လေယာဉ်ပေါ်ကဆင်းတော့
မြို့ကြီးကိုတန်းနင်းမိတယ်မဟုတ်လား
ပြီးတော့ မြို့ စွန်မြို့ဖျား
လမ်းမကျယ်ကြီးကနေ လမ်းကြိုလမ်းကြား
သွေးကြာမကြီးကနေ သွေးကြောမျှင်လေးတွေကြား
သွေးနဲ့ချွေးနဲ့တိုးဝေ့လို့
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
လမ်းတစ်ဖက်ဖြတ်ပြေးသွားတဲ့ တံလျှပ်တွေကို ငေးနေတယ်
မင်းနေတာ ခြောက်ထပ်တိုက်မို့
တက်ရတာခြောက်ကပ်ကပ်ပါပဲ
မြို့ရဲ့လူနေမှုပုံစံမှာ
တဖြည်းဖြည်းပွယောင်းလာတဲ့ LP နဲ့
တဖြည်းဖြည်းရှုပ်ထွေးလာတဲ့ LT နဲ့
အရေပြားနဲ့ အရိုးကြား အဆီပိုတွေများများလာတယ်
အင်္ဂတေကြမ်းခင်းနဲ့ သင်ဖြူးဖျာကြား
ဂျင်းဘောင်းဘီ အစုတ်တွေများများလာတယ်
လျှပ်စစ်သမားမို့
ဝါယာကြိုးတွေ ပေါက်ပြဲနေတာလည်းကျွတ်ကျဲစရာမလို
Software သမားမို့
Windows ကခဏခဏ ပြုတ်ကျ ခဏခဏပြန်တင်
Hardware သမားမို့
Casing တစ်ခြား Circuit တစ်ခြား Drive တစ်ခြား
ခေါင်းတစ်ခြားကိုယ်တစ်ခြား ရုပ်တစ်ခြားနာမ်တစ်ခြား
ခဏခဏပြုတ်ကျနေတဲ့ စိတ်ဓာတ်ကိုလည်း
ခဏခဏပြန်တင်ထားတယ်
ဘောလုံးဂျာနယ်ကို အိပ်ယာခင်းလုပ်
တောင်ပံမရှိတော့တဲ့ငှက်လို ငုတ်တုတ်မေ့နေတယ်
ကာရာအိုကေခန်းထဲကျွံဝင်နေတဲ့ခြေထောက်တစ်ဖက်ကိုပြန်ဆွဲထုတ်
သစ္စာတရားကို ခုတုံးလုပ်ဖို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေထုတ်လုပ်လိုက်ပါပြီ။ ။
LP - Language Poetry
LT - Living Together
သံလမ်း(လှိုင်)ကဘော်ဒါတွေအတွက်
မင်းစိုးရာ
17.11.09
Monday, November 30, 2009
Tuesday, November 24, 2009
မြို့ပြမိန်းမတစ်ယောက်နဲ့ အချစ်အကြောင်းစကားစမြည်
ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေနဲ့
အောက်တန်းကျတဲ့ ဓားသွားတွေနဲ့
ရန်ကုန်မြို့ ကြီးဟာ
ရှင်ခဏခဏဆိုနေကျ သီချင်းထဲကလို
“ ဘဝသံသရာ…..”
တကယ်လို့
ရန်ကုန်မြို့ ကြီးဟာ ဝင်္ကပါဆိုရင်
ကျွန်မတို့ဟာ ဝင်္ကပါထဲက ကြွက်ဖြူလေးတွေပေါ့
အသားတစ်တုံးမရမချင်း
မြို့ ပြရဲ့ လမ်းမတွေမှာ
သူ့အသက် ကိုယ့်အသက်လုလို့
ကျွန်မတို့ ပြေးလွှားနေကြရဦးမှာပေါ့
အဲဒီလို မရေရာတဲ့ ဘဝကို
ကျွန်မ
ပုံမှန်အတိုင်း ဖြတ်သန်းနေပါတယ်
တက္ကသိုလ်က ဘွဲ့တစ်ခုရထားတယ်
သင်တန်းတော်တော်များများ တက်ထားတယ်
ကျွန်မရတဲ့ လခက
ကျွန်မ ဖိနပ်တစ်ရံဖိုးတောင် မရှိချင်ဘူး
ကျွန်မမက်တဲ့ အိပ်မက်တွေကလည်း
ကျွန်မညနဲ့တောင် သိပ်မဆန့်ချင်ဘူး
ဘာပဲပြောပြော
ကျွန်မပျော်ရွှင်စွာ နေထိုင်နေပါတယ်
အားတဲ့အခါ တစ်ခြားမိန်းမတွေလိုပဲ
ကျွန်မလည်း Chatting ဝင်တယ်
Chat room ထဲမှာ Nickname တစ်ခုရှိရင်
ချစ်ခြင်းမေတ္တာ ၊ သစ္စာတရားဆိုတာ ရေလဲသုံးဖို့ပဲ
ဘဲအလန်းဇယားလေးတွေဆိုရင်
Web cam ကတဆင့် အီလိုက်မှာပဲ
ကျေးဇူးပြုပြီး
ချစ်ခြင်းမေတ္တာအကြောင်း ကျွန်မရှေ့ မှာ အသံလာလာထွက်မပြပါနဲ့
ရှင်ဒီလောက်ယုံကြည်ရအောင်
ချစ်ခြင်းမေတ္တာဆိုတာ ဘုရားသခင်မဟုတ်ဘူး
ခုတစ်လော
ကျွန်မဆံပင်တွေ နှစ်ခွဖြစ်နေတာလောက်
သစ္စာတရားဟာ စိတ်ဝင်စားစရာမကောင်းဘူး
ရှင်မကြာခဏပြောပြောနေတဲ့
Platonic Love ဆိုတာကလည်း ကျန်ခဲ့ပြီ
ရှင်သိထားဖို့က ရှင့်ဆီမှာ
ကားပါရင် လန်းမယ်
လက်ကိုင်ဖုန်းရှိရင် ချစ်ခြင်းမေတ္တာဆီ ဖုန်းဆက်ရတာ
အဆင်ပြေမယ် ၊ လွယ်ကူမယ်
အရာရာဟာ ခေတ်ကာလက တောင်းဆိုတဲ့အတိုင်း
အရာရာဟာ
ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ ရိုက်ခတ်မှုအတိုင်း
ဘာ
ကောင်းကောင်းနေဖို့
ဟုတ်လား
ကျွန်မမျက်စိထဲမှာ ရှင်ဟာ စိတ်ကူးယဉ်ဝါဒနဲ့ ပြုပြင်ရေးသမားပဲ
ရှင်မက်နေတာ
ကျွန်မအဖိုးတို့ခေတ်က အိပ်မက်အဟောင်းအမြင်းကြီးပဲ
ရှင်သိထားဖို့က
မိန်းမမာယာတို့ ဘာတို့ဆိုတာ
ဇာတ်တော်ထဲမှာ ကျန်ခဲ့ပြီ
မိန်းမတို့ ဣနြေ္ဒဆိုတာ
အရှိန်ပြင်းပြင်းမောင်းသွားတဲ့ လင်ခရုဇာပေါ်ပါသွားပြီ
ကျေးဇူးပြုပြီး
ရှင့်စကားလုံးတွေနဲ့ ကျွန်မသိက္ခာကို ဖြတ်ဖြတ်မရိုက်ပါနဲ့တော့
ကျေးဇူးပြုပြီး
ကျွန်မနေမှုဘဝထဲ ခေတ်မစားတော့တဲ့ ရှင့်အတွေးအခေါ်တွေနဲ့
မီးလို လာလာမတောက်ပါနဲ့တော့
ရှင်ပြောပြောနေတဲ့
ဗာစကို ပိုပါတို့
မီရောစလဗ် ဟောလုဗ်တို့ကို ကျွန်မမသိပါဘူး
ရှင်ပြောပြောနေတဲ့
မောင်ချောနွယ်တို့
ဖော်ဝေးတို့ကိုလည်း ကျွန်မမသိပါဘူး
ကျွန်မသိတာ
Triumph
Wacoal
L’Oreal
Camella
ပြီးတော့ ကျွန်မသိတာ
ကမ္ဘာမြေကနေ
သစ်တောတွေ တစ်ရွေ့ ရွေ့ ဆုတ်ခွါနေကြပြီ
ယဉ်ကျေးမှုချင်း တိုးတိုက်မိကုန်ပြီ
ကျွန်မတို့ မြင်နေရတဲ့ ကမ္ဘာဟာ အသစ်အသစ်ပဲ
လိုက်လျောညီထွေ မဖြစ်ရင်
မြို့ပြဟာ ရှင်တို့ ကျွန်မတို့ကို ဝါးမြိုသွားမှာပဲ
ဒီတော့
ရှင်ပြောပြောနေတဲ့
Prose Poetry တို့
Deconstruction တို့
Dadaism တို့ကို ကျွန်မ မသိဘူး
ဟုတ်တယ်
ရှင့်ရဲ့ ကဗျာအနုပညာနဲ့ ပတ်သတ်ရင်
ဘာဆိုဘာမှ ကျွန်မ မသိဘူး
သိလည်း မသိချင်ဘူး
ဒါပေမယ့် လွယ်ပါတယ်
ဆယ်ခါတစ်ခါပေါ့
သိချင်တဲ့အခါ လိုအပ်လာတဲ့ အခါကျတော့လည်း
Google ဖြစ်ဖြစ်
Yahoo ဖြစ်ဖြစ်
Alltheweb ဖြစ်ဖြစ်
ကြိုက်တဲ့ Search Engine နဲ့ရှာကြည့်လိုက်ရုံပေါ့
ပြီးတော့ ကြုံတုန်းပြောရဦးမယ်
ကျေးဇူးပြု၍ ကျွန်မအကြောင်းတွေ
ရှင့်ကဗျာထဲ ထည့်ထည့်မရေးပါနဲ့
ရှင်သစ္စာတိုင်ရအောင်
ကျွန်မက ရာဇဓာတုကလျာ မဟုတ်ဘူး
ကျွန်မက ရှင်နှောင်းလည်း မဟုတ်ဘူး
ရှင်ပြောပြောနေတဲ့ ညီမလေးမမမြင့် ဆိုတာလည်း ကျွန်မ မသိပါဘူး
ဒါပေမယ့်
နာတာလီကိုတော့ ကျွန်မ သဘောကျတယ်
ဘယ်လိုလဲ
ရှင်ရော ပွတ်ရှကင်လို သေနတ်ချင်းယှဉ်ပစ်ချင်သေးလား
သစ္စာမဲ့မှုလက်အစုံနဲ့
ရှင့်ပါးကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ခံရရင်
ရှင်ဘယ်လိုတုံ့ပြန်မလဲ
ကျွန်မ သိချင်သေးတယ်
ရှင်ရယ်….
မြို့ပြဘဝအခင်းအကျင်းမှာ
ခေတ်ပြိုင်လူ့အဖွဲ့အစည်းမှာ
လိုအပ်ချက်အရ ကျွန်မလည်း Ezee 2 ကို သိရတယ်
Safety Period ကို သိရတယ်
ဒါကို ရှင်အထင်မသေးပါနဲ့
ကျွန်မသိတာ တစ်ချက်အကွက်ရွှေ့ မှားရင်
အစားခံရဖို့ပဲ
ချစ်ခြင်းမေတ္တာဆိုတာ
ကျွန်မ မယုံကြည်ရဆုံးစစ်မျက်နှာပဲ
ရှင်လည်း
ကျန်းမာအောင်နေပါ
ပျော်ရွှင်စွာ နေထိုင်ပါ
ကဗျာတွေချည်း ဖိရေးမနေနဲ့
အရက်တွေချည်း ဖိသောက်မနေနဲ့
ရှင်လည်း ရှင့်ဘဝနဲ့ရှင်
ကျွန်မလည်း ကျွန်မဘဝနဲ့ ကျွန်မ
ဘာကို စိတ်ကူးယဉ်ဆန်နေဦးမလဲ
ပြီးတော့ ရှင်သိထားဖို့
ကျွန်မပြောမယ်
ဘဝဆိုတာ
ရှေ့ တစ်လှမ်းမတိုးရင် နောက်ဆုတ်တာပဲ
ချစ်ခြင်းမေတ္တာဆိုတာ
နေ့စဉ်ဘဝ Program ကို ဖျက်ဆီးပစ်မယ့် Spyware ပဲ
ဒီတော့
ရှင်နဲ့ ကျွန်မ ဘယ်လိုရှေ့ ဆက်မလဲ။ ။

Friday, November 20, 2009
Poet's Choice By Eain Dra
Poet's Choice By Myat Wai
ဒီကဏ္ဍလေးရဲ့ နောက်ထပ်စာမူရှင်ကတော့ လက်ရှိ မဂ္ဂဇင်းစာမျက်နှာများပေါ်မှာရော၊ ဘလော့စာမျက်နှာများပေါ်မှာပါ မော်ဒန်ကဗျာများအား အစဉ်တစ်စိုက်ရေးဖွဲ့နေသူ ကဗျာမ အိန္ဒြာ ဖြစ်ပါတယ်။ အိန္ဒြာ....... ဘလော့လေးကိုရေးသားဖန်တီးနေတဲ့ ဘလော့ဖန်တီးရှင်လည်းဖြစ်ပါတယ်။ကဗျာဆရာမ အိန္ဒြာရေးပြီးကဗျာဆရာအကြိုက်ဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ကို ကဗျာဆရာမ အိန္ဒြာ က ဘယ်လိုအချိန်၊ဘယ်လိုပတ်ဝန်းကျင်၊ဘယ်လိုခံစားချက်တွေနဲ့ရေးဖွဲ့ဖန်တီးဖြစ်ခဲ့ကြောင်းကို အပြည့်အစုံမဟုတ်တောင်
အနီးစပ်ဆုံး ချဉ်းကပ်ခံစားဖတ်ရှုနိုင်စေရန် ရည်ရွယ်တင်ဆက်ခြင်းမျှသာ ဖြစ်ပါတယ်။ ကဗျာဆရာများရွေးချယ်ခြင်းကတော့
ဒီဘလော့လေးကို ရေးသားတင်ဆက်သော ကျွန်တော် အောင်ပိုင်စိုး၏ တစ်ကိုယ်ရည်စိတ်ခံစားချက်သာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကဗျာဆရာများရဲ့ ရွေးချယ်ကြိုက်နှစ်သက်သော စာမူများကိုလည်း ဆက်ကာဆက်ကာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
ဘလော့ဂါများ၊ကဗျာဆရာများ၊ ဘလော့စာဖတ်ပရိသတ်များအားအသိပေးအပ်ပါသည်ခင်ဗျား...။
သည်ကဗျာဆရာအကြိုက်(Poet's Choice)ကဏ္ဍလေးဖြစ်ပေါ်လာစေရန် စာမူပေးပို့ပေးသော ကဗျာဆရာမ အိန္ဒြာ အားကျေးဇူးအထူးတင်ရှိပါကြောင်း သည်ဘလော့စာမျက်နှာလေးမှတစ်ဆင့်ပြောကြားအပ်ပါသည်။

