဆည်းဆာတွင် တိမ်စိုင်တိမ်လိပ်များလို ခါးသီးတောက်ပနေခဲ့လေသည်။


အိပ်တန်းပြန်ငှက်တွေနှင့် ညနေသည် ကြည့်နေရင်းကပင် တဖြည်းဖြည်း ရင့်အိုဟောင်းနွမ်းလာသည်။ တစ်စတစ်စနှင့် အဖြူအမည်းရုပ်ရှင်ပိုဆန်လာလေသည်။ အမှောင်ရိပ်ရိပ်နောက်ခံတွင် ရွေ့ လျားနေသော ကားများ၊ လူများ နှင့်အရာရာသည် အာရုံတွင် လေဟာနယ်တစ်ခုနှယ် ပကတိအတိုင်း ပွင့်ထွက်နေသည်။ ခေတ်ပေါ်အာရုံခံစားမှု တစ်စုံတစ်ရာမပါဝင်သော ပန်းချီကားတစ်ချပ်လို အရာရာသည် အသက်ဓာတ်ကင်းမဲ့လို့ နေသည်။ လေပြေတစ်ချက်ဝေ့ကနဲတိုက်ခတ်လာသောအခါ ဆံပင်တွေ လွင့်ဖွာသွားပြန်သည်။ ဖြစ်နိုင်ရင် အမှိုက်တစ်စလို လေနှင်ရာဆီသို့သာ လွင့်ပါသွားချင်သည်။ ဖြစ်နိုင်ရင် သစ်ကြွေရွက်တွေလိုမျိုး ခြောက်သယောင်းနေတဲ့ မြေပြင်ကို ရင်ဘတ်နဲ့ ပွတ်တိုက်ပြီး ဟိုးအဝေးဆုံးအထိ ပြေးလွှားသွားလိုက်ချင်သည်။ ဖြစ်နိုင်ရင် အရာရာကို အပြီးအပိုင် မေ့လျော့ပစ်လိုက်ချင်သည်။ ဖြစ်နိုင်ရင် ….ဖြစ်နိုင်ရင်….။


ဒီလိုအချိန်ဆိုလျှင် မြစ်ပြင်ပေါ်မှာ ညနေသည် အနီရောင်ခပ်များများအလင်းစတွေနှင့် အရင်အခါများလိုပင် ရှိနေလိမ့်ဦးမည် ထင်သည်။ ညနေနေရောင်သဲ့သဲ့အောက်မှာ လှေသမ္ဗန်တွေ ၊ စက်တပ်လှေငယ်အသေးစားများသည်လည်း ရည်ရွယ်ရာဆီ ဦးတည်ခုတ်မောင်းနေကြဦးမည်။ မြစ်၏ ဆည်းလည်းလေပြည်သည်လည်း ညင်းညင်းသွဲ့သွဲ့ လွင့်ခတ်နေလိမ့်ဦးမည်။ မြစ်၏ ဟိုးတစ်ဖက်ကမ်းဆီမှာလည်း သစ်မြစိမ်းရိပ်တို့က ယိမ်းနွဲ့လှုပ်ရှားနေကြဦးမည်။ အရာရာဟာ အရင်အတိုင်း မပြောင်းမလဲပဲ ရှိလိမ့်ဦးမည်ဟု စိတ်ကယုံကြည်သည်။ ဒါဆို…. သူမ….သူမတစ်ယောက်ကရော။ တစ်ခဏအတွင်းမှာပင် ရင်သည် လှိုက်ကနဲ ခုန်လှုပ်သွားသည်။ လစ်ဟာဆုံးရှုံးမှုသည် အမည်နာမ ဖော်ပြရန်ခက်ခဲသော ဝေဒနာတစ်ခုလို။ သွေးစိမ်းရှင်ရှင် ပွင့်အံကျလာသော အနာဟောင်းတစ်ခုလို။ မျက်ဝန်းအစုံကို မှိတ်ထားသော်လည်း အတိတ်က ဘယ်သောအခါမှ အပြီးသတ်သွားမှာ မဟုတ်သည့် အခန်းဆက်ပြဇာတ်တစ်ပုဒ်လို အာရုံမှာ ထင်ဟပ်လာလေသည်။ စို့တက်လာသော မျက်ရည်စတို့ကို တစ်ပါးသောသူတို့ မမြင်ဖို့ရာ မျက်တောင်ကို တစ်ဖျတ်ဖျတ်ခတ်မိသည်။ အတန်ငယ်ညောင်းညာနေသော ကိုယ်ကာယကို အနေအထားအနည်းငယ်ပြင်မိသည်။ လက်ဖက်ရည်ဆိုင်က ဖွင့်ထားသော သီချင်းတစ်ပိုင်းတစ်စကို လိုက်ဆိုမိတော့ အာရုံက နည်းနည်းတော့ပေါ့ပါးသွားပြန်သည်။ လက်ထဲက ကုန်ခါနီးစီးကရက်တိုကို ခပ်ပြင်းပြင်း တောက်ထုတ်ပစ်လိုက်သည်။ သွားစမ်းပါကွာ…ချစ်ခြင်းမေတ္တာကိုလည်း လက်ထဲက စီးကရက်တိုလို ခပ်ပြင်းပြင်းတောက်ထုတ်လိုက်…ပြီးတော့ ခွေးမတစ်ကောင်လောက်မှ သစ္စာမရှိတဲ့ မိန်းမတစ်ယောက်ကိုလည်း ဘဝထဲက၊ အာရုံခံစားမှုနံရံ လေးဖက်လေးတန်ထဲက ခပ်ပြင်းပြင်းသာ ကန်ထုတ်ပစ်လိုက်….ဒါဆိုရင် ဘယ်လိုနေမလဲ။