ဘားတော့ဗရက်နဲ့ စကားစမြည်
အခုတလော
ရှင့်ကဗျာတွေပဲ ဖတ်ဖြစ်နေတယ် ဗရက်ရေ
ကဗျာနဲ့ တရှိန်ရှိန်လောင်နေတဲ့ ကျွန်မစိတ်တွေမှာ
သွေးထွက်သံယိုမှုတွေများလှပေါ့
ဗရက်ရေ...
ရှင်ဟာ ရှင့်ဆာလောင်မှုတွေကို
စကြ်ာဝဠာတစ်တိုက်လုံးပဲ့တင်ရိုက်ခတ်အောင်
သောင်းသောင်းဖျဖျကြွေးကျော်ရဲသူပါ
ဗရက်ရေ..
ရှင်ဟာ
ကြောက်ခမန်းလိလိ စာသားအစီးအဆင်းတွေနဲ့
ရှင့်အသွေး ရှင့်ဝိညာဉ်တွေကို ကိုယ်ထင်ပြနိုင်ခဲ့သူပါ
ရှင်ဟာ..
ဂျာမဏီပြည်ရဲ့မျက်နှာစာကို
ကလောင်နဲ့ အနုစိပ်ချယ်မှုန်းပြခဲ့သူ
ရှင်ဟာ..
ဂျာမဏီပြည်ရဲ့မိုးကောင်းကင်မှာ
ကဗျာနဲ့ မိုးကျိုး ထစ်ပြနိုင်ခဲ့သူ
ရှင်ဟာ ရှင့်ကဗျာတွေဟာ၊
ဂျာမန်ပြည်သူတွေရဲ့လက်ဖျံရိုးပေါ်က
သွေးကြောမ လုံးလုံးဖြစ်ပေရဲ့
ဗရက်ရေ..
ရှင်က
ရှင့် ကလောင်ထိပ်ဖျားမှာ
ရှင့် သစ္စာတရားကို
ရှင် သွားလေရာ သယ်ဆောင်ခဲ့သူပေါ့
ချစ်သူကိုတောင် ဥပက္ခာစိတ်နဲ့တစ်ဝက်ပဲချစ်လို့ရတဲ့ခေတ်မှာ
မုန်းသူတွေ မိုးနှင်းလို မစဲတော့ဘူးပေါ့
ဗရက်ရေ..
ကျွန်မလည်း အကုန်မရရင် တစ်ခုမှမလိုချင်ခဲ့တာပါ
ရှင့် ဈာပနမှာ လူဘယ်နှစ်ယောက်လိုက်ပါပို့ဆောင်ခဲ့သလဲ ဆိုတာလည်း သိချင်သေး
အ၀တ်လေးတစ်စ နဲ့ ရှင်လုံအောင်လွှမ်းနိုင်ခဲ့သလား
ပေါင်မုန့်လေးတစ်စနဲ့ ရှင်ဝအောင် စားနိုင်ပါရဲ့လား သိချင်သေး
ရှင်..ယမမင်းကို သပိတ်မှောက်ခဲ့တဲ့ ၀ီစကီပုလင်းတွေအကြောင်းလဲသိချင်သေး
ရှင့်ညီကို သတ်တဲ့လက်နဲ့ ရှင်ဟောဒီ့ကဗျာတွေကို ပြောင်မြောက်စေခဲ့တာလဲ သိချင်သေး
ဗရက်ရေ ကျွန်မ သင်အံချင်တာတွေ
ရှင့်ဆီမှာ သိပ်များနေခဲ့ပြီ
ရှင်...တပြည်တရွာမှာ ဘယ်လိုများ နေထိုင်ခဲ့သလဲ
ရှင်ဘာတွေတွေးတော ကျင့်ကြံခဲ့မလဲ
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ
ရှင့်ဆီမှာသိပ်များနေပြီ ရှင့်.....
မျက်မှောင်ကြုတ်တဲ့လူတွေလည်း
သိပ်များနေခဲ့ပြီပေါ့ ဗရက်ရယ်..
လီးမားမြို့ကြီးကတော့ ရွှေရောင်အတိပြီးလို့ပေါ့..
သူတို့ဘာမှမရရင်နေ သူတို့မျှော်နေတာ
သူတို့လင်သားတွေပေါ့ ဘရက်
အနက်ရောင်ဝတ်စုံမှာ စိန်မှုန်တွေသပေးထားလည်း
တူးတူးခါးခါး....
လည်ချောင်းကသွေးထွက်သွားအောင် ငြင်းဆိုကြလိမ့်မယ်
မိန်းမတွေမှာ လင်သားထက် အဖိုးတန်တာ
ဘာရှိဦးမလဲ
မိန်းမတွေအတွက် လင်သားထက်တန်ကြေးကြီးတာ
ဘာများရှိလေမှာလဲ ဗရက်ရယ်
လင်သားကိုမျှော်ရသူများတဲ့ တိုင်းပြည်ဟာ
ကျက်သရောယုတ်ရော့လာတယ်ထင်မိရဲ့
ဗရက်ရေ..ပျောက်ဆုံးသွားတာ ကလေး ၁၅ယောက်မှ က ပါရဲ့လားကွယ်...
ကလေးတွေ အမေပျောက်ပြီဆိုရင်တော့....
တိုင်းပြည်ဟာ...မဟာဒုက္ခ တွင်းဆုံးကျချိန်ပေါ့...။
စစ်ထက်ရသမြောက်တဲ့ အနိဌာရုံ ဘယ်ရှိမှာလဲ ဗရက်ရယ်..
မီးလောင်နေ ပြိုကျနေမယ့် အဆောက်အဦးတွေကြားမှာ
ပြန့်ကျဲနေမယ့် လူသေအလောင်းတွေကြားမှာ
အဲဒီ့ သွေးညှီနံ့တွေ ယမ်းနံ့တွေ ညှော်နံ့တွေကြားမှာ..
စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားကြတာ..။
ယမ်းအားနဲ့ ပြတ်ထွက်သွားတဲ့ ခြေထောက်တစ်ဘက်
တဆတ်ဆတ် တုန်ခါနေသလိုမျိုး
စစ်ပွဲ တစ်ပွဲရဲ့ ဒဏ်ရာဟာ
နှလုံးအိမ်တွေကို ဘယ်တော့မှ သွေးမတိတ်စေခဲ့တာပါ ဗရက်..။
တတိယနိုင်ငံတော်ပဲ ထူထောင်ထူထောင်
နာဇီစင်္ကြာကို ကမ္ဘာကိုချုံလွှမ်းမယ်ပဲပြောပြော
ဟစ်တလာ ဟာ စစ်ဘီလူးတစ်ကောင်ပါပဲ ဗရက်ရယ်
သူဟာ..လူသတ်ရတာမှာ
စိတ်ပါလက်ပါ လက်ယဉ်နေရှာတဲ့ သူရူးတစ်ယောက်ပါ..
သူဟာ..စကားပြောသိပ်ကောင်းတဲ့
သေနပ်ပြောင်းဝလဲဖြစ်သေး.. လေ
သူဟာ...တည်တည်ကြည်ကြည်ခန့်ခန့်ငြားငြားကြီး
ပြောင်လိမ်ပြောင်စား လုပ်ဝံ့တဲ့သူပေါ့...
ဗရက်ရေ...
ဂျိုးဇက်ပေါလ်ဂိုလ်ဘယ်လ်စ်လို အသက်များစွာပေးပြီး
သစ္စာရှိသူတွေကြားမှာ သူဟာ မင်းမြောက်တန်ဆာငါးပါးနဲ့
သူ့တရားသူ စီ ရင် ရ ရှာ သူ
ဗရက်ရေ....
သူက အမှားတွေ ကြာကြာမှန်လို့မရကြောင်း..
အပြောင်မြောက်ဆုံး သက်ရှိသက်သေပဲ
ဂျူးတွေ...ဂျူးဖြစ်နေကြတာလည်း
အပြစ်မှ မဟုတ်တာပဲ ဗရက်..ရယ်...
စိတ်တွေကွဲလွဲခွင့်ဆိုတာ
ဘုရားသခင်ကိုယ်တော်တိုင်ဖန်တီးထားခဲ့တာ
ဗာလင်နန်းတော်ရဲ့မြေအောက်ခန်းထဲ
သူကိုယ့်သူသေကြောင်းကြံတယ်ကြားလိုက်တော့
ရှင်ဘယ်လိုနေသလဲ ဆိုတာ ကျွန်မသိချင်လိုက်တာဗရက်ရယ်
သေချာတာဟာ
ရှင် ၀မ်းမြောက်ဝမ်းသာ ရှိမနေနိုင်ပါဘူး
ဗရက်...ရှင်က ကဗျာဆရာလေ..
ရှင်က.. ကဗျာဆရာလေ.. ဗရက်
လူသားတစ်ယောက်ရဲ့သေခြင်းတရားကို
ဘယ်လိုနားနဲ့မှ မနာပျော်နိုင်သူ
အမှားအယွင်းနဲ့ အကြောက်တရားထဲကဘ၀တွေကိုကယ်ချင်သူ
ခေတ်တစ်ခေတ်နဲ့
စနစ်ဆိုးတစ်ခုကိုပဲ ရွံရှာမုန်းတီးခဲ့သူလေ
ဗရက်ရေ..
ရှင့်ဆီမှာ ကျွန်မသင်ယူချင်တာတွေ
သိပ်များနေခဲ့တယ်
ကျွန်မက ရှင့်ကဗျာကိုဖတ်နေရက်နဲ့
ကြောင်တောင်ကန်းနေခဲ့သူပေါ့
ကျွန်မက ရှင့် ကဗျာတွေ ရွတ်ဖတ်နေရင်းကို
ဆွံ့အ ပင်းပိတ်နေသူပေါ့
အို.....
ဗရက်ရယ်..........
ရှင့်ဆီမှာ ကျွန်မ
သင်ယူချင်တာတွေ သိပ်များနေပါပေါ့...။
အိန္ဒြာ ( ၂၂.၅.၂၀၀၉)
အမှတ်(၂၆)ပိတောက်ပွင့်သစ်မဂ္ဂဇင်း
အင်အားတစ်ခုခု အရှိန်နဲ့ဆောင့်ဝင်လာသလို
ပါးပါးလျားလျား လွင့်ဝဲယှက်ဖြာနေတဲ့ ရနံ့တစ်ခုလို
သိုသပ်ကျစ်လစ်တဲ့ ပန်းတစ်ပွင့်ပွင့်လာပုံကိုစောင့်ကြည့်နေရသလို
ဖြိုင်ဖြိုင်သည်းနေတဲ့ မိုးပြင်းလမ်းမပေါ်လျှောက်သွားမိသလို
မှောင်မည်းတိတ်ဆိတ်တဲ့ ညအရိုင်းထည်ထဲ ပျော်ဝင်နေသလို
ရင်ခုန်သံအစီးအဆင်းအတိုင်း လှိုင်းဂရက်ထလူးလွန့်ပြလိုက်သလို
စကားလုံးတွေကို အမျှင်အပြတ်တွတ်တွတ်ရွတ်အံနေမိတဲ့ သူရူးတစ်ယောက်လို
ခေတ်တွေကို ထုတ်ပိုးပေးလိုက်တဲ့ ပါဆယ်လက်ဆောင်တစ်ခုလို
အရောင်တွေ ရောစပ်ယှက်ဖြာထားတဲ့ သက်တန့်ရောင်စဉ်တန်းလေးလို
မိုင်ကုန်တိုက်ခတ်နေတဲ့ မုန်တိုင်းတစ်ခုထဲ တစ်စုံတစ်ရာကို အားကိုးတကြီးတွယ်ဖက်ဆုတ်ကိုင်ထားရသလို
ဘိုဟီးမီးယမ်းဆန်ဆန် မလိမ်မိုးမလိမ်မာအတွေးလေးတစ်စလို
အများအတွက်လိုလို
သူ့အတွက်လိုလို
အနုပညာအတွက်လိုလို
ကိုယ့်အတွက်ကိုယ်လိုလို
အသက်ကို ဖွဖွရှိုက်ပြီး ကဗျာရေးဖြစ်ပါတယ်..။
ဘားတော့ဗရက်ရဲ့ကဗျာတွေဖတ်ဖြစ်ပါတယ်..။
အနုပညာအင်အားကြီးတစ်ခုက အရှိန်ကြီးကြီးဝင်ဆောင့်သွားသလိုပါပဲ
မိုင်ကုန်တိုက်ခတ်နေတဲ့ မုန်တိုင်းတစ်ခုထဲ တစ်စုံတစ်ရာကို အားကိုးတကြီးတွယ်ဖက်ဆုတ်ကိုင်ထားရသလိုပါပဲ
တန်ဖိုးမဖြတ်နိုင်တဲ့ ပါဆယ်လက်ဆောင်တစ်ခုလက်ခံရရှိလိုက်သလိုပါပဲ..
အဲဒါနဲ့ သူ့နဲ့ စကားစမြည်ပြောချင်လာပါတယ်..
ရှည်ရှည်ဝေးဝေးပြောဖြစ်သွားတယ်..
စကားလုံးတွေကို အမျှင်အပြတ်တွတ်တွတ်ရွတ်အံနေမိတဲ့ သူရူးတစ်ယောက်လို တိုင်တည်နေမိတယ်...
အဲသလိုချရေးဖြစ်လိုက်တဲ့ "ကဗျာ"
အရှိန်နဲ့ဝင်ဆောင့်လိုက်မယ့် ပါဆယ်တစ်ပုဒ်ဖြစ်ပါစေလို့ရည်ရွယ်မိပါတယ်..။
အိန္ဒြာ

Monday, November 16, 2009
ငဝန်ဧရာ ပမ္မဝတီ ရွေးနဒီ တကြော မျောလာတဲ့ ဒိုက်တစ်မျှင်
တိတ်ဆိတ်နေတဲ့ ပင်လယ်
ကြယ် မကြွေ၊ တော် မလဲ
လက်နက် ဝင်းလက် မပြိုးပြက်
သမားရိုးကျရက်တွေထဲက တစ်ည
ဘုရားသခင် စွန့်ပစ်လိုက်တဲ့ အမှိုက်တစ်စ
င၀န်မြစ်ညာအရပ်က ကျလာတယ်။
ပန်းခက်တွေရေးထားတဲ့
ဖျင်ထီးရောင်စုံ
ငဝန်မြစ်ဝမှာ ငယ်မူကြွ လှနေတုန်း
အပြာမှာ အ၀ါဆင်
ပွင့်ဖူးတလွင်လွင်နဲ့
ဗေဒါပင်ကို အားကျ
ရေကျော်ဝကနေ ချောင်းထဲဝင်
လတာပြင်ကို မိတ်ဖွဲ့လို့
ဂျွမ်းအတတ်ကို ငဖျံဆီမှာသင်
ဒိုက်အဆင် ဒိုက်အသွေးကိုမေ့လို့
ခပ်ရေးရေး စိတ်ကြီးဝင်ခဲ့သေးတယ်။
ဘုတ်မက အီနေတုန်း
ကျူရိုးရှင်က ပီနေတုန်း
ပမ္မ၀တီရဲ့ ရေချိုရေငန်စပ်မှာ
ဗေဒါတွေကျပ်
ဗျိုင်းဖြူတွေ တောင်ပံခတ်ချိန်အထိ
အစုန် အဆန် ဆင်းခဲ့တယ်
နေလုံး မှိန်ပြန်တော့
အိမ်.. ဆိုတာရဲ့ ဒဿန
ချ မပြချင်သေးတဲ့အခါ
ဆည်းဆာချိန် တိမ်အတွေးထဲမှာ
သဲသောင်ပြာပြာက တနံတလျားကျယ်သွားခဲ့တယ်။
တွေးခဲ့ဖူးတယ်….
ဧရာဝတီသင်္ဘောရဲ့ အထက်တန်းအိပ်စင်က
ပစ်ချလိုက်တဲ့ ဘီယာဗူးခွံတစ်လုံးကို
ငှက်သမ္ဗာန်တစ်စင်းရဲ့ နံဘေးကနေ
ငေးကြည့်ရင်း တွေးခဲ့ဖူးတယ်
ကောင်းကင်နဲ့မြေသား
အလွှာအထပ်ထပ်တွေကြားမှာ
ဘီယာဗူးတစ်လုံးစာ ခြားနားနေသလား။
တွေးခဲ့ဖူးတယ်…
စပါးတွေ ဆားတွေ ငါးတွေကိုပေးတဲ့
ကြွယ်ဝတဲ့မြစ်ချောင်းတွေကြား
ဓနိပင် လမုတန်း နုံးစပ်စပ်မှာ
ကဏန်းနှိုက်နေကြတဲ့ အင်္ကျီမပါတဲ့ကလေးတွေ
ရွှံ့ရောင်မွဲနေတဲ့ တောသူတောင်သားတွေ
ကမ်းမကပ်နိုင်တဲ့ ဒိုက်ဖတ်တွေ အတွက်
နက္ခတ်တွေ လင်းမပြနိုင်တဲ့အခါ
ဘယ်အရာက ချည်ထုံးထားခဲ့တာကြောင့်လဲ။
တွေးခဲ့ဖူးတယ်…
တကယ်လို့များ
အိန္ဒုမြစ်က ရေ
နိုင်းမြစ်ကရေ
သိန်းမြစ်က ရေ
မြစ်ဝါမြစ်က ရေ
ဗော်လဂါမြစ်က ရေ
ကမ္ဘာ့မြေပုံထဲက ရေတွေအားလုံးက
ဆာတယ်ဆာတယ်လို့
သံပြိုင်တက်တက် အိပ်မက်စိမ်းပေးလာကြတဲ့အခါ
ဘယ်အရာနဲ့ မွတ်သိပ်မှုပြေစေမလဲ။
တွေးခဲ့ဖူးတယ်…
မြစ်တစ်စင်းထဲမှာ ရေနှစ်ခါချိုးလို့မရဘူး တဲ့
နှစ်ခါမက ထပ်ထပ်မှားခဲ့တဲ့ အမှားတွေကို
ဘယ်မြစ်ရေမှာ ဘယ်လိုဆေးကြောရပါ့
ရွေးမြစ်ကမ်းလှလှက
ဆားငန်ရေ ၀ သွားတဲ့ ဒိုက်မျှင်ဟာ
ငရဲတံခါး ဖြတ်ကျော်ရင်
သံသရာကိုပါ မေ့လျော့စေတဲ့ မြစ်မှာ
ကူးခပ်ရင်းနစ်နေပြီလားကွယ်။
အချိန်ဆိုတာ
လူတွေသတ်မှတ်ထားတဲ့ ရေစီးကြောင်း
အနာဂတ်ဆိုတာ
စိတ်ကူးမြစ်တို့စုဆုံရာ ပင်လယ်
ကံကြမ္မာဆိုတာ
အရာရာ အစိုးမရနိုင်တဲ့ လေထု
ရေပြင်ကျယ်တကြော
မျောလာတဲ့ ငွေ့ရည်တွေဟာ
ရူးသွပ်သွေးဆာ သွားတဲ့အခါ
မာယာတွေဖွဲ့ ဗျူဟာတွေချဲ့တယ်
တံပိုးခရာသံ အသစ်နဲ့
နာဂစ်တံဆိပ်ကိုကပ်ထားတဲ့
မေ ၂ ရဲ့ စစ်ကြေညာသံက
မျှော်လင့်ချက်တွေကို အငိုက်မိ လန့်နိုးစေတယ်။
အချစ်ကိုသာ သယ်လာဖူးတဲ့
ဂန္ထ၀င်မြစ်တွေဟာ
သည်စစ်ပွဲမှာ အလဲအကွဲပေါ့
မိစ္ဆာတွေရဲ့ ညှီစို့စို့ ရနံ့တွေကို
ရေငန်တရိုးက စောင်းသံနဲ့ မလှန်နိုင်ခဲ့
ပင်လယ်ထဲက မှိန်းတစ်လက်နဲ့
နက်ပကျွန်းက ဂုတ်ခွစီးလာချိန်
ပုဆိန်တွေ ၀ှက်ထားတဲ့ မြစ်စောင့်နတ်က
ဝိညာဉ်နှစ်သိန်းကျော်နဲ့
ယာဇ်ပူဇော် ဖို့ဆင့်ခေါ်လိုက်ချိန်
အနောက်ဘက်မှာ ငှက်တွေ အုပ်လိုက်ထပျံတယ်။
လေနီကြမ်းဆိုတာ
ထန်းလက်နဲ့ ကာလို့မရဘူး
သိမှု နဲ့ဝန်တာ
နမူနာ ချပြလိုက်တဲ့ မြစ်တို့ရဲ့လင်္ကာဟာ
ကွဲအက်တုန်ခါ ငိုသံပါနေတယ်
ပြာမလော့ ဟိုဘက်ခြမ်းက
ပဲ့ကျသွားတဲ့ မြစ်ကမ်းပါးဟာ
နှလုံးသားတွေကိုပါ တိုက်စားသွားတယ်
သယ်ကယ်သောင်စွန်းက
စုန်းစုန်းမြုပ်သွားတဲ့ မြေနုကျွန်းထဲ
ရင်အစုံတွေ ကွဲကြေသွားတယ်
ကယ်ပါယူပါ လက်တွေအကမ်းမှာ
ဒေါင်လိုက်ရမ်းသွားတဲ့လေဟာ
အရှေ့အရပ်ထိ အဖျားခတ်ရင်း
ပြတ်တောက်ကျန်ခဲ့တဲ့
ဒုက္ခတရားရဲ့ မြစ်ကျိုးအင်းတွေကို
ဇွတ်အတင်း ထားရစ်ခဲ့တော့တယ်။
………
………
………
စစ်.. တွေ ပြီးပြီလား
မြစ်တွေကတော့ စီးနေဆဲ
မြစ်ရဲ့အလှ
မြစ်ရဲ့ဘဝ
မြစ်ရဲ့ဓမ္မ မှာ
တရားမရနိုင်ရှာသေးတဲ့
သည်ငမိုက် သည်ဒိုက်ကတော့ ကမ်းမကပ်သေးဘူး
ရုပ်သက်သက်နဲ့ကျိုလောင်းထားတဲ့
လူလုပ်မြောင်းတစ်ခုထဲမှာ
မလှုပ်တလှုပ်မျောပါရင်း
ဧရာဝတီရဲ့ မကျက်တကျက်ဒဏ်ရာတွေကို
အဝေးကနေ နာ ရုံလေး နာ နေလေရဲ့။
ပန်ဒိုရာ
(မေ ၂ သို့)
2 May 2009
ကဗျာတွေ ရေးတဲ့အခါ ခံစားချက်ရယ်၊ အတွေးအခေါ်ရယ်၊ စကားလုံးတွေရယ်၊ သီအိုရီတွေရယ်၊ ကိုယ့်အတ္တရယ် မကြာခဏ ပဋိပက္ခ ဖြစ်ကြပါတယ်။ မရှိမကောင်းရှိမကောင်း မတည့်အတူနေကြတဲ့ အပေါင်းအသင်းတွေပီပီ အနုပညာနဲ့ မူးဝေ ယစ်ထွေပြီး နောက်တနေ့ ပြန်တွေ့ ပခုံးဖက်ကြတဲ့အခါ ဒဏ်ရာကိုယ်စီနဲ့ ညိုမည်းဖူးယောင်လို့။ အဲဒီဒဏ်ရာတွေကိုပဲ တမြမြ ခံစားကြတဲ့အခါ ရသလို့ ဆိုပြန်တယ်။ ပေါင်းစပ်ကြတဲ့ တစ်ခုချင်းရဲ့ တစ်ပွဲစီမှာ အနှိုင်အရှုံး အားနည်းအားသာမှုတွေကို မူတည်ပြီး ကဗျာတစ်ပုဒ်စီက ကျဲလိုက် ပျစ်လိုက် ဖြူလိုက် ညစ်လိုက်မို့ စတိုင်မရှိခြင်းဆိုသော စတိုင်နဲ့ ဆက်လက်နေဆဲပါ။
လေဟုန်ပျံဝဲနေသော ကဗျာများ၊ မြုပ်လိုက်ပေါ်လိုက် ဖြစ်နေသောကဗျာများ၊ ဒုန်းစိုင်းနေသောကဗျာများ၊ ဒေါင်လိုက်ကန့်လန့် သွားနေသောကဗျာများ၊ အာခေါင်ခြစ်နေသော ကဗျာများ၊ ပြောရေးဆိုခွင့်မရှိသော ကဗျာများ၊ ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော ကဗျာများ၊ အမျိုးအမည်မထင်ရှားသော အညတြကဗျာများ … စတဲ့ တခုခုထဲမှာ အကျုံးဝင်သွားနိုင်တဲ့ ကဗျာတစ်စ ကို ဆွဲထုတ်လိုက်ပါတယ်။
လေးစားစွာ
ပန်ဒိုရာ

Poet's Choice By Pandora
ဒီကဏ္ဍလေးရဲ့ နောက်ထပ်စာမူရှင်ကတော့ လက်ရှိဘလော့စာမျက်နှာများပေါ်မှာမော်ဒန်ကဗျာများအား အစဉ်တစ်စိုက်ရေးဖွဲ့နေသူ ကဗျာဆရာမ ပန်ဒိုရာ ဖြစ်ပါတယ်။ ပန်ဒိုရာ(ရှင်သန်ခြင်းတွေဖြန့်ခင်းထားတဲ့နေရာ) ဘလော့လေးကိုရေးသားဖန်တီးနေတဲ့ ဘလော့ဖန်တီးရှင်လည်းဖြစ်ပါတယ်။ကဗျာဆရာမ ပန်ဒိုရာ ရေးပြီးကဗျာဆရာမ အကြိုက်ဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ကို ကဗျာဆရာမ ပန်ဒိုရာ က ဘယ်လိုအချိန်၊ဘယ်လိုပတ်ဝန်းကျင်၊ဘယ်လိုခံစားချက်တွေနဲ့ရေးဖွဲ့ဖန်တီးဖြစ်ခဲ့ကြောင်းကို အပြည့်အစုံမဟုတ်တောင်
အနီးစပ်ဆုံး ချဉ်းကပ်ခံစားဖတ်ရှုနိုင်စေရန် ရည်ရွယ်တင်ဆက်ခြင်းမျှသာ ဖြစ်ပါတယ်။ ကဗျာဆရာများရွေးချယ်ခြင်းကတော့
ဒီဘလော့လေးကို ရေးသားတင်ဆက်နေသော ကျွန်တော် အောင်ပိုင်စိုး၏ တစ်ကိုယ်ရည်တစ်ကာယစိတ်ခံစားချက်သာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကဗျာဆရာများရဲ့ ရွေးချယ်ကြိုက်နှစ်သက်သော စာမူများကိုလည်း ဆက်ကာဆက်ကာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
ဘလော့ဂါများ၊ကဗျာဆရာများ၊ ဘလော့စာဖတ်ပရိသတ်များအားအသိပေးအပ်ပါသည်ခင်ဗျား...။
သည်ကဗျာဆရာအကြိုက်(Poet's Choice)ကဏ္ဍလေးဖြစ်ပေါ်လာစေရန် စာမူပေးပို့ပေးသော ကဗျာဆရာမ ပန်ဒိုရာအား ကျေးဇူးအထူးတင်ရှိပါကြောင်း သည်ဘလော့စာမျက်နှာလေးမှတစ်ဆင့်ပြောကြားအပ်ပါသည်။