တကယ်တမ်း ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်တဲ့အခါတိုင်း ဘဝမှာ ခံနိုင်ရည်တော်တော်လေးကို နည်းပါးခဲ့သည်။ ချစ်ခြင်းမေတ္တာကို ဦးဆွေးဆံမြည့်စောင့်သိရိုသေခဲ့သော နေ့စွဲများသည် သစ္စာမဲ့မှုလက်အစုံဖြင့် မမျှော်လင့်စွာ ဖြတ်ရိုက်ခံခဲ့ရသောအခါ ကစဉ့်ကလျား လဲပြိုလွင့်စင်ကျခဲ့ရလေသည်။ အဲဒီတုန်းက ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာတွေမှာ ဘယ်တော့မှ ခြောက်သွေ့ သွားမှာ မဟုတ်တော့သော မျက်ရည်စတချို့ ရှိနေခဲ့သည်။ အဲဒီတုန်းက သစ္စာတရားရဲ့ လက်ဖျံမှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်သော သူမရဲ့ အမည်နာမလေးရှိနေခဲ့သည်။ သံသရာအဆက်ဆက် ဘယ်လိုဝဋ်ကြွေးမျိုးနဲ့မှ ပေးဆပ်ငြိမ်းသတ်လို့ မရနိုင်တော့သော ပရိဒေဝမီးလျှံတို့သည် ရင်တစ်ခုလုံးမဆန့်အောင် လောင်ကျွမ်းလို့နေခဲ့သည်။ ရည်စူး၍ ရေးခဲ့ဘူးသော ကဗျာစာသားတို့သည် အာရုံခံစားမှု မှန်နံရံများကို ဆပ်ပြာပူပေါင်းတွေလို တစ်ခြွမ်းခြွမ်း ယိမ်းယိုင်ပြိုကွဲသွားစေခဲ့သည်။ မျှော်လင့်တမ်းမက်ခဲ့သော အိပ်မက်တို့သည် အိပ်စက်မပျော်နိုင် ရှည်လျားသော ညများ၏ အကြေးခွံတို့ကို ဖောက်ပြီး ချော်ရည်ပူတွေလို ယိုစီးစိမ့်ကျလာခဲ့သည်။ ထားလိုက်၊ ထားလိုက်စမ်းပါကွာ။ အတိတ်ဆီမှာ ပိတ်မိနေသော မသိစိတ်သည် ကျားနာတစ်ကောင်လို ရုန်းရင်းဆန်ခတ် ဖြစ်လျက်ရှိသည်။ စိတ်အာရုံတစ်ခုလုံး ကိုင်ရိုက်ခံထားရသလို နာကျင်နေသည်။ ရုတ်တရက် အာရုံအဆက်အစပ်က ရေးလက်စ ကဗျာစာသားတွေဆီ ဖျတ်ကနဲ ရောက်ရှိသွားပြန်သည်။ ညနေ၏ မျက်လုံးအသေတွေဆီ ငေးရီရင်း သွေးသားတစ်ခုလုံး ဆူပွက်ပူလောင်လာပြန်သည်။ ဘယ်လိုစာသားတစ်စုံတစ်ရာနှင့်မှ အဓိပ္ပါယ်ဖော်ပြရန် မလွယ်ကူသော အထီးကျန်စိတ်ကို အခြားသောတစ်ဖက်မှနေ၍ ပြန်မြင်တွေ့နေရသည်။ ပြီးတော့ ကဗျာတစ်ပုဒ်ထဲက ထစ်အနေသော စာသားတစ်ကြောင်းလို စိတ်ဓာတ်ဖြင့် အရာရာကို အားတင်းရင်ဆိုင်မိပြန်သည်။ ဒီလိုနဲ့ပဲ…။


နေဝင်တော့မည်။ ဆည်းဆာရဲ့ ခြေသံသဲ့သဲ့က အမှောင်မှာ ပိုကျယ်လာသလို ခံစားရသည်။ လေပြည်က ပိုပြီးတော့အေးစက်လာသည်။ ပတ်ဝန်းကျင်က ပိုပြီး သူစိမ်းဆန်လာသည်။ အမှောင်မှာ မမြင်နိုင်သောအမှောင်တွေ ရောထွေးနေသည်။ မမြင်ရသော လမ်းတွေက ကြမ်းတမ်းမှုတွေနှင့် ရောပြွန်းရှုပ်ထွေးနေသည်။ အမှောင်မှာ ပြာနှမ်းနေသောဝေဒနာသည် မမြင်ရသော နံရံတွေကို ရိုက်ခတ်ပြီး ပဲ့တင်ထပ်နေလေသည်။ ။

ဘုန်းနေသွန်း

၅၊ နိုဝင်ဘာ၊ ၂၀၀၉။

ည ၇ နာရီ၊ ၅၁ မိနစ်။