Saturday, November 14, 2009
ကုလားအုတ်
သီချင်းက မဆုံးသေးဘူး
စည်သွပ်ဘူးတင်ရထားကြီးက
ကျည်ဆံသယ်ရထားကြီးဖြစ်
ကလေးက
ဘီးတစ်ဖက်ပြုတ်နေတဲ့ ထရပ်ကားကြီးထဲမှာ
အဖေက
မီးစွဲနေတဲ့ ဂျုံခင်းထဲမှာ
ဖိနပ်တစ်ဖက်မရှိတော့ဘူး
တိုက်ပျက်နံရံကို
ကျည်ဆံခွံနဲ့
ကြက်ခြေခတ်ဆွဲချလိုက်တယ်
ပိုင်သူမဲ့ကုတ်အင်္ကျီ
ကြိုးတန်းပေါ်မှာ တွဲလျားကျ။ ။
သူရနီ
၂၀၀၆၊ဖေဖော်ဝါရီ၊ ရုပ်ရှင်တေးကဗျာ
စည်သွပ်ဘူးတင်ရထားကြီးက
ကျည်ဆံသယ်ရထားကြီးဖြစ်
ကလေးက
ဘီးတစ်ဖက်ပြုတ်နေတဲ့ ထရပ်ကားကြီးထဲမှာ
အဖေက
မီးစွဲနေတဲ့ ဂျုံခင်းထဲမှာ
ဖိနပ်တစ်ဖက်မရှိတော့ဘူး
တိုက်ပျက်နံရံကို
ကျည်ဆံခွံနဲ့
ကြက်ခြေခတ်ဆွဲချလိုက်တယ်
ပိုင်သူမဲ့ကုတ်အင်္ကျီ
ကြိုးတန်းပေါ်မှာ တွဲလျားကျ။ ။
သူရနီ
၂၀၀၆၊ဖေဖော်ဝါရီ၊ ရုပ်ရှင်တေးကဗျာ
Friday, November 13, 2009
စီစီဖတ်
စီစီဖတ်ဟာ ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်တဲ့
ငါက ဒီအသက်အရွယ်ထိ အိပ်လိုက် စားလိုက် ရေးချင်တာလေး ထရေးလိုက်
ရေးသမျှအမှိုက်ဖြစ်သွားလိုက် ငိုယိုလိုက် ပေါက်ကွဲလိုက် မူးရူးလိုက် ရန်ဖြစ်လိုက်
စီစီဖတ်ရဲ့ တာဝန်က ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့တဲ့
ငါ့မှာ ဘာတာဝန်မှမရှိ ပိုက်ဆံမရှိ ချစ်သူရည်းစားမရှိ အနုပညာမရှိ ဘွဲ့လက်မှတ်မရှိ
စီစီဖတ်ဟာ အခုထိ ကျောက်တုံးကြီးကိုတွန်းတင်တယ် ပြန်လှိမ့် ချတယ် အဖေက
ငါ့ကို တစ်ခုခုဖြစ်စေချင်တယ် အပေါင်းအသင်းတွေက ငါ့အချိုးကို ပြင်စေချင်တယ်
ချစ်ခဲ့သူက ငါ့နောက်ကျော ဓားနဲ့ထိုးတယ် ပတ်ဝန်းကျင်မှာ ငါဟာ အရူး နားလည်ရ
ခက်တဲ့လူ တစ်ခါတစ်ခါအရက်ကြောင် ကြောင်ပြီး ဘ၀ပျက်နေတဲ့ ဘ၀င် စီစီဖတ်က
သူ့ကျောက်တုံးကြီးအပေါ် ဘယ်လိုသဘောထားသလဲ အပြစ်ဒဏ်သပ်သပ်ပဲလား
လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေအတွက် ငါလည်းကြေကွဲခဲ့ဖူးပါတယ် အများသူငါထက်
စိတ်ကူးယဉ်ဖူးပေမယ့် အများသူငါထက် လက်တွေ့ပိုရှုံးနိမ့်ခဲ့ရတယ် စီစီဖတ်ဟာ
အချိန်ကြာလာတာနဲ့အမျှ သူ့ကျောက်တုံးကြီးကို ခင်တွယ်လာမှာပဲလို့ ငါတွေးမိတယ်
နေ့တိုင်းနေ့တိုင်း လက်ဖက်ရည်ဆိုင်ထိုင်တွေးနေတဲ့ ငါ့အနာဂတ်ကို အဖေက
မကောင်းတဲ့အနာဂတ်လို့တွေးတယ် ငါ့ရဲ့ မကောင်းတဲ့ အနာဂတ်ဟာ သူငယ်ချင်းတွေ
ဆီမှာ အိမ်ပြန်ဖို့ကားခ လက်ဖြန့်တောင်း အရွယ်လွန်တပ်မက်စိတ်နဲ့ မိန်းမမြင်တိုင်း
ပစ်မှား ဘယ်တော့မှ မရှိခဲ့တဲ့ ငါ့အနုပညာခေတ်ကိုထူထောင် လူကြားထဲ အော်ကြီးဟစ်
ကျယ်ငြင်းခုံ စီစီဖတ်ဟာ ကျောက်တုံးကို တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်ပဲလုပ်နေတယ်
ငါလုပ်ခဲ့တာတွေက စီစီဖတ်ထက် ပိုများတယ် လှီးထုတ်ပစ်ရမယ့်အပိုကိစ္စတွေအပြည့်
တောင်အောက်ကနေ တောင်ပေါ်တက်တဲ့အခါ စီစီဖတ်တစ်ယောက် ဘယ်လိုစိတ်နဲ့
ကျောက်တုံးကို တွန်းတင်သလဲ ရှုပ်ထွေးစွာနဲ့ သိပ်စိတ်ညစ်နေမလား ခုကစ ငါလည်း
စီစီဖတ်လုပ်ချင်တယ် အပိုကိစ္စတွေလှီးထုတ်မယ် စီစီဖတ်စိတ်မညစ်ဘူး စီစီဖတ်ပျော်ရွှင်
နေမယ်လို့ ယုံတယ် ကျောက်တုံးကြီးကို နောက်တစ်ခေါက် တောင်ပေါ်တွန်းတင်
ပြီးရင် နောက်တစ်ခေါက် အောက်ပြန်လှိမ့်ချ ဒါစီစီဖတ်ရဲ့ အလုပ် ငါအချိန်ရတိုင်း
တွေးခေါ်မယ် ပြီးရင် အဲဒီ့အတွေးတွေကို စာရေးမယ် တစ်ရက်ပြီးတစ်ရက်
ဆက်တိုက်ဆက်တိုက် စီစီဖတ်ရဲ့ အနာဂတ်ဟာ သူ့ကျောက်တုံးကို နောက်
တစ်ခေါက်ပြန်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့ဆိုရင် ငါ့အနာဂတ်က
အဆက်မပြတ်တွေးမိတာတွေ ပြန်ချရေးဖို့ပဲ
စီစီဖတ်ပျော်ရွှင်သလောက်တော့ ငါလည်းပျော်ရွှင်ရမှာပေါ့
ဒါငါ့အလုပ်ပဲလေ။ ။
လွန်းဆက်နိုးမြတ်
၂၀၀၉၊အောက်တိုဘာ၊ IDEA

စိတ်ထဲမှာရှိတာတွေ
ပန်ကာလည်သလို နားထဲမှာလည်နေတယ်
နားလည်တယ်
ဆရာပြောတာ ကျွန်တော်နားလည်ပါရဲ့
ပြန်ပြောဖို့ ပြန်ပြဖို့  ပြန်လည်ရေးချဖို့ဆိုတာ
လူမှုဆက်ဆံရေးကောင်းဖို့ လိုတယ်ဗျာ
“မင်းနာမည် ဘယ်သူလဲ”
ဟုတ်ကဲ့ မင်းနာမည် ဘာလဲ ဘာလဲ
မဟုတ်သေးပါလား ဆရာရယ် ကျွန်တော့်နာမည်
အသိလေးလာလာကပ်ပါ မင်းဆိုတာ ကျွန်တော်
ကျွန်တော့်ကိုမေးနေတာသေချာတယ် အဖြေ
“ဘယ်အချိန်လဲ နေ့လား ညလား မနက်လား”
စာရွက်ပေါ်ချမရေးပါနဲ့လား ဆရာရယ် အရွေ့
အချိန်ဆိုတာကြီး ရွေ့ရွေ့နေတယ် နေ အလင်း ည အမှောင်
မအိပ်ခဲ့ဘူးတဲ့အချိန်တွေ အခုပြန်အိပ်ရင်
နိုးတဲ့အခါ မနက်
ကျွန်တော့်အသက်ဟာ မမှတ်မိတဲ့ရက်တွေပါပဲ
မမေးပါနဲ့ မတွေးပါနဲ့လား
လက်ထဲကပစ္စည်းလေးဟာ ဘာပါလိမ့်
ကျွန်တော်သိနေတယ် မြင်ဖူးနေတယ်
ဘာသာစကားတွေ ခေါင်းထဲမှာရွှေ့ရွှေ့ နေတယ်
ငယ်ဘဝက အတွေ့အကြုံထဲမှာ ထိုအရာ အထိအတွေ့
ကျွန်တော်ခံစားနေရတယ် သိရှိနေမိတယ်
“တစ်ရာထဲကနေ ခုနှစ်ကိုနှုတ်ရမယ် ဆက်တိုက် ဆက်တိုက်”
ခေါင်းထဲမှာကိုက်နေတာ ကဗျာထဲက စကားလုံးတွေ
ကျွန်တော်ဟာ နေမကောင်းသူပေါ့
စိတ် ခဏ ခဏ ပြောင်းသူပေါ့
မမော မပန်း။ ။
မြတ်ဝေ
၁၁.၁၁.၂၀၀၉
ခေတ်ကြီးရယ် ယဉ်ကျေးမှုရယ် ရှိတယ်ဗျာ။ လူတစ်ယောက် အိမ်တစ်အိမ် ရပ်ကွက်တစ်ခု
မြို့တစ်မြို့ လူမျိုးတစ်စု နိုင်ငံတစ်နိုင်ငံ ကမ္ဘာကြီးတစ်ခုရဲ့ ဖြစ်တည်မှုကို ဖော်ထုတ်ဖို့လိုတဲ့
အခါ ကဗျာဆရာပေါ်လာတယ်။ခေတ်ပြိုင်ခံစားမှုလို့ ကဗျာဆရာတွေခေါ်တဲ့ ခေတ်ရဲ့အထိ
အတွေ့ကြောင့်ဖြစ်ပေါ်လာတဲ့ အသိကို ဖော်ထုတ်ဖို့ ကဗျာဆရာတွေပဲတတ်နိုင်တယ်။
အနုပညာရှိတယ် ပါရမီရှိတယ်ပေါ့ဗျာ။ ဘာသာစကားနဲ့ ကဗျာဆရာရဲ့ အနက်ရှိုင်းဆုံး
အနုပညာထိတွေ့တဲ့အခါ ကဗျာဖြစ်ပေါ်လာပါတယ်။ ကဗျာဆရာရေးတိုင်း ကဗျာအရာ
မမြောက်ပါဘူး။ကဗျာဆရာဟာ သူရေးတဲ့အရာတိုင်းကို ကဗျာဖြစ်အောင်မရေးဖွဲ့နိုင်ပါဘူး။
ကဗျာဆိုတာကြီးက ကဗျာဆရာကို အမြဲဖိနေပါတယ် ။ အဝေးမှာ ညင်ညင်သာသာလေး
ရွေ့ရင်း ဖိနေပါတယ်။ ဖိတာကိုမခံနိုင်ပဲ ရေးဖြစ်ရုံသက်သက် ကဗျာဟ ဆိုပြီးဖမ်းလိုက်
တဲ့အခါ ကဗျာဓာတ်လေး အနုပညာဓာတ်လေး လွင့်စင်သွားပါတယ်။ ဝင်လာမှ ဖမ်းယူ
လိုက်နိုင်တဲ့ကဗျာသာလျှင် အသက်ဓာတ်လေးပါ ပါတယ်။ဘယ်တော့မှမသေတဲ့ ကဗျာဖြစ်ပေါ်
လာပါတယ်။ မသေတဲ့ကဗျာဟာဘာကို ကိုယ်စားပြုသလဲ ဆိုရင်တော့ “အမှန်တရား” ကို
ကိုယ်စားပြုပါတယ်။ ”ရိုးသားမှု“ကို ကိုယ်စားပြုပါတယ်။ ကဗျာဆရာရဲ့ “ယုံကြည်မှု”ကို
ကိုယ်စားပြုပါတယ်။ ကဗျာဆရာနဲ့ ကဗျာ ၊ ကဗျာနဲ့ ခေတ် ၊ ကဗျာနဲ့ ကဗျာဖတ်သူ ၊
လမ်းချင်းမတူပေမယ့် ယဉ်ကျေးမှုချင်းတူပါတယ်......။ ။
လေးစားချစ်ခင်လျှက်

ဒီကဏ္ဍလေးရဲ့ နောက်ထပ်စာမူရှင်ကတော့ လက်ရှိမော်ဒန်ကဗျာများအား အစဉ်တစ်စိုက်ရေးဖွဲ့နေသူ ကဗျာဆရာမြတ်ဝေ ဖြစ်ပါတယ်။ ခေတ်ကျန်ကဗျာများ....... ဘလော့လေးကိုရေးသားဖန်တီးနေတဲ့ ဘလော့ဖန်တီးရှင်လည်းဖြစ်ပါတယ်။ကဗျာဆရာမြတ်ဝေ ရေးပြီးကဗျာဆရာအကြိုက်ဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ကို ကဗျာဆရာမြတ်ဝေ က ဘယ်လိုအချိန်၊ဘယ်လိုပတ်ဝန်းကျင်၊ဘယ်လိုခံစားချက်တွေနဲ့ရေးဖွဲ့ဖန်တီးဖြစ်ခဲ့ကြောင်းကို အပြည့်အစုံမဟုတ်တောင်
အနီးစပ်ဆုံး ချဉ်းကပ်ခံစားဖတ်ရှုနိုင်စေရန် ရည်ရွယ်တင်ဆက်ခြင်းမျှသာ ဖြစ်ပါတယ်။ ကဗျာဆရာများရွေးချယ်ခြင်းကတော့
ဒီဘလော့လေးကို ရေးသားတင်ဆက်သော ကျွန်တော် အောင်ပိုင်စိုး၏ တစ်ကိုယ်ရည်စိတ်ခံစားချက်သာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကဗျာဆရာများရဲ့ ရွေးချယ်ကြိုက်နှစ်သက်သော စာမူများကိုလည်း ဆက်ကာဆက်ကာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
ဘလော့ဂါများ၊ကဗျာဆရာများ၊ ဘလော့စာဖတ်ပရိသတ်များအားအသိပေးအပ်ပါသည်ခင်ဗျား...။
သည်ကဗျာဆရာအကြိုက်(Poet's Choice)ကဏ္ဍလေးဖြစ်ပေါ်လာစေရန် စာမူပေးပို့ပေးသော ကဗျာဆရာ မြတ်ဝေအားကျေးဇူးအထူးတင်ရှိပါကြောင်း သည်ဘလော့စာမျက်နှာလေးမှတစ်ဆင့်ပြောကြားအပ်ပါသည်။

Tuesday, November 10, 2009
နီးနီးထိလု ပြီးသွားတတ်ပျံ မီးတွေ ၀ပြီ မှိုင်းပုံးကြီး
တေးသွားနောက်ခံတီးလုံး အလိပ်လိုက် အလိပ်လိုက် တက်လာချိန် မျက်ဝန်းဟာ
အရှိန်ဟာ ကြည်လဲ့နေတယ် ရပ်ပေးရမလား ထပ်ချပ်မကွာ
အဆင်သင့်မဖြစ်ခင် ရေလာဖို့ မြောင်းတွေ ပေးထားတယ်
ဦးထုပ် အ၀ါဆောင်း လိမ္မော်ရောင် အင်္ကျီဝတ် ကတ္တရာလမ်းမှာ ငုတ်တိုင်တွေ တစ်တိုင်ပြီး တစ်တိုင်
ဖြူနီကြောင်ကျား နေ့ သေမလား ည သေမလား
စိုက်လို့ စေးကပ်နေတဲ့ စိတ်တွေ ကော်ဖီကို ရေနွေးနဲ့ဖျော် ရေခဲသေတ္တာထဲ
ပန်းသီးတစ်လုံး(တည်း) လက်ညှိုးနဲ့လက်ခလယ်၊
လက်သူကြွယ်နဲ့လက်သန်း ပူးကပ်
သင်္ကေတအဖြစ် နောက်ခံတီးလုံးကို မြောင်အောင် နှုတ်ခမ်းကို ကျိုက်ထားမလား နံရံပေါ်
စက်သီးနဲ့ဆွဲတင်တဲ့ အလျှောက် အရာဝတ္ထုဟာ မြောက်၊ မြောက် ပါသွား လေထဲမှာ
အိပ်ယာဝင်ရင် သွားအတုကို ဆေးစိမ်ထားရတယ် ဆရာဝန်ပြောပြချက်အရ
မိုးရွာတဲ့အခါ အဲဒီအမိုးအောက် ခိုတွေ အုပ်လိုက် ရောက်လာကြတာပဲ
အကျိုးသင့် အကြောင်းအသင့် ပြောလိုက်ရင် (သူတို့) နား
ဝင်သွားမယ်ထင်တယ် မကြာဘူး ခဏလေး
လမ်းထိပ်တင်ပဲ သာမာန်အဖြစ်အပျက်လေးတွေ
ရေစီးကြောင်းထဲ မျောပါသလောက်ဆိုရင် နေ့ သေသေ ည သေသေ ၀ါကျတွေ
ထရံပေါက်မှ အူနံရံတလျှောက် လှုပ်ခတ်သွားသလို ခံစားရတယ် ယိုစိမ့်ပေါက်ပြဲ
ထွက်ကျလာတဲ့ ခြေထောက်ဟာ ကမ္ဘာကြီးမှာ
ပြောင်တင်းပြီး ဗြောင်လိမ် ဗြောင်စား
လက်လှည့်ကစားနေတာ လူတူမရှား နာမည်တူမရှား ရောမိရောရာ
(အနုပညာ)နည်းနည်း ရောထည့်လိုက်တယ် မီးပုံးပျံကြီး
မှိုင်းတွေ ၀ပြီး ပျံ
တတ် သွားပြီ
ထိလုနီးနီး ။ ။
တည်ရ ရေးသည်
ကဗျာတစ်ပုဒ်ရဖို့ဆိုတာ တကယ်တော့ ဘာရယ်မဟုတ်ပါဘူးလို့ ပြောလို့ရသလို အရမ်းခက်ခဲတာပဲ လို့လည်း ဖွင့်ဆိုလို့ရမယ်ထင်တယ်။ သူငယ်ချင်းတစ်ယောက် ပြောဖူးတယ် ကဗျာဆိုတာ နတ်ကြီးတယ်တဲ့။ ဒီဘဲက အထာ ရေလည်ကိုင်တယ်ဆိုပဲ ။ သူက လာတဲ့အချိန်ခေါ်ထားမှ စိတ်ဆိုးသွားရင် ဘယ်တော့ ခေါ် ခေါ်မလာဘူးတဲ့။ ဒါကသူ့စကား။ တခါတခါကျတော့လည်း (ကျွန်တော့်အမြင်) ကဗျာလာဖို့ အတွက် ငါးစာချရသလို ကဗျာစာ ချရတယ်။ တနည်းအားဖြင့်ကဗျာ နိုးဖို့ ကဗျာနဲ့ နှိုးရတယ်လို့ မြင်မိပြန်ရော ကဗျာရေးချင်နေတယ် စိတ်က ဒါပေမယ့် ကဗျာ ဖြစ်လာဖို့ အကြောင်းအရာ စာသား အဓိပ္ပာယ်များ ဘာတစ်ခု မှ စိတ်ထဲက ထွက်ကျမလာဘူး။ အဲဒီလို အချိန်တွေမှာ ကဗျာနိုးဖို့ ကဗျာအင်ဂျင်ကို မီးရှိုးပေးဖို့ ကြိုးစားကြည့် မိတယ်။ ကဗျာ စာ အဖြစ်တော့ ကဗျာတွေ ချ ချပြီး ကျွေးကြည့်ရတာပေါ့။ အဲဒီအခါ ကဗျာက …………..
ကျွန်တော့်ဆီရောက်လာပါတယ်။ ရောက်လာတဲ့အခါ ရောက်လာတဲ့အတိုင်းလေး ထား ။ သူ့ကို လှည့်ပတ်ကြည့် ကျောက်တစ်လုံးကို ကြည့်သလိုမျိုး မမြင်ဖူးတဲ့လူတစ်ယောက်ကို ကြည့်သလိုမျိုး အပြစ်ရှာဖို့ ကြည့်သလိုမျိုး။ အလှဆင်ဖို့ ကြည့်နေတဲ့ ပန်အလှပြင်သမားတစ်ယောက်လို မျက်လုံးမျိုးတွေ စိတ်တွေနဲ့ ကဗျာကို။ အဲဒီအချိန်မှာ အသက်ဘယ်နှစ်ချက်ရှုမိလည်း သတိထားမိချင်မှ ထားမိမယ်။ အဲဒီအချိန်မှာ ရုတ်တရက် အသံတစ်သံကြောင့် လန့်ဖျန့်သွားနိုင်ချင်လည်း သွားနိုင်မယ်။ သတ်သွားမယ်ဆိုရင်တောင် နောက်ကျောဟာ အလိုအလျောက် ဖွင့်ထားပြီးသား။ မြင်သမျှဟာ လိုင်းတွေ စာလုံးတွေ အကြောင်းအရာတွေ အဓိပ္ပာယ်တွေ စီးဆင်းမှုတွေ ဖြတ်သန်းသွားသမျှ ရေးလိုက်ဖျက်လိုက် ပေါ်သမျှ ပျောက်လိုက် ခေါ်လိုက်။ ကဗျာတစ်ပုဒ်လို့ နာမည်တပ်ဖို့ ကဗျာတစ်ပုဒ်အပေါ် နှစ်မြုပ်ထားမှုတွေ။ မျက်လုံး တနေရာက တနေရာ ရွေ့လျားသွား လိုင်းတလိုင်းမှ လိုင်းတလိုင်း၊ ဥပဒေသများ၊ တောစည်းကမ်း၊ တောင်စည်းကမ်း မရှောင် အကြောင်းအကျိုးဆက်စပ်မှုများ။ တွယ်ချိတ်ထားမှုများ၏ အဆက်စပ်ပြတ်တောက်မှု၊ ကဗျာပါ ဘာသာ စကားများ အချိုးကျ စတင်လှုပ်ရှား ကဗျာရေးသူနဲ့ ကဗျာ။ ကဗျာနှင့် အကြောင်းချင်းရာလိုက်လျောမှု ကဗျာပါ စာသားများ ၀ါကျများအပေါ် အလိုလိုက်သင့်/မသင့်။ (ကဗျာရေးသူ၏)စိတ်အလိုလိုက်သင့် မသင့်။ စဉ်းစားရင်း ကဗျာ တစ်ပုဒ်ဟာ အကြောင်းအရာ မယ်မယ်ရရ၊ အဓိပ္ပာယ်ဟုတ်တိပတ်တိ။ ကဗျာဖတ်သူအား ကျေနပ်မှု ပေးနိုင်မပေးနိုင်၊ စဉ်းစားဆင်ခြင်မှု ရည်ရွယ်ချက်ရှိရှိမဲ့စွာ စကားလုံးပေါင်းများစွာ ခင်ဗျားတို့ လက်ထဲ တွန်းပို့လိုက်မိပါတယ်။
(အနုပညာ)နည်းနည်း ရောထည့်လိုက်တယ်။ နီးနီးထိလု ပြီးသွားတတ်ပျံ မီးတွေ ၀ပြီ မှိုင်းပုံးကြီး။
ခင်မင်လေးစားလျှက်
တည်ရ

Poet's Choice By T-Ya
ဒီကဏ္ဍလေးရဲ့ ပထမဆုံးစာမူရှင်ကတော့ လက်ရှိပို့စ်မော်ဒန်ကဗျာများအား အစဉ်တစ်စိုက်ရေးဖွဲ့နေသူ ကဗျာဆရာတည်ရ ဖြစ်ပါတယ်။ ပျံ့လွင့်နေသောတေးနှင့်....... ဘလော့လေးကိုရေးသားဖန်တီးနေတဲ့ ဘလော့ဖန်တီးရှင်လည်းဖြစ်ပါတယ်။ကဗျာဆရာတည်ရ ရေးပြီးကဗျာဆရာအကြိုက်ဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ကို ကဗျာဆရာတည်ရ က ဘယ်လိုအချိန်၊ဘယ်လိုပတ်ဝန်းကျင်၊ဘယ်လိုခံစားချက်တွေနဲ့ရေးဖွဲ့ဖန်တီးဖြစ်ခဲ့ကြောင်းကို အပြည့်အစုံမဟုတ်တောင်
အနီးစပ်ဆုံး ချဉ်းကပ်ခံစားဖတ်ရှုနိုင်စေရန် ရည်ရွယ်တင်ဆက်ခြင်းမျှသာ ဖြစ်ပါတယ်။ ကဗျာဆရာများရွေးချယ်ခြင်းကတော့
ဒီဘလော့လေးကို ရေးသားတင်ဆက်သော ကျွန်တော် အောင်ပိုင်စိုး၏ တစ်ကိုယ်ရည်စိတ်ခံစားချက်သာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကဗျာဆရာများရဲ့ ရွေးချယ်ကြိုက်နှစ်သက်သော စာမူများကိုလည်း ဆက်ကာဆက်ကာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
ဘလော့ဂါများ၊ကဗျာဆရာများ၊ ဘလော့စာဖတ်ပရိသတ်များအားအသိပေးအပ်ပါသည်ခင်ဗျား...။
သည်ကဗျာဆရာအကြိုက်(Poet's Choice)ကဏ္ဍလေးဖြစ်ပေါ်လာစေရန် စာမူပေးပို့ပေးသော ကဗျာဆရာ တည်ရ အားကျေးဇူးအထူးတင်ရှိပါကြောင်း သည်ဘလော့စာမျက်နှာလေးမှတစ်ဆင့်ပြောကြားအပ်ပါသည်။

Sunday, November 8, 2009
တိတ်ဆိတ်ခြင်းမီးလျှံ (သို့မဟုတ်) အိန္ဒြာ
တစ်နေ့ပြီးတစ်နေ့ နောက်ထပ်နောက်ထပ် နေ့စွဲများ
တစ်နှစ်ပြီးတစ်နှစ် နောက်ထပ်နောက်ထပ် နှစ်ကာလများ
အသိ၊ ဥာဏ်ပညာ၊ ချစ်ခြင်းမေတ္တာ၊ အနုပညာ
တရွေ့ရွေ့ တစ်ဆင့်ပြီးတစ်ဆင့် ဆက်၍ဆက်၍
လောင်ကျွမ်းတောက်ပ နိုင်ပါစေ။
ကဗျာဆရာမ အိန္ဒြာ ၏တစ်နှစ်ပြည့်ဘလော့လေးမွေးနေ့ သို့....။
ချစ်ခြင်းဖြင့်
မောင်ငယ်
အောင်ပိုင်စိုး

အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသော နှင့်ထပ်မံစပ်လျဉ်း၍
သည်ဘလော့လေးတွင် Poet's Choice (ကဗျာဆရာ စိတ်ကြိုက်)ဆိုသော ကဗျာကဏ္ဍလေးကိုဖွင့်လှစ်၍ မြန်မာကဗျာလောကတွင် လက်ရှိရေးသားနေသော ကဗျာဆရာများအား စာမူများတောင်း၍ သည်ဘလော့လေး
အား ဆက်လက်၍ ရေးသားတင်ဆက်သွားမည်ဖြစ်ကြောင်း ဘလော့ဂါများ၊ ကဗျာဆရာများ၊ စာဖတ်သူများအား
အသိပေး ဖော်ပြအပ်ပါကြောင်း...........။
ကျန်းမာပျော်ရွှင်လွတ်လပ်ပါစေ။
အောင်ပိုင်စိုး။
အား ဆက်လက်၍ ရေးသားတင်ဆက်သွားမည်ဖြစ်ကြောင်း ဘလော့ဂါများ၊ ကဗျာဆရာများ၊ စာဖတ်သူများအား
အသိပေး ဖော်ပြအပ်ပါကြောင်း...........။
ကျန်းမာပျော်ရွှင်လွတ်လပ်ပါစေ။
အောင်ပိုင်စိုး။
Thursday, November 5, 2009
မျှော်လင့်သလိုဖြစ်မလာတာကိုတော့ ခွင့်လွှတ်ပေးပါ...
တိုးတိုးလေး တိုက်စားသွားတဲ့ လေညင်းလေးပဲပေါ့
ရပ်ကျန်နေရစ်ခဲ့တော့မယ်
မေ့လို့မဖြစ်လို့ မေ့ပစ်လိုက်ရတာပေါ့
မြူနှင်းတွေ တွဲခိုနေသော မျက်ဝန်းတံခါးလေး
တဖျပ်ဖျပ်လှုပ်ခါနေတာ
ရက်ရက်စက်စက်အသက်ဓါတ်မှိန်မှိန်
လေး လင်းလက်နေတာ
မောမောပန်းပန်း တစ်လှမ်းပြီးတစ်လှမ်း ရှေ့ဆက်နေမိတာ
အဓိပ္ပါယ်မဲ့စာသား အကျိုးအပဲ့တွေ
တစ်စချင်း တွဲဆက်နေရတာ
ရည်ညွှန်းချက် မဲ့နေရတာ
ဖွင့်ဆိုချက် မဲ့နေရတာ
ဝရန်တာအပြင်ကိုထွက်ရပ် ရှုခင်းတွေကိုငေးတယ်
ထွန်းလက်စသံသယကို မှိန်မှိန်လေး ဆက်ထွန်းထားတယ်
ရေးလက်စ တွေဝေမှုကို ခပ်မှောင်မှောင်လေး ဆက်ရေးနေတယ်
တယ်လီဖုန်းလိုင်းကြိုးထဲကတစ်ဆင့် မျက်ဝန်းတွေငေးရီနေရတာ
စကားပြောနေရင်း အသံတွေ တုန်ယင်လှိုင်းထနေရတာ
မမြင်နိုင်ပေမယ့်
ဒီမြင်ကွင်းလေးကို အရောက်ငေးနေမိတယ်
မကြားနိုင်ပေမယ့် ဒီအသံလေးကိုပဲ ရှေ့ဆက်နားစွင့်နေမိတယ်။ ။
အောင်ပိုင်စိုး
၂၀၀၉၊စက်တင်ဘာ၊နှလုံးအိမ်

Wednesday, November 4, 2009
ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
ဒီကမ္ဘာကြီးသွေ့ခြောက်နေတယ်
နေရောင်ခြည်ကလည်း ပူပြင်းတောက်လောင်နေတယ်
မနက်ခင်းတွေလည်း နွမ်းလျနေတာပဲ။
ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
မိုးက ရွာရန်ရွာနှုန်း(၈၀)ရှိတယ်
ငှက်ကလေးတွေ တေးမဆိုကြဘူး
ရေဒီယိုက မုန်တိုင်းသတိပေးကြေငြာချက်လာတယ်။
ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
ပန်းပွင့်လေးတွေ ရနံ့ခြင်းမပြိုင်ကြတော့ဘူး
ကြယ်ပွင့်လေးတွေ မျက်ရည်စက်လက် တောက်ပနေကြတယ်
ချစ်ခြင်းမေတ္တာဟာ ဖန်ဆင်းလို့မရတဲ့ အနုပညာတစ်ရပ်လို့ သိခဲ့ရတယ်။
ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူအသင်းဂိုးပြတ် ရှုံးနိမ့်တယ်
လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာ ငိုတယ်
ယုဇနပင်လေးလည်း လွမ်းလို့သေသွားခဲ့တယ်။
ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့က
သမ္မတရုံမှာ ဂျိမ်းစဘွန်းကားသစ်ရုံတင်တယ်
ဘတ်(စ်) ကားတွေကလည်းကျပ်တောင့်နေတာပဲ
လက်ဖက်ရည်ဆိုင်က'' မင်းမရှိရင် အသက်မရှင်ချင်ဘူး'' သီချင်းဖွင့်ထားတယ်။
အင်တာနက်က အဆက်အသွယ် ပြတ်တောက်နေတယ်
မီးပွိုင့်မှာ မီးနီခဏခဏမိတယ်
ကျွန်တော်မကြာခဏ ခလုတ်တိုက်တယ်
ကြေကွဲစရာ သီချင်းတစ်ပိုင်းတစ်စ လေထဲလွင့်ပျံ့လာတယ်
လွမ်းတယ်ဆိုတာ အလွယ်တကူ မမေ့ပျောက်နိုင်တဲ့ အမှတ်အသားတစ်ခုလို ...
ညီမလေးလက်သည်းပေါ်မှာ ပန်းတွေမပွင့်တဲ့နေ့ကပေါ့ ။ ။
အောင်ပိုင်စိုး
သည်ကဗျာလေးကို ပုသိမ်နည်းပညာကောလိပ်တက်စဉ် ၂၀၀၁-၂၀၀၂ ကာလအတွင်းရေးဖွဲ့ထားခဲ့ခြင်း
ဖြစ်ပြီး အမှတ်တရဖြစ်စေရန် သည်ဘလော့စာမျက်နှာလေးထက်တွင် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
တစ်နေ့တာ
သစ်ရွက်တွေက အရင်လို မစိမ်းကြတော့ဘူး
ပလက်ဖောင်းပေါ်မှာ
ဆူးလေလမ်းမပေါ်မှာ
နေရောင်က အလျှတညီးညီး ဖူးပွင့်နေတယ်။
ပန်းပွင့်များ၊ အိပ်မက်နဲ့ကမ္ဘာ
50CENT သီချင်းတစ်ပုဒ်နဲ့
ပျော်အောင်နေလို့မရ
ရုန်းကန်နေရတဲ့ ဘောလုံးအသင်းဟာ
ရှင်သန်အောင်မြင်မှုကို ဆာလောင်နေမှာပဲ
ဒီဆာလောင်မှုကို
မျက်ရည်နဲ့ ထပ်တူမိတ္တူပွားယူထားလိုက်တယ်။
မေ့လျော့ထားလိုက်ဖို့
လက်လျော့ပစ်လိုက်ဖို့
သွေးဟာ လက်ဖျံမှာ တဒုတ်ဒုတ်တိုးဝင်ပျံ့နှံ့လို့
တီရှပ်ဟာ လွတ်လပ်တဲ့ ကိုယ်ပိုင်အဓိပ္ပါယ်နဲ့
မီးခိုးငွေ့တွေက မြင်ကွင်းကို ပိတ်ဆို့ ကာကွယ်နေလေရဲ့။
အလွယ်တကူ
တစ်ခုခုကို ချရေးပြီး
တစ်ယောက်ယောက်ဆီ ထွက်သွားဖို့
ဘတ်(စ်) ကားမှတ်တိုင်မှာ
လာသမျှကားတွေကို
မိန်းကလေးတစ်ယောက်က ငေးလို့။
အောင်ပိုင်စိုး
၂၀၀၈၊နိုဝင်ဘာ၊ ရုပ်ရှင်တေးကဗျာ

ဖေဖော်ဝါရီ
ခံစားမှုက လေဟုန်စီးလို့
ကြေကွဲစရာက ရေတံခွန်လို တဝေါဝေါပြိုကျလို့
ဒီလိုနေ့မျိုးမှာ
ငါကလည်း မင်းနာမည်ကို အထပ်ထပ် ရွတ်ဖတ်နေမိ
ရရှိခဲ့တဲ့ဒဏ်ရာကို ၀တ်စုံလို ငါ့ကိုယ်မှာဝတ်ဆင်နေမိ
စိတ်လိုလက်ရပျော်ရွှင်မှုကို ဆေးမင်ကြောင်လို ပုခုံးသားမှာရေးထိုးနေမိ
အမှောင်ကို ဘယ်လိုအရောင်နဲ့ ဆေးဆိုးပစ်ရမလဲ
ရင်ခုန်စရာ ကိစ္စဆိုတာမှာ
နှလုံးသားကို ဗုံပေါ်
တင်ပေးလိုက်ရတာ ။ ။

Tuesday, November 3, 2009
ဝိုင်အရက်ဆိုင်
ဝိုင်အရက်ခန်းနံရံမှာ
ဘယ်လိုအရက်တွေ ရနိုင်ကြောင်း ဖော်ပြထားတယ်
ဝိုင်အရက် သက်တမ်းတွေကို တွက်ချက်ပြထားတယ်
ဝိုင်အရက် သောက်ပုံသောက်နည်း လမ်းညွှန်ချက်တွေ ကပ်ထားတယ်
ဝိုင်အရက် တစ်ခုစီက ရနိုင်တဲ့ အရသာကို အချက်အလက်ထုတ်ပြထားတယ်
ဝိုင်အရက် သောက်ခြင်းဖြင့် လူကြီးလူကောင်းပီသမှုကို ရရှိမှာဖြစ်ကြောင်း တိုက်တွန်းထားတယ်
ဝိုင်အရက်ခွက်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ပုံစံတွေ ပြထားတယ်
ဝိုင်အရက်သောက်ဖော်သောက်ဖက်တစ်ယောက် လိုအပ်ရင် ဆောင်ရွက်ပေးနိုင်ကြောင်း ကြေငြာထားတယ်
ဝိုင်အရက်စားပွဲ ဘယ်နှစ်လုံးတိတိရှိကြောင်း ရေတွက်ပြထားတယ်
ဝိုင်အရက် မသောက်သုံးခြင်းဖြင့် မိန်းမတွေရဲ့ ငြင်းပယ်ခံရမှာဖြစ်ကြောင်း သတိပေးထားတယ်
ဝိုင်အရက် တစ်လီတာမှာ ဘုရားသခင်ဘယ်လောက်ပါဝင်နေကြောင်း ဆွဲဆောင်ထားတယ်
ဝိုင်အရက် လိုချင်တဲ့ ပင်လယ်ဓားပြသင်္ဘောတွေဆက်သွယ်ဖို့ တယ်လီဖုန်းနံပါတ်တစ်ခု ပေးထားတယ်
ဝိုင်အရက် အထူးအစီအစဉ်အဖြစ် သားကောင်တွေကို ပုဆိန်နဲ့ခုတ်ဖြတ်နေပုံကို
တင်ဆက်မှာဖြစ်ကြောင်း ခြိမ်းခြောက်ထားတယ်
ဝိုင်အရက် ကလပ်ရဲ့ စားပွဲထိုးတွေဟာ သွေးစုပ်ဖုတ်ကောင်တွေဖြစ်ကြောင်း ဖုံးကွယ်ထားတယ်
ဝိုင်အရက်ခန်း နံရံမှာ ၀ံပုလွေမျက်လုံးတွေကို မီးလုံးအဖြစ် တပ်ဆင်ထားတယ်
ဝိုင်အရက်ဆိုင်ထဲမှာ “၀ိုင်အရက်၊ အိပ်ရာနဲ့ ညှဉ်းပန်းနှိပ်စက်မှု” ဆိုတဲ့ သီချင်းတစ်ပုဒ် ဖွင့်ပေးထားတယ်
ဝိုင်အရက်ခန်းထဲဝင်ဖို့ ၀တ်ဆင်ရမယ့် ကုတ်အင်္ကျီအမျိုးအစားကို သတ်မှတ်ထားတယ်
ဒီကနေ့ရဲ့ အသောက်သုံးနိုင်ဆုံးလူကြီးမင်းရဲ့အမည်ကို ထုတ်ဖော်ပေးပါမယ်လို့ ၀န်ခံထားတယ်
ကဲ … ခင်ဗျားအနေနဲ့ ၀ိုင်တစ်ခွက်လောက် သောက်ကိုသောက်ရမှဖြစ်မယ်ဆိုတဲ့ စိတ်ကူးမျိုး
ပေါ်လာတော့တာပဲ မဟုတ်လား
ဝိုင်အရက်ဟန်ဆောင်ထားတဲ့ လူ့ဘ၀ကြီးထဲ သွားကြပါစို့။
◄ ပိုင် ►
၂၀၀၆ ခုနှစ်၊ မေလထုတ်၊ မဟေသီမဂ္ဂဇင်းမှ ပြန်လည်ကူးယူတင်ပြပါသည်။
လရောင်လမ်း ဘလော့မှ ကူးယူဖော်ပြပါသည်။

Monday, November 2, 2009
တစ်ထပ်တည်း ပုံတူဇာတ်လမ်းဟောင်း
ပိုလျှံနေတဲ့ ၀ါကျတွေကို လိုနေတဲ့ပါဒတွေအတွက်ဖြည့်စွက်လိုက်တယ်
တရွေ့ရွေ့ပြိုကျလာနေတဲ့ နေရောင်ခြည်အတိုင်း ပူမြိုက်လောင်ကျွမ်းလို့
နိဂုံးတစ်ခုလား၊ နိဒါန်းတစ်ခုရဲ့ အဆုံးလား
မျှော်လင့်ထားတိုင်း အမှတ်မထင်ပျော်ရွှင်လိုမှုတစ်ခုခု ရယူပိုင်ဆိုင်လိုစိတ်တွေ
သီးသန့်တစ်ကိုယ်ရည် လမ်းကလေးထဲ သစ်ရွက်ကြွေနေသလို တဖွဲဖွဲ
မရေမရာ အေးစက်လျက် စွန်းထင်းပေကျံနေ ဆက်သွယ်မှုပြင်ပနေ့ရက်များ
လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း စာသားချည်းသက်သက် ဆိတ်ငြိမ်မှုများ
ဒီစာမျက်နှာလေးကနေ နောက်ထပ်စာမျက်နှာကို သိစိတ်မဲ့ခုန်ကူးနေတယ်
စီးကရက် အခိုးအငွေ့များပတ်ဝန်းကျင်မှာ ပျော်ဝင်ပျံ့နှံ့ပိတ်ဆို့ကာဆီးလို့
အယ်ကိုဟောလ်တွေတစ်ခွက်ပြီးတစ်ခွက် ဘ၀ထဲကိုလောင်းချနေမိတယ်
ဒီတစ်နေ့လုံး တလှပ်လှပ်၊တရိပ်ရိပ် ရီဝေမူးနေပေမယ့်
'အော်စကာဆု'မျှော်လင့်နေမိတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေအတိုင်း
လေထဲလွင့်မျောလျက်၊ ဟန်မပျက်သရုပ်ဆောင်လျက်
နိဗ္ဗာန်ဘုံ ၀င်္ကပါမြို့လေးထဲ အလည်တစ်ခေါက်ထပ်ရောက်ဖြစ်တယ်
ညဟာ ခြေရာလက်ရာမပျက် သွေးစက်လက်ဟောင်းလောင်းပွင့်ထွက်သေဆုံးလို့
သွေးရူးသွေးတမ်း တဆတ်ဆတ်တုန်ယင်နေတဲ့ ခံစားချက်အတိုင်း
အဆုံးအဆမဲ့ ဆင်ခြင်နိုင်ရန် ရွံ့ကြောက်မှုဟာ နံရံမှာပဲ့တင်ထပ်လို့
"ထပ်မပြောနဲ့ကွာ၊မကြားချင်ဘူး
မတွေးချင်တာတွေ ထပ်မေးနေလည်း အလကားပဲ"
ဆက်မပြောချင်ပေမယ့် နူတ်ခမ်းဖျားကနေ စကားသံဟာယိုစီးစိမ့်ထွက်လို့ ။ ။

Sunday, November 1, 2009
ဆုံတွေ့ချိန် သုညနာရီ တစ်ဆယ့်ငါးမိနစ်
မပြောင်းလဲတဲ့
မင်းပါးပေါ်က မှည့်လေးဟာ
ငါ့အတွက်တော့ တစ်သက်စာ ဒဏ်ရာ။
မင်းခန္ဓာလေး ပါးလျားသွားတာကစ
မင်းအသွင်အပြင် မင်းဖက်ရှင်
မင်းဆံပင်ဒီဇိုင်း မင်းဟန်ပန်
ရန်ကုန်ဟာ မင်းကို အရာရာရွေ့လျားစေခဲ့တယ်။
ရန်ကုန်
ရန်ကုန်ဟာ ငါ့ဆံပင်တွေကို ရှည်လျားစေခဲ့သလို
မင်းဆံပင်တွေကို အရောင်ပြောင်းစေခဲ့တယ်
ရန်ကုန်ဟာ ပြဇာတ်တစ်ပုဒ်ကို ပြန်အသက်သွင်းတယ်
ပြီးတော့ ဇာတ်သိမ်းပိုင်းကို
မသိသလို ကျောခိုင်းလိုက်တယ်။
"မတွေ့ဖြစ်တာကြာပြီနော်"တဲ့
အနော်ရထာလမ်းမကြီးဟာ ငါတို့ကိုငေးလို့
ငါက မင်းကို ငေးလို့၊ မင်းက အဝေးကိုငေးလို့
မင်းဘေးမှာက မင်းအဖော်နဲ့
ငါက အဖော်မဲ့ တစ်ယောက်တည်း
"အားလုံးကို သတိရနေပါတယ်"
မင်းက အဲဒီလို ပြောတော့
ငါက မေ့မရတဲ့ အတိတ်ကိုလွမ်းနေကြောင်း
ပြောပြချင်တယ်
ဆံတော်ရှင်ကျိုက်ထီးရိုးက စရမှာပေါ့
တောင်ဝိုင်းလမ်းမကြီးက စရမှာပေါ့
တက္ကသိုလ်ခြံဝင်း
ဆရာမတွေနေတဲ့ အဆောင်က စရမှာပေါ့
မော်လမြိုင် ကျိုက်ထိုအမြန်ရထားကြီးက
စရမှာပေါ့
အနီးစခန်းနဲ့ တောင်တက်လမ်းက စရမှာပေါ့
အဖြူရောင်ဆွယ်တာ ဦးထုပ်လေးက စရမှာပေါ့
Auto ကင်မရာလေးရဲ့ တဖျပ်ဖျပ်အလင်းက စရမှာပေါ့။
ဒီဇင်ဘာလား၊ ဇန်န၀ါရီလား။
အချိန်တွေကို အမှတ်အတေးမထားတတ်တဲ့ ငါက
ဆောင်းဆိုတာလောက်ပဲ မှတ်မိတော့တယ်
ညမွှေးပန်းနံ့က
လေပြည်ကို သယ်လာတာလောက်ပဲ
မှတ်မိတော့တယ်
"ပေါင်ပေါင်ချမ်း" ပေါ့
မင်းမောင်လေးနာမည်
ချစ်စရာကလေးရဲ့ အသံဟာ
ငါတို့နှစ်ယောက်ကြားတိုးဝင်လာတဲ့ လေပွေ
ချစ်စရာလေပွေလေးပေါ့
ရှည်လျားလွင့်ပျံလာတဲ့ ဆံပင်တွေကို
ငါအရမ်းလွမ်းတာပဲလို့ ပြောရမလား
ငါချစ်တဲ့ ဆံနွယ်မျှင်တွေကို
ခု မင်းက စွန့်ခွာထားခဲ့ပြီ
ခေတ်ကို ငါက မခုခံနိုင်ခဲ့သလို
ရန်ကုန်ရဲ့ ပေါ်ပင်ဖြစ်မှုကိုလည်း
မင်း မလွန်ဆန်နိုင်ခဲ့ဘူး။
နှင်းတွေဟာ ငါတို့နှစ်ယောက်ကိုရွှဲလို့
ဆည်းလည်းသံတွေ
ဆံတော်ရှင်ရဲ့ ဆည်းလည်းသံတွေဟာ ငြိမ်းချမ်းနှစ်လိုဖွယ်
မနှိုင်းကောင်း နှိုင်းကောင်းပါပဲ
မွန်သံဝဲနေတဲ့ မင်းစကားသံဟာလည်း
ငါ့အတွက် ဆည်းလည်းသံ
အဒေါ်ဆရာမတွေရဲ့ နှောင်တည်းမှုနောက်က
ပွင့်လင်းလာတဲ့စကား
ငါတို့ပြောခဲ့တာ အားလုံးရိုးရိုးသားသားပါပဲ
မရိုးသားခဲ့တာက ငါ့မျက်ဝန်း၊ ငါ့အကြည့်
မင်းမျက်ဝန်း၊ မင်းအကြည့်
ငါတကယ် ပြန်သတိရမိတယ်
ရန်ကုန်ရဲ့ နှစ်နှစ်တာဟာ
မင်း မွန်သံဝဲတာကို မပြောင်းလဲစေခဲ့ဘူး
ငါ့ရဲ့ ရခိုင်သံကိုရော
မင်း သတိတရရှိသေးရဲ့လား
ဒါဟာ မသေချာဘူး။
ကိုညီဆိုတာ မင်းခေါ်တဲ့ ငါ့နာမည်
မင်းကိုတော့ ငါဘယ်လိုခေါ်ခဲ့မိသလဲ
အများခေါ်သလို ပို့ပို့ ပဲလား
နာမည်အရင်းကိုတော့ ငါ မသိခဲ့တာအမှန်ပဲ
ဒါဟာ ငါ့အတွက် အရေးမကြီးခဲ့ဘူးလေ
မင်းကို ချစ်ခဲ့တယ်ဆိုတာက လွဲလို့ပေါ့။
အိမ်နံပါတ် ၄၉၊ ပထပ်
သတိရရင် ဖုန်း ၃၇၅...ကို ဆက်လိုက်ပါတဲ့
"ကိုညီကော ဘယ်မှာနေလဲ" သိပ်အရေးမကြီးတဲ့ပုံနဲ့
မင်း လာမလည်နိုင်မှန်းသိပေမယ့်
အတိအကျမရှိတဲ့ ငါ့လိပ်စာကိုတော့ ပေးထားခဲ့ပါမယ်
အိမ်နံပါတ် ၄၂၊
စမ်းချောင်းမှာနေတယ်
မကြာသေးခင်ကပဲ မင်းအကြောင်းဟာ
ငါ့ခေါင်းထဲ မိုးရေလျှံသလိုလျှံလို့
ငါ့ရဲ့ မပွင်လင်းခဲ့ပုံ
မင်းရဲ့ အကြောက်တရား
မင်းဘေးနားမှာ အသင့်ဝန်းရံထားတဲ့ ဂုဏ်ပကာသန
ကွန်ဆာဗေးတစ်ဆန်တဲ့
မင်းတို့ရဲ့ အသိုက်အ၀န်း
ငါတို့ ရိုးရိုးလေးပဲ ဝေးခဲ့ကြရတယ်။
ပျော့ပျောင်းတဲ့ ဆံနွယ်များလည်း
ပျော့ပျောင်းတဲ့ အတိတ်မှာ ထားခဲ့
ရန်ကုန်ဟာ မျက်လှည့်ဆန်တယ်
ဒီနေ့တွေ့ပြီး မနက်ဖြန် ဝေးခဲ့ရ။
ကျောပိုးအိတ်ဟာ ငါ့ရဲ့အဖော်
ကျောပိုးအိတ်ဟာ ငါ့ရဲ့ဒီဇိုင်း
ရန်ကုန်လမ်းတွေပေါ် ငါဆိုတဲ့သီချင်းက
ရွေ့လျားခြင်း မြစ်
မနားတဲ့မှတ်တိုင်
ငါ့ကိုယ်ငါ ခရီးသွားခြင်း
တစ်နည်းအားဖြင့် ငါဟာ ဇက်မခွံ့ရသေးတဲ့
မြင်းရိုင်းတစ်ကောင်။
ဟုတ်ပါတယ်
ငါကဘ၀မှာ ဘယ်အရာမှ မသေချာတဲ့ကောင်
မင်းကိုချစ်ခဲ့တယ်ဆိုတာက လွဲလို့ပေါ့
မိဘကျေးဇူး
မဆပ်ဖူးသေးဘူးဆိုတာက လွဲလို့ပေါ့။
လောကမှာ
မသေချာတဲ့လမ်းကို စမ်းတ၀ါးဝါးလျှောက်နေတာထက်
သေချာမယ့်လမ်းကို မင်းရွေးလိုက်တာ သဘာဝကျပါတယ်
"ကိုညီ အိမ်လာလည်မလား"
မင်းနဲ့တွေ့ပြီး
စကားတွေ အများကြီး ပြောချင်ပါတယ်
မပြောဖြစ်ခဲ့တဲ့ တစ်ခွန်းနှစ်ခွန်းကစ
မအောင်မြင်သေးတဲ့ ငါ့အနုပညာအကြောင်း
မအောင်မြင်သေးတဲ့ ငါ့တစ်ကိုယ်ရေတစ်ကာယအကြောင်း
မပျော်ရွှင်ခဲ့တဲ့ နွေလို၊ မိုးလို၊ ဆောင်းလို
အထီးကျန်ဆန်တဲ့ နေ့ရက်တွေအကြောင်းပေါ့။
ဘယ်တော့လာခဲ့ရမလဲမေးတော့
"ဒီညနေလေ... မနက်ဖြန် Flight နဲ့
စလုံးကို Go တော့မှာ"
ငါ ဘယ်လိုအဖြေပေးရမလဲ
မင်းကတော့
လေယာဉ်ကြီးစီးပြီး တခြားကမ္ဘာ ဟိုအဝေး... ။ ။
လင်းသဏ်ညီ

အနီးစပ်ဆုံးအသုံးအနှုန်းနဲ့ ခုန်နှုန်းတွေ
အင်္ကျီလက်ကို ခေါက်ထားပြီး ဆန်လာတဲ့ လေ ရှုရှိုက် ပျောက်
နိုင်သမျှ ဖျောက်ဘို့ ဘို့တစ်လုံး ကုလားအုတ်တွေ အနှစ် ၅၀ လုံးလုံး မျောက်ဝံတွေနဲ့ လုံးလုံး
တွန်းထိုး ယိမ်းယိုင် ကူးစက်ရောဂါများ သမမျှတ အပူပိုင်းဒေသ ရာသီဥတုက
ရောက်ရင် ရောက်တဲ့နေရာ ကြီးကြီးသေးသေး လျှောကျ လျှောချထား
ပြီး ဆက်ပြော ပြောနေကျအတိုင်း ဆက်ပြီး
ပြော အက္ခရာအဆုံး နဲ့ အစ လေယာဉ်ပျံဟာ တောထဲမှာ
မျက်စိနှစ်လုံး ဗုံးကြဲရုံမဟုတ် လက်တစ်ဖက်နဲ့လက်တစ်ဖက် ပွတ်သပ်ဖို့
နေ စောင်းသွားတယ် ဇောင်းက လွှတ်တဲ့မြင်းတွေ ခုတ်ရာတခြား ရှရာတခြား
ဘာရယ်မဟုတ် အားကောင်းကောင်းနဲ့ ဘယ်နှစ်ကောင်အား ခုတ်မောင်းသွားလဲ ပျပျလေး
ကိုယ်ခန္ဓာ ကျုံ့ပြီး ဝေး ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး
ပင့်တင်လိုက်တယ် စိုက်စိုက် မတ်မတ် မြစ်ကမ်းနဖူးမှာ ၀ဲနေတဲ့ဆံပင်ဟာ
ရစ် ရစ်ပြီး နာ ကဗျာရေးမရတော့ မီးတွေ ခြစ်တဲ့ မီးခြစ် ဖျစ် ဖျစ် ညစ်ညစ်
ချပေမယ့် ကျလာတယ် ကြောင်ကလေး ရေချိုးပေး ဘာရေး ဘာရမလဲ
ခြေသည်းလက်သည်းညှပ်ပြီး သန့်သန့်ရှင်းရှင်း ဘာရေး ဘာရမလဲ
ဘုရားရှိခိုး မေတ္တာပို့ သွားတိုက် အထွက်တိုက် အ၀င်တိုက် မီးဖိုချောင်ထဲ
ဝင် ၀င် တိုက်နေတဲ့ တခါးပိတ်လိုက်ပြီ ခလုပ်နှိပ်လိုက်ပြီ
ပဉ္စသိင်္ခ၊ ပဉ္စငါးပါး။ ပစ္စန္တရဇ်။ပဉ္စမတန်း။ ပဉ္စပါပီ တစ်ခုချင်း စီ တစ်ခုချင်းသီ
ကမ္ဘာကြီး အလီ ကမ္ဘာကြီး အရပ်လေးမျက်နှာ ဖယ်ခွာပြီး ကမ္ဘာကြီး
လည်နေပြီ ပကတိဝတ်လစ်စလစ် တုန်ခါပြီး အကြောပြတ်ကြီး
လက်ညှိုး တစ်ချောင်းလို အချစ်ဝေဒနာနက်နက်ရှိုင်းရှိုင်း
သွားနေတာ ရပ်သွားခဲ့ရင် ရပ်သွားခဲ့လျှင် ရိုင်းရိုင်းစိုင်းစိုင်း ယိုင်းပင်းကူညီ
မဟုတ်သေးဘူး မဟုတ်သေးဘူး မကောင်းမြင်ဝါဒ အကောင်းမြင်ဝါဒ ဘူချင်ဝေါလ်ဒ် အကျဉ်းစခန်းမှာ
စဉ်းစားစရာ စဉ်းစားစရာ ကဗျာရေးနေတာ
လား စကား ကပ်နေတာ
လား တစ်နဲ့တစ်ပေါင်းတော့ နှစ်၊ ခလေး ကုလား ၀ါးတားတား လက်မှိုင်ချပြီး ငိုင်
ဒူးထောက်ချပြီး ဆူး စိုက်ကြည့်လိုက်တယ် ရေဆုံး ရေဖျား တောင်လေ မြောက်လေ
ပေါက်ကြားသွားတဲ့ မေးခွန်း အဖြေ နံရံတွေ ခြုံနွယ် မလွတ်မြောက်သေး ပိုနေတဲ့
လျှို့ဝှက်အုံ့ဆိုင်းမှုများ အစုံလိုက် ရောယှက်
ချိတ်ထားမလား ဘီရိုထဲ လျှပ်တပြက်မိုးပေါက်တွေ
ထည့်ထားမလား သုံးစွဲတန်ဖိုးများ ကုဋေ ကုဋာ အကြောင်း
အရာ ဘယ်လို ဆက်စပ်ယူမလဲ
“မပြောနိုင်၍ မပြောခြင်းသည် ပြောနိုင်၍ ပြောခြင်းထက် ရိုးသားမှု” ရှိရင်းစွဲ အရှိတရား
ရှင် ဖြစ်လာမယ့် မျက်နှာဖုံးနဲ့ ရှင့်မျက်နှာကို ဆက်စပ် အမှတ်ရနေတာ
ဖုံးအုပ် ကိုယ်ခန္ဓာရဲ့ ခြေဟန်လက်ဟန် အမူအယာအားလုံး ကျွန်မ
လက်ဆောင်အဖြစ်ပေးကမ်းလိုက်ဖို့ မွေးစာရင်း သန်းချီရှိသောကြောင့် သေစာရင်း သန်းချီရှိတယ်
ဝင်သူ ထွက်သူ ကိုယ့်လူ ကျပ်တန် ကျပ်တန်များ သက်သက်ဖယ်ထား ပန်းတစ်ပွင့်ဟာ
ဖွင့်ဟပြီး မရှိတဲ့ နှလုံးသားကို ပွင့်အာ ထုတ်ပြလိုက်သလို
စာလုံးပေါင်းပြင်ထား တံဆိပ် ကပ်ထား ပေးထားသမျှ ဘေးနားချထား။
L=A=N=G=U=A=G=E=က=ဗျာ=မှာ=ကြား=ခံပ=စ္စည်း=ကိုယ်=တိုင်=ဟာ=ဆက်=သွယ်=လို=တဲ့=သ==တင်း=ဖြစ်=တယ်။
ကျွန်တော်ဟာ ခင်ဗျားဟာ နေပူတုန်း လှည့်မရ ဖွင့်မရ သော့မှားတယ်လို့ ယူဆရမယ်။ ဒီနေရာမှာ
နေ့ရှိသမျှ ထုတ် ထုပ် ရေ(ရီ)ရမယ် ၀ယ်ပြီးပစ္စည်း ပြန်လဲ မပေး
လို့ ချရေးလိုက်တဲ့အခါ ကျီးတွေ နောက်ပြန် မပြေးဘူး
အဆိပ်ငွေ့ရှုပြီး အသေခံလိုက်ကြတယ်။ ။

သက်ဆိုင်သူသို့ . . . လိပ်မူ၍ ပေးပို့သည်
ဘာသာရေးလိုက်စားသူများ ဘုရားသွားကျောင်းတက် အိမ်အပြန်
တနိုင်တပိုင် အရပ်သုံးစကားများသို့ ဘာသာရပ်ဝေါဟာရများ စောင့်ကြည့်
မျှော်စင် ၀င်ရောက်စဉ် ၀တ်ရွတ်စဉ် နောက်ထပ် သုံးဆယ့်တစ်ဘုံ
( ကို ) မွေးဖွားခြင်း တဖန် ယူအက်ဖ်အိုတစ်စင်း ထိုးဆင်းလာ
အားလျှင် ဖတ်ကြည့်ပါ အထပ်ထပ် ရွာ
ရောင်စဉ်တန်းများ၊ ဆေးထိုးအပ်များ၊ အင်္ဂါအစိတ်အပိုင်းများ ပြတ်တွဲရိကျ ဆွံ့အ ခန္ဓာကိုယ်
ဤပိတ်ပင်ထားသော ဆေးရွက်များဖြင့် ထုတ်လုပ်ထားသော ဤဆေးများ
မိုးလေ၀သတချို့ ဆရာဝန်လက်မှတ်ပြ၍ ဆိုင်တိုင်းတွင် တရားဝင် အရောင်တစ်မျိုး ၀င်/
ဝယ်ယူနိုင်ပြီ ဘာအဓိပ္ပာယ်လဲ ရှပ်ပြေးသွား တီဗွီမျက်နှာပြင်မှာ
အနည်းငယ်ခက်ခဲပါသည် အားစိုက်၍ စားသုံးရန် အသင့်မဖြစ်သေးသော အစားအစာများ
ရေခဲသေတ္တာထဲ စုဆောင်းထားသော ဓာတ်သတ္ထုများ အော်ညည်း နားနေတယ် နာနေတယ်
သပိတ်လွယ်ငှက်က သပိတ်လွယ် မလွယ် ယောင်နန ပြောထွက်လိုက်တယ် လွယ်အိတ်တန်ဖိုးထက် လွယ်အိတ်လွယ်ရခြင်းအကျိုး လက်ချောင်းများချိုး ရေတွက် နေ့စဉ်ပြက္ခဒိန်ထဲ အရှေ့ဖြစ်စေ အနောက်ဖြစ်စေ တိုးဝင် မေးတင်
တိမ်တွေကြား ထိုးထွက်လာမယ် လေညှင်းလေး
မြေနေရာ ကမ်းစပ်မှာ လမ်းမေးနေပေမယ့် လမ်းမသိသေး ပင်လယ်ဟာ ( ဖျောက်ထားလို့လည်းရတယ် )
အတိုင်းအတာ အနည်းငယ်ရွေ့သွား တောင်ကြီး ဖြိုရန် ခါးသန်အောင် လေ့ကျင့်ထားရမယ်
ပြောမရတဲ့ မို့မို့ မောက်မောက် တောင်ပို့ဟု ယူဆရ ဈေးနှုန်းများ ပျောက်ဆုံးခဲ့သော် ပုဆိန်များ
ချက်ခြင်းပြောင်းလျှင် အော်ဟစ်ဆဲဆို၍
အရောင်းအ၀ယ်စတင် နှုတ်ဆက်စကားဆိုခြင်းဖြင့် ၀င်လာပြီး ပြန်ထွက်သွားကြ
စာရင်းပိတ်ပြီး တံခါးပိတ်ထားလိုက်မယ် ရေကန်ထဲ နစ်နေသော ခြေတစ်ဖက်
ဆွဲတင်ရင်း ပစ်လွှတ်လိုက်တယ် တံဆိပ်ခေါင်းမပါ ဘာမပါ
မြှားတွင် အားတဲ့အခါ ဖတ်ကြည့်ပါ ဘာအဓိပ္ပာယ်လဲဆိုတာ
*// နောက်ထပ်တဖန်မွေးဖွားခြင်း , တဖန်မွေးဖွားခြင်းနောက်ထပ် , မွေးဖွားခြင်း နောက်ထပ် တဖန် , နောက်ထပ် မွေးဖွားခြင်း တဖန် //*
စာချည်းသက်သက်မျှသာ။ ။

ဘယ်လိုလုပ်ရမလဲ ကဗျာပါ စာသားများ နိဂုံးချုပ်မလိုနဲ့ နိဒါန်း ပျိုးသွားခဲ့ရင်
အရိုးတစ်ချောင်းတည်း ငေါထွက်
သလိုမျိုး ပန်းပွင့်လေးတွေ ခင်း လမ်းပေါ် ဖွဖွ နင်း
လျှောက်သွားသလိုမျိုး ရေအတိမ်အနက်ကြည့်ရ ကဗျာရေးပြီ ဆိုမှဖြင့်
ဝါးနှစ်ပြန် သုံးပြန် မော်ဒန်အရေးအသားများ ရှဲခနဲ ဆောင်ရ/ရှောင်ရ လင်းမြကြယ်များ
တစ်နေ့ တစ်နေ့ ပုံဟောင်းဖျက်ရ ပုံသစ်ထုတ်ရ ဂြိုဟ်ပြောင်း ဂြိုဟ်လွဲ
ပျက်စီးယိုးယွင်းနေတဲ့ ဂျီပီအက်စ် စံနစ်ထဲ လမ်းပျောက်ရ
သယ်ဆောင်သွားမယ်ဆိုရင် ခိုစီးလိုက်ပါမယ် လေဘောလုံးကြီး လေသင်္ဘောကြီး
ဘယ်ချိုး ညာချိုး အနားကပ်မှပြောတယ် ဘယ်လိုချိုးမလဲ
ပျံသန်းမယ်ဆိုတဲ့ နှစ်နာရီကြား သုံးနာရီ တစ်နှစ်တစ်ခါ ရင်တွေတုန်
မမြင်ဖူးဘူး ပြန်ပြောသမျှ နားထောင်ရမယ် အကိုင်းတွေကြား လေတိုးသွားတယ်
နေရပ်က အနောက်ဝါးတောပန်းခြံလေး သစ်ပင်အုံ့ဆိုင်းဆိုင်း လမ်းမကြီး နှစ်ခု ဖြာထွက်လို့ လမ်းသွယ်တစ်ခု
ဒီအကြောင်း မနက်ဖြန် ဆက်ပြောကြရအောင် ဘာသာစကားအရေးအသားများ
ရေပြောင်း မြေပြောင်း အိပ်ယာပြောင်း
ကျွတ်ကျွတ်အိတ်ထဲ ဗြောင်းဆန်နေပုံ နေပူလိုက် မိုးရွာလိုက် (ဘယ်တော့မှ) အမှန်မပြောကြဘူး
လှိုင်မြစ်နဲ့ ဆက်စပ်နေတယ် သင်္ကေတတချို့ ချိုစိမ့်မွှေး မြက်ပင်လေးတွေ စိမ်းနေတယ်
ဝန်ရိုး တကျီကျီမြည်သံ သံလှေခါးမှ ပြေးဆင်းသွားတဲ့အသံ သခွပ်ပင် မီးလောင်ရင်
ရေးလိုက် ဖျက်လိုက် ရေလောင်းလိုက် ပေါင်းသင်လိုက်လင်းနေတဲ့ အခန်းထဲ လမ်းလျှောက်သံတချို့ကြားသလိုမျိုး ညဆိုရင် မအိပ်ဘူ သူတို့ ကော်ဖီခါးတစ်ခွက်ထဲ ကဖိန်းပါဝင်နှုန်း တွက်ချက် ဒုံးခွင်းဒုံး စံနစ် ဖောင်းတက်လာပြီ မြင့်တက်လာပြီ
မြေတုန်အား လှိုင်းအတိုအရှည်များ ကုလားအုတ်ပေါ် ငိုက်မြည်းနေတဲ့ အာရပ်စော်ဘွားတစ်ယောက်လို
ထုထည်ကြီးကြီးမားမား တည်ဆောက်ရ။
သေးသေးသွယ်သွယ် သေးသိမ်ရ
အနောက်လေတိုက်ရင် ရွက် လှေ လွှင့်မယ် ရေငုတ်သဘောင်္ ရုတ်တရက် ငုပ်လျှိုးသွားတဲ့အခါ တကယ်တာ့ ဘယ်တုန်းကမှ ဒါတွေ မထူးဆန်းခဲ့ပါဘူး ပြုတ်ကျသွားမယ့်အမဲရိုး တူးဖော်ရင်း ကိုယ့်လည်မျို ကိုယ်တိုင်
အလှအပ အရေးပြား ပျက်စီးခင် မျိုချလိုက်ရပြီ အမြစ်ဟာ ခြေတံတိုတို နာမကျန်းဖြစ်သော်ငြားပင်စည်၊အကိုင်း၊ အခက်၊ အရွက်၊ အသီး၊ အပွင့်များ အရှေ့ ငေါထွက် စကားလုံးများ ဖမ်းစား ညှို့ယူ
ကုလားမခြေထောက် နှင့် (ခေတ်ပေါ်)အာရုံ ခံစားမှု ဒီကွန်စထရပ်ရှင်း မလုပ်ခင် မြောင်းခုန်ကူးခဲ့ပြီ။ ။

ဖေဖော်ဝါရီ ထရက်ဂျဒီ
အစကပြန်မပြောချင်တော့ဘူး
ကော်ဖီကို ဇွန်းနဲ့မွှေလိုက်သလို
တယ်လီဖုန်းခေါ်သံကြားရင်
တစ်ခုခုကိုသတိရနေတော့တယ်
ဘာမှမဟုတ်တော့ဘူး ဆိုတာကိုက
ဟုတ်ပါသေးတယ်
စေတီတော်ခြေရင်းပြန်ရောက်သောအခါ
ဒူးတုတ်ပြီးထိုင်ချလိုက်တယ်
အိပ်မက်တွေလိုရာမရောက်ခဲ့. . .
မျက်စေ့နာနေသလို စိတ်ကဆင်းရဲ…
ပန်းကလည်းတစ်ကုံးစာမပြည့်နဲ့ . . .
ဒဏ်ရာနဲ့ဆတူရောထားတဲ့
ဆုတောင်းသံတိုးလျလျ
လက်ရေးမူအတိုင်း
စိတ်ချလက်ချထားခဲ့ပြီး
လမ်းကြုံလို့လိုက်သွားတယ်မှတ်တယ် ။ ။
သူရနီ
(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)
tragedy-(အလွန်ကြေကွဲဖွယ်ရာ အဖြစ်အပျက်)
ကော်ဖီကို ဇွန်းနဲ့မွှေလိုက်သလို
တယ်လီဖုန်းခေါ်သံကြားရင်
တစ်ခုခုကိုသတိရနေတော့တယ်
ဘာမှမဟုတ်တော့ဘူး ဆိုတာကိုက
ဟုတ်ပါသေးတယ်
စေတီတော်ခြေရင်းပြန်ရောက်သောအခါ
ဒူးတုတ်ပြီးထိုင်ချလိုက်တယ်
အိပ်မက်တွေလိုရာမရောက်ခဲ့. . .
မျက်စေ့နာနေသလို စိတ်ကဆင်းရဲ…
ပန်းကလည်းတစ်ကုံးစာမပြည့်နဲ့ . . .
ဒဏ်ရာနဲ့ဆတူရောထားတဲ့
ဆုတောင်းသံတိုးလျလျ
လက်ရေးမူအတိုင်း
စိတ်ချလက်ချထားခဲ့ပြီး
လမ်းကြုံလို့လိုက်သွားတယ်မှတ်တယ် ။ ။
သူရနီ
(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)
tragedy-(အလွန်ကြေကွဲဖွယ်ရာ အဖြစ်အပျက်)
သြော်…. ကိုချက်ကြီးရယ် ချစ်ရေးကြိုက်ရေးဆိုတာ
ဒဏ္ဍာရီ
နှင်းဆီ
ကိန္နရာ၊ကိန္နရီ
ဒီ
နေ့
က
စ
နောက်
ပြန်
ရေ
တွက်ကြည့်ရင်
ဟိုး…အဝေး
အဝေးမှာ ဆတ်ဆတ်ခါအောင် ပြာနေတဲ့နှင်းတွေ
အနမ်းနဲ့ အကွာအဝေးမည်၍မည်မျှ
အလွမ်းနဲ့ အကွာအဝေးမည်၍မည်မျှ
သူရဲကောင်းတွေကို
ဘယ်လိုဂုဏ်ပြုရမှန်းမသိတော့တဲ့အခါ
အချစ်ဟာ
ဖုန်မှုန့်လေးနောက်မှာ ကွယ်နေရတဲ့
ငှက်ပျောရွက်ဖါးဖါးကြီးတွေ။ ။
မင်းစိုးရာ
(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)
နှင်းဆီ
ကိန္နရာ၊ကိန္နရီ
ဒီ
နေ့
က
စ
နောက်
ပြန်
ရေ
တွက်ကြည့်ရင်
ဟိုး…အဝေး
အဝေးမှာ ဆတ်ဆတ်ခါအောင် ပြာနေတဲ့နှင်းတွေ
အနမ်းနဲ့ အကွာအဝေးမည်၍မည်မျှ
အလွမ်းနဲ့ အကွာအဝေးမည်၍မည်မျှ
သူရဲကောင်းတွေကို
ဘယ်လိုဂုဏ်ပြုရမှန်းမသိတော့တဲ့အခါ
အချစ်ဟာ
ဖုန်မှုန့်လေးနောက်မှာ ကွယ်နေရတဲ့
ငှက်ပျောရွက်ဖါးဖါးကြီးတွေ။ ။
မင်းစိုးရာ
(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)
Subscribe to:
Posts (Atom)